စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာမှာရှိတဲ့ တကောင်းတောင် နီကယ်စက်ရုံ စီမံကိန်းကို တရုတ်ရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ မြန်မာ CNMC နီကယ်ကုမ္ပဏီက ၂၀၀၈ ခုနှစ်က စတင်ခဲ့ပါတယ်။ မြန်မာ CNMC နီကယ်ကုမ္ပဏီနဲ့ အမှတ်(၃) သတ္တုတွင်းလုပ်ငန်းတို့ အကျိုးတူဆောင်ရွက်ဖို့ စစ်အစိုးရလက်ထက်က ခွင့်ပြုခဲ့တာလို့ သိရပါတယ်။ နီကယ်သတ္တုအရင်းအမြစ်ရှိတဲ့ တကောင်းတောင်ဟာ မန္တလေးတိုင်းအတွင်းရှိပြီး နီကယ်သန့်စင်စက်ရုံက စစ်ကိုင်းတိုင်းအတွင်းတည်ရှိပါတယ်။
မြန်မာCNMC နီကယ်ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်အရ စုစုပေါင်း ရင်းနှီးမြှပ်နှံမှုက အမေရိကန်ဒေါ်လာ သန်း ၈၀၀ ရှိပြီး နှစ်စဉ် ဖယ်ရိုနီကယ် တန် ၈၅၀၀၀ ထုတ်လုပ်သွားမယ့် နှစ် (၂၀) စီမံကိန်း ဖြစ်တယ်လို့ ဆိုပါတယ်။ တကောင်းတောင်နီကယ်စက်ရုံမှာ လက်ရှိ တရုတ်လူမျိုး လုပ်သားပေါင်း ၃၀၀ ဝန်းကျင်နဲ့ မြန်မာလုပ်သားပေါင်း ၁၇၀၀ ဝန်းကျင်အလုပ်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
စက်ရုံအတွင်း တရုတ်လုပ်သားနဲ့ မြန်မာလုပ်သားများအကြား ခွဲခြားဆက်ဆံမှု၊ လုပ်ခလစာ မတူညီမှု နဲ့အတူ အခြားသော အလုပ်သမား အခွင့်အရေးများ ဆုံးရှုံးနစ်နာမှုတွေ ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပြပါတယ်။
ရိုက်ကူး- မြတ်ပြည့်ဖြိုး/ဧရာဝတီ