ဝင်းနိမ္မိတာရုံ ကျောင်းတိုက် ဆရာတော်ကို စစ်တပ်က ပစ်သတ်ခဲ့တဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်အတွင်းမှာ သံဃာတော်တွေဦးဆောင်တဲ့ ပြည်သူ ၁၀၀ ဝန်းကျင်က ဇွန်လ ၂၇ ရက်နေ့ မနက်ပိုင်းမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
သံဃာတော်တွေက ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်နဲ့အတူ မေတ္တာသုတ်ရွတ်ဖတ်ပြီး ချီတက်သပိတ်မှောက်ခဲ့ကြတာဖြစ်ပါတယ်။ ဒီ ဆန္ဒထုတ်ဖော်ပွဲဟာ ဝင်းနိမ္မိတာရုံ ကျောင်းတိုက် ဆရာတော်ကြီးရဲ့ အန္တိမ အဂ္ဂိစျာပန ပြုလုပ်နေတဲ့ နေ့လည်း ဖြစ်ပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့ ရွှေတိဂုံအနီးဝန်းကျင် တဝိုက်နဲ့ ပဲခူးမြို့ ဆရာတော်ကြီးရဲ့ အန္တိမ အဂ္ဂိစျာပန အခမ်းအနား ကျင်းပရာနေရာဝန်းကျင်မှာလည်း အရပ်ဝတ်တွေနဲ့ လုံခြုံရေး တင်းကြပ်ထားတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဧရာဝတီကို ပြောပါတယ်။
ရဟန်းတော်ကို သတ်ဖြတ်တဲ့ အာဏာသိမ်း စစ်တပ်ကို ရဟန်းတို့ရဲ့ ဝိနည်းနဲ့အညီ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်လိုက်ကြောင်း ဇွန်လ ၂၃ ရက်နေ့က ပြည်တွင်း၊ ပြည်ပ သံဃာတော်တွေကလည်း ကြေညာထားကြပါတယ်။
လက်ရှိ စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက သံဃာတော်တွေဟာ ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ် ဆင်နွှဲပြီး စစ်ကောင်စီကို ဆန္ဒထုတ်ဖော်နေကြတာ ဖြစ်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR