မြို့ပြကို အုပ်ချုပ်ခွင့်ရဖို့ ကြိုးပမ်းနေတဲ့ အာဏာသိမ်း စစ်တပ်ရဲ့ ကြံစည်မှုတွေကို လုံးဝအုပ်ချုပ်ခွင့် မရစေရ ဆိုတဲ့ ဆောင်ပုဒ်ကို ကိုင်ဆွဲထားပြီး ဟန့်တားနေကြတဲ့ မြေအောက်လှုပ်ရှားသူ (UG) တွေနဲ့ မြေပြင် သပိတ်အဖွဲ့ဝင်တွေ ထိခိုက် သေဆုံးခဲ့ရင် လူသိရှင်ကြား ကြေညာခွင့်မရဘဲ တိတ်တဆိတ်သာ အဆုံးသတ်ခဲ့ကြရပါတယ်။
စစ်ဆင်ရေးမှာ ကျဆုံးသွားသူတွေ ၊ စစ်ဆင်ရေးမှာ ထိခိုက်ဒါဏ်ရာရထွက်ပြေး လွတ်မြောက်လာပြီးမှ ဒါဏ်ရာကြောင့်ကျဆုံးသွားရသူတွေ ၊ စစ်ဆင်ရေးအတွက် မိုင်းစမ်းသပ်ရင်း မတော်တဆ ပေါက်ကွဲမှု တွေကြောင့် ကျဆုံးသွားရသူတွေ၊ ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးမှာ သေဆုံးသွားရသူတွေ၊ ဖမ်းဆီးခံရသူတွေ စသဖြင့် လူမသိ သူမသိ အသက်ပေး သွားရတဲ့ မြို့ပြ UG တွေဟာ အများကြီး ရှိနေခဲ့ပါတယ်။
ဒါပေမယ့် သူတို့ ကျဆုံးမှုတွေကို လုံခြုံရေး အခြေအနေတွေအရ ထုတ်ဖော်ပြောခွင့်မရဘဲ တိတ်တဆိတ်နဲ့သာ အဆုံးသတ်သွားခဲ့ကြရပါတယ်။











