မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ထိန်းချုပ်ထားတဲ့လောက်ကိုင်မြို့မှာ လမ်းတိုးချဲ့ဖို့အတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖျက်ခိုင်းနေရာဟာဗမာတွေနေတဲ့နေရာမို့ ဖျက်ခိုင်းတာ မဟုတ်ဘူးလို့ MNDAA က ဧရာဝတီကိုရှင်းလင်းပြောကြားပါတယ်။
ဗမာတန်းလို့ လူသိများတဲ့ ပေါင်ဖုန်းလမ်းက လူနေအိမ်နဲ့ဆိုင်ခန်းတွေကို မတ်လ ၉ ရက် နေ့က ဖျက်ဖို့အကြောင်းကြားခဲ့တာဖြစ်ပြီး ၃ ရက်အတွင်း ဖျက်သိမ်းရမယ်လို့ ဆိုကြောင်း ဒေသခံတွေကပြောပါတယ်။
ဗမာတန်းမှာ လူနေအိမ်နဲ့ ဆိုင်ခန်း စုစုပေါင်း ၆၃ လုံးရှိပြီး ဗမာလူမျိုးပိုင်အိမ် ၅ အိမ်လောက်သာ ရှိပေမယ့် ဆိုင်ခန်းအများစုက ဗမာလူမျိုးတွေဖွင့်လှစ်ရောင်းချကာ ဆိုင်တွေနဲ့ လူစည်ကားတဲ့ နေရာတခုဖြစ်ပေမယ့်၊ အရင်အစိုးရ အုပ်ချုပ်စဉ်ကတည်းက အဲဒီဆိုင်ခန်းတွေကို ဖျက်ဖို့ အကြိမ်ကြိမ် သတိပေးတာတွေ ထုတ်ပြန်တာတွေ ရှိခဲ့တယ်လို့ ဆိုင်ခန်းပိုင်ရှင်တဦးက ဧရာဝတီကို ပြောပါတယ်။