၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက် ၁၀၂၇ စစ်ဆင်ရေး စကတည်းက ဩဂုတ်လလယ်ထိ စစ်ကာင်စီတပ်နဲ့ သူရဲ့လော်ဘီတွေ၊ ထောက်ခံသူတွေ တလျှောက်လုံး ပြောနေကြတာက မြောက်ပိုင်းသုံးဖွဲ့နောက်ကွယ်က တရုတ်ကြိုးကိုင်နေတာ ဆိုတာပါပဲ။ တရုတ်က လက်နက်ခဲယမ်း ထုတ်ပေးတာ၊ တရုတ်က စစ်သားတွေ၊ ပညာရှင်တွေ ဝင်တိုက်နေတာ စသဖြင့် စုံလို့ပါပဲ။ လူမှုကွန်ရက်စာမျက်နှာမှာ တရုတ်ပိုက်လိုင်းပုံကြီးနဲ့ မြေပုံတင်ပြီး ဒီပိုက်လိုင်းတလျှောက် စိုးမိုးဖို့ တရုတ်က လုပ်နေတာလို့ ဝါဒဖြန့်ပြောရေးသားနေကြတာ မမြင်ချင်အဆုံးပါပဲ။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ခရီးစဉ်အပြီးမှာတော့ စစ်တပ်နဲ့ သူရဲ့လော်ဘီတွေ၊ ထောက်ခံသူတွေ လေသံပြောင်းလာတာတော့ ‘အဘနဲ့ ပေါက်ဖော်ကြီးနဲ့ ညှိလိုက်ရင် အေးဆေးဖြစ်သွားမှာပါ’ ဆိုပြီး ပေါက်ဖော်ကြီးဟာ ချက်ချင်းပဲ မြန်မာစစ်တပ်ရဲ့ ‘ကျေးဇူးရှင်ဖေဖေ’ ဖြစ်သွားတော့တာပါပဲ။
တကယ်ကတော့ စစ်တိုင်းဌာနချုပ်တခုပါအဝင် တပ်ရင်းတပ်ဖွဲ့ပေါင်း ရာနဲ့ချီပြီး ဆုံးရှုံးနေတဲ့ စစ်ကောင်စီတပ်ရဲ့ အဓိကခေါင်းဆောင်ဖြစ်တဲ့၊ အဓိကတာဝန်ရှိသူဖြစ်တဲ့ တပ်ချုပ်ကြီးဆိုသူ မင်းအောင်လှိုင်ဟာ သူရဲ့ ဆုံးရှုံးမှုတွေကြောင့် တပ်ချုပ်ကြီးကုလားထိုင် လှုပ်နေရာက ပေါက်ဖော်ကြီးကယ်ရင် သူ့နေရာတည်မြဲမယ်လို့ ယူဆပြီး ကာကွယ်ပြောဆိုနေတာပါ။
ပေါက်ဖော်ပဲ ကယ်ကယ်၊ ရုရှားပဲ ကယ်ကယ် သူ့အရင် တပ်ချုပ်ကြီးတွေဖြစ်ခဲ့တဲ့ ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေတို့လိုပဲ သူရဲ့တပ်ချုပ်နေရာကို ပြိုင်ရဲတဲ့သူ၊ သူ့ကို ပုခုံးချင်း ယှဉ်ရဲတဲ့သူ မရှိဘူးလို့ မင်းအောင်လှိုင် ယုံကြည်ထားရလို့ မရတဲ့အခြေအနေကို ရောက်နေပါတယ်။ အကြောင်းရင်းကတော့ မင်းအောင်လှိုင် တပ်ချုပ်ကြီးဖြစ်တဲ့ ကာလအတွင်း စစ်ကောင်စီတပ်ဟာ စစ်ရှုံးနေပြီး တဖြည်းဖြည်း လုံးပါး ပါးနေလို့ပါပဲ။
အာဏာသိမ်းစစ်ခေါင်းဆောင်တွေ နိုင်ငံရေးညံ့လို့ ရပါတယ်။ စီးပွာရေးညံ့လို့ ရပါတယ်။ လူမှုရေးညံ့လို့ ရပါတယ်။ ကျန်တာတွေ ဘယ်လိုညံ့ညံ့ ညံ့လို့ရပေမဲ့ ညံ့လို့မရတဲ့ အရေးကြီးတဲ့အချက်က စစ်ရေးပါပဲ။ စစ်တပ်ကို အသုံးချပြီး အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်တယောက်အတွက် အရေးကြီးဆုံးကတော့ စစ်ရှုံးလို့မရတာပါပဲ။
အာဏာသိမ်းစစ်ခေါင်းဆောင်တွေ နိုင်ငံရေးညံ့လို့ ရပါတယ်။ စီးပွာရေးညံ့လို့ ရပါတယ်။ လူမှုရေးညံ့လို့ ရပါတယ်။ ကျန်တာတွေ ဘယ်လိုညံ့ညံ့ ညံ့လို့ရပေမဲ့ ညံ့လို့မရတဲ့ အရေးကြီးတဲ့အချက်က စစ်ရေးပါပဲ။ စစ်တပ်ကို အသုံးချပြီး အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်တယောက်အတွက် အရေးကြီးဆုံးကတော့ စစ်ရှုံးလို့မရတာပါပဲ။
ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေတို့ အာဏာသိမ်းစဉ်ကာလက ကျန်တာတွေ ဘာပြဿနာပဲရှိရှိ၊ တခုလုံးအရ စစ်တော့ မရှုံးပါဘူး။ ဗိုလ်နေဝင်း အာဏာသိမ်းထားစဉ်ကာလက မြစ်ဝကျွန်းပေါ်၊ ပဲခူးရိုးမ၊ ‘မြစ်ဖျားတိုင်း’ လို့ခေါ်တဲ့ ပင်လည်ဘူး၊ ဗန်းမောက်ဒေသ၊ သရက်၊ မင်းတုံး၊ မင်းဘူးဒေသ၊ ရခိုင်ပြည်နယ်၊ တနင်္သာရီစတဲ့ဒေသတွေမှာ စစ်ရေးအရ အနိုင်တိုက်နိုင်ခဲ့ပါတယ်။ ဒါ့ပြင် တပ်မအသစ်၊ တပ်ရင်းတပ်ဖွဲ့အသစ်တွေ၊ စစ်တိုင်းအသစ်တွေ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ဗိုလ်နေဝင်းဟာ စစ်ရေးအရ နယ်မြေအများစုကို ထိန်းချုပ်နိုင်ပြီး စစ်ရေးအရ အသာစီးယူထားနိုင်တဲ့ အခြေအနေရှိပါတယ်။
ဗိုလ်သန်းရွှေ အာဏာရယူထားစဉ်ကလည်း ကရင်ကို ပြိုကွဲအောင် လုပ်နိုင်ခဲ့သလို ကရင်ဒေသအများစုကို ထိန်းချုပ်နိုင်ပါတယ်။ ရှမ်းအရှေ့မှာ ခွန်ဆာတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ပြီး အင်အားသောင်းနဲ့ချီ လက်နက်ချကာ ပြိုကွဲစေနိုင်ခဲ့ပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့ အတော်များများနဲ့ ငြိမ်းချမ်းရေးယူခဲ့ပြီး နောက်ဆုံးမှာ အဖွဲ့အချို့ကို စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်ရင်းနဲ့ ပြည်သူ့စစ်များအဖြစ် ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
ဒါ့ပြင် တပ်မနဲ့ အဆင့်ညီတဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) တွေ၊ တပ်ရင်းတပ်ဖွဲ့အသစ်တွေ၊ စစ်တိုင်းအသစ်တွေ ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ဗိုလ်သန်းရွှေလည်း စစ်ရေးအရ နယ်မြေအများစုကို ထိန်းချုပ်နိုင်ပြီး စစ်ရေးအရ အသာစီးယူထားနိုင်တဲ့ အခြေအနေရှိပါတယ်။
လက်ရှိ မြန်မာစစ်တပ်ရဲ့ စစ်ခေါင်းဆောင်၊ မြန်မာစစ်တပ်ရဲ့ အခေါ်အဝေါ်အရ ‘တပ်ချုပ်ကြီး’ ဖြစ်တဲ့ မင်းအောင်လှိုင်ကတော့ သူ့အရင် စစ်ခေါင်းဆောင်နှစ်ယောက်နဲ့ မတူကွဲပြားပြီး တနိုင်ငံလုံးအနေအထားနဲ့ စစ်ရေးအရ အသာစီးရယူထားနိုင်ခြင်း မရှိသလို ပြောင်းပြန်ရလဒ်ကို ကြုံတွေ့နေရပါတယ်။
‘တပ်ချုပ်ကြီး မင်းအောင်လှိုင်’ ရဲ့ ကွပ်ကဲမှုအောက်မှာ မြို့ပေါင်း ၈၀ ကျော် အပါအဝင် နယ်မြေအများအပြား ဆုံးရှုံးသွားခဲ့ပါပြီ။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) စစ်တိုင်းအပါအဝင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) တခု၊ စကခ လေးခုအပါအဝင် ခြေလျင်၊ ခြေမြန်၊ အမြောက်၊ လေကြောင်းရန်ကာကွယ်ရေး၊ ဆက်သွယ်ရေး၊ ထောက်ပို့၊ စစ်မြေပြင်အင်ဂျင်နီယာ၊ ဝန်တင်အစရှိတဲ့ တပ်ရင်းတပ်ဖွဲ့ ဌာနချုပ်တွေ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေ၊ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်တွေ စုစုပေါင်း ၁၄၀ ခန့်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သိမ်းပိုက်ခြင်းခံရပြီး မြန်မာစစ်တပ် စစ်အင်္ဂါစဉ်ထဲက ပျောက်ကွယ်သွားပြီလို့ စစ်ရေးလေ့လာသူများရဲ့ သုံးသပ်ချက်များအရ သိရပါတယ်။ ကျန်တပ်ရင်းတပ်ဖွဲ့ အများစုဟာလည်း အထိနာနေကြတယ်လို့ သိရပါတယ်။
တပ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ သူရဲ့ထောက်ခံသူတွေဟာ စခန်းတခုကို ရက်ကြာကြာခုခံနိုင်ရင် အောင်ပွဲရသလို မြူးတူးနေကြပြီး အဲဒီစခန်း၊ အဲဒီမြို့ကျသွားတာနဲ့ အဲဒီစခန်း၊ အဲဒီမြို့အကြောင်း အသံ လုံးဝ မထွက်ကြတော့ပါဘူး။ များမကြာခင်ကလည်း စစ်တိုင်းဌာနချုပ်တခု ကျသွားပါပြီ။ ရမခလို တိုင်းစစ်ဌာနချုပ်ဟာ အင်အားထောင်ဂဏန်းရှိပြီး လက်နက်ခဲယမ်းလည်း အပြည့်အစုံရှိကာ လေကြောင်းပစ်ကူလည်း နေ့ညမပြတ် ပေးနေတဲ့အောက်မှာ ကျရှုံးသွားတာပါ။ ဒါ့ပြင် ရှမ်းမြောက်က မြို့အများအပြားလည်း လက်လွှတ်ခဲ့ရပါတယ်။
ဒါ့ပြင် ရှည်လျားတဲ့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်းနယ်စပ်တလျှောက် နယ်စပ်မျဥ်းရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ဘဲ စွန့်လွှတ်ခဲ့ရပြီဖြစ်ပါတယ်။
ကချင်ပြည်နယ်မှာ ဧရာဝတီမြစ်အရှေ့ဘက် နယ်မြေအများစု လက်လွှတ်ခဲ့ပြီဖြစ်သလို တနိုင်း၊ ပူတာအို၊ ဗန်းမော်ဒေသတွေဟာ ဖြတ်တောက် ပိတ်ဆို့ခံနေရပါတယ်။ ဖားကန့်ဒေသဟာ ပိတ်ဆို့ခံထားရသလို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ ထိန်းချုပ်မှုအောက်ကို မကြာခင် ရောက်ရှိသွားနိုင်ပါတယ်။
စစ်တပ် နာမည်ပျက်နေတာကတော့ သက်တမ်း သုံးနှစ်ခန့်သာရှိသေးပြီး “ပဒတ်တွေ” လို့ မြန်မာစစ်တပ်က လှောင်ပြောင်ခဲ့တဲ့ PDF တွေနဲ့ တိုက်ပွဲတွေမှာ ဖြစ်ပါတယ်။ PDF တပ်ဖွဲ့တွေဟာ အင်အား ၈၀ ကျော်နဲ့ ခုခံနေတဲ့ ဒီပဲယင်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သလို ဘုတလင်နယ်ထဲမှာ အင်အား ၈၀ ကျော်ပါတဲ့ စစ်ကြောင်းကို အောင်မြင်စွာ ချေမှုန်းနိုင်တာ တွေ့ရပါတယ်။
စစ်တပ် နာမည်ပျက်နေတာကတော့ သက်တမ်း သုံးနှစ်ခန့်သာရှိသေးပြီး “ပဒတ်တွေ” လို့ မြန်မာစစ်တပ်က လှောင်ပြောင်ခဲ့တဲ့ PDF တွေနဲ့ တိုက်ပွဲတွေမှာ ဖြစ်ပါတယ်။ PDF တပ်ဖွဲ့တွေဟာ အင်အား ၈၀ ကျော်နဲ့ ခုခံနေတဲ့ ဒီပဲယင်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သလို ဘုတလင်နယ်ထဲမှာ အင်အား ၈၀ ကျော်ပါတဲ့ စစ်ကြောင်းကို အောင်မြင်စွာ ချေမှုန်းနိုင်တာ တွေ့ရပါတယ်။
နောက်ဆုံး အင်အား ၇၀၀ ကျော်အထိ ဖြည့်တင်းခုခံခဲ့တဲ့ ပင်လည်ဘူးမြို့ကိုလည်း PDF များ ၅၃ ရက်ကြာ တိုက်ခိုက်ပြီးနောက် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက် ၄၀၀ ကျော် ရရှိသွားပါတယ်။ စစ်ကောင်စီတပ်အင်အား ၅၀၀ ခန့်စီနဲ့ ခုခံနေတဲ့ အင်းတော်နဲ့ ထီးချိုင့်ကိုလည်း PDF များက ဝိုင်းပတ်ပိတ်ဆို့ပြီး ဆက်လက် တိုက်ခိုက်နေတာ တွေ့ရပါတယ်။ စစ်ကိုင်းတိုင်းတွင်သာမက မကွေးတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်၊ တနင်္သာရီတိုင်းတွေမှာလည်း PDF တွေရဲ့ ပြောက်ကျားတိုက်ပွဲတွေ နေရာအနှံ့ တွေ့ရပါတယ်။
ကရင်၊ ကရင်နီနဲ့ ချင်းတို့မှာလည်း မြို့များအပါအဝင် နယ်မြေတချို့ကို ဆုံးရှုံးနေပြီး မြို့တချို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ ဆက်လက် ထိုးစစ်ဆင်နေတာတွေ့ရသလို စစ်တပ်ရဲ့ စစ်ဆင်ရေးအများစုဟာလည်း အောင်ပွဲမခံနိုင်ဘဲ အလဲလဲအကွဲကွဲ ဖြစ်နေတာ တွေ့ရပါတယ်။
တရုတ်အစိုးရက မြောက်ပိုင်းက တိုင်းရင်းသားအဖွဲ့တွေကို ဖိအားပေးတာကို အခွင့်ကောင်းယူပြီး လားရှိုးကို ပြန်သိမ်းတော့မလို၊ ဆုံးရှုံးသွားတဲ့နယ်မြေတွေ ပြန်သိမ်းတော့မလို ဆိုက်ဝါးလွှင့်နေပေမဲ့ တပ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ သူ့လော်ဘီတွေဟာ ရခိုင်နဲ့ပတ်သက်ပြီး လုံးဝ လေသံမဟနိုင်ပါဘူး။
အာရက္ခတပ်တော် (AA) ဟာ ရခိုင်မှာ ၁၁ မြို့နယ် သိမ်းပိုက်ထားပြီ။ ရခိုင်တောင်ပိုင်းရှိ သံတွဲ၊ ကျိန္တလီတို့ကို သိမ်းပြီးနောက် ဂွမြို့ကို ဦးတည်နေပါပြီ။ မောင်တောမြို့မှ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ) ၅ မြို့သူကြီးစခန်းတခုသာ တည်းတည်းလေး ကျန်ပါတော့တယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိရာ အမ်းမှာတော့ တောဟိန်းတောင်ဗျူဟာ၊ မဲတောင်ဗျူဟာတွေ ကျပြီးနောက် အမြောက်ဆံတွေ နပခ စစ်ဌာနချုပ်ထဲကျပြီး တိုက်ပွဲဟာ အမ်းမြို့ကို ရောက်လာပါပြီ။ စစ်သားနဲ့ ရဲမိသားစုတွေ မင်းဘူး၊ မကွေးကို ထွက်ပြေးကုန်ကြပါပြီ။ အမ်းအခြေစိုက် နပခ စစ်ဌာနချုပ်နဲ့ တောင်ကုတ်အခြေစိုက် စကခ ၅ လည်း ကျရှုံးဖို့ အချိန်သိပ်မလိုတော့ပါ။
ရခိုင်မှာတော့ ပေါက်ဖော်ကြီးလည်း စစ်ကောင်စီတပ်ကို ကယ်ဖို့ ကြိုးစားနိုင်ပုံတောင် မရပါဘူး။ AA နဲ့ ရခိုင်လူထုကို ပေါက်ဖော်ကြီး ဖြတ်လေးဖြတ်တို့၊ ဖြတ်ငါးဖြတ်တို့ လုပ်လို့မရပါဘူး။ မရတဲ့အပြင် အိန္ဒိယ၊ မီဇိုရမ်ပြည်နယ်ကနေ ပလက်ဝမှတဆင့် ရခိုင်ကို လွတ်လပ်စွာ ကုန်သွယ်ခွင့်ပြုထားတဲ့အတွက် ဆီ၊ ဆား၊ ရိက္ခာ၊ ဆေးဝါး၊ လောင်စာဆီ တင်သွင်းခွင့်ရနေပါတယ်။
စစ်ရေးအရလည်း ရခိုင်မှာ ပြန်လှန်ထိုးစစ်ဆင်ဖို့ မပြောနဲ့ AA ရဲ့ ထိုးစစ် လိုက်မလာစေဖို့ စစ်တပ်ဟာ တံတားတွေ တစင်းပြီးတစင်းချိုးပြီး ဆုတ်ခွာနေရပါတယ်။ လက်ရှိအချိန်အထိ ရခိုင်မှာ စစ်တပ်ကချိုးတဲ့ တံတားဟာ ၃၀ နီးပါးရှိပြီလို့ သတင်းမီဒီယာများရဲ့ မှတ်တမ်းများအရ သိရပါတယ်။ ဂွမြို့အနီးက ဆတ်သွားတံတားကိုလည်း ထပ်ချိုးဖို့ ပြင်နေတယ်လို့ သိရပါတယ်။
အခု ရခိုင်မှာ စစ်ကောင်စီရဲ့ ဒုတိယမြောက် တိုင်းစစ်ဌာနချုပ်နဲ့ ပဉ္စမမြောက် စကခ ကျဆုံးဖို့ သိပ်မလိုတော့ပါဘူး။ အာဏာသိမ်းစစ်တပ်ရဲ့ တပ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ လက်တွေ့ စစ်မြေပြင်ရလဒ်အရတော့ “တပ်ပြုတ်ကြီး” ဖြစ်နေပါတယ်။
ဒါတွေဟာ ‘တပ်ပြုတ်ကြီး မင်းအောင်လှိုင်’ အပေါ် ဖိစီးလာတဲ့ အကြောင်းတရားဖြစ်ပါတယ်။ မြို့တွေ တမြို့ပြီးတမြို့ ကျနေသလို တပ်တွေ တခုပြီးတခု ပြုတ်နေပါတယ်။ သောင်းနဲ့ချီတဲ့စစ်သားတွေ သေကြေဒဏ်ရာရနေသလို သောင်းနဲ့ချီတဲ့ စစ်သားတွေ လက်နက်ချ၊ အဖမ်းခံနေရပါတယ်။ စစ်သားတွေအတွက် တပ်ရင်းတပ်ဖွဲ့ဌာနချုပ်ထဲက ထွက်ကတည်းက စစ်မြေပြင်ဖြစ်နေပြီး အချိန်မရွေး သေနိုင်သလို အခုနှစ်ပိုင်းတွေဆိုရင် စစ်တပ်မှာ အသေအပျောက်မရှိတဲ့ နေ့ဆိုတာ မရှိတော့ပါဘူး။
ဒါ့ပြင် စစ်မြေပြင်တပ်မှူးတွေဖြစ်တဲ့ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ်၊ ဗိုလ်ချုပ်အဆင့်တွေအထိ သေတာ၊ ဒဏ်ရာရတာ၊ အဖမ်းခံရတာ၊ လက်နက်ချရတာ စတဲ့ အခြေအနေမျိုးစုံ ကြုံနေရတာ တွေ့ရပါတယ်။ စစ်ရှုံးတပ်မှူးတွေကို သေဒဏ်၊ ထောင်ဒဏ် အမျိုးမျိုးပေးနေတာ တွေ့ရသလို တိုင်းမှူးနဲ့အထက် အဆင့်တွေတောင်မှာ အချိန်တိုတွင်း ပြုတ်တာ၊ ပြောင်းတာ၊ ဘေးရောက်သွားတွေ ခပ်စိပ်စိပ် တွေ့နေရပါတယ်။ ကျန်နေသေးတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ အလှည့်လည်း မကြာခင် ရောက်လာနိုင်တယ်ဆိုတာ အားလုံး ခံစားနေရပြီ ဖြစ်ပါတယ်။ ရှေ့တန်း မပြုတ်ရင် နောက်တန်းမှာ ပြုတ်ရတဲ့ကာလပေါ့။
နောက်ပြီးတော့လည်း တပ်သား မဖြည့်တင်းနိုင်လို့ တပ်သားသစ်တွေ အတင်းအဓမ္မကောက်ယူနေပေမဲ့ တိုက်စိတ်ခိုက်စိတ် မရှိကြလို့ စစ်တိုက်ဖို့ ခက်ခဲနေပါတယ်။ တိုက်စိတ်ခိုက်စိတ် မရှိ၊ စစ်ရေးအတွေ့အကြုံ မရှိတဲ့ တပ်သားသစ်တွေ စစ်မြေပြင်မှာ ဝန်ထုပ်ဝန်ပိုးပဲလို့ စစ်ရေးအတွေ့အကြုံရှိသူများ သိကြသလို တပ်သားသစ်တွေ အခွင့်အခါရရင် ရသလို ထွက်ပြေးနေကြတာ တွေ့နေရပါတယ်။ စစ်သား မဆိုထားနဲ့ ဗိုလ်သင်တန်းတက်မည့်သူ မရှိလို့ ရေရှည်မှာ တပ်ကို အရာရှိအင်အား ဖြည့်တင်းဖို့တောင် ခက်ခဲတော့မယ့် အခြေအနေကို တွေ့နေရပါတယ်။
ဒါ့ပြင် စစ်ရှုံးပြီး နယ်မြေတွေ စွန့်လွှတ်နေရတဲ့အတွက် လက်ရှိ စစ်ဗိုလ်ချုပ်တွေသာမက အနားယူသွားပြီဖြစ်တဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ အသက်နဲ့ပိုင်ဆိုင်မှုတွေအတွက် အာမခံချက်ဟာလည်း တဖြည်းဖြည်း လျော့ပါးလို့လာနေတာကို မြန်မာစစ်ခေါင်းဆောင်ဟောင်းတွေရော၊ အသစ်တွေပါ ခံစားနေရပြီ ဖြစ်ပါတယ်။
ဒါ့ပြင် စစ်ရှုံးပြီး နယ်မြေတွေ စွန့်လွှတ်နေရတဲ့အတွက် လက်ရှိ စစ်ဗိုလ်ချုပ်တွေသာမက အနားယူသွားပြီဖြစ်တဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ အသက်နဲ့ပိုင်ဆိုင်မှုတွေအတွက် အာမခံချက်ဟာလည်း တဖြည်းဖြည်း လျော့ပါးလို့လာနေတာကို မြန်မာစစ်ခေါင်းဆောင်ဟောင်းတွေရော၊ အသစ်တွေပါ ခံစားနေရပြီ ဖြစ်ပါတယ်။
တပ်ပြုတ်ကြီး မင်းအောင်လှိုင်ကလည်း ဒီအကြောင်းကို ရိပ်စားမိလို့ သူရဲ့လုံခြုံရေးကို တင်းတင်းကြပ်ကြပ် စီမံထားသလို သူ့ကို ပြန်ပြီး ပုန်ကန်နိုင်တဲ့သူတွေကိုလည်း တင်းတင်းကျပ်ကျပ် စောင့်ကြည်နေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ မင်းအောင်လှိုင် မတတ်နိုင်တာကတော့ စစ်ရှုံးနေတာကို မရပ်တန့်နိုင်တာပါပဲ။
အခုရက်ပိုင်းမှာတောင် နပခ တိုင်းစစ်ဌာနချုပ်အထိ တိုက်ပွဲတွေ ရောက်ရှိလာပြီ ဖြစ်ပါတယ်။ နပခမှာ အခြေစိုက်ထားတဲ့ တပ်တချို့ကိုလည်း AA က သိမ်းပိုက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့ပြင် ပုဂံတို့၊ မြင်းခြံတို့ကနေ ဘေးဝန်းကျင်ရွာတွေကို ဗုံးကြဲတာ မြင်နေရသလို ပြင်ဦးလွင်နဲ့ မန္တလေးကနေ လက်နက်ကြီးတွေကို သိမ့်သိမ့်တုန်အောင် ပစ်ခတ်နေရတဲ့ အခြေအနေပါ။ နောက်ထပ်မြို့တွေနဲ့ နောက်ထပ် တိုင်းစစ်ဌာနချုပ်တခု ထပ်မံ ကျရှုံးဖို့ နီးလာပြန်ပြီ ဖြစ်ပါတယ်။
စစ်ရှုံးနေတဲ့ တပ်ပြုတ်ကြီး မင်းအောင်လှိုင် လက်ထက်မှာ စစ်တပ်ဟာ ပရုပ်လုံးလို လုံးပါးပါးနေပါပြီ။ အပေါ်မှာ ပြောခဲ့သလို အာဏာသိမ်း စစ်ခေါင်းဆောင်တယောက်ဟာ တခြားဟာတွေ မှားလို့ရပါတယ်။ စစ်ရှုံးလို့တော့ မရပါဘူး။ အာဏာသိမ်း စစ်ခေါင်းဆောင်တယောက် စစ်ရှုံးတယ်ဆိုတာ ကိုယ့်သေတွင်းကိုယ် တူးလိုက်တာပါပဲ။
ရမခ စစ်တိုင်း ကျရှုံးလက်လွှတ်ရပြီး သုံးလခန့်အကြာမှာ နောက်ထပ် တိုင်းစစ်ဌာနချုပ်တခုကို ထပ်မံ လက်လွှတ်ရမယ့် အခြေအနေသို့ ဆိုက်နေပြီဖြစ်ပါတယ်၊၊ တပ်ပြုတ်ကြီး မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ် မတိုင်ခင်မှာကို တိုင်းစစ်ဌာနချုပ်တခု ပြုတ်ဖို့ များနေပါပြီ။
‘တပ်ချုပ်ကြီး’ ကနေ ‘တပ်ပြုတ်ကြီး’ ဖြစ်လာနေတဲ့ မင်းအောင်လှိုင်အနေနဲ့ စစ်တပ် ပရုပ်လုံးလို တဖြည်းဖြည်း လုံးပါး ပါးလာနေတာကို တားဆီးဖို့ ခက်ခဲပါလိမ့်မယ်။ တပ်ပြုတ်ကြီးနဲ့အတူ မြန်မာစစ်တပ် ဇာတ်သိမ်းမလား၊ တပ်ပြုတ်ကြီးကို ဖယ်ရှားပြီး မြန်မာစစ်တပ် ရုန်းထွက်မလား၊ ရုန်းထွက်နိုင်ပါ့လား ဆိုတာကတော့ စိတ်ဝင်စားဖွယ် ဖြစ်ပါတယ်။ ‘တပ်ပြုတ်ကြီးနဲ့ ပရုပ်လုံးစစ်တပ် ဇာတ်လမ်းတွဲ’ ကတော့ အခုမြန်မာပြည်မှာ စိတ်ဝင်စားစရာအကောင်းဆုံး ဇာတ်လမ်းတွဲလို့ ခင်မမပြောရင် လွန်တယ်လို့ မထင်ကြစေလိုပါ။
(ခင်မမသည် မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတဦး ဖြစ်သည်။)
You may also like these stories:
ကူမင်း အစည်းအဝေး မင်းအောင်လှိုင် သွားရတဲ့အခါ
အာဏာကို ရသလောက် ကုပ်တွယ်ဖို့ မင်းအောင်လှိုင် ဘာမဆိုလုပ်မယ်
စစ်ကောင်စီ အသက်ဆက်ဖို့ တရုတ်ကို အားထားနေရပြီ
စစ်ရှုံးပြီး ဩဇာကျဆင်းလာသော မင်းအောင်လှိုင် ဗျာများနေ
တရုတ်ဆန့်ကျင်ရေးကို စွန့်လွှတ်ပြီး စစ်ခေါင်းဆောင်လေသံပြောင်း
လုပ်ကြံရန် ကြံစည်မှုကြောင့် လုံခြုံရေးတိုးမြှင့်ရန် မင်းအောင်လှိုင် အမိန့်ပေး













