နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးနှင့် ဒေသတွင်း ဖွံ့ဖြိုးရေးစီမံချက်များ ပူးပေါင်းဆောင်ရွက်ရန် အစိုးရနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) တို့အကြား တနှစ်သက်တမ်းတိုး နားလည်မှုစာချွန်လွှာအား မေလ ၁၁ ရက်နေ့က နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့သည်။
နားလည်မှုစာချွန်လွှာအရ ပြန်လည်လက်ခံရေးလုပ်ငန်းများ အထောက်အကူပြုရေးနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်များတွင်မြေပြင်ကွင်းဆင်းလေ့လာမှုများနှင့် ဖွံ့ဖြိုးရေးစီမံချက်များကို ၂၀၂၀ ခုနှစ် ဇွန်လ ၆ ရက်နေ့မှ ၂၀၂၁ ခုနှစ် ဇွန်လ ၅ ရက်နေ့အထိ တနှစ်တာ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ နှစ်နှစ်တာ ပူးပေါင်းဆောင်ရွက်ခဲ့ရာတွင်လည်း မြေပြင်ကွင်းဆင်းလေ့လာမှု ၇ ကြိမ်နှင့် လက်ငင်းအကျိုးသက်ရောက်စေမည့် လုပ်ငန်းစီမံကိန်း ၄၅ ခုအား အစိုးရကခွင့်ပြုပေးခဲ့ပြီး ပြောင်းလဲလာသည့် အခြေအနေများအပေါ်မူတည်ကာ ပိုမိုအကျိုးရှိမည့် လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဆွေက အဆိုပါ အခမ်းအနားတွင် ပြောကြားထား သည်။
လက်ရှိတွင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်နေ့တွင် စတင်လက်မှတ်ရေးထိုးကာ ဆောင်ရွက်လျှက်ရှိသော်လည်း ယနေ့အထိ နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် ပြန်လည်ဝင်ရောက်သူမရှိသေးကြောင်း မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောသည်။
ဦးစိုးအောင်က “နှစ်နိုင်ငံသဘောတူညီမှုနဲ့ လွှဲပြောင်းတာက တခါမှမလုပ်ရသေးဘူး၊ တဦးမှမရှိသေးဘူး။ ကိုယ်တိုင် ပြန်လာချင်တယ်ဆိုပြီး လျှောက်ထားပြီး ပြန်လာတဲ့သူကတော့ ၆၀၀ ကျော်ရှိပြီ။ အမှန်တကယ် ဒီမှာနေ/ မနေစစ်တယ်၊ အကြမ်းဖက်မှုတွေမှာ ပါ/မပါ စစ်တယ်။ သူတို့လည်း အဲဒါတွေစစ်မယ်ဆိုတာ သိတော့ ရှင်းလင်းတဲ့လူပဲ လျှောက်တော့ ဒီဘက်မှာသိပ်တော့ အခက်အခဲမရှိပါဘူး။ ဒီရောက်တော့လည်း အေးဆေးနေကြတာပဲလေ” ဟု ပြောသည်။
ပြန်လည်ဝင်ရောက်လာသူများနှင့် ပတ်သက်ပြီး ကုန်းလမ်းမှပြန်လာသူများအား တောင်ပြိုလက်ဝဲ ယာယီစခန်းနှင့် ရေလမ်းကြောင်းမှ ပြန်လာသူများအား ငါးခူရစခန်းနှင့် ကြားစခန်းဖြစ်သည့် လှဖိုးခေါင်စခန်းတို့တွင် ထားရှိရန် စီစဉ် ထားခဲ့ပြီး လတ်တလော COVID-19 ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေး ကာလတွင် လက်ခံမှုနှင့် အဝင်အထွက်များ ပိတ်ထားကြောင်းသိရသည်။
UNDP နှင့် UNHCR တို့က “ဒုက္ခသည်များ မိမိဆန္ဒအလျောက် လုံခြုံစွာနှင့် ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်ခြင်းအတွက် သေချာသော အခြေအနေတရပ် ဖြစ်ပေါ်စေရန် ဖန်တီးပေးခြင်းနှင့် မြန်မာနိုင်ငံတွင်း နေထိုင်ဆဲလူများ၏ လူ့အခွင့်အရေးခံစားခွင့်များ တိုးတက်လာ စေရန်မှာ မြန်မာနိုင်ငံတော်အစိုးရ၏ တာဝန်ဖြစ်ပြီး၊ ဤလုပ်ငန်းအတွက် ဆက်လက် ကူညီပံ့ပိုးပေးသွားမည်” ဟု ဆိုသည်။
ယင်းအပြင် လွတ်လပ်စွာသွားလာနိုင်ခွင့် ရရှိစေခြင်း၊ နိုင်ငံသားဖြစ်မှုအတွက် ရှင်းရှင်းလင်းလင်းနှင့် မိမသဘောဆန္ဒ အ လျောက်ဖြစ်စေရန် လမ်းဖွင့်ပေးခြင်းနှင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများနှင့် အခြေခံပြည်သူ့ဝန်ဆောင်မှုများ ပိုမို ရရှိစေနိုင်ခြင်း အပါအဝင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များကို အပြည့်အဝ အကောင်အ ထည် ဖော်ဆောင်ရွက်ခြင်းအားဖြင့် ပဋိပက္ခ၏အဓိကအကြောင်းအရင်းခံများကို ဖြေရှင်းဆောင်ရွက်ရန်လည်း အစိုးရထံ ၎င်းတို့က တောင်းဆိုခဲ့သည်။
ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ နေရပ်စွန့်ခွာသွားသူများနှင့် ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှု အဖြစ်စွပ်စွဲကာ တရားစွဲဆိုခဲ့သည်။
ယင်းတရားစွဲဆိုမှုနှင့် ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ဖြေရှင်းခဲ့ရာတွင် ရာဇဝတ်မှု ကျူးလွန်နိုင်သည့် ရှုပ်ထွေးမှုများဖြစ်ခဲ့သော်လည်း လူမျိုးသုဉ်းသတ်ဖြတ်မှုဟု ကောက်ချက်ချ၍မရကြောင်း ပြန်လည်ချေပရှင်းလင်းခဲ့ပြီး အမှုအား ပယ်ချပေးရန် တောင်းဆိုခဲ့သည်။
ICJ အနေဖြင့် တရားစွဲဆိုမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံက လိုက်နာဆောင်ရွက်ရမည့် အချက် ၄ ပါ ကြားဖြတ် အစီအစဉ် တရပ်အား ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့က ချမှတ်ခဲ့ပြီး ပထမဆုံး အစီအရင်ခံစာအား ၄ လအတွင်း ပြန်လည် တင်သွင်းရန် သတ်မှတ်ခဲ့သည်။
၂၀၁၇ ခုနှစ်တွင် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော်(ARSA) က ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြန်မာလုံ ခြုံးရေးစခန်းများအား အလုံးအရင်းနှင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် တပ်မတော်က နယ်မြေရှင်းလင်းမှုများ ပြန်လည် ပြုလုပ်ရာတွင် ဒုက္ခသည် ၇ သိန်းကျော် နေရပ်စွန့်ခွာခဲ့ရပြီး ယင်ဖြစ်စဉ်များအတွင်း ရာဇဝတ်မှုကျူးလွန်ခဲ့သည့် လုံခြုံးရေးတပ်ဖွဲ့ဝင်များကိုလည်း ဥပဒေအရ အရေးယူနိုင်ရန် အစိုးရက ဆောင်ရွက်လျှက်ရှိသည်။
You may also like these stories:
တပ်မတော် အပစ်အခတ် ရပ်စဲရေး ထုတ်ပြန်ချက် မဟာမိတ် ၃ ဖွဲ့ ဝေဖန်
AA အမာခံများ ရှိသည် ဆိုသော စွပ်စွဲချက်ဖြင့် ပုဏ္ဏားကျွန်းက ကျေးရွာတခု စစ်ဆေးခံနေရ
ပုဏ္ဏားကျွန်း ဒေသခံများကို ရိုက်နှက်ခဲ့သည့် တပ်မတော်သားများ အရေးယူခံရ