စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲမှာ ဥပဒေအရ တယောက်ထဲ မဲလာပေးရင်တောင် ရွေးကောက်ပွဲက အထမြောက်တယ်လို့ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) ပါတီ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်း ကပြောပါတယ်။
ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကို ရှမ်း နှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) ပါတီလို့ နာမည်ပြောင်းလဲလိုက်တဲ့ ကျားဖြူပါတီအနေနဲ့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲမှာ SNDP ပါတီက လွှတ်တော်ကိုယ်စားလှယ် ၅၈ ဦးအနိုင်ရခဲ့ပြီး ဝန်ကြီးနဲ့ဒုဝန်ကြီး ၆ ပါးအထိ ခန့်အပ်နိုင်ခဲ့တယ်လို့သိရပါတယ်။ ဒါပေမယ့် ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာတော့ ပြည်ထောင်စုတဝှမ်းလုံးမှာ မဲဆန္ဒနယ် ၁ နေရာပဲ အနိုင်ရရှိခဲ့တာပါ။
ရှမ်းပြည်မှာ နိုင်ငံရေးဩဇာရှိတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီဟာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီပြီးရင် တတိယအများဆုံးအနိုင်ရခဲ့တဲ့ပါတီဖြစ်ပြီး အခု စစ်ကောင်စီရွေးကောက်ပွဲကိုတော့ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိပါဘူး။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်ကောင်စီက နိုင်ငံတကာကို ထုတ်ပြန်ကြေညာထားပေမယ့် ရွေးကောက်ပွဲဥပဒေ နဲ့ မဲဆန္ဒနယ်တွေကိုတော့ အခုထိ ကြေညာလာတာ မရှိသေးပါဘူး။
နိုင်ငံရေးပါတီ ၅၆ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ပါတီတွေရဲ့ပြောဆိုချက်တွေအရ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲဟာ အချိုးကျကိုယ်စားပြုစနစ် (PR) နဲ့ မဲအများဆုံးရသူအနိုင်ရစနစ် (FPTP) နှစ်ခုလုံးကို အသုံးပြုမှာဖြစ်လို့ အနိုင်ရရှိဖို့မျှော်လင့်ချက်ကြီးမားတယ်လို့ ဆိုကြပါတယ်။
လက်ရှိရွေးကောက်ပွဲအတွက် SNDP ရဲ့ပြင်ဆင်နေတဲ့အခြေအနေ၊ ပြည်သူတွေဆန့်ကျင်နေကြတဲ့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲ အထမြောက်နိုင်လားဆိုတာတွေနဲ့ ပက်သတ်ပြီး SNDP ရဲ့ ဥက္ကဋ္ဌ တာဝန်ယူထားသူ စိုင်းအိုက်ပေါင်းကို ဧရာဝတီက ဆက်သွယ်မေးမြန်ထားပါတယ်။
#မြန်မာ #ဧရာဝတီ #SNDP #ကျားဖြူပါတီ #ရွေးကောက်ပွဲ #ဆန္ဒမဲ #စိုင်းအိုက်ပေါင်း #နိုင်ငံရေးပါတီ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













