Standard Army ဟု ကြွေးကြော်ထားခဲ့သည့် အာဏာသိမ်း စစ်ကောင်စီတပ်သည် ရရာလက်နက်ကို စွဲကိုင်တော်လှန်ခဲ့ကြသည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များကို အချိန်ကြာလာသည်နှင့်အမျှ မယှဉ်နိုင်တော့သည့်သဘောကို တွေ့လာရသည်။ စစ်ကောင်စီတပ်တွင် နိုင်ငံ့ဘဏ္ဍာ အများအပြားသုံးပြီး ဝယ်ယူထားသည့် လေတပ်တခုကိုသာ အားသာချက်တခုအနေနှင့် ကျန်ရှိတော့ကြောင်း တွေ့ရသည်။
ကမ္ဘာ့နိုင်ငံအများစုက စစ်ကောင်စီကို ပြုပြင်ထိန်းသိမ်းရေး အပါအဝင် လေယာဉ်နှင့် စစ်လက်နက်ပစ္စည်း ဝယ်ယူခွင့်ဆိုင်ရာကိစ္စများကို ကန့်သတ်ပိတ်ပင်ထားခဲ့သည်။ သို့သော် ရုရှားနှင့် တရုတ်ကဲ့သို့သော နိုင်ငံများက စစ်ကောင်စီအတွက် ရောင်းချပေးနေဆဲဖြစ်သည်။ ထို့ကြောင့်လည်း စစ်ကောင်စီအနေဖြင့် လေတပ်ကို အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုများကို ယနေ့အချိန်အထိ အဆင်အခြင်မဲ့ လုပ်ဆောင်နေကြောင်း တွေ့ရသည်။
အာဏာသိမ်းခါစအချိန်တွင် စစ်ကောင်စီသည် လေတပ်ကို ထုတ်သုံးခဲ့ခြင်း မပြုခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် မီးကျိုးမောင်းပျက် ကိုင်ဆောင်ထားသည့် တော်လှန်ရေးတပ်များအတွက် လေကြောင်းပစ်ကူပေးရသည်အထိ မလိုအပ်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယူဆ၍ဖြစ်သည်။ မြေပြင်တပ်များက ကြုံတွေ့ရသည့် အခက်အခဲ မည်မျှပင် တင်ပြစေကာမူ လေကြောင်းပစ်ကူမပေးဘဲ နေခဲ့သည်။ လက်အောက်တပ်များကိုသာ မရ ရအောင် ဖိအားပေး၍ တိုက်ခိုင်းခဲ့သည်။
ဥပမာ အာဏာသိမ်း အစောပိုင်းကာလ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) နယ်မြေအတွင်းရှိ ချင်းပြည်နယ် မင်းတပ်မြို့တွင် စစ်ယာဉ်တန်း ချုံခိုတိုက်ခိုက်ခံရသည့် ဖြစ်စဉ်မျိုးဖြစ်သည်။ မြေပြင်တပ်က လုံးဝ အခြေအနေ မကောင်းတော့ကြောင်း လေကြောင်းပစ်ကူပေးရန် လိုကြောင်း တင်ပြသော်လည်း လုံးဝ လေကြောင်းပစ်ကူ မပေးခဲ့ပေ။
ကစဉ့်ကလျားဖြစ်စဉ်မျိုး နေရာအတော်များများတွင် ဖြစ်လာတော့မှသာ လေကြောင်းပစ်ကူ ပေးရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စတင် စဉ်းစားလာခဲ့ခြင်း ဖြစ်သည်။
စစ်ကြောင်းလည်း ကစဉ့်ကလျားနှင့် ဖွဲ့စည်းပုံပျက်ပြီး ဆုတ်ခွာထွက်ပြေးခဲ့ကြရသည်။ အလားတူ ကစဉ့်ကလျားဖြစ်စဉ်မျိုး နေရာအတော်များများတွင် ဖြစ်လာတော့မှသာ လေကြောင်းပစ်ကူ ပေးရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စတင် စဉ်းစားလာခဲ့ခြင်း ဖြစ်သည်။
အစောပိုင်းကာလတွင် ပေးသည့် လေကြောင်းပစ်ကူများမှာ စစ်ကောင်စီ ခံစစ်စခန်းများ၊ တပ်ဌာနချုပ်များနှင့် စစ်ကြောင်းများတွင် အရေးပေါ်အခြေအနေ ကျရောက်ချိန်မျိုးတွင်သာ အဆင့်ဆင့် တင်ပြပြီး ခွင့်ပြုချက်ဖြင့် ပေးခြင်းမျိုးဖြစ်သည်။
လေကြောင်းပစ်ကူ ရယူလိုသည့် သက်ဆိုင်ရာ စစ်ကောင်စီ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုဌာနများက ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) (ကက ကြည်း) သို့ တင်ပြရသည်။ ကက ကြည်းက တပ်ချုပ်အဆင့်အထိ တင်ပြပြီး ခွင့်ပြုမှ ကကကြည်းက ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) (ကက လေ) သို့ လေကြောင်း ပစ်ကူပေးရန် အမိန့်ပေးသည်။
ထို့ကြောင့် စစ်အာဏာသိမ်း အစောပိုင်းကာလတွင် စစ်ခေါင်းဆောင်က ခွင့်ပြုမှသာ လေကြောင်းပစ်ကူ ရယူနိုင်ခဲ့သည်။ ထိုကာလများတွင် စစ်ခေါင်းဆောင် တပ်ချုပ် မင်းအောင်လှိုင် မအားပါက မြေပြင်တွင် မည်မျှပင် အခြေအနေဆိုးနေပါစေ လေကြောင်းပစ်ကူ ရယူရန် မဖြစ်နိုင်ပေ။
လေကြောင်းပစ်ကူသာမက MI-17 ရဟတ်ယာဉ်ကဲ့သို့သော သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် သုံးစွဲရန်အတွက်ပင် စစ်ခေါင်းဆောင်၏ ခွင့်ပြုမိန့်ကို စောင့်ခဲ့ရသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အစည်းအဝေး ဝင်နေချိန်များ၊ တွေ့ဆုံပွဲ ဆောင်ရွက်နေချိန်များတွင် ပစ်ကူခွင့်ပြုပေးရန်အတွက် သတင်းပို့ရန် စောင့်ဆိုင်းခဲ့ရသည်။

ထိုမျှမက အလှူအတန်း ဘုရားတရားကိစ္စများ ဆောင်ရွက်နေချိန်တွင်လည်း သတင်းပို့ပါက ခွင့်ပြု မပြု ပြန် ပြောကြားခြင်း မရှိကြောင်းလည်း သိရသည်။ ဒုချုပ် စိုးဝင်းကိုယ်တိုင် တိုက်ပွဲဖြစ်စဉ်ဖိုင်ကို ကိုင်၍ တပ်ချုပ် မင်းအောင်လှိုင်ထံ သတင်းပို့ပြီး လေကြောင်းပစ်ကူတောင်းရန်အတွက် သတင်းပို့ခဲ့သော်လည်း တပ်ချုပ်က ဘုရားထီးတင်ရှိ၍ ခွင့်ပြု မပြု မပြောဘဲ ထွက်သွားခဲ့သည့် ဖြစ်စဉ် ဖြစ်ခဲ့ဖူးသည်။
ထိုအချိန်တွင် လေကြောင်းပစ်ကူ လိုအပ်သည့် စစ်ကောင်စီ ခံစစ်စခန်း ကျသွားခဲ့ရသည်။ ထို့ကြောင့် ဒုချုပ်က စစ်ရုံးတွင် ပေါက်ကွဲခဲ့ကြောင်းနှင့် ထိုအကြောင်းကို တပ်ချုပ်က ပြန်ကြားသဖြင့် ဒုချုပ် စိုးဝင်းကို လေကြောင်းပစ်ကူနှင့် ပတ်သက်၍ ကိုယ်တိုင်ဆုံးဖြတ်တော့ဟု အပြတ်အမိန့်ပေးကြောင်း သိရသည်။
ထို့နောက်ပိုင်းတွင် စစ်ကောင်စီက လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုများကို ပို၍ ဖြေလျှော့လာသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းမှူးအဆင့်အမိန့်ဖြင့် လေကြောင်းပစ်ကူနှင့် ပစ်ခတ်တိုက်ခိုက်မှုများကို ခွင့်ပြုခဲ့ပေးသည်။ တိုက်ခိုက်ရေးနှင့် ပို့ဆောင်ရေး ရဟတ်ယာဉ်များကို တိုင်းစစ်ဌာနချုပ်တွင် တွဲဖက်ထားရှိသည်။
တိုင်းမှူးအမိန့်ဖြင့် လေယာဉ်၊ ရဟတ်ယာဉ်သုံး၍ တိုက်ခိုက်မည်ဖြစ်ကြောင်းကို တိုင်းစစ်ဌာနချုပ်များတွင် တွဲဖက်ထားသည့် လေတပ် ဒုဗိုလ်မှူးကြီး (စစ်ဦးစီးမှူး ပထမတန်း) မှတဆင့် ကက လေ ကို တင်ပြပြီး ဆောင်ရွက်ကြသည်။ လေယာဉ်ပစ်ကူအတွက် ထိုတိုင်းကွပ်ကဲမှု နယ်မြေများတွင် သတ်မှတ်ထားသည့် အနီးစပ်ဆုံးလေတပ်မှ လေယာဉ်ကို အသုံးပြုတိုက်ခိုက်နိုင်သည်။
အချို့ အရပ်ဘက်ပစ်မှတ်များကို တိုက်ခိုက်ခြင်းသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုက်ခိုက်ခိုင်း၍ မဟုတ်ဘဲ တိုင်းမှူး၏ ဆုံးဖြတ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း လွှဲချ၍ ကောင်းသွားစေသည်။
မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ၏ လေ့လာတွေ့ရှိချက်အရ နောက်ပိုင်းတွင် ကျယ်ပြန့်လာသည့် စစ်ရေးအခြေအနေအရ လေကြောင်းပစ်ကူ ရယူမှုကို ဖြေလျှော့ခဲ့ပြီး တပ်မမှူးနှင့် မြေပြင်တပ်မှူးအဆင့်အထိ တိုက်ရိုက်ရယူနိုင်ကြောင်း သိရသည်။
မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ၏ လေ့လာတွေ့ရှိချက်အရ နောက်ပိုင်းတွင် ကျယ်ပြန့်လာသည့် စစ်ရေးအခြေအနေအရ လေကြောင်းပစ်ကူ ရယူမှုကို ဖြေလျှော့ခဲ့ပြီး တပ်မမှူးနှင့် မြေပြင်တပ်မှူးအဆင့်အထိ တိုက်ရိုက်ရယူနိုင်ကြောင်း သိရသည်။
သို့သော် မဟာဗျူဟာအဆင့် နိုင်ငံအနှံ့ လေကြောင်းစစ်ဆင်ရေးများကို ဒုတပ်ချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း/ရေ/လေ)၊ စစ်ဆင်ရေးအထူးအဖွဲ့မှူးများနှင့် စစ်ဦးစီးအရာရှိချုပ် (လေ) တို့ ပါဝင်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပူးတွဲစစ်ဆင်ရေးကွပ်ကဲမှုဌာန (Joint Operation Command-JOC) က ဦးစီး လုပ်ဆောင်နေဆဲဖြစ်ကြောင်း တွေ့ရသည်။
နိုင်ငံတဝန်း အရေးကြီး စစ်ရေးပစ်မှတ်များနှင့် မဟာဗျူဟာအရ တိုက်ခိုက်မှုများအတွက် လေကြောင်းစစ်ဆင်ရေးအမိန့်များကို JOC အဖွဲ့က အတည်ပြု ဆုံးဖြစ်ပေးနေခြင်းပင် ဖြစ်သည်။
အာဏာသိမ်းကာလ ကြာရှည်လေ စစ်ရေးရှုံးနိမ့်မှုများလေလေ ဖြစ်လာသည့် စစ်ကောင်စီသည် တခုတည်းသော အားသာချက်အဖြစ်သာ ကျန်သည့် လေတပ်ကို လတ်တလောကာလအထိ စွမ်းအားကုန် အသုံးပြု ခုခံနေရသည်။
လေကြောင်းတိုက်ခိုက်မှုများတွင် အပေါ့စား တိုက်ခိုက်ရေး လေယာဉ်များဖြစ်သည့် Yak-130, K-8 နှင့် FTC-2000G လေယာဉ်များကို အဓိက အသုံးပြုနေသလို JF-17, MIG-29 နှင့် F-7 လေယာဉ်များကိုလည်း အလျဉ်းသင့်သလို အသုံးပြု တိုက်ခိုက် ခုခံလျက် ရှိသည်။ JF-17, MIG-29 နှင့် JF-7 လေယာဉ်များသည် အချိန်ရာသီမရွေး အသုံးပြုနိုင်သော လေယာဉ်များဖြစ်ပြီး JF-17 လေယာဉ်သည် ဖျက်အားပြင်း 1000 kg (2200Lb) အကြီးစားဗုံးများကို အသုံးပြု တိုက်ခိုက်နိုင်သည်။

နောက်ပိုင်းတွင် လေကြောင်းပစ်ကူအတွက် ရှိသည့် တိုက်ခိုက်ရေးလေယာဉ်များနှင့် လောက်ငမှု မရှိသဖြင့် သယ်ယူပို့ဆောင်ရေးသုံး Y-12 လေယာဉ်များကိုပါ တိုက်ခိုက်ရေးတွင် အသုံးပြုနိုင်အောင် စမ်းသပ်ပြင်ဆင်မှုများ လုပ်ဆောင်လာခဲ့သလို ယနေ့တိုင် တွင်တွင်ကျယ်ကျယ်လည်း အသုံးပြုနေဆဲဖြစ်သည်။
Y-12 လေယာဉ်ကို တိုက်ခိုက်ရေးတွင် အသုံးပြုသည့်အခါ လေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် စစ်သည်များက Drop Bomb များကို လက်ဖြင့် ပစ်ချခြင်းဖြင့် ဗုံးကြဲလေယာဉ်သဖွယ် အသုံးပြုနေခြင်းဖြစ်သည်။ ထို့ပြင် စက်တပ်လေထီး (Paramotor) များကိုလည်း အသုံးပြုပြီး Drop Bomb ချ တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ဖြင့် စစ်ကောင်စီဘက်က နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိပြီး အဓိက အသုံးပြုနေကြသည့် လေတပ်စခန်းများမှာ မကွေး လေတပ်စခန်းဌာနချုပ်၊ တံတားဦး လေတပ်စခန်း၊ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ် (ရှမ်းတဲ)၊ နေပြည်တော် လေတပ်စခန်း၊ တောင်ငူလေတပ်စခန်းနှင့် မှော်ဘီ လေတပ်စခန်းတို့ဖြစ်ကြောင်း တွေ့ရသည်။
တိုက်ခိုက်ရေး လေယာဉ်များကို လေကြောင်းမှ ကြဲချရန် တပ်ဆင်ပေးနေသည့် ဗုံးများအနက် ဗုံးအသေးစားများကို အမှတ် (၃) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ – ၃) (ပဲခူးတိုင်း၊ ပြည်မြို့တဖက်ကမ်း ဆင်တဲကျေးရွာအနီး) နှင့် အကြီးစားများကို ကပစ – ၂၁ (ဆိတ်ဖြူမြို့နှင့် မိုင် ၃၀ ခန့်ဝေးသည့် ပေါက်ခုံကျေးရွာနှင့် ငှက်ပြာကြီးကျေးရွာအနီး) တို့က ထုတ်လုပ်ပေးနေခြင်း ဖြစ်သည်။
ထိုလေတပ်စခန်းများက တိုက်ခိုက်ရေး လေယာဉ်များကို လေကြောင်းမှ ကြဲချရန် တပ်ဆင်ပေးနေသည့် ဗုံးများအနက် ဗုံးအသေးစားများကို အမှတ် (၃) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ – ၃) (ပဲခူးတိုင်း၊ ပြည်မြို့တဖက်ကမ်း ဆင်တဲကျေးရွာအနီး) နှင့် အကြီးစားများကို ကပစ – ၂၁ (ဆိတ်ဖြူမြို့နှင့် မိုင် ၃၀ ခန့်ဝေးသည့် ပေါက်ခုံကျေးရွာနှင့် ငှက်ပြာကြီးကျေးရွာအနီး) တို့က ထုတ်လုပ်ပေးနေခြင်း ဖြစ်သည်။
ထိုဒေသများနှင့် ဆက်သွယ်ရေးလမ်းကြောင်းများမှာ စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲဖြစ်သဖြင့် စစ်ကောင်စီ လေတပ်အနေဖြင့် လေကြောင်း တိုက်ခိုက်ရန်အတွက် ဗုံးသီးများကို စဉ်ဆက်မပြတ် ရရှိနေခြင်းလည်းဖြစ်သည်။
စစ်ကောင်စီလေတပ် အနေဖြင့် လတ်တလောတွင် တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူ၊ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နှင့် ရှမ်းမြောက်ရှိ တောင်ခမ်းဒေသများ၌ လေကြောင်းပစ်ကူ အလွန်အကျွံသုံး၍ ခုခံလျက်ရှိသည်။
အလားတူ ကူမင်းတွေ့ဆုံပွဲတွင် သဘောတူညီချက် တစုံတရာ မရရှိသေးသည့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ထိန်းချုပ်ရာ နယ်မြေများရှိ အရပ်သားပစ်မှတ်များကိုလည်း ပစ်ခတ်တိုက်ခိုက်လျက် ရှိသည်။
ထို့ပြင် အင်းတော်ကဲ့သို့ နောက်ထပ်မြို့များ မစွန့်လွှတ်ရရေးအတွက် စစ်ကိုင်းတိုင်း အထက်ပိုင်း မြို့ရွာများရှိ အရပ်ဘက်ပစ်မှတ်များကိုလည်း ပြည်သူများ အကြောက်တရား ရစေရန် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။
တိုက်ပွဲ မရှိဘဲ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများသည် တိုင်းစစ်ဌာနချုပ်နှင့် အောက်ခြေအဆင့်မှ ပြုလုပ်နေခြင်း မဟုတ်ကြောင်း သိရသည်။ မည်မျှပင် ဖြေလျော့ပေးစေကာမူ ထိုကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှုများသည် မဟာဗျူဟာအရ တိုက်ခိုက်မှုများဖြစ်သဖြင့် ဒုတပ်ချုပ် စိုးဝင်း ခေါင်းဆောင်သည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ပူးတွဲ စစ်ဆင်ရေးကွပ်ကဲမှုဌာန (JOC) က အမိန့်ပေးစေခိုင်းသည့် တိုက်ခိုက်မှုများပင် ဖြစ်သည်။
(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)
You may also like these stories:
လေကြောင်းတိုက်ခိုက်မှုများ ရပ်ပါ၊ ငလျင်ကယ်ဆယ်ရေး စစ်အင်အားကို သုံးပါ
ငလျင်နှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် မြန်မာပြည်သူများ ဘဝပျက်နေသည်
မတ်လအတွင်း လေကြောင်းတိုက်ခိုက်မှု အရပ်သား ၁၀၀ ကျော် သေဆုံး
ပြည်ထောင်စုနေ့ လေကြောင်းတိုက်ခိုက်မှု စစ်ကိုင်းမှာ ၁၁ ဦးသေဆုံး (ရုပ်/သံ)
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ
ဇန်နဝါရီတလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၇၀ ကျော်သေဆုံး














