ယူကရိန်းနိုင်ငံနဲ့ စစ်ဖြစ်နေတဲ့ ရုရှားနိုင်ငံမှာ လုပ်သားလိုအပ်ချက် မြင့်မားနေတဲ့အတွက် မြန်မာအလုပ် သမားတွေ စေလွှတ်ဖို့အတွက် စစ်ကောင်စီနဲ့ နီးစပ်တဲ့အေဂျင်စီတချို့က စီစဉ်နေတယ်လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေက ပြောပါတယ်။
ရုရှားနိုင်ငံအတွင်းက စက်ရုံ၊ အလုပ်ရုံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေမှာ လုပ်ကိုင်ဆောင်ရွက်ဖို့ အတွက် မြန်မာလုပ်သားတွေကို ခေါ်ယူသွားမှာဖြစ်ပါတယ်။
လက်ရှိမှာ အစိုးရချင်း ချိတ်ဆက်ဆောင်ရွက်ရတဲ့ MOU စနစ်နဲ့ပို့ဆောင်နေတာမျိုးမဟုတ်ဘဲ၊ စစ်ကောင်စီနဲ့ နီးစပ်တဲ့ အေဂျင်စီအချို့က စျေးကွက်ချဲ့ထွင်တဲ့သဘောမျိုးနဲ့ လုပ်ဆောင်တဲ့အခြေအနေ ဖြစ်တယ်လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေက ဧရာဝတီကို ရှင်းပြပါတယ်။
စစ်ဖြစ်နေတဲ့ ရုရှားနိုင်ငံအတွင်းမှာလည်း လူငယ်တွေဟာ စစ်မှုမထမ်းချင်တဲ့အတွက် နီးစပ်ရာနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်ကြတဲ့အတွက် နိုင်ငံတွင်း လုပ်သားလိုအပ်ချက်တွေ ရှိနေတာကြောင့် အခုလို အခြေခံလုပ်သားခေါ်ဆိုမှုတွေ ရှိလာတာဖြစ်တယ်လို့လည်း ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတွေက သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဧပြီလအတွင်းမှာလည်း ရုရှားနိုင်ငံအနေနဲ့ မြန်မာအလုပ်သမားတွေကို ခေါ်ဆောင်ဖို့ ဆန္ဒရှိနေပြီး လုပ်သားပို့ဆောင်ရေးအတွက် နှစ်နိုင်ငံအကြား MoU ရေးထိုးဖို့ရှိနေတယ်လို့ စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီး ဦးမြင့်နောင်က ပြောဆိုထားပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy