အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရလက်ထက်တွင် အမျိုးသမီးအရေး ကိစ္စများကို ပိုမိုတောင်းဆိုလာကြသလို လှုပ်ရှားမှုများလည်း ယခင်ထက် ပြုလုပ်လာကြသည်။ လွှတ်တော်တွင်း ကိုယ်စားလှယ် အမျိုးသမီး တဦး အနေဖြင့် တာဝန် ထမ်းဆောင်ရာတွင် တွေ့ကြုံရသည့် အခြေအနေများ၊ နိုင်ငံရေးခံယူချက်စသည့်ကိစ္စရပ်များအပေါ် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေ ကို ဧရာဝတီ နေပြည်တော် သတင်းထောက် မိုးမိုးက ဆက်သွယ်မေး မြန်းထားပါသည်။
မေး ။ ။ အမျိုးသမီးကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်အတွင်းမှာ အမျိုးသမီးရေးရာကိစ္စ၊ အခွင့်အရေးတွေ ဘယ်လောက်ထိ တင်သွင်းနိုင်ခဲ့ပြီလဲဆိုတာ သိပါရစေရှင့်။
ဖြေ ။ ။ လွှတ်တော်ကိုယ်စားလှယ်များရဲ့ မူလတာဝန်ဟာ ဥပဒေပြုရေး၊ ကိုယ်စားပြုရေးနဲ့ အစိုးရကို Check and Balance ပြု လုပ် ခြင်းတို့ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပြည်သူများအတွက် လိုအပ်တဲ့ ဥပဒေများကိုပြဌာန်းခြင်း၊ ပြည်သူ တွေကို အကျိုးမပြုတဲ့ ဥပဒေများကို ရုတ်သိမ်းခြင်း၊ ပြင်ဆင်စရာလိုအပ်တဲ့ ဥပဒေများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနဲ့ ပြည်သူ့ အကျိုး အတွက် အတားအဆီးဖြစ်စေသည့် ဥပဒေများကို ပယ်ဖျက်ခြင်းစတဲ့တာဝန်တွေကို ထမ်းဆောင်ရပါတယ်။ ဥပဒေများ ရေးဆွဲပြဌာန်း တဲ့အခါ ပြည်သူများအားလုံးကို ခြုံငုံနိုင်တဲ့ ကဏ္ဍပေါင်းစုံက သေချာစဉ်းစားဆွေးနွေးပြီးတော့မှ လွှတ်တော်ကိုယ်စားလှယ်အများစုရဲ့ သဘော ထား နဲ့ ဆုံးဖြတ် ပြဌာန်းကြရတာ ဖြစ်ပါတယ်။
ဒါကြောင့် ဥပဒေများဟာ နိုင်ငံသူ၊ နိုင်ငံသားများ အားလုံးအတွက်ပြဌာန်း ခြင်းဖြစ်တဲ့ အတွက် အမျိုးသမီးရေးရာကိစ္စနဲ့ အခွင့်အရေး တွေလည်း ပါဝင်ပါတယ်။ ဒါပေမယ့် အမျိုးသမီးများအတွက် ကိုယ်စားပြုရေး အပိုင်း မှာတော့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အမျိုးသမီးကဏ္ဍကို သီးသန့်ဆောင်ရွက်ရမယ့် ကိစ္စတွေအများကြီး လိုအပ်နေပါသေးတယ်။
ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံက အရွယ်မရောက်သေးတဲ့အမျိုးသမီးတွေနဲ့ အရွယ်ရောက်ပြီး အမျိုးသမီးများဟာ လက်ရှိမှာ စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူများအတွက်ရော အမျိုးသမီးရေးရာကိစ္စနဲ့ အခွင့်အရေး တွေအတွက် လွှတ်တော်အနေနဲ့ အဆိုတွေ ၊ မေးခွန်းတွေ တင်ပြဖို့ ဒီထက်မက တိုးမြှင့်ဆောင်ရွက်ဖို့လိုအပ်နေသေးပါတယ်။ အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့လည်း ဆထက်တပိုးကြိုးစားဖို့ လိုအပ်လျက်ရှိပါတယ်။
မေး ။ ။ လွှတ်တော်က ဖွဲ့စည်းထားတဲ့ကော်မတီတွေ ကော်မရှင်တွေမှာ ပါဝင်တဲ့ အမျိုးသမီးကိုယ်စားလှယ်တွေအနေနဲ့ ဆိုင်ရာကိစ္စတွေမှာ ဆုံးဖြတ်ချက်ချပိုင်ခွင့် ဘယ်အတိုင်းအတာထိ ရရှိနေပြီလဲရှင့်။
ဖြေ ။ ။ လွှတ်တော်က ဖွဲ့စည်းထားတဲ့ကော်မတီတွေ နဲ့ ကော်မရှင်တွေမှာ အမျိုးသမီးများပါဝင်မှု ရှိတယ်လု့ိ ယေဘုယျအနေနဲ့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ လွှတ်တော်မှာ ကော်မတီတွေဖွဲ့စည်းတဲ့အခါ အမျိုးသမီးကိုယ်စားလှယ်တွေကိုလည်း ကော် မတီတိုင်းနီးပါးမှာ ပါဝင်နိုင်အောင် ထည့်သွင်းစဉ်းစားဖွဲ့စည်း ထားတာတွေ့ရသလိုပါပဲ ကော်မရှင်တွေမှာလည်း အမျိုးသမီး တွေပါဝင် နေတာ တွေ့ရပါတယ်။ ဒါပေမယ့် ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့နေရာမှာ ဘယ်နှစ်ယောက်ရှိလဲ၊ ဘယ်လောက်ထိ ဆုံးဖြတ်ပိုင်ခွင့်ရှိလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့ မြင်သာထင်သာတော့ မတွေ့ရပါဘူး။
ကျမတို့ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့လည်း ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ နေရာတွေမှာ အမျိုးသမီးတွေ အရေအတွက် နည်းနေသေး တယ်ဆိုတာကိုလည်း ကျမတို့ကိုယ်တိုင် မေးခွန်းထုတ်ရမယ့် ကိစ္စဖြစ်ပါတယ်။ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် တချို့ ဟာ ကော်မတီတွေရဲ့ ဥက္ကဋ္ဌနေရာတွေမှာ တာဝန်ထမ်းဆောင်နေတာတွေရှိ ပေမယ့် ဆုံးဖြတ်ချက်ချမှတ်နိုင်တဲ့ အခြေအနေနဲ့အဆင့် ကတော့ အားရစရာ အခြေအနေ မရှိသေးပါဘူး။ အများကြီး လိုအပ်နေပါသေးတယ်လို့မြင်ပါတယ်။ ဆုံးဖြတ် ပိုင်ခွင့်ရှိတယ် ဆိုရာမှာ လည်း အမှန်တကယ် လွတ်လွတ်လပ်လပ် ဆုံးဖြတ်ချက်ချမှတ်ပိုင်ခွင့် ဘယ်လောက်အတိုင်း အတာထိ ဆုံးဖြတ်နိုင်တယ်ဆိုတာ ကို လည်း သုံးသပ်ဖို့အများကြီး လိုအပ်နေပါသေးတယ်။
မေး ။ ။ လွှတ်တော်တွင်းမှာ အမျိုးသမီးပါဝင်မှု ဘယ်လောက်ထိ ရှိသင့်တယ်လို့သုံးသပ်ချင်ပါသလဲရှင်။
ဖြေ ။ ။ လွှတ်တော်မှာ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေ ဘယ်လောက်ထိ နေရာယူထားတယ် ဆိုတာထက် ဘယ်လို နေရာတွေမှာ ဘယ်လိုတာဝန်တွေကို ဆောင်ရွက်နေတာလဲ ဆိုတာကို ကျမအနေနဲ့ ပိုစိတ်ဝင်စားပါတယ်။ အမျိုးသမီးတွေ လွှတ်တော် ထဲမှာ ဘယ်လောက်ရာခိုင်နှုန်းထိ ပါဝင်သင့်လဲဆိုတာက အမျိုးသမီးထုအပေါ်မှာ မူတည်ပါတယ်။ အမျိုးသမီးအများစုက ဆုံးဖြတ်ရမှာ ပါ။ လွှတ်တော်ထဲမှာ ကျမတို့အမျိုးသမီးတွေ ဘယ်လောက်ထိ အလုပ်လုပ်ချင်သလဲဆိုတဲ့ သဘောတရားအပေါ်မှာ ပိုအလေးထား စရာ ပါ။ လွှတ်တော်အထိ ရောက်လာဖို့အတွက်လည်း ပါတီတိုင်းမှာ အမျိုးသမီးရေးရာမူဝါဒတွေနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။
ပါတီများမှာ အမျိုးသမီးတွေဝင်ရောက် လုပ်ကိုင်နိုင်တဲ့ အခြေအနေတွေ ဖန်တီးဖို့က ပါတီတိုင်းမှာ တာဝန်ရှိပါတယ်။ ကျမတို့ အမျိုးသမီးတွေဟာ လွှတ်တော်ထဲကို အခက်အခဲတွေ၊ အတားအဆီးတွေကို အမျိုးသားတွေထက် များစွာကျော်ဖြတ်ပြီးမှ ရောက်လာကြရတယ်ဆိုတာတော့ ငြင်းဖွယ်ရှိမှာ မဟုတ်ပါဘူး။ နိုင်ငံတိုင်းမှာ အမျိုးသမီးဦးရေ ပိုများတတ်တာမို့ သေချာတာက ဒီမိုကရေစီစနစ် ပီပြင်ဖို့ဆိုရင် အများသမီး လွှတ်တော်ကိုယ်စားလှယ်တွေ လက်ရှိထက် အများကြီး အရေအတွက်ရော အရည်အသွေးပါ လိုအပ်နေသေးတာတော့ အသေအချာပါဘဲ။
မေး ။ ။ အခုလက်ရှိမှာရော လွှတ်တော်ထဲမှာ အမျိုးသား၊ အမျိုးသမီး ဆိုတာမျိုး gender ခွဲခြားဆက်ဆံခံရတာမျိုးရော ရှိပါသလား။
ဖြေ ။ ။ လွှတ်တော်အတွင်းမှာတော့ သိသိသာသာ ခွဲခြားဆက်ဆံခံရတာမျိုးတော့ နည်းပါးပါတယ်။ အပြင်မှာ ပိုသိသာတယ်၊ ပိုများပါတယ်။
မေး။ ။ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်လို့ဆိုပြီး ခွဲခြားဆက်ဆံခံရတာမျိုးရောရှိပါသလား။
ဖြေ။ ။အမျိုးသမီးကိုယ်စားလှယ်ဆိုပြီး မချေမငန်ဆက်ဆံတာမျိုးကို ပြည်သူတွေက ကျမအပေါ် တခါမှ မရှိခဲ့ပါဘူး။ ဒါပေမယ့် ဌာနဆိုင်ရာ ပုဂ္ဂိုလ်တချို့ကတော့ မချေမငန်ဆက်ဆံတာထက်ပိုပြီး မထီလေးစားပြုလုပ်ဖူးသူတွေရှိပါတယ်။ ကျမကတော့ နားလည်ခွင့်လွှတ် ပါတယ်။ သူတို့အနေနဲ့ ပြည်သူ့ကိုယ်စားလှယ်ကို မထီလေးစားဆက်ဆံခြင်းက ပြည်သူကို မထီလေးစား ဆက်ဆံခြင်း ဖြစ်တယ် ဆိုတဲ့ တန်ဖိုးတရားကို မသိလို့၊ နားမလည်သေးလို့ ဖြစ်မှာပါလို့ ကျမထင်ပါတယ်။ ပြည်သူတန်ဖိုးကို သိရှိလာတဲ့တနေ့မှာ ပြည်သူရွေးချယ်ထား တဲ့ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်ကိုလည်း သူတို့ ကောင်းကောင်းမွန်မွန် ဆက်ဆံမှာပါ။
မေး ။ ။ အမျိုးသမီး တဦးဖြစ်သလို လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်နေတဲ့ ဒေါ်ထုမေအနေနဲ့ ကိုယ့်လုံခြုံရေးအတွက်ရော ဘယ်လိုကာကွယ်ပါသလဲ။
ဖြေ ။ ။ လုံခြုံရေးဆိုတာ နိုင်ငံတနိုင်ငံရဲ့ အဓိကပင်မသွေးကြောပါ။ နိုင်ငံလုံခြုံရေးကို တာဝန်ယူထားကြတဲ့ သက်ဆိုင် ရာအဖွဲ့ အစည်းတွေက ပြည်သူတွေကို ကာကွယ်ပေးရမှာဖြစ်ပါတယ်။ ညအိပ်တာမှအစ နေ့စဉ်သွားလာ လှုပ်ရှားမှုတွေမှုတွေမှာလည်း လွှတ် တော်ကိုယ်စားလှယ်ဖြစ်လို့၊ အမျိုးသမီးဖြစ်လို့ ဆိုတဲ့အကြောင်းပြချက်နဲ့ မိမိတယောက်တည်း လုံခြုံအောင်ဆောင်ရွက်ဖို့ထက် ပြည်သူ တဦးချင်းရဲ့ စိတ်ပိုင်းဆိုင်ရာလုံခြုံရေးအပါအဝင် အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးကို ကျမအဓိက စဉ်းစားပါတယ်။
ကျမလုံခြုံရေးထက် အမျိုးသမီးကြီး၊ ငယ်တိုင်းရဲ့ လုံခြုံရေး နှင့် ပြည်သူတဦးချင်းစီရဲ့ လုံခြုံရေးကို ကျမ ပိုအလေးထားပါတယ်။ အခု ဆိုရင် တရားဥပဒေစိုးမိုးမှု အားနည်းနေပါတယ်။ မကြာသေးမီက ကျမ မဲဆန္ဒနယ်မှာ ကျောင်းဆရာမ တဦး မတရားကျင့် သတ်ဖြတ် ခံခဲ့ရပါတယ်။ ဒါဟာ ပြည်သူတွေ လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်လိုက်တာပါဘဲ။ နိုင်ငံံ့ဝန်ထမ်းတဦးကို အခုလိုမတရားမဲ့ အသတ် ခံရခြင်း က ပြည်သူတွေကို အလန့်တကြား ဖြစ်စေခဲ့ပါတယ်။
ဒါကြောင့် လုံခြုံရေးကို တာဝန်ယူထားကြတဲ့ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေ ပြည်သူတွေ အသက်အိုးအိမ်ကို ကာကွယ်ရမှာ ဖြစ်ပါတယ်။ ဖြစ်ပြီးမှ အရေးယူခြင်းထက် ကာကွယ်ခြင်းကသာ ပြည်သူတွေကို လုံခြုံစေတာဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးလွှတ် တော်ကိုယ်စား လှယ် လုံခြုံရေးထက် ပြည်သူတွေလုံခြုံရေးက အရေးကြီးပါတယ်။ ပြည်သူတွေ လုံခြုံခြင်းက ကျမလုံခြုံတာပါဘဲ။
မေး ။ ။လွှတ်တော်ကိုယ်စားလှယ် အမျိုးသမီးတယောက်အနေနဲ့ တာဝန်ထမ်းဆောင်ရတဲ့ အခါမှာ အားနည်းချက် ၊ အားသာချက်က ဘာတွေ ဖြစ်မလဲ။
ဖြေ ။ ။ အားနည်းချက်၊ အားသာချက် တွေကို တိုင်းတာတဲ့အခါ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ဖြစ်ခြင်းအပေါ် အခြေ တည်ပြီး စဉ်းစားတာထက် လူတဦးတယောက်ချင်းရဲ့ ကိုယ်ပိုင်အရည်အချင်း၊ အရည်အသွေးပေါ်မှာ မူတည်စဉ်းစားသင့်တယ်လို့ ယူဆပါတယ်။
မေး ။ ။ လွှတ်တော်မှာ အဆိုတင်တာဖြစ်စေ၊ မေးခွန်းမေးမြန်းရာမှာရော ဘယ်လိုဆုံးဖြတ်ချက်၊ အတွေးနဲ့ လုပ်ဆောင်ဖြစ်ပါသလဲ။
ဖြေ ။ ။ ကျမအနေနဲ့ နိုင်ငံရေးကိုစတင် စိတ်ဝင်စားကတည်းက ဘယ်ကိစ္စမဆို နိုင်ငံသူ နိုင်ငံသား အားလုံးနဲ့ အကျုံးဝင်မယ့် ကိစ္စတွေကိုပဲ စဉ်းစားပြီး လုပ်ဆောင်ခဲ့ပါတယ်။ နိုင်ငံအရေးကိုဆောင်ရွက်ကြရာမှာ အမျိုးသား၊ အမျိုးသမီးရယ်လို့ ခွဲခြားစရာမလိုပါဘူး။ ဘယ်သူက နိုင်ငံကောင်းဖို့ ပိုအလေးထားသလဲ၊ ဘယ်သူကတော့ ကိုယ်ကျိုးအတွက်အလေးထားသလဲဆိုတဲ့ တွေးခေါ်တဲ့ အတွေး အခေါ်ကပဲ အဓိက ကွာခြားသွားမယ်ထင်ပါတယ်။
ကျမအနေနဲ့ လွှတ်တော်မှာ အလုပ်လုပ်တဲ့အခါလည်း တနိုင်ငံလုံး အကျိုးရှိစေမယ့် ကိစ္စအပြင်၊ မိမိမဲဆန္ဒနယ်အတွက် အကျိုးရှိစေမယ့် ကိစ္စ အကြောင်းအရာဆိုရင် ဆွေးနွေးပါတယ်။ အမျိုးသမီးအတွက်သီးသန့်ရယ်လို့ ရှု့မြင်စဉ်းစားတာထက် အားလုံးအကျိုးဖြစ်ထွန်းမယ့် အခြေအနေကိုပဲ ကျမအလေးထားပါတယ်။ ဒါကြောင့် ကျမအနေနဲ့ လွှတ်တော်မှာ အဆိုတင်တာဖြစ်စေ၊ မေးခွန်းမေးမြန်းတာဖြစ်စေ နိုင်ငံအကျိုးနဲ့ အမျိုးသားအကျိုးစီးပွားဖြစ်ထွန်းမယ့် ကိစ္စကိုသာ ဦးတည်ပြီး ဆောင်ရွက်ပါတယ်။ ကျွဲကူးရေပါ ဆိုတဲ့စကားပုံ လိုပါဘဲ။ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာတဲ့အခါ ကိုယ်သည် အမျိုးသမီးတဦးဆိုတာထက် လူသားတဦးဆိုတဲ့ အတွေးအမြင်နဲ့သာ အလုပ်လုပ် ပါတယ်။
မေး ။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမျိုးသမီးပါဝင်မှု ၃၀ ရာခိုင်နှုန်း ပါဝင်ရမယ်ဆိုပြီး ပြောနေကြတယ်။ အကယ်၍ အမျိုးသမီးတွေ ပါဝင်လာပြီဆိုရင်ရော ငြိမ်းချမ်းရေးအတွက် အမျိုးသမီးတွေက ဘယ်လိုအခန်းကဏ္ဍတွေမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ထောက်ပံ့မှု ပေးနိုင်မလဲ။ အမျိုးသားတွေနဲ့ ကွာခြားချက်က ဘယ်လိုအချက်အလက်တွေဖြစ်မလဲ။
ဖြေ ။ ။ မြန်မာ့သမိုင်းကို လက်လှမ်းမီသလောက် လေ့လာကြည့်မယ်ဆိုရင် ပြည်တွင်းစစ်က လွတ်လပ်ရေးနဲ့အတူ မွေးဖွားခဲ့တယ်။ ဒီနှစ်ဆိုရင် မြန်မာနိုင်ငံလွတ်လပ်ရေးရတာ ၇၁ နှစ်ရှိသွားပြီ။ ပြည်တွင်းစစ်မရပ်သေးဘူး။ ပြည်တွင်းစစ်ကြောင့် ပြည်သူတွေအတိ ဒုက္ခရောက်ရကြတာ မျိူးဆက် ၂ ဆက် ရှိနေပြီလို့ပြောရမှာပါ။ စစ်ရဲ့ ရလဒ်ကြောင့် တိုင်းရင်းသား ပြည်သူတွေ၊ အမျိုးသမီးတွေ၊ က လေးသူငယ်တွေ လူမှုဒုက္ခမျိုးစုံခံစားရခြင်းအပြင် နိုင်ငံက ဆင်းရဲတွင်းထဲက ရုန်းမထွက်နိုင်ဖြစ်ရတယ်။ အထူးသဖြင့် အရှိန် အဟုန်ပြင်း စွာနဲ့ပြေးနေတဲ့ ကမ္ဘာကြီးရဲ့ တခြားတခြမ်းဘက်မှာရှိနေကြတဲ့ လူသားတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ကျမတို့နိုင်ငံဟာ နှစ်ပေါင်းများစွာ ခေတ်နောက်ကျ ကျန်ခဲ့ပြီး ဖြစ်ပါတယ်။ ပြည်သူဘဝတွေ၊ ကလေးသူငယ်တွေဘဝတွေ၊ လူငယ်တွေဘဝတွေ နှင့် အမျိုးသမီး ဘဝတွေ ဟာ စစ်ဒဏ်ကြောင့် လူလားမမြောက်နိုင်ဖြစ်ကြရတယ်။
ထို့အတူနိုင်ငံလည်း အထိနာခဲ့ပြီးပြီ။ သမိုင်းအမွေဆိုးတွေကို ပြုပြင်ဖို့အချိန်က အခုလက်ရှိ မျက်မှောက်အချိန်ပဲဖြစ်ပါတယ်။ တနိုင်ငံလုံး ပြည်သူတွေ အပစ်အခတ်ရပ်စဲရေးနဲ့ အမှန်တကယ် ငြိမ်းချမ်းရေးကို လိုလားနေကြပါပြီ။ တိုင်းပြည်နဲ့ တိုင်းရင်းသား များရဲ့ လိုအပ်ချက်ဖြစ်တဲ့ တရားဥပဒေစိုးမိုးရေး၊ တရားမျှရေးနဲ့ တန်းတူရေး စတဲ့ ငြိမ်းချမ်းရေး အသီးအပွင့်တွေကို လိုလားနေကြပါပြီ။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာမယ်ဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခုထက်မြန်ဆန်နိုင်ပါတယ်။ ဘာကြောင့် လဲဆိုတော့ ပြည်တွင်းစစ်ဒဏ်ကို အမှန်တကယ်မြေပြင်မှာ လက်တွေ့ ခံစားကြရတာက အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေကအများ စုပါ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာရေးကတော့ အမှန်လိုအပ်ပါတယ်။
အမျိုးသမီးများပါဝင်ရေး ၃၀ ရာခိုင်နှုန်းဖြစ်ဖြစ်၊ ၇၀ ရာခိုင်နှုန်းဖြစ်ဖြစ် သတ်မှတ်တာမျိုးမဟုတ်ဘဲ အမျိုးသားတွေနဲ့အတူ အမှန်တကယ် ရင်ဘောင်တန်း လုပ်ကိုင်နိုင်တဲ့ အမျိုးသမီးတွေ၊ အရည်အချင်းပြည့်ဝတဲ့ အမျိုးသမီးတွေပါဝင် လုပ်ဆောင်ခွင့်ရဖို့ အရေးကြီးပါတယ်။ ၃၀ ရာခိုင်နှုန်းသတ်မှတ်ပြီး ပါဝင်လာပေမယ့် လုပ်ကိုင်နိုင်စွမ်း မပြည့်ဝရင်လည်း အကျိုးမရှိပါဘူး။ ဆိုလိုတာက မိန်းမသားတွေဖြစ်ပါစေ စွမ်း ဆောင်ရည်က အမျိုးသားတွေထက် သာနေရင် အမျိုးသမီးတွေကိုလည်း ဘယ်ရာခိုင်နှုန်းရယ်လို့ သတ်မှတ်ချက် မထားပဲ နေရာပေးရ မှာပါ။ အမျိုးသမီးတွေနဲ့ အမျိုးသားများရဲ့ ကွာခြားချက်အနေနဲ့က အမျိုသမီးတွေက ပြည်တွင်းစစ်ကို အမြန်ဆုံး အဆုံးသတ်စေချင်ပြီ။ သားသမီးတွေနှင့် ညီအစ်ကိုမောင်နှမတွေကို နိုင်ငံတိုးတက်အောင် ကမ္ဘာ့စီးပွားရေးနယ်ပယ်မှာ ဦးဆောင်စေချင်နေပြီ။
နိုင်ငံသယံဇာတတွေကို တန်ဖိုးရှိရှိအသုံးချစေချင်ပြီ။ မြန်မာနိုင်ငံရွှေခေတ်ကို ရောက်စေချင်ပြီ။ ကလေးသူငယ်တွေ အဆင့်မြင့်နည်း ပညာတွေကို ဖန်တီးပြီး ကမ္ဘာ့လူသားကောင်းကျိုးကို ဆောင်ရွက်စေချင်ပြီ။ အမှန်တကယ်မှာ မြန်မာ့ငြိမ်းချမ်းရေး အတွက် အဖြေက ခေါင်းဆောင်တွေဆီမှာ ရှိတယ်လို့ ကျမထင်ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ပတ်သက်နေကြတဲ့ ခေါင်းဆောင်ပိုင်းက ပုဂ္ဂိုလ် တွေအားလုံး အမြန်ဆုံး ဆွေးနွေးတိုင်ပင်အဖြေရှာဖို့ ကျမတို့ ပြည်သူတွေ လိုလားလျက်ရှိနေကြပါတယ်။