တရုတ်က ချင်းရွှေဟော်၊ ရန်လုံကျိုင်းနှင့် နမ့်တစ် နယ်စပ်ကုန်သွယ်ရေးဂိတ် သုံးခုပြန်ဖွင့်ပေးထားသော်လည်း နှစ်သစ်ကူး ကာလ လောက်ကိုင်မြို့တွင် စက်သုံးဆီ၊ စားသောက်ကုန်၊ ဆေးဝါးကအစ ဈေးနှုန်းမြင့်နေဆဲဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီ ၂၀ ရက်က စစ်ကောင်စီနှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)တို့ အပစ်ရပ်ရန် သဘောတူပြီးနောက် ဂိတ်များပြန်ဖွင့်ခဲ့သော်လည်း ကိုးကန့်တို့ ထိန်းချုပ်ရာ လောက်ကိုင်မြို့တွင် ဒီဇယ်တလီတာ တရုတ် ငွေ ၁၂ ယွမ်(ကျပ် ၈၀၀၀ခန့်)၊ ဓာတ်ဆီ တလီတာလျှင် ၁၃ ယွမ် ရှိပြီး အရောင်းအဝယ်နှင့်ပတ်သက်၍ လက်လီဆိုင် အများစု ပြန်ဖွင့်သော် ဆိုင်ကြီးများ မှာမူ ပြန်မဖွင့်သေးကြောင်း၊ ဆေးရုံ၊ ဌာနဆိုင်ရာ ရုံးပိုင်းဆိုင်ရာများ ပြန်လည် ဖွင့်လှစ်လည်ပတ်ရန် လုပ်ဆောင်နေပြီး ဒေသခံတဦးကပြောသည်။
“လောက်ကိုင်ဘက်အခြေအနေက လားရှိုးလောက်တောင် သိပ်မစည်ဘူး ဆီဈေးတော့ အဲဒီဘက်အခြမ်းက နည်းနည်း ပိုသက်သာတယ်။ ကျန်တဲ့ဟာတော့ ဈေးကြီးနေတယ်၊ လူကတော့ ရှင်းတုန်းပဲ။ လူပြန်ဝင်တာ မရှိသေးဘူး။ ကုန်ပစ္စည်း စီးဆင်းတာ ရှိတယ်။ လူမရှိတော့ အရောင်းအဝယ်တော့ သိပ်မဖြစ်ဘူး၊ ပြန်စည်အောင်တော့ သူတို့ တဖြည်းဖြည်းချင်း ကြိုးစားနေတာပေါ့”ဟု သူက ပြောသည်။
လက်ရှိတွင် ကိုးကန့်ဘက်မှ ပို့ကုန်အဖြစ် ကြံကို တင်ပို့နေပြီး အထူးဒေသ ၁ ကိုးကန့်ခရိုင်တွင် ကြံစိုက်ဧက ၄၁,၀၀၀ ရှိပြီး တဧကလျှင် ၄ ဒသမ ၂ တန် ခန့်မှန်းခြေ ထွက်ရှိကြောင်း MNDAA က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ရက်ပိုင်းက တရုတ်နယ်စပ်ဂိတ်များသည် အချိန်မရွေး ပြန်ပိတ်နိုင်သည်ဆိုကာ တရုတ်နှစ်သစ်ကူး မကုန်ခင် လိုအပ်သည့် စားနပ်ရိက္ခာများကို ဝယ်ယူစုဆောင်းထားရန် ကိုးကန့်တပ်မတော် (MNDAA) ဘက်က ညွှန်ကြားထားကြောင်းလည်း ဒေသသတင်းများ၌ ဖော်ပြထားသည်။
လားရှိုးပြန်လည်ထူထောင်ရေးက တာဝန်ရှိသူတဦးက“နယ်စပ်ဂိတ်တွေက အချိန်မရွေးပြန်ပိတ်နိုင်တယ်ဆိုတာက စာချုပ် ပေါ်မူတည်တယ်၊ ဒီဘက်ခြမ်းက ဘယ်လိုပဲ စာချုပ်ချုပ်ထား ချုပ်ထား စစ်ကောင်စီဘက်က သူအချိန်မရွေးပြန်ပိတ်နိုင်တယ် ဆိုတဲ့အတွက် ထူးထူးခြားခြား မရှိပါဘူး။ စားနပ်ရိက္ခာစုတယ် ဘာညာကတော့ ပုံမှန်အတိုင်းပါပဲ။ အရင်ကလည်း ဒီလိုမျိုး ဝယ်နေကျပဲလေ။ ဂိတ်ပြန်ဖွင့်တယ်ဆိုရင် ပစ္စည်းတွေ သိုလှောင်တယ် ဘာညာက ရှိနေကြပဲလေ ”ဟု ပြောသည်။
တရုတ်ဘက်မှ ချင်းရွှေဟော်၊ နမ့်တစ်နှင့် ရန်လုံကျိုင်း နယ်စပ်ဂိတ်များကို ဖွင့်ပေးလိုက်သော်လည်း ကုန်စည်သယ်ယူ ပို့ဆောင်ခြင်းကမူ ပြင်ဦးလွင်၊ နောင်ချိုဘက် လမ်းပိတ်ထားဆဲဖြစ်သလို ရှမ်းတောင်နှင့် မြောက် ဆက်သွယ်ရာ အတိုဆုံး လမ်းဖြစ်သည့် ရပ်စောက်- ကျောက်ဂူလမ်းပေါ်ရှိ ရပ်စောက်မြို့နယ် ဗထူးတပ်မြို့ဂိတ်မှနေ၍ ကိုးကန့်တပ်ထိန်းချုပ်ရာ ဒေသများသို့ ကုန်စည်ဝင်ရောက်ခြင်းမရှိစေရန် ပိတ်ဆို့ထားဆဲဖြစ်သည်။
ထို့အတွက် တရုတ်နယ်စပ်ဂိတ်များ ပြန်ဖွင့်သော်လည်း ပြည်မနှင့် အပြည့်အဝ ကုန်သွယ်မှု မလုပ်နိုင်သေးဘဲ ဒေသတွင်း သာ ပြုလုပ်နိုင်ကြောင်း ကုန်သည်များထံက သိရသည်။

မူဆယ်နယ်စပ် ဒေသခံ တဦးက “နှစ်သစ်ကူးအထိမ်းအမှတ်အနေနဲ့ ပိတ်တာဆိုတော့ တရုတ်ဘက်က ထွက်တဲ့ ကုန်ပစ္စည်းတွေကို သေးသေးဖွဲဖွဲ လေးတွေတော့ လွှတ်ပေး မယ်ထင်တယ်။ အရောင်းအဝယ်တွေလည်းပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် ဆင်ဖြူ၊ နန်းတော်၊ မန့်ဝိန်း၊ ကျင်စန်းကျော့၊ ကြူကုတ်(ပန်ဆိုင်း)၊ နမ့်ခမ်း၊ ချင်းရွှေဟော်၊ မုန်းကိုး၊ ရန်လုံကျိုင်း၊ လွယ်ဂျယ်၊ ကန်ပိုက်တီ၊ ဖီမော်၊ ပန်ဝါ၊ ခေါင်ရှောင်၊ လိုင်ဇာ၊ မိုင်ဂျာယန်၊ နမ့်တစ်၊ ပန်ဝိုင်၊ ပန်ဆန်း၊ ဟိုတောင်၊ မိုင်းလားစသော ဂိတ်ပေါင်း ၂၀ကျော်ရှိသည့်အနက် မူဆယ် ၁၀၅ မိုင်ရှိ ဆင်ဖြူ၊ နန်းတော်၊ မန့်ဝိန်းဂိတ်တို့မှာ စစ်ကောင်စီ ထိန်းချုပ်မှုအောက်တွင် ရှိပြီး ကျန်နယ်စပ် ကုန်သွယ်ရေးဂိတ်များမှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအောက် ရှိနေသည်။
အဆိုပါဂိတ်များအနက် ယခုရက်ပိုင်းအတွင်း ၃ ဂိတ် ထပ်မံဖွင့်ပေးလိုက်ခြင်းကြောင့် တရုတ်ဘက်မှ နမ့်ခမ်း၊ ကြူကုတ်(ပန်ဆိုင်း)နှင့် မုန်းကိုး နယ်စပ်ဂိတ်သုံးခုကိုသာ ဆက်လက်ပိတ်ထားကြောင်း မြန်မာ့အရေးသုတေသနအဖွဲ့တခု ဖြစ်သည့် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar)က ဇန်နဝါရီလ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။
ထို့သို့ နယ်စပ်ကုန်သွယ်ရေးဂိတ်အများစု ပြန်ဖွင့်သော်လည်း တရားဝင်ကုန်သွယ်မှု မလုပ်နိုင်သေးဘဲ နယ်စပ်နှင့် ထိစပ် နေသောဒေသများသို့ စားသောက်ကုန်အချို့ကိုသာ ပြန်လည်တင်သွင်းခွင့်ပြုခြင်းဖြစ်ကြောင်း ကုန်သည်များနှင့် ဒေသခံများက ပြောသည်။
မူဆယ်နယ်စပ်ရှိ ဆင်ဖြူ၊ နန်းတော်တို့မှ ကုန်သွယ်မှုပြုလုပ်ရာတွင်လည်း တရုတ်ဘက်မှ ကုန်စိမ်းနှင့် အခြား ကုန်စည် အနည်းငယ်ကိုသာ မြန်မာဘက်သို့ ဖြတ်သန်းခွင့်ပေးပြီး ဆေးဝါးကို လက်ရှိအချိန်ထိ သယ်ဆောင်ခွင့် မပြုသေးပေ။
ထို့ကြောင့် ဂိတ်များပြန်ဖွင့်သော်လည်း မူဆယ်မြို့တွင် စက်သုံးဆီတလီတာလျှင် ကျပ် ၁ သောင်းဝန်းကျင် ရှိနေပြီး စားသောက်ကုန်နှင့် ဆေးဝါးများမှာလည်း ဈေးနှုန်း မြင့်တက်နေဆဲ ဖြစ်ကြောင်း မူဆယ်ဒေသခံများက ပြောသည်။
မူဆယ်နယ်စပ် ကုန်သည်ကြီးတဦးက “ ဒီသုံးဂိတ်လုံးဖွင့်တယ်ဆိုတာ ဒေသတွင်း ကုန်သွယ်ရေးလောက်ပဲ ရဦးမှာပေါ့။ ဒီဘက်မှာက လမ်းပန်းဆက်သွယ်ရေးက မရသေးဘူး။ ဒီဘက်က ပြင်ဦးလွင်၊ နောင်ချို ကနေ စပြီး ပိတ်ထားတာပေါ့။ အဲဒီတော့ ရှမ်းမြောက်က ဒေသအတွင်းပဲ လုပ်ရမှာပေါ့။ ဒီဘက်ကတော့ သွားလို့မရဘူး။ ဒေသတွင်းက ကြံတို့ ဘာတို့ ပို့လို့ရမှာပေါ့။ ကုန်သွယ်ရေးက မျှော်လင့်စရာမရှိတော့ တောင်သူတွေနဲ့ ကုန်သည်တွေကတော့ အရေထူသွားတဲ့ သဘောရှိတယ်။ အသံတောင် ထွက်မလာတော့ဘူး။ အခက်အခဲကတော့ အများကြီးပေါ့ ”ဟု ဧရာဝတီသို့ပြောသည်။
လက်ရှိတွင် ကုန်သွယ်ရေးသည် နယ်စပ်ထက် ပင်လယ်ရေကြောင်းမှသာ အဓိကပြုလုပ်နေရပြီး ယင်းသို့ ပို့ဆောင်ရာ၌ လည်း စစ်ကောင်စီ၏ ပို့ကုန်ရငွေ ဖြတ်တောက်မှုများနှင့် အကန့်အသတ်များရှိနေသေးကြောင်း ၎င်းက ဆိုသည်။
တရုတ်ဘက်မှ တိုင်းရင်းသားလက်နက်ကိုင်များထိန်းချုပ်ထားသော နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ပြန်လည် ဖွင့်လှစ် ပေးခြင်းမှာစစ်တပ်နှင့် အပစ်ရပ်ရေးအတွက် MNDAA ဘက်မှ တောင်းဆိုချက်တခုကို လိုက်လျောပေးခြင်း ဖြစ်နိုင်ကြောင်း တရုတ်-မြန်မာအရေး ကျွမ်းကျင်သူတဦးက ဧရာဝတီသို့ ပြောသည်။

“တရုတ်နဲ့ ဆက်စပ်တဲ့ နယ်စပ်ဂိတ်တွေ၊ ဝထဲကနေ MNDAA ဆီ ကူးသန်းလို့ရနိုင်တဲ့နေရာတွေကို ဖိအားပေး ပိတ်ခိုင်း ခဲ့တာကို။ လတ်တလော အသက်ရှူချောင်ရုံလောက်ဖွင့်ပေးတဲ့ သဘောပါပဲ။ ဒေသထဲ ဖြတ် ငါး ဖြတ် လုပ်ထားတာကို ဖြေလျော့ပေးလိုက်တာလောက်ပါပဲ။ အရင်လို နယ်စပ်ကုန်သွယ်ရေးတွေပြန်ဖြစ်နိုင်ဖို့က လိုပါသေးတယ်။ ဆက်လက် ဆွေးနွေးမှုတွေကနေ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ပြန်ဖွင့်ပေးဖို့၊ မဖွင့်ပေးဖို့တွေ၊ အခြားညှိနှိုင်းမှုတွေ ရှိဦးမှာပါ။ ဒေသတွင်း အသက်ရှူချောင်ရုံလောက်ပဲ တရုတ်ဘက်က ဖွင့်ပေးတာ”ဟု ၎င်းက သုံးသပ်ပြောသည်။
MNDAA ထိန်းချုပ်နယ်မြေအတွင်း နယ်စပ်ဂိတ်များပိတ်သောကြောင့် စားဝတ်နေရေး အခက်အခဲများ ရှိလာသည်ကို အခွင့်ကောင်းယူ၍ စစ်တပ်နှင့် တရုတ်တို့ ပူးပေါင်းပြီး အပစ်ရပ် ညှိနှိုင်းရန်ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း၊ နောက်ဆက်တွဲ အကြောင်းအရာများအား ဆက်လက် ဆွေးနွေးညှိနှိုင်းရမည့် အခြေအနေများ ရှိနေသေးကြောင်း လေ့လာသုံးသပ် သူများက ပြောသည်။
လားရှိုးဒေသခံ တဦးက “ကျနော်တို့ဆီမှာတော့ စားသောက်ကုန်တို့ ၊ ဆေးဝါးတို့၊ စက်သုံးဆီတို့က အခုတော့ လိုသလောက် ဝယ်လို့ရနေသေးတယ်။ ဆန်ကတော့ အချော အကောင်းဆုံးပေါ့ စိန်ငါးပွင့် တံဆိပ်ဆိုရင် တအိတ် ၂၁၀,၀၀၀ ကျပ်ကျော် လောက်ရှိတယ်။ ဒီဇယ်က တဂါလံ ၃၄,၀၀၀ ကျပ်လောက်ရှိတယ်။ တချို့လည်း နေရပ်ပြန်နေကြပြီ”ဟု ဧရာဝတီသို့ ပြောသည်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှစ၍ တရုတ်က ရှမ်းပြည်မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ထားသော နယ်စပ်ဂိတ်များကို ပိတ်ထားကာ ဖိအားပေးမှုများ လုပ်ဆောင်ခဲ့သလို စစ်ကောင်စီဘက်မှလည်း အဆိုပါဒေသများသို့ စက်သုံးဆီ၊ ဆေးဝါး ဖြတ်သန်းခွင့်ကို လက်ရှိအချိန်ထိ ပိတ်ပင်ထားဆဲဖြစ်သည်။
နမ့်ခမ်းဒေသခံ တဦးက “ဒီဘက်မှာတော့ ပိတ်ထားပေမယ့် အခု ဝယ်လို့တော့ ရနေတယ်။ မှောင်ခိုလမ်းကြောင်းကပဲ လာ လားတော့မသိဘူး။ ဒါပေမယ့် ကုန်ဈေးနှုန်းကတော့ နှစ်ဆ သုံးဆ တခြားဒေသတွေထက် ပိုကြီးတယ်။ စက်သုံးဆီတို့ ဘာတို့လည်း လိုသလောက်တော့ ဝယ်ရတယ်။ ဈေးတော့ ကြီးတယ်”ဟု ဧရာဝတီသို့ ပြောသည်။
၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းနှင့် ဒုတိယလှိုင်းအတွင်း တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသည့် မြို့များကို တိုင်းရင်းသားလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်ထားသောကြောင့် စစ်ကောင်စီအတွက် ဒေါ်လာငွေ သန်း ဘီလီယံနှင့်ချီ ဆုံးရှုံးမှုများရှိခဲ့သည်။
ISP ထုတ်ပြန်ချက်အရ တရုတ်-မြန်မာ တရားဝင်နယ်စပ်ကုန်သွယ်စခန်း ၅ ခုအနက် ၄ ခုကို တိုင်းရင်းသားတပ်များက ထိန်းချုပ်ထားပြီး အဆိုပါစခန်းများမှာ ကချင်လွတ်မြောက်ရေးတပ် (KIA)ထိန်းချုပ်ထားသော ကန်ပိုက်တီနှင့် လွယ်ဂျယ်စခန်း၊ MNDAA ထိန်းချုပ်ထားသော ချင်းရွှေဟော်စခန်း၊ မြောက်ပိုင်း ၃ ဖွဲ့ထိန်းချုပ်ထားသော မူဆယ်စခန်းတို့ ဖြစ်ကာ၂၀၂၄ ခုနှစ် ဇွန်လကုန်အထိ ထိုစခန်း ၄ခု၏ ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံရှိခဲ့ရာ ထိုပမာဏမှာ နယ်စပ်ကုန်သွယ်မှုတန်ဖိုး စုစုပေါင်း၏ ၉၇ ရာခိုင်နှုန်းဖြစ်သည်။
You may also like these stories:
ကချင်နှင့် ရှမ်းမြောက်သို့ စက်သုံးဆီရောင်း၍ လုပ်ငန်းရှင်တချို့ ဖမ်းခံရ
တရုတ်ပိတ်ဆို့မှု တပတ်အကြာ ရှမ်းမြောက်နှင့် ကချင်၌ စက်သုံးဆီပြတ်
လားရှိုးစစ်ရှောင်တို့ နေရပ်ပြန်ရန် ပြင်
တရုတ်ဖိအား၊ လက်တွေ့ရလဒ်နှင့် စစ်တပ်၏ကံကြမ္မာ














