မြန်မာစစ်တပ်တွင် နယ်မြေအလိုက် တိုင်းစစ်ဌာနချုပ် နယ်မြေ ၁၄ ခု သတ်မှတ်ထားပြီး စစ်တိုင်းမှူးများသည် တာဝန်ယူရသည့် နယ်မြေ၏ စစ်ဆင်ရေးနှင့်လုံခြုံရေးတွင် တာဝန်အရှိဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
နဝတ၊ နအဖ စစ်အစိုးရလက်ထက်တွင် စစ်တိုင်းမှူးများသည် သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသများ၏ အုပ်ချုပ်ရေးအာဏာပါ ရရှိခဲ့ကြရ၏။ စစ်ဆင်ရေးနှင့်လုံခြုံရေးဆိုင်ရာ ကိစ္စများကိုလည်း နယ်မြေအလိုက် တာဝန်ယူ ကွပ်ကဲကြပ်မတ်ရသည့် တိုင်းစစ်ဌာနချုပ်များသည် စစ်ရုံးချုပ် ကက (ကြည်း) ၏ ဒေါက်တိုင်များလည်း ဖြစ်ကြသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စသည့် စစ်တပ်က အာဏာသိမ်းထားသည့် ကာလအတွင်း စစ်ခေါင်းဆောင်သည် စစ်ရှုံးမှုကို ကုစားနိုင်ရန် စစ်တိုင်းမှူးများကို လုပ်ပိုင်ခွင့်အာဏာ ပိုပေးထားခဲ့သည်။ ထို့ကြောင့်လည်း အစုလိုက်အပြုံလိုက် လူသတ်မှုကျူးလွန်သည့် ကိစ္စများ၊ ရွာများကို မီးရှို့သည့်ကိစ္စများ ပိုကြုံလာရသည်ဟု ထင်သည်။
စစ်ကူ၊ ပစ်ကူကိစ္စမှစ၍ စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်ပါက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EROs) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကို ထောက်ခံသည့် ရွာများဖြစ်ပါက သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်က တိုင်းမှူးအမိန့်ဖြင့် လိုအပ်သလို စီမံနိုင်သည့်ကိစ္စအထိ ဖြစ်သည်။
ဗဟိုဦးစီးချုပ်ကိုင်မှုကို လျှော့ချသည့်သဘောထက် အာဏာသိမ်းကာလအတွင်း လက်အောက်တပ်များ၊ စစ်ကြောင်းများက ပြစ်မှုကျူးလွန်သည့်အခါ တိုင်းမှူးအမိန့်ဖြင့် ဆောင်ရွက်ခြင်းဖြစ်၍ နေပြည်တော်စစ်ရုံးက မသိပါဆိုသည့်အကွက်ကို ဖန်တီးခြင်းလည်း ဖြစ်သည်။ ဖုံးမရ ဖိမရ၍ မဖြစ်မနေ အရေးယူရန် ကြုံလာပါက တိုင်းမှူးကို အရေးယူပြ၍ ထိုးကျွေးရန်လည်း ဖြစ်သည်။
ဗဟိုဦးစီးချုပ်ကိုင်မှုကို လျှော့ချသည့်သဘောထက် အာဏာသိမ်းကာလအတွင်း လက်အောက်တပ်များ၊ စစ်ကြောင်းများက ပြစ်မှုကျူးလွန်သည့်အခါ တိုင်းမှူးအမိန့်ဖြင့် ဆောင်ရွက်ခြင်းဖြစ်၍ နေပြည်တော်စစ်ရုံးက မသိပါဆိုသည့်အကွက်ကို ဖန်တီးခြင်းလည်း ဖြစ်သည်။ ဖုံးမရ ဖိမရ၍ မဖြစ်မနေ အရေးယူရန် ကြုံလာပါက တိုင်းမှူးကို အရေးယူပြ၍ ထိုးကျွေးရန်လည်း ဖြစ်သည်။
အာဏာသိမ်းကာလအတွင်း စစ်တိုင်းမှူးများကို အာဏာပိုပေးထားသဖြင့် တချို့ကိစ္စများတွင် စစ်တိုင်းမှူးအမိန့်ဖြင့် အပြီးအပြတ် ဆောင်ရွက်နိုင်ဖြစ်သည်။ ထိုကဲ့သို့ အရေးပါသော အခန်းကဏ္ဍတွင် ရှိနေသည့် တိုင်းစစ်ဌာနချုပ်များကို အာဏာသိမ်းကာလအတွင်းတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တော်လှန်ရေးအင်အားစုများသည် ခြိမ်းခြောက်ရုံမျှမက သိမ်းပိုက်နိုင်သည်အဆင့်အထိ ရောက်ရှိခဲ့သည်။
ရှမ်းပြည်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေး၏ ပထမအပိုင်းတွင် တိုင်းစစ်ဌာနချုပ် အငယ်စားဖြစ်သည့် ဒေသစစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်အဆင့်ရှိသည့် ဒကစ (လောက်ကိုင်)၊ တပ်မဟာ/ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) နှင့် စစ်ဗျူဟာ (အခြေချ) အဆင့် တပ်ဌာနချုပ်များကိုသာ မြောက်ပိုင်း ညီနောင်မဟာမိတ်အဖွဲ့က သိမ်းယူနိုင်ခဲ့သည်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့ အာဏာသိမ်း သက်တမ်းတိုးပြီး သုံးရက်အကြာတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တော်လှန်ရေးအင်အားစုများက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (လားရှိုး) ကို သိမ်းပိုက်နိုင်ခဲ့သည်။ မြန်မာစစ်တပ်သမိုင်းတွင် တိုင်းစစ်ဌာနချုပ်တခုကို ပထမဆုံးအကြိမ် လက်လွှတ်ခဲ့ရခြင်းလည်း ဖြစ်သည်။
ယခု ရက်ပိုင်းအတွင်း သတင်းများအရ စစ်ကောင်စီအနေဖြင့် နောက်ထပ် တိုင်းစစ်ဌာနချုပ်တခုကို စွန့်လွှတ်ရမည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုတိုင်းစစ်ဌာနချုပ်မှာ မြန်မာနိုင်ငံ အနောက်ပိုင်းတွင် စစ်ရေးဆိုင်ရာ ကွပ်ကဲမှုဌာနချုပ်ဖြစ်သည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဖြစ်သည်။ အာရက္ခတပ်တော် (AA) က ယခုရက်ပိုင်းအတွင်း အမ်းမြို့နှင့်အတူ နပခကို အပြီးသတ် သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင် တိုက်ခိုက်နေသည်။
AA သည် စစ်ကောင်စီနှင့် ယာယီအပစ်ရပ်ထားခဲ့ရာမှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်က စတင်သည့် တကျော့ပြန် စစ်ဆင်ရေး နောက်ပိုင်းကာလများတွင် စစ်ရေးလှုပ်ရှားမှု အရှိန်အဟုန် ကောင်းကောင်းဖြင့် သွားနေသည်ကို တွေ့ရသည်။
ကျောက်တော်ရှိ စကခ ၉ နှင့် ဘူးသီးတောင် (ကြခတ်ချောင်း) ရှိ စကခ ၁၅ ဌာနချုပ်များနှင့် မောင်တော (ကျီးကန်းပြင်) မှ နယ်ခြားစောင့်ရဲ ကွပ်ကဲမှုအဖွဲ့မှူးရုံး အပါအဝင် စစ်ကောင်စီတပ်ဌာနချုပ်များနှင့် တပ်စခန်း များစွာကို တိုက်ခိုက် သိမ်းပိုက်ထားနိုင်ခဲ့သည့်အပြင် ပလက်ဝမြို့နယ်၊ ကျောက်တော်မြို့နယ်၊ တောင်ပြိုလက်ဝဲမြို့၊ ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောမြို့နယ်၊ မြေပုံမြို့နယ်၊ စနဲမြို့၊ ရမ်းဗြဲမြို့နယ်၊ သံတွဲမြို့နယ်၊ မအီမြို့နယ်၊ ကမ်းဒေါင့်ကြီးမြို့၊ မင်းပြားမြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် ဆမီးမြို့တို့ကို တိုက်ခိုက်သိမ်းပိုက်၍ ထိန်းချုပ်ထားသည်။
လတ်တလောတွင် AA ထိုးစစ်ဆင်နေသည့် နပခ၏ အဆုံးအဖြတ် တိုက်ပွဲများသည် ယခုမှ စတင်ခြင်း မဟုတ်ပေ။ အပြင် ခံစစ်စည်းဖြစ်သည့် ဗျူဟာအဆင့် တောဟိန်းတောင် ခံစစ်စခန်း လက်လွှတ်ခဲ့ရမှုနှင့် အတွင်း ခံစစ်စည်းဖြစ်သည့် ဗျူဟာအဆင့် မဲတောင် ခံစစ်စခန်းတို့က စတင်ခဲ့ခြင်း ဖြစ်သည်။
လတ်တလောတွင် AA ထိုးစစ်ဆင်နေသည့် နပခ၏ အဆုံးအဖြတ် တိုက်ပွဲများသည် ယခုမှ စတင်ခြင်း မဟုတ်ပေ။ အပြင် ခံစစ်စည်းဖြစ်သည့် ဗျူဟာအဆင့် တောဟိန်းတောင် ခံစစ်စခန်း လက်လွှတ်ခဲ့ရမှုနှင့် အတွင်း ခံစစ်စည်းဖြစ်သည့် ဗျူဟာအဆင့် မဲတောင် ခံစစ်စခန်းတို့က စတင်ခဲ့ခြင်း ဖြစ်သည်။
နပခ၏ အပြင် ခံစစ်စည်း တောဟိန်းတောင်စခန်း (ကဇုကိုင်း) သည် ရန်ကုန်-စစ်တွေ ကားလမ်းပိုင်း အမ်းမြို့ အနောက်ဘက် မိုင် ၃၀ နီးပါးအကွာ မင်းပြားမြို့နယ်နှင့် အမ်းမြို့နယ်အကြားတွင် ရှိသည်။ အမှတ် ၅ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ ၅) ၏ လက်အောက်ခံ အရေးပါသော ဗျူဟာအဆင့် ခံစစ်စခန်း ဖြစ်သည်။
တောဟိန်းတောင်စခန်းတွင် နပခ ကွပ်ကဲမှုအောက် တပ်များနှင့် စကခ ၅ ကွပ်ကဲမှုအောက် တပ်များမှ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၆၀၀ ဝန်းကျင်ခန့်ရှိပြီး အမြောက်တပ်ဖွဲ့ တွဲဖက်ထားရှိကာ အခိုင်အမာ ခံစစ် တည်ဆောက်ထားသော ခံစစ်စခန်းတခုဖြစ်ကြောင်း သိရသည်။ တောဟိန်းတောင်စခန်းကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့တွင် စတင် တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၂၃ ရက်နေ့တွင် AA က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
အလားတူ နပခ၏ အတွင်း ခံစစ်စည်းဖြစ်သည့် ဗျူဟာအဆင့် မဲတောင် ခံစစ်စခန်းနှင့် ကာကင်းစခန်းများသည် ရန်ကုန်-စစ်တွေ ကားလမ်းပိုင်း အမ်းမြို့ အနောက်ဘက် ၁၀ မိုင်ဝန်းကျင်ခန့်အကွာ မင်းပြားမြို့နယ်နှင့် အမ်းမြို့နယ်အကြားတွင် ရှိသည်။

မဲတောင်ဗျူဟာတွင် ကလေးမြို့အခြေစိုက် အမှတ် ၁၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၀) လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ ၃၆၂၊ ခမရ ၃၆၅၊ ခမရ ၃၆၉ တပ်ရင်းများ၊ တောင်ကုတ်မြို့ အခြေစိုက် အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၅) လက်အောက်ခံ ခမရ ၃၄၆၊ ခမရ ၃၇၃၊ ခမရ ၃၇၂ တပ်ရင်းများနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များမှ ထုတ်နုတ်အင်အား အချို့ဖြင့် စခန်းထိုင်နှင့် လှုပ်ရှားခံစစ်ဆင်နေသည့် နေရာလည်းဖြစ်သည်။
AA က ဗျူဟာကုန်းအား အောက်တိုဘာလ ၁ နေ့ကစပြီး အပြင်းအထန် တိုက်ခိုက်ပြီးနောက် ငါးရက်မြောက် အောက်တိုဘာလ ၅ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
အပြင် ခံစစ်စည်းနှင့် အတွင်း ခံစစ်စည်းစခန်းများ လက်လွှတ်ခဲ့ရသည့် နပခ အခြေစိုက်ရာ အမ်းမြို့တွင် တိုက်ခိုက်ရေးတပ် ခြေလျင်၊ ခြေမြန်တပ်များအနေဖြင့် ခမရ ၃၇၁၊ ခမရ ၃၇၂၊ ခမရ ၃၇၃ တပ်များနှင့် အမြောက်တပ်အနေဖြင့် အမတ ၃၇၄ တို့ အခြေစိုက်သည်။ ထို့ပြင် စကခ ၁၀ လက်အောက်ခံ ခမရ ၃၆၂၊ ခမရ ၃၆၅၊ ခမရ ၃၆၉ တပ်ရင်းမှ စစ်ကြောင်းများကိုလည်း အင်အားဖြည့်၍ ခံစစ်ဆင်ထားကြောင်း တွေ့ရသည်။
အမ်းမြို့တိုက်ပွဲများကို နပခ ဒု တိုင်းမှူးက အနီးကပ် ကွပ်ကဲနေခြင်းဖြစ်ပြီး တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာဦးသည် ပြည်နယ်ရုံးစိုက်ရာ စစ်တွေမြို့ရှိ ဒကစ (စစ်တွေ) တွင် ရောက်ရှိနေသည်။
အမ်းမြို့တိုက်ပွဲများကို နပခ ဒု တိုင်းမှူးက အနီးကပ် ကွပ်ကဲနေခြင်းဖြစ်ပြီး တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာဦးသည် ပြည်နယ်ရုံးစိုက်ရာ စစ်တွေမြို့ရှိ ဒကစ (စစ်တွေ) တွင် ရောက်ရှိနေသည်။ (စစ်ကောင်စီအနေဖြင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို လက်လွှတ်ခဲ့စဉ်ကလည်း တိုင်းမှူးဖြစ်သူ ဗိုလ်မှူးချုပ် စိုးလှိုင်သည် မူဆယ်တွင် ရှိနေခဲ့သည်။ ရမခ ဒု တိုင်းမှူးကသာ လားရှိုးတိုက်ပွဲများကို အနီးကပ် ကွပ်ကဲနေခဲ့ခြင်းဖြစ်သည်။ ကစထမှူးကို ပြန်ဆဲသည့် တိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးတင့်နှင့် ဒု တိုင်းမှူးတို့ အဖမ်းခံခဲ့ရသည်။)
လတ်တလောကာလတွင် အမ်းအခြေစိုက်တပ်များအနက် မင်းပြားဘက်မှလာပါက အမ်းမြို့ အဝင်ဘက်ရှိ ခမရ ၃၇၃ ကို အောက်တိုဘာလ ၂၄ ရက်တွင် AA က သိမ်းပိုက်ထားပြီး ဖြစ်သည်။ အမ်းမြို့အတွင်းမှာပင် တိုက်ပွဲများ ဖြစ်ပွားနေပြီး တိုက်ပွဲများအတွင်း နပခ စစ်ဦးစီးမှူး (ပထမတန်း) ဒု ဗိုလ်မှူးကြီးအဆင့် အပါအဝင် အရာရှိကြီးအချို့ ပြင်းထန်ဒဏ်ရာ ရရှိထားကြောင်း သိရသည်။ စစ်ဆေးရုံကို လက်လွှတ်ခဲ့ရသဖြင့် စစ်တပ်ကျောင်းဖြစ်သည့် အ.ထ.က (၂) စာသင်ကျောင်းကို ယာယီ စစ်ဆေးရုံပြုလုပ်ပြီး ထိုနေရာတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
လက်ရှိအနေအထားအရ နပခနှင့် ၂ မိုင်ခွဲအကွာတွင်ရှိသည့် ဂေါက်ကွင်း၊ အမြောက်တပ် ၃၇၄၊ စစ်လက်နက်ပစ္စည်းတပ် (စနခ) ၃၄၅ တို့ကို AA က အပြင်းအထန် ထိုးစစ်ဆင်နေသည်။ အမ်းမြို့ တိုက်ပွဲများသည် နပခ တိုင်းစစ်ဌာချုပ်နှင့် အနီးဆုံးသို့ ရောက်ရှိနေပြီဖြစ်သည်။
စစ်ကောင်စီဘက်က လေကြောင်းပစ်ကူနှင့် ရမ်းသမ်း ပစ်ခတ်သည့် လက်နက်ကြီးပစ်ကူသာ ရရှိနိုင်တော့သည်။ AA က အမ်း-စစ်တွေ၊ အမ်း-တပ်တောင်၊ အမ်း-မအီ၊ အမ်း-မင်းဘူး ကားလမ်းများကို ထိန်းချုပ်ထားသဖြင့် မြေပြင်စစ်ကူလာရန် မဖြစ်နိုင်တော့ပေ။ AA က ဒရုန်းဗုံးဖြင့် ဗုံးချတိုက်ခိုက်ခဲ့ပြီးနောက် အနီးကပ် ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်သည့် ဗျူဟာဖြင့် တိုက်ခိုက်လျက်ရှိကြောင်း တွေ့ရသည်။
အမ်းကို စစ်ကြောင်းကြီး လေးကြောင်းဖြင့် ပိတ်ဆို့တိုက်ခိုက်နေသည်။ အမ်းမြို့တိုက်ပွဲတွင် AA နှင့်အတူ ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ မကွေး ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင်များကလည်း ပူးပေါင်းပါဝင် တိုက်ခိုက်နေကြောင်း သိရသည်။
အမ်းကို စစ်ကြောင်းကြီး လေးကြောင်းဖြင့် ပိတ်ဆို့တိုက်ခိုက်နေသည်။ အမ်းမြို့တိုက်ပွဲတွင် AA နှင့်အတူ ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ မကွေး ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင်များကလည်း ပူးပေါင်းပါဝင် တိုက်ခိုက်နေကြောင်း သိရသည်။
အမ်းမှ တိုက်ပွဲများ၏အခြေအနေကို သုံးသပ်ကြည့်သည့်အခါ စစ်ကောင်စီဘက်က အရာရှိကြီးအဆင့် ရှိသူများအထိ ဒဏ်ရာရရှိလာခြင်း၊ ဆက်သွယ်ရေးလမ်းကြောင်း အားလုံး ပိတ်ဆို့ခံထားရသဖြင့် မြေပြင်စစ်ကူ ရောက်ရှိရန် မဖြစ်နိုင်တော့ခြင်း၊ အုပ်ချုပ်ထောက်ပံ့မှုအနေဖြင့် ခဲယမ်းနှင့်ရိက္ခာကို လေကြောင်းကသာ လေထီးဖြင့် ချပေးနိုင်တော့ခြင်း၊ စစ်ဆင်ရေးကာလ ကြာရှည်ပြီး အနားမရခြင်းတို့ကြောင့် စိတ်ဓာတ် အလွန်အမင်း ကျဆင်းလျက်ရှိကြောင်း တွေ့ရသည်။
AA နှင့် အင်အားစုများဘက်တွင်မူ ရရှိခဲ့သည့် အဆင့်ဆင့်သော အောင်ပွဲများနှင့် ရခိုင်ပြည်နယ်တွင် စစ်ကောင်စီ၏ အမြင့်ဆုံး စစ်ရေးဆိုင်ရာကွပ်ကဲမှုဌာနချုပ်ကို သိမ်းပိုက်ရရှိတော့မည်ဆိုသည့် အသိတို့ဖြင့် စိတ်ဓာတ်တက်ကြွလျက် ရှိသည်။
စစ်ကောင်စီဘက်က စစ်လော်ဘီ တယ်လီဂရမ် ချန်နယ်များတွင် အမ်း၌ ခံစစ်ဆင်နေသည့် စစ်သားများကို အသေခံ တိုက်ပွဲဝင်သွားကြရန် ဝါဒဖြန့်နေသည်ကို တွေ့ရသည်။ အသက်စွန့် တိုက်ကြမည့် စစ်သားများအား ကြိုတင်၍ အလေးပြုပါကြောင်း စာသားများပင် ရေးသားထားသည်ကို တွေ့ရသည်။
ထို့ကြောင့် စစ်ကောင်စီအနေဖြင့် နပခ (အမ်း) ကို ရမခ (လားရှိုး) ကဲ့သို့ပင် လက်လွှတ်ရမည်ဟု ကြိုတင် တွက်ဆထားပြီးဖြစ်ကြောင်း တွေ့ရ၏။ AA အနေဖြင့် ၂၀၂၅ ခုနှစ်တွင် ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီ ကင်းစင် နယ်မြေဖြစ်အောင် ချေမှုန်းသွားမည်ဟု ကြွေးကြော်ထားသည်မှာ နပခ (အမ်း) ကို တိုက်ခိုက် သိမ်းပိုက်မှုနှင့်အတူ အမှန်တကယ် နီးစပ်သွားဖွယ်ရှိကြောင်း တွေ့ရသည်။
(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)
You may also like these stories:
အမ်း တိုင်းစစ်ဌာနချုပ်အနီး AA တပ်များရောက်လာ ညလုံးပေါက်တိုက်ပွဲ ပြင်းထန်
အမ်းစစ်ဌာနချုပ်၏ ဗျူဟာကုန်း သိမ်းပိုက်နိုင်ရေး AA ဆက်လက်ထိုးစစ်ဆင်
AA ထိုးစစ် နပခ အနီးထိရောက်လာ (ရုပ်/သံ)
ထိုးစစ်ရှိန် ပိုမြင့်လာသည့် ရခိုင်စစ်မျက်နှာ
ရခိုင်က စစ်ကောင်စီရဲ့ ဌာနချုပ်တွေကို AA ပိတ်ဆို့ (ရုပ်/သံ)













