ထိုင်း-မြန်မာနယ်စပ် တလျှောက်ရှိ လှေဆိပ်များမှ လူဝင်၊ လူထွက်များကို ထိုင်းဘက်မှ စိစစ်ကြပ်မတ်မှုများ လုပ်ဆောင် လာကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါ နယ်စပ်လှေဆိပ်များကို ထိုင်းဘက်က တရားဝင်နယ်စပ်ကုန်သွယ်ရေးဂိတ်များအဖြစ် သတ်မှတ်ထားသော်လည်း လူဝင်လူထွက်ကိုမူ ခွင့်ပြုမထားကြောင်း၊ မြန်မာဘက်မူ ယင်းလှေဆိပ်များကို တရားဝင် နယ်စပ်ကုန်သွယ်ရေးဂိတ် များအဖြစ် သတ်မှတ်မထားကြောင်း သိရသည်။
ထိုင်း-မြန်မာနယ်စပ် ကူးသန်းရောင်းဝယ်ရေး လုပ်ကိုင်သူ တဦးက “နယ်စပ်လှေဆိပ်တွေက လူ တရားဝင်ကူးမရဘူး ခိုးကူးရတယ်၊ မနေ့ကတော့ ခါတိုင်းသွားသွားလာလာ ခိုးကူးတဲ့ဂိတ်က လူတက်တဲ့အပေါက်အထိကို ထိုင်းပုလိပ်တွေ ရောက်လာတယ်လို့ ပြောတယ်။ ခါတိုင်းဆိုရင် ပိုက်ဆံပေးပြီး ညှိလို့ရပေမယ့် မနေ့တုန်းကတော့ ညှိလို့မရဘူး အမှုဖွင့် လိုက်တယ်လို့ သိရတယ်။ ဘန်ကောက်က ပုလိပ်တွေလည်း ဆင်းလာတယ်လို့ဆိုတယ် ”ဟု ဧရာဝတီသို့ ပြောသည်။
ယခုလအတွင်းက တရုတ်မင်းသား ဝမ်ရှင်း မြဝတီဘက်ခြမ်းရှိ ကျားဖြန့်ဂိုဏ်းသို့ လူကုန်ကူးခံရကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီး၊ အတည်မပြုနိုင်သော ကောလဟလသတင်းများကမူ ထိုမင်းသားသည် မဲဆောက်မှတဆင့် ရွှေကုက္ကိုသို့ ယင်းလှေဂိတ်များမှ နေ၍ လောင်းကစားမှု သွားရောက်ပြုခဲ့ခြင်း ဖြစ်ကြောင်းလည်း ဆိုသည်။
ထို့ကြောင့် ထိုင်းအာဏာပိုင်များအနေဖြင့် ကျားဖြန့်ကိစ္စနှင့်ဆက်နွယ်၍ နယ်စပ်မှ လူအဝင်၊အထွက်ကိုသာ အဓိက စစ်ဆေးနေခြင်းဖြစ်ကာ လှေဂိတ်များမှ ထွက်သည့် လမ်းကြောင်းတလျှောက်တွင်လည်း ဂိတ်များချ၍ ဖမ်းဆီး စစ်ဆေးနေကြောင်း သိရသည်။
“ခါတိုင်းဆို အဲဒီနေရာတွေက ဂိတ်တွေ မရှိဘူး။ သွားကြတယ်။ ခုက လူတက်တဲ့လမ်းကြောင်းတွေ လိုက်ပိတ်နေတယ်။ လူတက်တဲ့လှေဂိတ်က ၃၊ ၄ ဂိတ်တော့ ရှိတယ်။ ဒါက ကျနော်လက်လှမ်းမီတဲ့ ဂိတ်တွေပေါ့။ လူတဦးကို ကမ်းကူးခ ဘတ် ၈၀၀ ကနေ ဘတ် ၁၀၀၀ ရှိတယ်”ဟု အဆိုပါ နယ်စပ်ကုန်သည်တဦးက ပြောသည်။
ထိုင်းနိုင်ငံမှ တရားဝင် နယ်စပ်ကုန်သွယ်ရေးဂိတ်များအဖြစ် သတ်မှတ်ထားသော နယ်စပ်လှေဂိတ်များသည် ထိုင်း-မြန်မာနယ်စပ်တလျှောက် ဂိတ်ပေါင်း ၃၄ ဂိတ်ကျော်အထိ ရှိရာမှ ယခုနောက်ပိုင်း ဂိတ်ပေါင်း ၄၀ ကျော်ထိ တိုးလာ ကြောင်း နယ်စပ်ကုန်သည်များထံက သိရသည်။
တရုတ်နှင့် ထိုင်းတာဝန်ရှိသူများသည် မြန်မာနိုင်ငံနယ်စပ်မြို့ မြဝတီ၌ အခြေစိုက်ထားသော ကျားဖြန့်ဂိုဏ်းများအတွင်း ပိတ်မိနေသူများအား ကူညီရန် အစီအမံများဖော်ဆောင်ရေးအတွက် ဇန်နဝါရီ ၂၉ ရက်က ထိုင်းနိုင်ငံ တာ့ခ်ခရိုင် နယ်စပ်ဒေသများကို လာရောက်ကြည့်ရှုခဲ့သည်။
မြဝတီနယ်စပ် ကုန်သည်တဦးက “စီးပွားရေးကတော့ မပိတ်ဘူး။ ဘာမှ မပိတ်ဘူး။ ဒါပေမယ့် တခုရှိတာက ကန့်သတ် လိုက်တာပေါ့။ ပြောရရင် အသံတွေ ထွက်လာပြီး မလုပ်မနေရ ဖြစ်လာတော့ လုပ်ကို လုပ်ရတာပေါ့။ အဲဒီတော့ ဒီဘက် ကို လာလို့ မရဘူး။ ဟိုဘက်ကို သွားလို့မရဘူး။ နည်းနည်းပါးပါးစိစစ်တဲ့ပုံစံလောက်ပဲ၊ ကန့်သတ်တယ်ဆိုတာတော့ တရုတ်ပေါ့။ တရုတ်တွေ ဒီဘက်ပေးမလာဘူး။ မြန်မာဘက်က ကန့်သတ်တာ လည်း ဆိုက်တွေထဲမှာရှိတဲ့ ဟာတွေကို ရှာဖွေဖမ်းဆီးပြီးတော့ လုပ်နေတာပဲ”ဟု လက်ရှိအခြေအနေကို ဧရာဝတီသို့ ပြောသည်။

ထို့ကြောင့် တရားဝင်ကုန်သွယ်မှုပြုလုပ်နေသည့် လှေဂိတ်များ၌ ကုန်စည်နှင့်ပတ်သက်ပြီး တစုံတရာ ကန့်သတ်မှုများ မပြုလုပ်သေးသော်လည်း လူဝင်၊ ဝင်ထွက် ကန့်သတ်ခြင်းများ ရှိနေကြောင်း၊ ကုန်စည်တင်ပို့မှုများ ပုံမှန် လုပ်ဆောင် လျက်ရှိကြောင်း ၎င်းက ဆိုသည်။
၎င်းက “အခုပဲ သူတို့ လူမျိုးတွေပဲ ကာစီနိုလာဆော့နေတာလည်း ရှိတယ်လေ။ ကုန်တွေလည်း ပုံမှန်ကူးနေတယ်။ ဂိတ်တွေကများတယ်။ ၄၀ လောက်ရှိမယ်။ ကုန်စည်နဲ့ ပတ်သက်ရင်တော့ ထိုင်းက တံတားက ဖြတ်ရင် စာရွက်စာတမ်း တမျိုး၊ လှေဂိတ်က ဖြတ်ရင် စာရွက်စာတမ်းတမျိုး ခွဲထားတယ်။ ဂိတ်တိုင်း ဂိတ်တိုင်းမှာလည်း ထိုင်းစစ်တပ်၊ အကောက်ခွန် ရှိတယ်။ အဲဒီတော့ ပြောမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အနေအထား တခုကြောင့် လှေဂိတ်ကနေ ပို့နေတာ”ဟု ပြောသည်။
တာ့ခ်ခရိုင် မဲဆောက်-ထဆောင်ရမ် -မဲလမတ်-ဖုဖရ မြို့နယ်အတွင်းရှိ သောင်ရင်းမြစ်ကြောင်း တလျှောက် ထိုင်းနိုင်ငံ၏ နယ်စပ်လှေဂိတ်များမှာ မြန်မာဘက်သို့ ကုန်ပစ္စည်း ပို့သည် ဖြစ်စေ၊ ကုန်ပစ္စည်း တင်သွင်းသည်ဖြစ်စေ တရားဝင် ကုန်သွယ်မှု ပြုလုပ်ရန် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ယခုရက်ပိုင်းတွင် တရားမဝင်လူဝင်၊ လူထွက်များကိုသာ စစ်ဆေးကြပ်မတ် နေခြင်း ဖြစ်သည်။
အထက်ပါ နယ်စပ်ဂိတ်များကို မြန်မာဘက်ခြမ်းတွင် ကရင်နယ်ခြားစောင့်တပ်ဖွဲ့( BGF) က ထိန်းချုပ်ထားသည့် ဂိတ်များလည်း ရှိနေသဖြင့် BGF အနေဖြင့်လည်း အကျိုးအမြတ်များ ရရှိနေပြီး နယ်စပ်ဂိတ်များမှတဆင့် မြန်မာနိုင်ငံ တွင်းသို့ စက်သုံးဆီ၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်း၊ မော်တော်ယာဉ်၊ ဆိုင်ကယ်နှင့် စက်ဘီး စသည့် ကုန်ပစ္စည်းမျိုးစုံ တင်သွင်းကာ မြန်မာဘက်မှလည်း စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ တင်ပို့မှုကြောင်း ကုန်သည်များထံက သိရသည်။
ထိုင်း-မြန်မာ တရားဝင်နယ်စပ်ကုန်သွယ်ရေးဖြစ်သည့် မြဝတီနယ်စပ်ကုန်သွယ်ရေးမှာ ပြီးခဲ့သည့် နှစ်အတွင်းမှ စတင်၍ တိုက်ပွဲများကြောင့် အာရှလမ်းမကြီးပိတ်ထားခြင်း၊ စစ်ကောင်စီပို့ကုန်ရငွေ နိုင်ငံခြားငွေ ဖြတ်တောက်ခြင်း၊ ကုန်သွယ်မှု မူဝါဒ တင်းကျပ်ခြင်းနှင့် သွင်းကုန် လိုင်စင် ခက်ခဲခြင်းစသော အကြောင်းအမျိုးမျိုးတို့ကြောင့် ယခင်ကဲ့သို့ ပုံမှန်ကုန်သွယ်မှု ပြုလုပ်နိုင်ခြင်း မရှိသေးပေ။
ထိုင်းနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု ဦးစီးဌာန ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် မြန်မာအပါအဝင် နယ်စပ်ကုန်သွယ်မှုမှ ဘတ် ၁ ဒသမ ၈၂ ထရီလီယံ ရှိခဲ့ပြီး ကုန်သွယ်မှု ရွှေနှစ်အဖြစ် သတ်မှတ်ထားကာ ၆ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုတွင် ဘတ် ၂၀၈,၉၃၇ သန်း ရရှိ၍ ၅ ဒသမ ၃ ရာခိုင်နှုန်း တိုးလာကြောင်း ဖော်ပြထားသည်။
သို့သော် မြန်မာဘက်တွင်မူ ပုံမှန်ဖော်ပြနေကျဖြစ်သော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးဖြစ်သည့် မြဝတီနယ်စပ်ကုန်သွယ်ရေး၏ စာရင်းများကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းမှ စတင်၍ ဖော်ပြထားခြင်း မရှိပေ။
You may also like these stories:
ရွှေကုက္ကိုက ရာဇဝတ်မှုများနှင့် တရုတ်၏ ကမ္ဘာ့လုံခြုံရေးအစီအစဉ် အဆက်အစပ်
ရုပ်ရှင်မင်းသားအမှုကြောင့် ထိုင်းခရီးစဉ်များ တရုတ်တွေ ဖျက်သိမ်း
ကျားဖြန့်တိုက်ဖျက်ရေး ဒုတိယပစ်မှတ်ဖြစ်လာတဲ့ မြဝတီ
BGF ထိန်းချုပ် နယ်စပ်ကုန်သွယ်ရေးလှေဂိတ်များ ထိုင်းဘက်က ပြန်ဖွင့်ရန်စီစဉ်














