စစ်မှုထမ်းရန် ကျန်းမာပြီး အသက်ပြည့်မီသည့် လူငယ်များ ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားထွက်ခွင့်မပြုဟု ပြည်သူ့ စစ်မှုထမ်း နည်းဥပဒေ၌ စစ်ကောင်စီက ပြဋ္ဌာန်းပြီးနောက် ပြည်ပသို့ တရားဝင် အလုပ်သွားလုပ်မည့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အရွယ် အမျိုးသားများ ထွက်ခွာခွင့် မပြုတော့ဘဲ ကန့်သတ်လိုက်ကြောင်း သိရသည်။
ဇန်နဝါရီလ ၃၀ ရက်မနက်မှစ၍ ထိုင်းနိုင်ငံသို့ထွက်ခွာမည့် အသက် ၁၈ နှစ်မှ ၃၅ ကြားအမျိုးသားများအား ပြည်ပထွက် ခွင့်မပြုတော့ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများက ရန်ကုန်တိုင်း မြောက်ဒဂုံ ပင်လုံလမ်းရှိ အလုပ်သမားသင်တန်း ကျောင်းခန်းမ၌ ပြောကြောင်း အမည်မဖော်လိုသော ပြည်ပအလုပ် အကိုင်ရှာဖွေရေးအေဂျင်စီမှ တာဝန်ရှိသူတဦးက ဆိုသည်။
ရန်ကင်းမြို့နယ်မှ ၂၇ နှစ်အရွယ် အမျိုးသားတဦးက “ အခုသူတို့လုပ်ထားတဲ့ပုံစံက လုံးဝမလွတ်နိုင်တော့ဘူး။ ပြည်ပ လည်း သွားမရဘူး။ ကိုယ့်ဘက်က ရွေးချယ်ပေါ့။ လွတ်မြောက်နယ်မြေသွားမှာလား။ ဒါကလည်း ကိုယ့်ဘာသာ ဖန်တီး ရမှာ။ ဆုတ်လည်းစူး စားလည်းရူးပဲ။ လွတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ လူမလိုက်နိုင်ရင် ငွေလိုက်ရမယ်။ ဘာမှမတတ်နိုင်တဲ့ လူတွေက လိုက်သွားရမှာ စိတ်ဓာတ်ကျလာတယ် ” ဟု ပြောသည်။
လက်ရှိ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card – OWIC) ရှိပြီးသူဖြစ်သည့်တိုင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားများကိုအလုပ်သမားရုံးက ပြည်ပအလုပ် အတွက် စာချုပ်ချုပ်ခွင့် မပြုတော့သဖြင့် ပြည်ပသို့သွား၍ အလုပ်လုပ်မည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားအားလုံး လေဆိပ်မှ ထွက်ခွာရန် အခက်အခဲများကြုံ တွေ့နေရ ကြောင်းသိရသည်။
အသက် ၁၈ နှစ်မှ ၃၅ နှစ် အမျိုးသားများ PJ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပသွားမည်ဆိုပါက စစ်မှုထမ်း စာရင်းတွင်ပါ၊ မပါ စိစစ်ရန် လိုအပ်ပြီး ပါနေမည်ဆိုပါက သက်ဆိုင်ရာ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ထံမှ စစ်မှုထမ်းကင်းလွတ်ခွင့်၊ ရွှေ့ဆိုင်းခွင့်နှင့် လျှော့ပေါ့ခွင့်စသော ခွင့်ပြုချက်များ ရယူရန် လိုအပ်မည်ဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်ကလည်း ရွှေအိမ်တော်စံ ပြည်ပအလုပ်အကိုင်အေဂျင်စီမှ ထိုင်းနိုင်ငံသို့ MoU ဖြင့် စေလွှတ် မည့် အလုပ်သမား ၁၄ ဦးထဲမှ တဦးမှာ သတ်မှတ်သည့် အသက်ထက်ကျော်သော်လည်း စစ်မှုထမ်းစာရင်းအမည်ပေါက် သည်ဆိုကာ ပြည်ပထွက်ခွာခွင့် ပိတ်၍ နိုင်ငံကူးလက်မှတ်ပါ သိမ်းဆည်းခံခဲ့ရကြောင်း ရွှေအိမ်တော်စံပြည်ပအလုပ်အကိုင် အေဂျင်စီထံမှ သိရသည်။

၂၀၂၄ ခုနှစ် ဩဂုတ်လမှစတင်၍ စစ်ကောင်စီက အသက် ၂၃ နှစ်မှ ၃၂ နှစ်အကြား အမျိုးသားများကို ပြည်ပ အလုပ်လုပ်ခွင့် ပိတ်ပင်ခဲ့ပြီးနောက် ယခုထပ်မံ၍ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အကျုံးဝင်သော အမျိုးသားအလုပ်သမားများ ပြည်ပထွက် အလုပ်လုပ်ခွင့်ကို စတင်ပိတ်ပင်လာခြင်းဖြစ်သည်။
ယခုလို အမိန့်ဖြင့် မပိတ်ပင်ခင်ကတည်းက အသက် ၃၅ နှစ်အောက်လူငယ်များ ပြည်ပထွက်ခွာပါက လေဆိပ်တွင် ကျပ်သိန်း ၆၀ ခန့်ထိပေးဆောင်ကြရကြောင်း သိရသည်။
မြောက်ဒဂုံမြို့နယ်နေထိုင်သူ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတဦးက “ ဒီနိုင်ငံမှာနေရတဲ့ လူငယ် အခြေခံလူတန်းစား အနေနဲ့ နိုင်ငံထဲမှာပဲ လုပ်စားမယ်ဆိုရင် စစ်မှုထမ်းဥပဒေနဲ့ ရင်ဆိုင်ရမယ်။ ကိုယ်က မရှိမဲ့ရှိမဲ့စုပြီး နိုင်ငံခြားကို သွားမယ် ဆိုရင်လည်း အခုနိုင်ငံခြားကို သွားလို့မရတော့ဘူး စစ်မှုထမ်းရမယ့်အပြင် ဘာမှဆက်လုပ်လို့မရတော့မယ့် အခြေအနေ ဖြစ်သွားပြီပေါ့” ဟု ပြောသည်။
စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ သာမန်အရပ်သားများတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသား များနှင့် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီး၊ ဆရာဝန်၊ အင်ဂျင်နီယာကဲ့သို့သော အတတ်ပညာရှင်များကမူ အမျိုးသား ဖြစ်ပါက အသက် ၁၈ မှ ၄၅ နှစ်၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ်မှ ၃၅ နှစ်ဟု စစ်မှုထမ်းသက် သတ်မှတ်ထားသည်။
စစ်မှုထမ်းရမည့်သက်တမ်းကို နှစ်နှစ်ဟု သတ်မှတ်ထားသော်လည်း အရေးပေါ်အခြေအနေဟု သတ်မှတ်ပါက ငါးနှစ်အထိ သက်တမ်းတိုးနိုင်ကြောင်း ဆိုထားသည်။
You may also like these stories:
PV PJ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ ရန်ကုန်လေဆိပ်တင်းကျပ်
စစ်မှုထမ်းဖို့ ရောင်းစားခံရတဲ့ လူငယ်တဦးရဲ့ ကိုယ်တွေ့ဖြစ်ရပ်
လူပြန်ပေးဖြစ်လာသည့် စစ်မှုထမ်းဥပဒေ
စစ်သားစုဆောင်းမှုကြောင့် ရန်ကုန်နှင့် မန္တလေးတွင် မှောင်သည်နှင့် လူသူ ခြောက်ကပ်














