[irrawaddy_gallery]
“ကားလာပြီဟေ့…. ကားလာပြီတဲ့ဟေ့…. လာကြ… လာကြ …” ဟူ၍ တယောက်နှင့် တယောက် အချက်ပေးသံနှင့် အတူ ဂုံလျှော်အိတ်ကို ကြိုးတပ် လွယ်ထားသူများက လှုပ်လှုပ်ရှားရှား ပြေးလွှားသွားကြသည်။
ကျိုးတိုးကျဲတဲ ပေါက်ရောက်နေသည့် ကိုင်းပင်များအရိပ်တွင် နားခိုနေသူတို့ကလည်း အိတ်များကိုဆွဲလျက် သုတ်သီးသုတ်ပြာ လျှောက်သွားကြသည်။
မော်တော်ကားစက်သံက တဖြည်းဖြည်းနှင့် နီးလာသည်။ တဖြည်းဖြည်း နောက်ပြန်ဆုတ်လာသည့် ကားကြီးနောက် မလှမ်းမကမ်းမှ အရောင်စုံ၊ အသက်အရွယ်စုံ လူအုပ်ကြီးကလည်း နောက်ဆုတ်၊ နောက်ဆုတ် လိုက်ပါလာသည်။
အမှိုက်များ အပြည့်တင်လာသည့် စည်ပင်ကားက အမှိုက်ပုံကြီးများကြားတွင် ရပ်သွားသည်။ ပြီးလျှင် ဟိုက်ဒရောလစ်စနစ်ဖြင့် နောက်ပြန်သွန်ချလိုက်သည်။ ကား၏အနောက်တွင် ကပ်လျက်ရပ်နေသူများက တအိအိကျလာသော ထိုအမှိုက်များကြားတွင် ပြန်လည်ရောင်းချ၍ ရနိုင်မည့်ပစ္စည်းများကို လုယက်ရွေးချယ်ကြတော့သည်။ ပြီးလျှင် စလွယ်သိုင်းထားသည့် ဂုန်လျှော်အိတ်ထဲသို့ ထည့်သည်။
အမှိုက်များကို တူးဆွနေသူများကြားမှ “ကိုယ့်အရပ် … ကိုယ့်ဌာနေ … မရောက်တာ ကြာလှပေါ့လေ” ဟူ၍ သီချင်းတပုဒ်ကို အမျိုးသားတဦးက အသံနေအသံထားဖြင့် လွမ်းလွမ်းဆွတ်ဆွတ် ဆိုညည်းလိုက်သည့် အသံသည် အနံ့အသက်များ၊ ယင်ကောင်များနှင့်အတူ ပျံ့လွင့်လာ၏။
ထိုမြင်ကွင်းသည် ယခုနှစ် မတ်လအတွင်းက မဲဆောက်အမှိုက်ပုံ၏ မြင်ကွင်း တစိတ်တပိုင်း ဖြစ်သည်။ အမှိုက်များမှာ ထိုင်းနိုင်ငံ၊ မဲဆောက်တမြို့လုံးမှ ထွက်သည့် အမှိုက်များဖြစ်ပြီး အမှိုက်ပုံကို အမှီသဟဲပြုကာ အသက်မွေးဝမ်းကြောင်း နေကြသူများမှာ မြန်မာပြည်သားများ ဖြစ်သည်။
“ရောက်ရောက်ချင်းတုန်းကတော့ အနံ့ လုံး၀ မခံနိုင်ဘူးလေ။ ကျင့်သားရအောင် နှာခေါင်းစည်းတွေနဲ့ လုပ်တယ်။ ဒီအနံ့တွေကို ကျင့်သားရဖို့က ၅ ရက်လောက် အချိန်ယူရတယ်။ အနံ့တွေက မူးတယ်” ဟု အမှိုက်ကောက်သူ တဦးဖြစ်သည့် ဦးစိုးစိုးက သူ၏ ပထမဆုံး အတွေ့အကြုံကို ပြောသည်။
“အမှိုက်ပုံထဲက တခါတလေ ဘတ် ၁၀၀ တန်၊ ၅၀ တန်၊ ၂၀ တန်လေးတွေ ကောက်ရဖူးတယ်။ အမှိုက်ကောက်ပြီး ရောင်းစားတာကတော့ တရက်လုံး မနားမနေ ကောက်မယ်ဆိုရင် ဘတ် ၁၅၀ လောက်တော့ ရပါတယ်” ဟု သူက ဆက်ပြောသည်။
လွန်ခဲ့သည့် ၃ နှစ်က စတင်ပြီး သည်နေရာကို သူရောက်ရှိခဲ့သည်။ ရှေးက ရောက်ခဲ့ဖူးသည့် မိတ်ဆွေများ၏ အကူအညီဖြင့် သူနှင့် သူ့ဇနီး လိုက်လာခဲ့ခြင်း ဖြစ်သည်။ သူ့ဇာတိဖြစ်သည့် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့တွင် သူတို့ ဇနီးမောင်နှံ၏ နှစ်ဖက်မိဘများနှင့် သားသမီးက ၅ ယောက်၊ စုစုပေါင်း မိသားစုဝင် ၉ ယောက်ကို ချန်ထားခဲ့ရသည်။
မိသားစုတခုလုံး၏ စားဝတ်နေရေး စရိတ်များကြောင့် နယ်စပ်မှတဆင့် ဤနေရာသို့ ရောက်ရှိလာကာ အမှိုက်များကြား မွှေနှောက်ရှာဖွေ စားသောက်နေရသည့် သူတို့ဘဝကို မြန်မာပြည်မှ မိဘများနှင့် သားသမီးများအား အသိပေးထားခြင်း မရှိဟု သူကဆိုသည်။
အမှိုက်ကားက အမှိုက်လမ်းပေါ်တွင် တအိအိနှင့် ပြန်မောင်းထွက်သွားသည်။ အမှိုက်ကို တူးဆွနေသူများဆီမှ “ဘာမှလည်း မပါဘူး”၊ “ပင်ပန်းတာပဲ အဖတ်တင်တယ်” ဆိုသည့် တယောက်တပေါက် ရေရွတ်သံများ ကြားနေရသည်။
ထိုအမှိုက်ပုံကို မှီခိုကာ ရှင်ရပ်တည်နေရသူများ နေထိုင်သည့် အိမ်ခြေပေါင်း ၅၀ ဝန်းကျင်ရှိပြီး ဗမာနှင့် ကရင်လူမျိုး အများဆုံးရှိကြောင်း သိရသည်။ မကြာခဏ ရွှေ့ပြောင်း နေထိုင်ကြသူများကြောင့် လူဦးရေ အတိအကျ ရေတွက်ရန် ခက်သော်လည်း အသစ်ရောက်လာသူများအပါအဝင် လက်ရှိတွင် လူဦးရေ ၁၀၀ ကျော်ရှိကြောင်း သိရသည်။
အမှိုက်ပုံတွင် မှီခိုသူ တနှစ်ထက်တနှစ် လူဦးရေ တိုးပွားလာခြင်းကလည်း သူတို့၏ နေ့စဉ်ဝင်ငွေ လျော့ကျမှုကို ဖြစ်စေသည်ဟု လွန်ခဲ့သည့် ၈ နှစ် ကျော်ကပင် အခြေချနေထိုင်ခဲ့သည့် ဒေါ်ရီရီက ပြောသည်။
“ထွက်လာတုန်းကတော့ ဒီမှာ ပိုကောင်းမယ် ထင်တယ်လေ။ ဗမာပြည်မှာတုန်းက တိုက်ပွဲတွေလည်း ဖြစ်နေတော့ လုပ်ကိုင် စားသောက်လို့ မရဘူး။ အခုတော့ ကိုယ်က အသက်ကြီးပြီဆိုတော့ လူငယ်တွေလို နေပူပူထဲမှာ အားထည့်ပြီး မလုပ်နိုင်တော့ဘူး။ လူငယ်တွေနဲ့ လုမလုပ်နိုင်တော့ဘူး” ဟု ပဲခူးတိုင်း၊ ကျောက်ကြီးမြို့မှ ဒေါ်ရီရီက ဆိုသည်။
ထိုအမှိုက်ပုံမှနေ၍ ပြန်ရောင်းချနိုင်သော ပလတ်စတစ်၊ သံတိုသံစများကို ဝယ်ယူသည့် ထိုင်းကုမ္ပဏီထံတွင် ဈေးနှိမ်ခံကာ ပြန်လည် ရောင်းချရခြင်းကလည်း သူ့အတွက် ပို၍ ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည်ဟု ဆိုသည်။
“အပြင်မှာရောင်းရင် ပိုရတယ်။ ဒါပေမယ့် ကုမ္ပဏီက သူတို့ဆီမှာပဲ သွင်းရမယ်ဆိုပြီး လုပ်ထားတယ်။ မသွင်းဘဲ အပြင်မှာ ခိုးရောင်းရင် ရဲတိုင်မယ်၊ ဒီနေရာကနေ နှင်ထုတ်မယ် ဆိုပြီး ပြောတယ်လေ” ဟု ဒေါ်ရီရီက ပြောသည်။
တချို့က မြန်မာပြည်တွင်း၌ ကြုံရာကျပန်း၊ အချို့က တောထဲ တောင်ထဲတွင် မှိုချိုးမျှစ်ချိုး ရှာဖွေ စားသောက်ခဲ့ကြသူများ ဖြစ်သည်ဟု သိရသည်။ တချို့က တောင်ယာလုပ်ငန်းများတွင် သူရင်းငှား လုပ်ခဲ့သည်။ အမျိုးမျိုးသော ဘဝနောက်ခံ အခြေအနေများဖြင့် ကျင်လည်ခဲ့ကြသော်လည်း “ဆင်းရဲ နွမ်းပါးသူများဖြစ်သည်” ဆိုသည့် အချက်မှာမူ တူညီသည်။
ယခု အမှိုက်ပုံတွင် တချို့က လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက လာရောက် နေထိုင်ကြသူများ ဖြစ်သော်လည်း၊ တချို့မှာ သမ္မတ ဦးသိန်းစိန် အစိုးရ၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး စီမံကိန်း စလုဆဲဆဲအချိန်မှသာ မြန်မာပြည်မှ ထွက်ခွာလာခဲ့သူများ ဖြစ်ကြသည်။ တချို့ ကလေးငယ်များအတွက် သည်အမှိုက်ပုံက ဇာတိချက်မြှုပ် မွေးရပ်မြေ ဖြစ်သည်။ ထိုကလေးငယ်များသည် မည်သည့်နိုင်ငံသားမျှ မဟုတ်ကြ။
“ဒီမှာ တနှစ်ကို ကိုယ်ဝန်ဆောင် ၁၀ ယောက်လောက် မွေးကြတယ်။ ဒီမှာ မမွေးနိုင်ရင် ကျောင်းသားဆေးခန်းကို သွားမွေးကြတယ်” ဟု ဦးစိုးစိုးက ပြောသည်။
ကျောင်းသားဆေးခန်း ဆိုသည်မှာ ကလေးငယ်များအတွက် လှုမှုရေးအဖွဲ့များက စီစဉ်ပေးထားသည့် ဆေးခန်းကို ခေါ်ကြခြင်း ဖြစ်သည်။
ထိုအမှိုက်ပုံဘေးတွင် နေထိုင်ခွင့်ရရန် မှတ်ပုံတင်ကြေးအဖြစ် ဘတ် ၅၀၀ (ကျပ် ၁ သောင်းခွဲခန့်) ပေးရသည်ဟု ဒေါ်ရီက ပြောသည်။
“အရင်တုန်းကဆိုရင် ရဲလာဖမ်းတယ်။ သူတို့က ဖမ်းပြီးသွားရင် မြဝတီဖက်ကမ်းမှာ ကားနဲ့ သွားသွန်တယ်။ ဒါပေမယ့် မိသားစုက ဒီမှာဆိုတော့ ဒီလိုပဲ ခိုးပြီးပြန်ပြန်လာရတာပဲ” ဟု ဆိုသည်။
လက်ရှိအချိန်တွင် မြန်မာနှင့် ထိုင်း နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် ရွှေ့ပြောင်း လုပ်သားများအတွက် ယာယီ နိုင်ငံကူးလက်မှတ်များ ပြုလုပ်ပေးနေသည် ဆိုသော်လည်း ဝင်ငွေနှင့် ထွက်ငွေကြား အပိုစုဆောင်းရန် မလုံလောက်သည့် သူတို့ဘဝအတွက်တော့ အလှမ်းကွာနေဆဲ ဖြစ်သည်။
အမှိုက်ပုံကြီးများ ကြားတွင် ပြေးလွှားနေသည့် ကလေးငယ်များအနက် တချို့က သားရေဖိနပ် လည်ရှည်ကို စီးထားသည်။ ကလေးအများစုမှာမူ ခြေဗလာဖြင့်ပင် သွားလာနေကြသည်ကို တွေ့ရသည်။
သူ့အရပ်ထက် အဆပေါင်းများစွာ မြင့်မားသည့် ယင်တလောင်းလောင်းနှင့် ထိုအမှိုက်ပုံကြီးများ နံဘေး၊ ဆိုးရွားစူးရှသော အနံ့အသက်များကြားတွင် အသက် ၄ နှစ်ခန့်အရွယ် ကလေးငယ်တဦး ရပ်နေသည်ကို တွေ့ရသည်။
ထိုကလေးငယ်သည် ပေါင်လယ်အထိ ရှည်သည့် အစိမ်းရောင်တီရှပ် အကျႌအောက်အနားဖြင့် အရာတခုကို လိပ်ပြီး လက်တဖက်ဖြင့် ပိုက်ထားကာ ရှေ့နောက် ဝဲယာကို ကြည့်လျက် တစုံတခုကို ရှာဖွေနေသည်။
သူ့ဝန်းကျင်တွင် ယင်ကောင်များက နားလိုက်၊ ပျံလိုက်နှင့်။ နဖူးပေါ် လာနားသည့် ယင်ကောင်များကို လက်တဖက်ဖြင့် မကြာခဏ ဖယ်ရှားနေရသည်။
သူရှာဖွေနေသည့် အရာကို မတွေ့သည့်နောက် ပိုက်ထားသည့် အကျႌကိုဖွင့်ကာ ဝါဖန့်ဖန့် အသီးတလုံးကို ထုတ်ယူလိုက်သည်။ ထိုအသီးကို ပါးစပ်ဖြင့် အားပါးတရ ကိုက်ခွာပြီး စားသည်။
ဘာစားနေသလဲဟု မေးသောအခါ ဘာမှ ပြန်မပြေဘဲ ပြန်ကြည့်နေသည်။ ထိုကလေး၏ မိခင် ဖြစ်ဟန်တူသူက အမှိုက်များကို ချိတ်ကောက်တခုဖြင့် တူးဆွနေရင်း “သရက်သီးလို့ ဖြေလိုက်လေ” ဟု ဝင်ပြောသည်။
သို့သော် ကလေးငယ်က စကားတစ်ခွန်းမှ မပြောဘဲ ခပ်စိမ်းစိမ်း ပြန်ကြည့်နေသည်။
“သားက ကျောင်းမသွားရဘူးလား” ဆိုသည့်အမေးကို သူက ခေါင်းခါပြသည်။ စောစောက အမျိုးသမီးက “စာမေးပွဲတွေ ပြီးကုန်ကြပြီလေ။ သူက မူကြိုတက်နေတာ။ သူ့အစ်မတွေက အတန်းကြီးတွေ” ဟု ဖြေသည်။
မိန်းကလေးငယ် တချို့လည်း အမှိုက်ကား သွန်ချသွားသည့်နေရာတွင် သူတို့အတွက် အသုံးဝင်မည့် ပစ္စည်းများကို ကောက်ယူလျက်ရှိသည်။
ထိုအမှိုက်ပုံနှင့် မလှမ်းမကမ်းတွင် စာသင်ကျောင်းလေး တကျောင်းရှိသည်။ ထိုင်းနိုင်ငံအလံကို တလူလူ လွှင့်ထားသည့် ထိုကျောင်းလေးသည် အမှိုက်ပုံမှ ကျောင်းနေအရွယ် ကလေးများ၏ ပညာသင်ကြားရာ ဖြစ်သည်။ နံနက်ခင်းဆိုလျှင် ထိုင်းနိုင်ငံတော် သီချင်းကိုဆိုပြီး အလံတော်ရှေ့တွင် တန်းစီရသည်။ အတန်းကြီးကလေးများနှင့် အတူ ကျောင်းနေအရွယ် မဟုတ်သေးသည့်၊ အသက်မပြည့်သေးသည့် ကလေးငယ်များကလည်း လိုက်ပါလာတတ်ကြသည်။
“ကိုယ့်တိုင်းပြည်ကိုတော့ ပစ်ပယ်လို့မရဘူးပေါ့။ ပြန်တာကတော့ ပြန်မှာပါ။ ဒါပေမယ့် ဒီမှာက မြန်မာပြည်မှာထက် စာရင် ကလေးတွေ ကျောင်းစရိတ် သက်သာတယ်လေ။ မုန့်ဖိုးပဲ ကုန်တာ။ မြန်မာပြည်မှာ ဆိုရင်ငွေနဲ့ ထွက်ငွေ မမျှဘူး။ ကိုယ်တွေက အသက်ကြီးပြီဆိုတော့ သူတို့ပညာရေးကို ပိုကောင်းစေချင်တယ်”ဟု ကျောင်းနေအရွယ် ကလေး ၅ ယောက်ရှိသည့် ဒေါ်ရီရီက ပြောသည်။
တချို့ကလေးများကား ကျောင်းစရိတ် ကုန်ကျစရာမလိုဘဲ အခမဲ့တက်ရောက်ခွင့် ရှိသည့်တိုင် ထိုကျောင်းသို့ ရောက်မလာနိုင်ဘဲ မိသားစုဝင်ငွေအတွက် ဝိုင်းကူရှာဖွေနေရသေးသည်။
ထိုအမှိုက်ပုံတွင် နေထိုင်သူများအနက် တချို့က တိုက်ပွဲများ မရှိတော့လျှင် ကိုယ့်တိုင်းပြည်သို့ ပြန်ချင်သည်။ တချို့က ဝင်ငွေရမည့် အလုပ်ရှိလျှင် ကိုယ့်တိုင်းပြည် ပြန်ချင်သည်ဟု ဆိုသည်။
“လမ်းစရိတ် ရှာလို့ရရင် ကိုယ့်နိုင်ငံကို ပြန်ချင်တာကြာပါပြီ။ ဒီကိုထွက်လာပြီးကတည်းက ကလေးတွေနဲ့ မတွေ့ရတော့ဘူး။ အငယ်ဆုံးကလေးဆိုရင် မှတ်တောင် မမှတ်မိတော့ဘူး။ ကျနော် လမ်းစရိတ် စုနေတယ်။ မြန်မာငွေ ၄ သောင်းရရင် ပြန်တော့မယ်။ ဒီမှာတော့ ဒီလောက်နဲ့ပဲ တင်းတိမ်ပါပြီ” ဟု သားသမီး ၅ ယောက်၏ ဖခင်ဦးစိုးစိုးက ပြောသည်။
ဇာတ်မင်းသား အုန်းလက်စိန်၏ “အဖေ့မေတ္တာ” သီချင်းကို အကြိုက်ဆုံးဟု ဆိုသည့် ဦးစိုးစိုးက ကြိုးစား မေ့ဖျောက်ထားသည့် သူ့ခံစားချက်များကို ထုတ်ပြောပြီးနောက် တဖက်သို့လှည့်ကာ လက်ဖမိုးဖြင့် မျက်ရည်စကို သုတ်လိုက်သည်။
တမိသားစုလုံး အမှိုက်ပုံတွင် စုံစုံလင်လင်နေထိုင်သည့် ဒေါ်ရီရီကမူ “ကလေးတွေလည်း ကြီးလာပြီလေ။ ကိုယ့်တိုင်းပြည်မှာ ကိုယ်ပြန် နေဦးမယ်ဆိုတဲ့ စိတ်တော့ရှိတယ်။ ဒါပေမယ့် ရည်မှန်းထားတာတွေ အောင်မြင်မယ်၊ မအောင်မြင်ဘူး ဆိုတာတော့ မသိသေးပါဘူး။ ဒီကလေးတွေ တပြုံကြီးနဲ့ ပြန်ဖို့ဆိုတာ လက်ထဲမှာ ငွေမရှိသေးဘူးလေ” ဟု အမှိုက်ပုံသို့ ခြေလှမ်းပြင်နေရင်းက ပြောသည်။
နေကား ကျဲကျဲတောက် ပူနေသည်။ နောက်တကြိမ်လာမည့် အမှိုက်ကားကို သူတို့ ဆက်လက် စောင့်နေကြသည်။ ။