အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးရည်မွန်သည် မတ်လ ၁ ရက်တွင် (၂၁) ကြိမ်မြောက်အဖြစ် ဖွင့်လှစ်လိုက်သည့် တအာင်းပြည် ပညာရေးအထောက်အကူပြုထီမှ အမြင့်ဆုံးဆုကြီး ကျပ်သိန်း ၅၀၀ ၏ ကိန်းဂဏန်းတူ တွတ်ဖြင့် ငါးရာခိုင်နှုန်းဆု ကျပ် ၂၅ သိန်း ရရှိသွားကြောင်း သိရသည်။
ယခုနှစ် ဖေဖော်ဝါရီလအတွင်း တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်နယ်မြေသို့ ရောက်ရှိခဲ့သည့် ဝန်ကြီး ဦးရည်မွန်သည် ပညာရေးအတွက်ဟုဆိုကာ ၁၀ သိန်းကျပ် တန်ဖိုးရှိ ထီ ငါးအုပ်အား ကိုယ်တိုင်ထိုးခဲ့ကြောင်း ထီကိုယ်စားလှယ်ဖြစ်သူက TNLA ၏ နိုင်ငံရေးသိပ္ပံကျောင်းမှ လွေးဒီဒီခိုင်ခိုင်အေးက ဧရာ၀တီသို့ ပြောသည်။
လတ်တလော ဝန်ကြီး ဦးရည်မွန်အား ထီဆု ရရှိကြောင်း အသိပေးပြီးဖြစ်ကြောင်းနှင့် သိန်း ၅၀၀ ကံထူးရှင်မှာ စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် ရခိုင်အမျိုးသား တဦးဖြစ်ကြောင်း သူမက ဆက်ပြောသည်။
တအာင်းထီအား ၂၀၂၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ရရှိလာသည့် ရန်ပုံငွေအား တအာင်းပြည် ပညာရေးကောင်စီ(TLEC) ဖွင့်လှစ်ထားသည့် ကျောင်းပေါင်း ၆၀၀ ကျော်မှ ဆရာ၊ ဆရာမများ၏ လစာများအား ထောက်ပံ့ပေးနေကာ တအာင်းဒေသတွင်း အခမဲ့ပညာရေး ရရှိရန်နှင့် ပညာရေးလုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
အလားတူ တအာင်းပြည် ပညာရေးကောင်စီ (TLEC) သည် လာမည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း TNLA ထိန်းချုပ်ထားသည့် မြို့နယ် ၁၀ ခုတွင် ကျောင်းပေါင်း ၇၀၀ ကျော် တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ပြီး ပညာရေး CDM နှင့် ဆရာ၊ ဆရာမ ဦးရေပေါင်း ၁၅၀၀ အား ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ခေါ်ယူဖိတ်ခေါ်ထားသည်။
#မြန်မာ #ဧရာဝတီ #တအာင်းထီ #ဦးရည်မွန် #ပညာရေး #TLEC
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













