ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ မြို့တော်ဖြစ်တဲ့ လားရှိုးမြို့ပေါ်မှာ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က တရုတ်နှစ်သစ်ကူးပွဲတော် ကျင်းပခဲ့ပါတယ်။
လားရှိုးမြို့ကနေ ကိုးကန့်တပ်တွေ ပြန်ဆုတ်ပေးမယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာဘဲ စည်စည်ကားကား ကျင်းပခဲ့တာဖြစ်ပါတယ်။
တရုတ်နှစ်သစ်ကူးပွဲကို ဇန်နဝါရီ ၂၈ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး အခမ်းအနားကို ကိုးကန့်ခေါင်းဆောင်ပိုင်းတွေ အပါအဝင် ညီနောင်မဟာမိတ်တပ်တွေဖြစ်ကြတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ အာရက္ခတပ်တော် (AA) တို့လည်း တက်ရောက်ခဲ့ကြပါတယ်။
ဒါ့အပြင် မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ စုဖွဲ့ထားတဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့လည်း တက်ရောက်ခဲ့ကြပါတယ်။
အခမ်းအနားကို မဟာမိတ်တပ်ဖွဲ့တွေအပြင် မြို့ခံတွေ၊ ဘာသာရေးအသင်းအဖွဲ့တွေနဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေ တက်ရောက်ခဲ့ကြတာလည်းတွေ့ရပါတယ်။
လားရှိုးမြို့နဲ့ မြို့ပေါ်မှာ အခြေစိုက်တဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို MNDAA နဲ့ ပူးပေါင်း မဟာမိတ်တပ်တွေက ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမြို့ရဲ့ အုပ်ချုပ်ရေး ယန္တရားတွေကို MNDAA က ထိန်းချုပ် လည်ပတ်နေပါတယ်။
စစ်ကောင်စီဟာ လားရှိုးမြို့ ပြန်ရရေးအတွက် တရုတ်ကို အကူအညီတောင်းထားပါတယ်။ တရုတ်ရဲ့ ကြားဝင်မှုကြောင့်ပဲ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့မှာ အပစ်ရပ်ထားပါတယ်။
လားရှိုးမြို့ဟာ တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးလမ်းကြောင်းပေါ်က အရေးပါတဲ့ မြို့ဖြစ်ပြီး မြို့ပေါ်မှာ ရှမ်း၊ တအာင်း၊ ကိုးကန့်၊ ဗမာ၊ ဝ၊ ကချင်၊ လားဟူ၊ လီဆူ၊ တရုတ်၊ ဂေါ်ရခါးနဲ့ အိန္ဒိယနွယ်ဖွားတွေ နေထိုင်ကြပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













