ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်တွင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)က မြန်မာနိုင်ငံအပေါ် ကြားဖြတ်အစီအမံ ၄ ချက် ချမှတ်ခဲ့ရာ ၄ လအတွင်း မြန်မာအစိုးရဘက်က ဆောင်ရွက်မှုများကို ICJ သို့ ပြန်လည် အစီရင်ခံရမည်ဆိုသည့် အချက်လည်း ပါဝင်နေပြီး သတ်မှတ်ကာလမှာ လာမည့် မေလ ၂၃ ရက်တွင် ပြည့်မည် ဖြစ်သည်။
အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အသင်းဝင်နိုင်ငံများက ကျားကန်ပေးထားသော ဂမ်ဘီယာ နိုင်ငံက မြန်မာနိုင်ငံအား ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်ဆလင်များကို လူမျိုးတုန်း သတ်ဖြတ်သည်ဟု စွပ်စွဲပြီး ကြားဖြတ်အစီအမံများ (Provisional Measure) ချမှတ်ပေးရန် လျှောက်ထားမှုအပေါ် ကုလသမဂ္ဂ၏ အမြင့်ဆုံး တရား ရုံးဖြစ်သည့် ICJ က ထိုကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ICJ သို့ တင်သွင်းရမည့် လေးလပတ် အစီရင်ခံစာကို အချိန်မီတင်သွင်းရန် ပြင်ဆင်နေပြီး သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက မီဒီယာများအား ဖြေ ကြားထားသော်လည်း အသေးစိတ် အချက်အလက်များကိုမူ ထုတ်ဖော်ပြောဆိုထားခြင်း မရှိပါ။
သို့သော် နိုင်ငံတကာ ဖိအားလျော့ကျစေရန် ရည်ရွယ်သည့် လုပ်ဆောင်ချက်တချို့ကို တွေ့မြင်ရပြီး ထိုအချက်အလက် များကိုပင် အစီရင်ခံစာ၌ ထည့်သွင်းတင်ပြနိုင်ဖွယ်ရှိကြောင်း မြန်မာ့အရေးလေ့လာနေသူများက သုံးသပ်သည်။
ပြည်မသို့ တရားမဝင် ဝင်ရောက်လာသည်ဆိုကာ တရားစွဲဆို ဖမ်းဆီး ထောင်ချထားသည့် နိုင်ငံသား အထောက်အ ထားမဲ့ ရခိုင်ပြည်မြောက်ပိုင်းနေ မွတ်ဆလင်များအား ပြန်လွှတ်ပေးခြင်း၊ အင်တာနက် ဖြတ်တောက်ခံထားရသည့် ဒေ သများအနက် မောင်တောဒေသကို ပြန်လည်ဖွင့်ပေးခြင်း၊ အမုန်းစကား ပြန့်ပွားမှုမရှိစေရေး တားဆီးရန် စီမံဆောင် ရွက်ခြင်း စသည်တို့ကို ထောက်ပြကြသည်။
“ဒီလိုဟာမျိုးတွေကိုပဲ ပြပြီး လုပ်နိုင်သမျှ လုပ်ပါတယ်ဆိုတဲ့ ပုံစံမျိုးလောက်ပဲ သွားမယ့် အခြေအနေမျိုး ရှိတယ်။ ဒါပေ မယ့် ကြားဖြတ်အစီအမံမှာ ဖော်ပြထားသလို လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်နိုင်တဲ့အရာတွေကို မကျူးလွန်ဖို့နဲ့ ဒါတွေကို ကာကွယ်ပေးဖို့ အဲဒီအပိုင်းနဲ့ ပတ်သက်လို့တော့ အစိုးရလုပ်ဆောင်ချက်ကို သေချာမပြနိုင်ဘူး” ဟု လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ Equality Myanmar ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက သုံးသပ်သည်။
ICJ က မြန်မာအစိုးရ လိုက်နာရန် ချမှတ်ထားသည့် လူမျိုးတုန်းသတ်ဖြတ်မှု မဖြစ်လာစေရေး အစီအမံများ ချမှတ် ဆောင်ရွက်သွားရန်၊ မြန်မာစစ်တပ် အပါအဝင် တခြားလက်နက်ကိုင် တပ်ဖွဲ့များက လူမျိုးတုန်းသတ်ဖြတ်မှု မကျူး လွန်စေရေး ကြီးကြပ်ပေးရန်နှင့် လူမျိုးတုန်းသတ်ဖြတ်ခြင်း ကျူးလွန်မှုများမှ သက်သေ အထောက်အထားများကို မဖျက်ဆီးရန် ဟူသည့် အချက် ၃ ချက်ကို ၎င်းက ရည်ရွယ်ပြောဆိုခြင်း ဖြစ်သည်။
နိုင်ငံတကာ လူ့အခွင့်အရေး ရှေ့နေလည်းဖြစ်၊ ဥပဒေ အထောက်အကူပြုကွန်ရက် (Legal Aid Network) တည်ထောင်သူလည်း ဖြစ်သည့် ဦးအောင်ထူးကလည်း မြန်မာအစိုးရသည် ICJ ၏ ကြားဖြတ်အမိန့်များကို လိုက်နာဆောင်ရွက်သည့် သဘောမျိုး မတွေ့ရကြောင်း သုံးသပ်ပြောဆိုသည်။
မြန်မာအစိုးရအနေဖြင့် Genocide Convention ကို အခြေခံပြီး ပြည်တွင်း၌ ဥပဒေတခု ပြဌာန်းရမည်ဖြစ်သော်လည်း ယနေ့ချိန်ထိ ပြဌာန်းရန် ကြိုးစားမှု မရှိခြင်း၊ အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး (institutional reform) ဆိုင်ရာ လုပ်ဆောင်မှု တခုမျှ မတွေ့ရခြင်း၊ အပြစ်ကျူးလွန်သူများကို အရေးယူဆောင်ရွက်ခြင်းမျိုး မတွေ့ရခြင်း စသည့် အချက် လက်များဖြင့် ၎င်းက ထောက်ပြသည်။
ICJ က အမိန့်ချမှတ်အပြီး ၂ လကျော်အကြာမှာတော့ အစိုးရဘက်က လူမျိုးပြုန်းစေမှုကို တားဆီးရေးနှင့် ပြစ်ဒဏ် ပေးရေး နိုင်ငံတကာ သဘောတူစာချုပ် (Genocide Convention) ကို လိုက်နာရန် ဟူသည့် ညွှန်ကြားချက် (အမှတ် ၁/၂၀၂၀) တစောင်ကို ဧပြီ ၈ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းမျိုး ရှိသည်။
အဆိုပါ ညွှန်ကြားချက်တွင် Genocide Convention ကို အတည်ပြု လက်မှတ်ထိုးထားသည့် မြန်မာနိုင်ငံ အနေဖြင့် ယင်းစာချုပ်ပါ အချက်များကို လေးစားလိုက်နာ ဆောင်ရွက်လျက်ရှိသည်ဟုလည်း ဖော်ပြထားသည်။
ထို့အတူ ပြည်ထောင်စုဝန်ကြီးဌာန၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များကလည်း ၎င်းတို့လက်အောက်ရှိ ဝန် ထမ်း၊ အရာရှိ၊ စစ်မှုထမ်း၊ တခြားလုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ အနေဖြင့် Genocide Convention ၏ အပိုဒ် ၂/၃ ပြဌာန်းချက်များပါ ပြစ်မှုများ ကျူးလွန်ခြင်း မပြုစေရန် စီမံဆောင်ရွက်ရမည်ဟု ညွှန်ကြားထားသည်။
အပိုဒ် ၂ ပါ ပြဌာန်းချက်များကို ကျူးလွန်ခြင်း၊ ကျူးလွန်ရန်အားထုတ်ခြင်း၊ ကြိုတင်ကြံစည်ခြင်း၊ အားပေး လှုံ့ဆော်ခြင်း၊ ပူးပေါင်းကျူးလွန်ခြင်းတို့နှင့် ပတ်သက်သည့် ခိုင်လုံသော သတင်းရရှိပါက နိုင်ငံတော်သမ္မတရုံးကို တင်ပြရန်နှင့် စီမံဆောင်ရွက်မှု၊ တိုးတက်မှု အခြေအနေတို့ကိုလည်း သုံးလတကြိမ် အစီရင်ခံစာ တင်ပြရန် ပါရှိသည်။
ထို့အပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ သက်သေအထောက်အထားနှင့် ပစ္စည်းများကို ထိန်းသိမ်းထားရှိရန် အတွက် သီးခြား ညွှန်ကြားချက် (အမှတ် ၂/၂၀၂၀) တစောင်ကိုလည်း ထို့နေ့၌ပင် ထပ်မံထုတ်ပြန်ခဲ့သည်။
ယင်းသို့ အစိုးရ၏ ဆောင်ရွက်နေမှုများအပေါ် ကြိုဆိုသော်လည်း မြေပြင်လက်တွေ့ အခြေအနေကို ပြန်ကြည့်သည့် အခါ အထက်က ညွှန်ကြားချက်များနှင့် မကိုက်ညီသည့်ဖြစ်ရပ်များကို တွေ့နေရကြောင်း ကိုဖီအာနန်ကော်မရှင် အဖွဲ့ ဝင် တဦးဖြစ်ခဲ့သူ ဦးအေးလွင်က မှတ်ချက်ပြုသည်။
“ကြိုဆိုပါတယ်။ သို့သော်လည်း နောက်နောင် မဖြစ်ဖို့ကိစ္စတွေရယ်၊ ကျူးလွန်ခြင်းခံရတဲ့ victims တွေ အတွက် ဘာတွေများ ဖြေသာအောင်လုပ်ပေးမလဲ စတဲ့ ကိစ္စရပ်လေးတွေက လက်တွေ့ မြေပြင်မှာ လုပ်ပြဖို့ လိုအပ် ပါတယ်” ဟု ၎င်းက ဆိုသည်။
နိုင်ငံသားဖြစ်မှုကိစ္စတွင် ၁၉၈၂ နိုင်ငံသားဥပဒေပါ ပြဌာန်းချက်များနှင့် ညီပါလျက် ထိုအရာများကို ဆန့်ကျင်ကာ အထောက်အထား ရှိသူများကိုလည်း ဧည့်သည်နိုင်ငံသား၊ ပြုနိုင်ငံသားများ ယခုထက်ထိတိုင် ပေးနေသည့် ကိစ္စ နှင့် ပတ်သက်၍ ၎င်းက ဥပမာပေး ပြောပြသည်။
မြန်မာအစိုးရအနေဖြင့် နိုင်ငံသားစိစစ်ခံယူမည့်သူ၏ သက်သေခံကတ်ပြား (NVC) များ ထုတ်ပေးနေခြင်းနှင့် ယင်း ၏ အကျိုးဆက်များအပေါ် ပြန်လည်သုံးသပ် အကဲဖြတ်ရန် ပြီးခဲ့သည့် ဇန်နဝါရီလ တတိယပတ်အတွင်းက ထုတ်ပြန်ခဲ့ သည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE)၏ အပြီးသတ် အစီရင်ခံစာတွင် အကြံပြုထားသည်။
အကျိုးသက်ရောက်မှုရှိသည့် အကောင် အထည်ဖော် ဆောင်ရွက်ခြင်းများဖြစ်ရန် လိုအပ်သကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်ရာ၌လည်း ဝန်ကြီးဌာန အသီးသီးအကြား ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်ဟုလည်း ထည့် သွင်းဖော်ပြထားသည်။
ဦးအေးလွင်က “အထက်ကပြောတာ တမျိုးဖြစ်ပြီး အောက်ခြေမှာ ဖြစ်နေတာ တမျိုးဖြစ်နေတယ်။ တမင် တကာတောင် အစိုးရ ချောက်ကျအောင် လုပ်နေသလားလို့ တခါ ကျနော်ပြောဖူးတယ်။ ကျနော်ထင်တာတော့ စိုက်တဲ့အဖွဲ့က တဖွဲ့၊ ခုတ်တဲ့အဖွဲ့က တဖွဲ့ဆိုပြီး အချိတ်အဆက်မမိဘဲ ဖြစ်နေတဲ့ပုံစံလို့ မြင်တယ်” ဟု ဆိုသည်။
ICOE ၏ တွေ့ရှိချက်များတွင် နိုင်ငံတကာက စွပ်စွဲနေသကဲ့သို့ လူမျိုးတုန်း သတ်ဖြတ်မှုမျိုးကို မကျူးလွန်ခဲ့ဟု ဆိုသော်လည်း တပ်မတော်သည် အရပ်သားများအား သတ်ဖြတ်ခြင်း၊ အင်အားမမျှမတ သုံးစွဲခြင်း၊ လုယက်မှု ကျူးလွန်ခြင်း၊ မြို့နယ် ၃ ခုတွင် နေအိမ်များကို ဖျက်ဆီးခဲ့သည်ဟု ဖော်ပြထားသည်။
ယင်းအချက်လက်များ ပါဝင်သည့် ICOE ၏ အပြီးသတ် အစီရင်ခံစာနှင့် နောက်ဆက်တွဲ(၃၀)တို့ကို အပြည့်အစုံ လက်ခံရရှိခဲ့ပြီး အစီရင်ခံစာပါ ဖြစ်ရပ်များအနက် ဂူတာပြင်၊ မောင်နုနှင့် ချွတ်ပြင် ကျေးရွာ ဖြစ်စဉ်တို့အား စစ်တရားရုံး၊ စုံစမ်းစစ်ဆေးရေးခုံရုံးတို့ဖြင့် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က မတ်လ ၂၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ယခုအခါ ဂူတာပြင်ကျေးရွာဖြစ်စဉ်နှင့် ပတ်သက်၍ စစ်တရားရုံးသည် သက်သေစုံလင်စွာဖြင့် စစ်ဆေးမှုများ ပြုလုပ် ခဲ့ရာ ၂၀၂၀ ဧပြီ ၃၀ ရက်တွင် စစ်ဆေးမှု ပြီးစီးခဲ့ပြီဖြစ်ပြီး စစ်တရားရုံး၏ စစ်ဆေး စီရင်မှုများအား သက်ဆိုင်ရာ အ တည်ပြုအာဏာပိုင်၏ ပြစ်ဒဏ်အတည်ပြုချက်ရရှိပါက ဆက်လက် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း မေလ ၈ ရက်နေ့တွင် ထပ်မံ သတင်းထုတ်ပြန်ထားသည်။
ထို့ပြင် မောင်နုကျေးရွာ၊ ချွတ်ပြင်ကျေးရွာ ဖြစ်စဉ်များကို စုံစမ်းစစ်ဆေးရေးခုံရုံးဖြင့် စစ်ဆေး ဆောင်ရွက် မှုများ ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း စစ်ဥပဒေချုပ်ရုံးမှ သတင်းရရှိသည်ဟုလည်း ထည့်သွင်းဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကလည်း ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာ၌ မွတ်ဆလင် ၁၀ ဦး သတ်ဖြတ် ခံရမှုအတွက် တာဝန်ရှိသူ တပ်မတော်အရာရှိ ၄ ဦး၊ စစ်သည် ၃ ဦးကို အပြစ်ရှိကြောင်း ဆုံးဖြတ်၍ ထောင်ဒဏ် ၁၀ နှစ် အထိ စစ်တရားရုံးက ချမှတ်ခဲ့သော်လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမိန့်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။
ထိုသို့ ပြန်လွှတ်ပေးသည့် ကိစ္စရပ်ကို အစိုးရဘက်သို့ အကြောင်းကြားခဲ့ခြင်း မရှိသလို ထိုဖြစ်ရပ်အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ဝေဖန်ခဲ့သည်။
ထိုသို့သော ဥပမာကြောင့် ပြည်တွင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းရှိ လေ့လာစောင့်ကြည့်နေသူများက တပ်မတော်၏ စုံစမ်းစစ်ဆေး အရေးယူမှုများ ဆောင်ရွက်နေသည့်အပေါ် ယုံကြည်မှု အားနည်းလျက်ရှိပြီး တကယ် ထိရောက်သည့် အရေးယူမှု ဖြစ်ရေးအတွက်လည်း တိုက်တွန်းလျက်ရှိသည်။
ဦးအောင်ထူး က “စစ်ခုံရုံးနဲ့ ဖွဲ့စစ်တာဟာ အမိန့်ပေးတဲ့ ထိပ်ပိုင်းက စစ်ခေါင်းဆောင်တွေကို အရေးမယူနိုင်သလို စစ်ခုံရုံးတွေရဲ့ ဖွဲ့စည်း လည်ပတ်မှုဟာလည်း အမိန့်ပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေအောက်မှာ ရှိတဲ့အတွက် စစ်ခုံရုံးဖွဲ့ အရေးယူတယ်ဆိုတာ တ ကယ်တော့ အဓိပ္ပာယ်ရှိတဲ့ အလုပ်မဟုတ်ဘူး။ ဒီအလုပ်ကိုတောင် မလုပ်ပြနိုင်ဘူးဆိုတာက အခြေအနေ တော်တော် ဆိုးသွားပြီလို့ ပြောရမှာ ဖြစ်တယ်” ဟု မှတ်ချက်ပြုသည်။
ဆက်လက်၍ ၎င်းက အရပ်ဖက် လူထုတရားစီရင်ရေးသည် လွတ်လပ်ပြီး ဘက်မလိုက်သော၊ ထက်မြက်သော၊ လို အပ်သည့် အရင်းအမြစ်များ ဖြည့်ဆည်းပေးခံထားရသော အနေအထား ပေါ်ပေါက်လာသည့်အခါ စစ်ခုံရုံးများသည် အရပ်ဖက်တရားရုံးများ၏ ကြီးကြပ်မှုအောက်တွင် လည်ပတ်ရသည်မှာ နိုင်ငံတကာရှိ ဒီမိုကရေစီနိုင်ငံကြီးများ၌ ကျင့် သုံးသည့်စနစ်ဖြစ်ကြောင်း ရှင်းပြသည်။
ဦးအောင်ထူးက “ဒီကတရားစီရင်ရေးက လုံးဝ အားနည်းနေတယ်။ စစ်တပ်ကို မကျော်နိုင်ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ စစ်တပ်က သီးခြားဖြစ်နေတယ်။ ဒီအခြေခံတွေကို ပြန်လည်ပြုပြင်ပြီး အားကောင်းတဲ့ လူထုတရားစီရင်ရေး တရပ် ပေါ်လာတော့မှ စစ်ခုံရုံးတွေဟာ သူ့ကြီးကြပ်မှုအောက်မှာ လည်ပတ်တဲ့အခါကျမှသာ အဓိပ္ပာယ်ရှိတဲ့ တရားမျှတ မှုတွေ ပေါ်လာနိုင်ပါမယ်” ဟုလည်း ဆိုသည်။
၂၀၁၇ တွင် အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) က ရခိုင်ပြည်နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ် စပ်အနီး မြန်မာလုံခြုံရေးစခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ငန်း စဉ်များ ပြန်လည်ဆောင်ရွက်ရာတွင် ဒုက္ခသည် ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးသွားခဲ့ပြီးနောက် နိုင်ငံ တကာက မြန်မာကို ဖိအားပေးလျက်ရှိသည်။
ထွက်ပြေးသွားသော မွတ်ဆလင် ဒုက္ခသည်များ နေရပ်ပြန်လာရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အကြား ၂၀၁၇ နိုဝင်ဘာ ၂၇ ရက်၌ စတင် လက်မှတ်ရေးထိုးကာ ဆောင်ရွက်လျက် ရှိသော်လည်း ယနေ့ အချိန်ထိ နှစ်နိုင်ငံသဘောတူညီမှုဖြင့် ပြန်လည်ဝင်ရောက်လာသူ မရှိသေးပေ။
ထို့ပြင် COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်တားဆီးရေးအတွက် ၂ နိုင်ငံ နယ်စပ်ဂိတ်များမှ တဆင့် လူဝင်၊ လူထွက် ပြုလုပ်မှုများကို ဧပြီ ၁၃ ရက်မှ စတင်ကာ ယာယီပိတ်ထားရကြောင်း သိရသည်။
သို့သော် နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးနှင့် ဒေသတွင်း ဖွံ့ဖြိုးရေးစီမံချက်များ ပူးပေါင်း ဆောင်ရွက် ရန် ဟုဆိုကာ အစိုးရနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP)နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ(UNHCR) တို့အကြား ၁ နှစ်သက်တမ်းတိုး နာလည်မှုစာချွန်လွှာကို မေ ၁၁ ရက်က နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့သည်။
တပ်မတော်က စစ်ခုံတရားရုံးဖြင့် စစ်ဆေးဆောင်ရွက်နေမှုများ အပါအဝင် အထက်ဖော်ပြပါ အခြေအနေများကို လည်း အစီရင်ခံစာ၌ ထည့်သွင်းတင်ပြနိုင်သည်ဟူသော သုံးသပ်မှုများလည်း ရှိသည်။
မြန်မာ့ဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) ပြင်ပဆက်ဆံ ဆက်သွယ်ရေးဌာန ဒါရိုက်တာ ဦးအောင်သူငြိမ်းက “UEHRD (ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းကော်မတီ)မှာ ကြည့်တော့ အခြေအနေတွေက သိပ်တော့လည်း ထူးထူး ခြားခြားမရှိလှသလိုပဲ” ဟု မှတ်ချက်ပြုသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်စစ်တပ် (AA)တို့အကြား တိုက်ပွဲများ ပိုမို ပြင်းထန်လာသည့် အနေအထားက လည်း တချို့ကိစ္စများ အကောင်အထည်ဖော်ရေး ခက်ခဲနိုင်ရာ ထိုစစ်ပွဲများ၏ အရှိန်အဟုန်ကို လျှော့ချရန် လိုမည်ဟု လည်း ၎င်းက အကြံပြုသည်။
ထိုစစ်ပွဲများ၏ အကျိုးဆက်ကြောင့် ဒေသခံ အရပ်သား ရာချီ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရမှု၊ ဖမ်းဆီးခံရမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ဖြစ်ပေါ်လျက်ရှိသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပဲ သင်္ဘောတစီးပေါ်၌ တပ်မတော်သားများက အရပ်ဝတ်ဖြင့် ရခိုင်အမျိုးသား ၅ ဦးကို ကြိုးတုပ်ရိုက်နှက်နေသည့် ရုပ်သံမှတ်တမ်းတခု လူမှုကွန်ရက်တွင် ပေါ်ထွက်လာခဲ့သည်။
အဆိုပါဖြစ်ရပ်ကို တပ်မတော်က စိစစ်ခဲ့ရာ မှန်ကန်ကြောင်း အတည်ပြု ဝန်ခံခဲ့သလို ပါဝင်ခဲ့သူများကိုလည်း အရေး ယူမည်ဟု တပ်မတော်မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မီဒီယာများသို့ ပြောဆိုခဲ့သည်။
ICJ သို့ အစီရင်ခံစာတင်ရန် ရက်ပိုင်းအလိုတွင် ပေါ်ထွက်လာခဲ့သည့် အဆိုပါ ရုပ်သံမှတ်တမ်းက မြန်မာနိုင်ငံ၌ လူ့ အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသေးသည်ကို မီးမောင်းထိုးပြနေသည်။
ထိုသို့ သက်သေအထောက်အထား ခိုင်လုံစွာဖြင့် ပေါ်ထွက်လာသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက် ၍ အစိုးရအနေဖြင့် မသိပါဘူးဟု ငြင်း၍မရဘဲ ဖြေရှင်းရန်အတွက်သာ ပြင်ဆင်ရမည်ဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှု မှန်သမျှ တချိန်တွင် သက်သေများ ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း ဦးအောင်မျိုးမင်းက ပြောဆိုသည်။
၎င်းက “အခုအချိန်ထိ ပိုင်ရှင်မဲ့ဖြစ်သော လက်နက်ကြီး၊ သတ်ဖြတ်မှု၊ အလောင်း စသဖြင့် ပိုင်ရှင်မဲ့တွေ အရမ်းခေတ်စား နေ တယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထိရောက်မှန်ကန်စွာ အရေးယူနိုင် မယ့် တရားစီရင်ရေး ယန္တရားမရှိဘူးဆိုတဲ့ ထောက်ပြချက်က ပိုပြီးခိုင်လုံသွားမယ်။ ဒါ စိန်ခေါ်မှု အကြီးဆုံးပါပဲ” ဟုလည်း ထောက်ပြသည်။
မြန်မာအစိုးရ တင်မည့် အစီရင်ခံစာသည် ကိုယ့်ဘက်က တကယ်တမ်း ဖြစ်ပျက်နေသည့် အကြောင်းအရာများ နှင့် ပတ်သက်၍ နိုင်ငံရေး စိတ်ဓာတ်၊ လူ့အခွင့်အရေး လေးစားသည့် သီလသမာဓိ အရ မည်မျှထိ လုပ်ဆောင် ထားသည်ကို မှတ်ကျောက်တင်ခြင်းဖြစ်ရာ ကိုယ်လုပ်နိုင်လျှင် လုပ်နိုင်သလောက် ယခင်တုန်းက ယူဆထားချက်များ၊ တချို့လွဲမှားချက်များကို ပြန်လည် ထောက်ပြနိုင်မည်ဖြစ်သည်။
ထိုသို့မဟုတ်ဘဲ ထုံစံအတိုင်း “မဟုတ်ပါဘူး၊ မလုပ်ပါဘူး” ဆိုသည့် ငြင်းဆန်မှုများ၊ အဖြစ်အမှန်အတိုင်း တင်ပြခြင်း မရှိဘဲ မခိုင်လုံသည့် အချက်များဖြင့် ထပ်မံတုန့်ပြန်နေအုံးမည် ဆိုပါက တိုင်းပြည်အတွက် အကျိုးမရှိသလို နိုင်ငံတကာ၏ ဖိအားများ ထပ်မံရရှိနိုင်ကြောင်း၊ နောက်ထပ် ရင်ဆိုင်ကြုံတွေ့ရမည့်၊ အဆုံးအဖြတ်ပေးမည့် အပိုင်း၌လည်း အလား အလာ သိပ်မကောင်းနိုင်ကြောင်း သတိပေးမှုများလည်း ရှိသည်။
“မျက်စိမှိတ် တောက်လျှောက်ငြင်းပြီးတော့ တခြား အဖွဲ့အစည်းတွေကိုပဲ အပြစ်ပုံချမယ့် သဘောဆိုရင် ဒီအစီရင်ခံစာက စက္ကူစုတ်တရွက်လောက်ပဲ တန်ဖိုးရှိမယ်” ဟု ဦးအောင်ထူးက မှတ်ချက်ပြုသည်။ ။
ဆက်စပ်ဖတ်ရှုရန်-
ရခိုင်မြောက်ပိုင်းတွင် အစိုးရနှင့် ကုလအဖွဲ့များ ပူးပေါင်းဆောင်ရွက်ရေး သက်တမ်းတိုး
ICJ မှာ အစီရင်ခံစာတင်ဖို့ မြန်မာအစိုးရ အဆင်သင့်ဖြစ်ပြီလား