မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ဟောင်း တဦးကို မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်တွေ စတင် လုပ်ခွင့်ရ နေပြီဖြစ်တဲ့ တယ်လီနော လုပ်ငန်းစုကြီးရဲ့ ဒုတိယ ဥက္ကဋ္ဌ ရာထူး ပေးလိုက်တဲ့အတွက် နော်ဝေ နိုင်ငံရဲ့ ထိပ်တန်း သတင်းစာကြီးတွေက ဝေဖန်နေကြပါပြီ။
နော်ဝေနိုင်ငံဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အရေးကိစ္စတွေ အတွက် နှစ်ပေါင်းများစွာ ကူညီပေးခဲ့တဲ့ နိုင်ငံတွေထဲက အတက်ကြွဆုံး နိုင်ငံဖြစ်ခဲ့တာကြောင့် မို့လည်း အခုလို အဝေဖန် ခံနေရခြင်း ဖြစ်ပါတယ်။
နော်ဝေနိုင်ငံဟာ ကမ္ဘာကြီးကို ငြိမ်းချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ဆောင်ကျဉ်းလိုခဲ့တဲ့ စကေဗီ နေးဗီးယန်း နိုင်ငံတွေထဲက ရေနံနဲ့ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။
မြန်မာနိုင်ငံက အထင်ရှားဆုံး အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နော်ဝေနိုင်ငံ အခြေစိုက် နိုဗဲလ် ငြိမ်းချမ်းရေး ဆုရွေးချယ်ရေးအဖွဲ့က ၁၉၉၁ ခုနှစ်အတွက် နိုဗဲလ်ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခဲ့ပါတယ်။ ဒါ့အပြင် နယ်စပ်ဒေသတွေက ဒုက္ခသည်တွေနဲ့ မြန်မာနိုင်ငံက နိုင်ငံရေးတကကြွလှုပ်ရှားသူ တွေကို ခိုလှုံခွင့်ပေးပြီး ကာကွယ်စောင့်ရှောက် ကူညီတဲ့နေရာမှာ နော်ဝေနိုင်ငံက ရှေ့ဆုံးက ပါဝင်ခဲ့ပါတယ်။
ဒါပေမယ့် မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နော်ဝေနိုင်ငံကို သွားရောက်လည်ပတ်ပြီး ကတည်းက နော်ဝေအစိုးရဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီရပြီ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း မရှိတော့ဘူးလို့ ယူဆပုံ ရပါတယ်။
“နော်ဝေနိုင်ငံ သေးသေးလေးရဲ့ ရင်ဘတ်ထဲမှာ မြန်မာနိုင်ငံက အစဉ်ရှိပါတယ်” ဆိုတဲ့ စကားက တချိန်က မြန်မာ့ ဒီမို ကရေစီအရေးကို ကူညီခဲ့တဲ့ နော်ဝေနိုင်ငံက တက်ကြွစွာ ပြောခဲ့တဲ့ ထင်ရှားတဲ့ စကားဖြစ်ပေမယ့် အခုအချိန်မှာတော့ ဆန့်ကျင်ဘက် ဖြစ်ခဲ့ပါပြီ။ အရင်စစ်အစိုးရ ထိပ်သီးခေါင်းဆောင်တွေ ဖြစ်ခဲ့ပြီး အခု အရပ်ဝတ် ဝတ်ထားသူ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်နေတဲ့ မြန်မာ အစိုးရအပေါ် အားပေးထောက်ပံ့မှုနဲ့ နော်ဝေ အကျိုးစီးပွား အတွက် လုပ်ဆောင်နေမှုက ပိုနေပြီလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါပြီ။
တကယ်တော့ နော်ဝေအစိုးရဟာ မြန်မာနိုင်ငံမှာ တယ်လီနော အပါအဝင် စီးပွားရေး လုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံခွင့်ရဖို့ အတွက် ဦးသိန်းစိန်အစိုးရသစ် မတက်ခင် စစ်အစိုးရလက်ထက် ၂၀၀၉ ခုနှစ်ကတည်းက ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ အရေး၊ လူ့အခွင့်အရေး စတာတွေ အတွက် လုပ်ဆောင်ရင်း အကျိုးစီးပွားအတွက် လုပ်ဆောင်ခဲ့တဲ့ အတွက် သတင်းစာတွေက ဝေဖန်မယ်ဆိုရင်လည်း ဝေဖန်ချင်စရာ ဖြစ်ပါတယ်။
နော်ဝေနိုင်ငံရဲ့ တယ်လီနော ကုမ္ပဏီကြီးဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံပြီး ဆက်သွယ်ရေး ကွန်ရက်နဲ့ တယ်လီဖုန်း ဝန်ဆောင်မှု လုပ်ငန်းလုပ်ဖို့ မနှစ်က လေလံ အောင်ခဲ့ပါတယ်။ ဒါကြောင့် တယ်လီနော ကုမ္ပဏီဟာ တနှစ်ကို အမေရိကန် ဒေါ်လာ သန်း ၁ ထောင် ဝင်ငွေရနိုင်ပါတယ်။
ပြီးခဲ့တဲ့ လကပဲ တယ်လီနော လုပ်ငန်းစုကြီးရဲ့ ဒု ဥက္ကဋ္ဌ ရာထူးအတွက် မြန်မာနိုင်ငံဆိိုင်ရာ နော်ဝေ သံအမတ်ဟောင်း Katja Nordgaard ကို ခန့်အပ် တာဝန်ပေးလိုက်ချိန်မှာတော့ ဝေဖန်မှုတွေနဲ့ အတော် ပွဲဆူသွားပါတော့တယ်။
ဒီကိစ္စက နော်ဝေနိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအပေါ် မေးခွန်းထုတ်မှုတွေ အများကြီး ဖြစ်စေခဲ့ပါတယ်။
ဗြိတိန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေတဲ့ ဘားမား ကန်ပိန်း ယူကေရဲ့ ဒါရိုက်တာ မာ့ခ်ဖာမင်နာက တယ်လီနော ဒု ဥက္ကဋ္ဌအဖြစ် ခုန်ကူးသွားသူ နော်ဝေသံအမတ် Mrs. Nordgaard ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ရှိနေတာတောင် ဦးသိန်းစိန်အစိုးရကို ပွေ့ဖက်လက်ကမ်းတဲ့ အစိုးရတွေထဲ နော်ဝေ အစိုးရဟာ တခု အပါအဝင် ဖြစ်တယ်လို့ ဝေဖန်ပါတယ်။
“အခုဆို နော်ဝေနိုင်ငံရဲ့ လူ့အခွင့်အရေးကို ဦးစားပေး လုပ်ဆောင်တဲ့ မူဝါဒကို အဓိက ဖော်ဆောင်ရတဲ့ သံအမတ်တ ယောက်ဟာ အဖြစ်ကနေ မြန်မာအစိုးရ အဆင်ပြေစေဖို့ ငွေကြေး အကျိုးအမြတ်တွေရဖို့ အကျိုးဆောင်နေတာကို ကျ နော်တို့ မြင်နေရတယ်” လို့ မာ့ခ်ဖာမင်နာက ဧရာဝတီကို ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ နော်ဝေ သံအမတ်အဖြစ် တာဝန်ထမ်းဆောင်စဉ် Nordgaard ဟာ မြန်မာအစိုးရ တာဝန်ရှိသူ တွေနဲ့ တယ်လီနောကို ပထမဆုံး မိတ်ဆက်ပေးခဲ့သူပါ။
မြန်မာနိုင်ငံမှာ တယ်လီဖုန်းနဲ့ ဆက်သွယ်ရေး ကွန်ရက် လုပ်ငန်းတွေ နော်ဝေရဲ့ တယ်လီနော ကုမ္ပဏီက လုပ်ပိုင်ခွင့် ရဖို့ လေလံဆွဲခဲ့စဉ် တခြား ပြိုင်ဘက် ၈၉ ခုကို တယ်လီနောက အနိုင်ရဖို့ Nordgaard က အကူအညီပေးခဲ့တယ် ဆိုတဲ့ စွပ်စွဲမှုကိုတော့ သူက ငြင်းဆိုပါတယ်။
“လုပ်ပိုင်ခွင့် ကန်ထရိုက် အနိုင်ရဖို့ တယ်လီနောကို အကူအညီပေးတဲ့ ကဏ္ဍမှာ ကျမ မပါဝင်ခဲ့ပါဘူး။ ကျမက တယ်လီ နောကို မိတ်ဆက်ပေးတဲ့ ကူညီမှုပဲ လုပ်ခဲ့တာပါ။ ဒါကလည်း တခြား နော်ဝေ ကုမ္ပဏီတွေနဲ့ မြန်မာအစိုးရ တာဝန်ရှိသူ တွေကိုလည်း မိတ်ဆက်ပေးခဲ့တာပဲ။ ဒါကလည်း ဘယ်နိုင်ငံမှာမဆို သံအမတ်တိုင်းရဲ့ ပုံမှန် အလုပ်ဖြစ်သလို အရေး ကြီးတဲ့ အလုပ် တခုပါပဲ” လို့ Nordgaard က ဧရာဝတီကို အီးမေးလ်ကတဆင့် ရှင်းပြပါတယ်။
တယ်လီနော အနေနဲ့ မြန်မာနိုင်ငံမှာ လေလံ အောင် မြင်ရတာကလည်း ကုမ္ပဏီရဲ့ ဒေသတွင်း နိုင်ငံတွေမှာရထားတဲ့ အတွေ့ အကြုံတွေနဲ့ မြန်မာနိုင်ငံမှာ ရေရှည်ရင်းနှီးမြှုပ်နှံဖို့ ကိစ္စမှာ လေလံအောင်မြင်နိုင်တဲ့ စံချိန်စံညွှန်းတွေ ရှိနေလို့ပဲ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
Nordgaard ဟာ ၂၀၁၀ ပြည့်နှစ်ကနေ မနှစ် နိုဝင်ဘာလထိ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့သူဖြစ်ပြီး လက်ရှိမှာ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ သံအမတ်တာဝန်ကို ထမ်းဆောင်နေဆဲလည်း ဖြစ်ပါတယ်။
တယ်လီနော ကုမ္ပဏီ မြန်မာနိုင်ငံမှာ လုပ်ပိုင်ခွင့် လေလံ အောင်ခဲ့တာနဲ့ပတ်သက်လို့ တယ်လီနော ကုမ္ပဏီရဲ့ ပြော ခွင့်ရ Glenn Mandelid ကလည်း Nordgaard ပြောခဲ့သလိုပဲ ဧရာဝတီကို အီးမေးလ်က တဆင့် တုံ့ပြန် ပြောဆို ထားပါတယ်။
နော်ဝေ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောခွင့်ရသူ တဦးကတော့ Nordgaard ရဲ့ တယ်လီနော ဒုဥက္ကဋ္ဌ ရာထူးသစ် နဲ့ပတ်သက်ပြီး အကျိုးစီးပွား ပဋိပက္ခဖြစ်လာမှာ မဟုတ်ဘူးလို့ ဖြေကြားပါတယ်။
Nordgaard တယ်လီနော ဒုဥက္ကဋ္ဌ ဖြစ်လာပြီဆိုရင် မြန်မာအပါအဝင် စုစုပေါင်း ၁၃ နိုင်ငံမှာ လည်ပတ်နေတဲ့ တယ်လီနော ကုမ္ပဏီအတွက် လုပ်ကိုင် တာဝန်ယူရမှာပါ။ နော်ဝေနိုင်ငံခြားရေး ဝန်ကြီးဌာနက နုတ်ထွက်ပြီး လာမယ့် သြဂုတ်လက စတင်ကာ တယ်လီနော ဒုဥက္ကဋ္ဌ တာဝန် ယူရပြီဆိုရင်တော့ တချိန်က Nordgaard အဓိက တာဝန်ယူ လည်ပတ်နေတဲ့ နော်ဝေအစိုးရ ထောက်ပံ့ထားတဲ့ ငြိမ်းချမ်းရေး စီမံကိန်း ကိစ္စအတွက် ဆက်လုပ်နိုင်မယ့်ပုံ မပေါ်တော့ ပါဘူး။
ထိုင်း – မြန်မာ နယ်စပ်အခြေစိုက် အဖွဲ့အစည်းတွေနဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတွက် မြန်မာ့ ငြိမ်းချမ်းရေး ပဏာမ ထောက်ပံ့ကူညီရေး (Myanmar Peace Support Initiative -MPSI) စီမံကိန်းကို နော်ဝေ အစိုးရက ရံပုံငွေ အမေရိကန် ဒေါ်လာ ၂ သန်းထက်မနည်း ထောက်ပံ့ပေးထားပြီး ကမ္ဘာပေါ်မှာ အရှည်ကြာဆုံးဖြစ်တဲ့ မြန်မာပြည်က ပြည်တွင်းစစ် ချုပ်ငြိမ်းစေဖို့အတွက် ဖြစ်ပါတယ်။
ဒါကြောင့် သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း ၂၀၁၂ ခုနှစ်က စပြီး မတူကွဲပြားတဲ့ အုပ်စုတွေအကြား ယုံကြည်မှု တည်ဆောက်ရေးအတွက် MPSI က စပြီး အကောင်အထည် ဖော်ခဲ့ပါတယ်။
တဘက်မှာလည်း မြန်မာအစိုးရနဲ့ အလွန်နီးကပ်တဲ့ လူတွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်တွေက တဆင့် ငြိမ်းချမ်းရေးကို ငွေနဲ့ ဝယ်ယူဖို့ ကြိုးစားနေတဲ့ စီမံကိန်းကို MPSI က ထောက်ပံ့ နေတယ်လို့ တိုင်းရင်းသား ခေါင်းဆောင် တချို့ကလည်း ဝေဖန်နေပါတယ်။
Nordgaard ဟာ နော်ဝေသံအမတ်ကနေ တယ်လီနော ဒုဥက္ကဋ္ဌအဖြစ် ကူးပြောင်းသွားသလို နော်ဝေ ဒု နိုင်ငံခြားရေး ဝန်ကြီး Mr. Torgeir Larsen ကလည်း မြန်မာ့ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့ လုပ်ပိုင်ခွင့် ရသွားခဲ့တဲ့ နော်ဝေ နိုင်ငံပိုင် Statoil ရေနံကုမ္ပဏီမှာ နိုင်ငံတကာ အစိုးရတွေနဲ့ ဆက်ဆံရေး၊ လူထုဆက်ဆံရေး ကိစ္စတွေနဲ့ပတ်သက်ပြီး အကြံပေး ပုဂ္ဂိုလ်အဖြစ် မနှစ် စက်တင်ဘာလက ပြောင်းရွှေ့သွားခဲ့ ပါသေးတယ်။
Larsen တာဝန် ထမ်းဆောင်စဉ်တုန်းက မြန်မာနိုင်ငံကို အကြိမ်ကြိမ် သွားရောက်ခဲ့ကာ ပြီးခဲ့တဲ့ မေလက ခရီးစဉ် အတွင်း ကရင်ပြည်နယ်မှာ နော်ဝေ အစိုးရထောက်ပံ့ပေးတဲ့ စီမံကိန်းကြောင့် ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည် ကရင် ရွာသားတချို့ မှတ်ပုံတင်ရခဲ့တာကိုလည်း သူက မြင်ခဲ့ရတယ်လို့ သိရပါတယ်။
သူဟာ နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ထမ်းဆောင်စဉ်တုန်းက မြန်မာနိုင်ငံဆိုင်ရာ နော်ဝေ သံအမတ် Nordgaard နဲ့ အတူ မြန်မာနိုင်ငံမှာ နော်ဝေရဲ့ Statoil ကုမ္ပဏီကို ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ပိုင်ခွင့် ရဖို့ တက် တက် ကြွကြွနဲ့ လုပ်ဆောင်ခဲ့ပါတယ်။
အဲဒီတုန်းက အဂတိလိုက်စားမှု ကိစ္စမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ စွမ်းအင်ဝန်ကြီးဌာနက ဝန်ကြီး ဦးသန်းဌေး အပါအဝင် အရာရှိတွေနဲ့ အစည်းအဝေးတွေမှာ နော်ဝေရဲ့ Statoil လုပ်ကွက်ရရေး သူတို့ရဲ့ အလေးပေး ပြောဆိုမှုတွေက အောင်မြင်သွားခဲ့ပါတယ်။
ဒါကြောင့် Statoil ဟာ မြန်မာနိုင်ငံ ကမ်းလွန်ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့လုပ်ကွက် AD-10 မှာ စတုရန်းကီလိုမီတာ ၉၀၀၀ ရှိတဲ့ လုပ်ကွက်ရဲ့ ၆၇ ရာခိုင်နှုန်းကို အမေရိကန် ConocoPhilips နဲ့ ဖက်စပ်လုပ်ပိုင်ခွင့် ရခဲ့ပါတယ်။
Statoil ပြောခွင့်ရသူကတော့ Larsen ဟာ မြန်မာနိုင်ငံ အစိုးရတာဝန်ရှိသူတွေနဲ့ ဆက်သွယ်ရေး ကိစ္စမှာ ပါဝင် ပတ်သက်မှု မရှိဘူးလို့ ငြင်းဆိုထားပါတယ်။
ပြောရရင် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေ သံအမတ်ဟောင်းနဲ့ နော်ဝေ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး တို့ဟာ မြန်မာအစိုးရရဲ့ စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာ ကောင်းကွက်တွေကိုပဲ နိုင်ငံတကာကို ဖြန့်ချိပေးနေပြီး တချိန်က နော်ဝေနိုင်ငံရဲ့ အလွန် တန်ဘိုးထားရတဲ့ လူ့အခွင့်အရေးကိစ္စတွေနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေအတွက် ဦးစား မပေးကြတော့ဘဲ နော်ဝေကုမ္ပဏီတွေရဲ့ အကျိုးစီးပွားကိုသာ ရှေ့တန်းတင်နေကြသူတွေလို့ နော်ဝေ ထိပ်တန်း သတင်းစာတွေက ရေးသားနေကြပါပြီ။
ငြိမ်းချမ်းရေး အကျိုးဆောင် မြန်မာငြိမ်းချမ်းရေး စင်တာ MPC ကိုလည်း နော်ဝေနိုင်ငံက အဓိက ရံပုံငွေ ထောက်ပံ့နေ ဆဲဖြစ်ပြီး ဒါဟာ ငြိမ်းချမ်းရေးကို ငွေနဲ့ ဝယ်ယူဖို့ ကြိုးစားနေတာဖြစ်ကာ မြန်မာနိုင်ငံက အငြင်းပွားမှုတွေနဲ့ ပြည့်နှက်နေ တဲ့ သန်းခေါင်စာရင်း ကောက်ယူမှုကိစ္စကိုလည်း ဆက်လက် ထောက်ပံ့နေတယ်လို့ ဝေဖန်သူတွေက ထောက်ပြနေဆဲ ပါ။
ဒါကြောင့်လည်း နော်ဝေအစိုးရဟာ ကမ္ဘာကြီး ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီ အရေး ဆိုတာတွေနဲ့အတူ တွဲပြီး သူတို့ အကျိုးစီးပွားအတွက် လုပ်ဆောင်နေကြတာလား ဆိုတာကို အပြင်းအထန် ဝေဖန်ခံနေကြရတာ ဖြစ်ပါတယ်။
ဧရာဝတီ မြန်မာပိုင်း သတင်းထောက် လင်းသန့်နှင့် အင်္ဂလိပ်ပိုင်း သတင်းထောက် ဆီးမတ်စ် မားတော့ဗ် ပူးတွဲ ရေးသားသည်။