ရန်ကုန်မြို့၊ အင်းစိန်ထောင်အတွင်း ဖမ်းဆီးချုပ်နှောင် ခံထားရတဲ့ ရွှေညဝါ ဆရာတော် အပါအဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ဝါရင့်နိုင်ငံရေး သမားကြီးအချို့ ကိုဗစ် -၁၉ ရော ဂါပိုး ကူးစက်ခံနေရကြောင်း သတင်းရရှိပါတယ်။
လတ်တလောမှာ ရွှေညဝါဆရာတော် အပါအဝင် NLD ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ ဦးကြည်တိုး၊ ဦးဟံ သာမြင့်၊ ဦးကျော်ဟိုးတို့မှာ ကိုဗစ်ရောဂါ ကူးစက်ခံနေရတာကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာန (ICU) မှာ ကုသမှု ခံယူနေရပါတယ်။
NLD ဗဟိုဥပဒေအကြံပေးဖြစ်သူ ဦးကျော်ဟိုးဟာ ယခင်က နှလုံးခွဲစိတ်ကုသမှု ခံယူထားရသူလည်း ဖြစ်ပါတယ်။ အလားတူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုမြအေးနဲ့ လူထုအခြေပြု We Love Yangon ပရဟိတအသင်း ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်တို့ကတော့ ကိုဗစ် -၁၉ ရောဂါ ကူးစက်မှု မရှိပေမယ့် နဂိုရောဂါ အ ခြေအနေတွေကြောင့် ဆေးရုံကြီးမှာ ဆေးဝါးကုသမှု ခံယူနေရပါတယ်။
နောက်ထပ် အင်းစိန်ထောင်မှာ ချုပ်နှောင်ခံထားရတဲ့ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီးဟောင်း ဦးနိုင်ငံလင်းနဲ့ NLD အစိုးရလက်ထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရရှိရေး ရှေ့တန်းက ပါဝင်ခဲ့သူ ဒေါက်တာထားထားလင်း၊ ဗကသ ကျောင်းသားခေါင်းဆောင် ကိုမင်းသွေသစ်တို့မှာလည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံနေရတယ်လို့ သတင်း တွေ ထွက်ပေါ်နေပေမယ့် ထောင်အာဏာပိုင်တွေက ငြင်းဆိုထားပါတယ်။
ဒါ့အပြင် ရေကြည်အိုင် စစ်ကြောရေးစခန်းမှာ ချုပ်နှောင်ခံထားရတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ဇနီး ဖြစ်သူတို့မှာလည်း ကိုဗစ်ရောဂါ ကူးစက်ခံထားရပြီး၊ ဦးဖြိုးမင်းသိန်းမှာ သတိလစ် မေ့မြောသွားတဲ့အတွက် ဇူလိုင် ၁၇ ရက်နေ့က မင်္ဂလာဒုံစစ်ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရပါတယ်။
အသက် ၇၉ နှစ်အရွယ် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းကတော့ ထောင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရတာကြောင့် ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းကုသနေစဉ် ဇူလိုင် ၂၁ ရက်နေ့ နံနက်ပိုင်းမှာ ကွယ်လွန်ခဲ့ပါတယ်။
ကျန်းမာရေးအရ ဆေးဝါးကုသမှု ခံယူနေရတဲ့ NLD ပါတီခေါင်းဆောင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေဟာ အာမခံ လျှောက်ထားမှုတွေ ပြုလုပ်ခဲ့ပေမယ့် အာဏာသိမ်း စစ်ကောင်စီဟာ ငြင်းပယ်ပြီး အကျဉ်းထောင်တွေထဲမှာ ဆက်လက်ချုပ်နှောင်ခဲ့တာ ဖြစ်ပါတယ်။
ဇူလိုင် ၂၃ ရက်ကတော့ ထောင်တွင်း ကိုဗစ်ရောဂါ ကူးစက်ခံရမှု အခြေအနေနဲ့ ပတ်သက်လို့ အင်းစိန်အကျဉ်း ထောင်မှာ ကြွေးကြော်တောင်းဆိုမှုတွေ ဖြစ်ပွားခဲ့ပြီး၊ အာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွဲမှုကြောင့် လူသေဆုံး မှုတွေ ရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာပေမယ့် သီးခြားအတည်ပြုနိုင်ခြင်း မရှိခဲ့ပါဘူး။











