မန္တလေးတိုင်းအတွင်းမှာ ကွဲပြားတဲ့ မြင်ကွင်း ၂ ခုကို လူမှုကွန်ရက်ပေါ်ကတဆင့် ဒီတပတ် အတွင်းမှာ တွေ့ရပါတယ်။ ဒါကတော့ အာဏာသိမ်းခေါင်းဆောင်ရဲ့ မန္တလေးခရီးစဉ်နဲ့ စစ်ဆင်ရေးက ပြန်လာတဲ့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ မြင်ကွင်းတွေပဲ ဖြစ်ပါတယ်။
အာဏာသိမ်းခေါင်းဆောင်ဟာ စစ်ဆင်ရေးထဲ ကျရောက်နေတဲ့ မန္တလေးမြို့ကို ဩဂုတ်လ ၂၅ ရက်နေ့က ရောက်ရှိလာပြီး မန္တလေးကျုံး၊ စွယ်တော်မြတ်စေတီတို့ကို သွားရောက်ခဲ့သလို စစ်ကောင်စီဝန်ထမ်းတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ဝန်ထမ်းတွေနဲ့ တွေ့ဆုံရာမှာ လုံခြုံရေးအရ အကျဉ်းချုံ့တွေ့ဆုံခဲ့တာဖြစ်သလို သူသွားခဲ့တဲ့ နေရာအားလုံးမှာလည်း ပြည်သူတွေ အနီးကပ်သွားလာခွင့် ကန့်သတ်ရှင်းလင်းထားပြီး လုံခြုံရေးတွေ တင်းကြပ်ထားတာဖြစ်ပါတယ်။
စစ်ခေါင်းဆောင် မန္တလေးမြို့ကိုသွားရောက်ချိန်ဟာ မြို့ပေါ်မှာ အခြေစိုက်ထားတဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) ဟာ စစ်ရေးအရ ခြိမ်းခြောက်ခံနေရချိန်လည်း ဖြစ်ပါတယ်။
မန္တလေး PDF က သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာထက်ကတဆင့် ဩဂုတ်လ ၂၈ ရက်နေ့မှာ ထုတ်လွှင့်လိုက်တဲ့ ရုပ်သံမှာတော့ စစ်ဆင်ရေးက ပြန်လာတဲ့ ရဲဘော်တွေကို လူထုက သောင်းသောင်းဖျဖျကြိုဆိုနေတဲ့ မြင်ကွင်းဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်က တောတောင်တွေထဲမှာ စစ်သင်တန်းတက်ခဲ့တဲ့ PDF တွေဟာ မိုးကုတ်၊ စဉ့်ကူး၊ တကောင်းနဲ့ သပိတ်ကျင်းမြို့တွေကို သိမ်းပြီး မြို့ချင်းဆက် ကတ္တရာလမ်းမတွေထက်မှာ ယာဉ်တန်းတွေနဲ့ လွတ်လွတ်လပ်လပ် သွားလာနေကြတာပါ။
ဒါ့အပြင်မန္တလေးတိုင်းအတွင်းက နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာ၊ မတ္တရာနဲ့ အမည် မထုတ်ပြန်ရသေးတဲ့မြို့တွေကို စစ်ဆင်ရေးပြုလုပ်နေတာဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဟာ မန္တလေးတိုင်း ပြည်သူလူထုရဲ့မဲကို ရာနှုန်းပြည့် ရရှိထားတာဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #မန္တလေး #မင်းအောင်လှိုင် #မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် #NLD