ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်အသီးသီးသို့ ဆက်သွယ်ထားသည့် ရေလမ်းကြောင်းများကို စစ်ကောင်စီက ယမန်နေ့မှ စတင်ကာ ပိတ်ဆို့ထားလိုက်ကြောင်း သတင်းရသည်။
စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် ( AA ) တို့အကြား တကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာပြီးနောက် သြဂုတ်လ အတွင်းမှစ၍ ဘူးသီးတောင် ၊ မောင်တော ၊ ရသေ့တောင်မြို့နယ်များကို ကုန်းလမ်း ရေလမ်းများ ပိတ်ထားလိုက်ရာမှ ယမန်နေ့ကမူ စစ်တွေ-ပေါက်တော၊ မြောက်ဦး၊ မင်းပြား စသည့်မြို့နယ်များကို ဆက်သွယ်ထားသည့် ရေလမ်းကြောင်း များကိုပါ ရက်အကန့်သတ်မရှိ ပိတ်သိမ်းရန် ထပ်မံ ညွန်ကြားလာသဖြင့် ရခိုင်မြောက်ပိုင်းတခုလုံး ရေလမ်းခရီးသွားလာမှု ရပ်တန့်သွားပြီဖြစ်ကြောင်း ရေယာဉ်လုပ်ငန်းရှင်များထံမှ သိရသည်။
ရခိုင်ပြည်နယ်တွင်း ပြေးဆွဲနေသည့် ရွှေပြည်တန် အမြန်ရေယာဉ်လိုင်းမှ ဝန်ထမ်းတဦးက “ရသေ့တောင်၊ ဘူးသီးတောင် ကတော့ ရေယာဉ်မထွက်ရတာ ၁ လ ကျော်ပြီ။ မနေ့က စစ်တွေ- ပေါက်တောကို ရေယာဉ်မထွက်ရဘူးလို့ပြောတယ်။ အထက်က ပိတ်ခိုင်းတာလို့ပြောတယ်” ဟု ပြောသည်။
ယခု ထပ်မံပိတ်လိုက်သည့် ပေါက်တောမြို့နယ်သည် ရေလမ်းတခုတည်းကိုသာ မှီခိုသွားလာနေရသည့် မြို့နယ်တခုဖြစ် သည့် အတွက် ဒေသခံများအဖို့ အကျပ်အတည်း၊ အခက်အခဲပေါင်းများစွာ ရင်ဆိုင်ကြုံတွေ့ လာရနိုင်ကြောင်း ပေါက်တော မြို့ခံတဦးက ပြောသည်။
၎င်းက “ပေါက်တောမြို့နယ်က တခြားမြို့နယ်တွေနဲ့ မတူဘူး။ ရေလမ်းတခုပဲရှိတာ။ ပေါက်တောမြို့နယ်ကို ရေလမ်း ကြောင်းပိတ်ရင် မြောက်ဦး၊ မင်းပြားစတဲ့ မြို့နယ်တွေလည်း သွားလို့မရတော့ဘူး။ မနေ့ကတည်းက ပေါက်တောက ထွက် တဲ့ စက်လှေတွေကို ရေတပ်က အကုန်ပြန်လှည့် ခိုင်းတယ်။ ဒီအတိုင်း လမ်းကြောင်းပိတ်ထားမယ်ဆိုရင် စစ်တွေကို ဆေးရုံ ဆေးခန်းပြမယ့် လူနာတွေ အကုန် ဒုက္ခရောက်ကြတော့မယ်” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီက ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များဖြစ်သည့် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များကို လမ်းကြောင်းများ ပိတ်ထားသည့်အတွက် ကုန်စည်စီးဆင်းမှုများ ရပ်တန့်ကာ အခြေခံ စားသောက်ကုန်များ အဆမတန် ဈေးတက်ခြင်း၊ ဆေးဝါးပြတ်လပ်ခြင်းများ ဖြစ်ပေါ်နေပြီး ပေါက်တောမြို့ နယ်ရှိ ဒေသခံများမှာလည်း အလားတူ အကျပ် အတည်းများနှင့် ရင်ဆိုင်ကြုံတွေ့လာနိုင်ကြောင်း ဒေသခံရခိုင်တိုင်းရင်းသားများက ပြောသည်။
ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက “စစ်ကောင်စီက AA ကို တိုက်ခိုက်နေတယ်ဆိုတာထက် ပြည်သူကို ဦးတည်ပြီး ဒုက္ခ ရောက်အောင် လုပ်နေတာ။ အခု စစ်တွေနဲ့ တခြားမြို့နယ်တွေကို ဖြတ်တောက်လာတယ်။ မြို့တွေနဲ့ ကျေးရွာတွေကို အဆက်ဖြတ်လာတယ်။ စစ်တပ် စိတ်ထဲမှာက AA ကို ပြည်သူတွေ ထောက်ခံကြတယ်လို့ စွဲမှတ်ပြီးတော့ ပြည်သူတွေ သေအောင် ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်တယ်။ နောက်တခါ ဒဏ်ရာရတဲ့ လူတွေ ဆေးမကုနိုင်အောင်လုပ်တယ်။ ဘက်ပေါင်းစုံ အကျပ်အတည်းဖြစ်ပြီးတော့ အငတ်ဘေးဆိုက်အောင် တမင်လုပ်နေတာ ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရက္ခိုင့်တပ် တော် (AA)သည် ရခိုင်ပြည်နယ်အတွင်း မြို့ကြီးများကို မထိန်းချုပ်နိုင်သေးသော်လည်း နယ်ဘက်ကျေးရွာများ ကို စိုးမိုးထားသည့်အတွက် စစ်ကောင်စီက မြို့ကြီးများနှင့် ကျေးရွာများကို ဆက်သွယ်ထားသည့် လမ်းကြောင်းများကို ပိတ်ဆို့ကာ ဆေးဝါးနှင့် ရိက္ခာကို ဖြတ်တောက်ရန် ကြံစည်လာခြင်း ဖြစ်ကြောင်း စစ်ရေး နိုင်ငံရေး လေ့လာသူတဦးက ပြောသည်။
၎င်းက “အဓိက ရေလမ်းကြောင်းတွေကို စစ်တပ်က ပိတ်လာတာက AA ကို ဆေးဝါးနဲ့ ရိက္ခာဖြတ်ချင်တာကြောင့် လုပ်တာ လို့ သုံးသပ်လို့ရတယ်။ ပေါက်တောဘက်မှာ ဆိုရင်လည်း ပေါက်တောနဲ့ ဆက်သွယ်ထားတဲ့ မြောက်ဦး မင်းပြား အဲဒီ မြစ် ကြောင်း တလျှောက်မှာ AA က စိုးမိုးထားတာ။ နယ်ဘက်တလျှောက်မှာလည်း AA တပ်ဖွဲ့ဝင်တွေ ရှိနေတော့ စစ်တပ်က မြို့တွေကို ထိန်းချုပ်ထားဖို့၊ မြို့နဲ့ နယ်ကို ဆက်သွယ်ရေး လမ်းကြောင်းတွေ ပိတ်တာလို့ သုံးသပ်မိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အောက်တိုဘာလ ၁၂ ရက်နေ့ကလည်း စစ်တွေသို့ ဈေးဝယ်ထွက်လာသည့် ရသေ့တောင် ၊ ပုဏ္ဏားကျွန်း ၊ ပေါက်တော စသည့်မြို့နယ်များမှ စက်လှေ ၉ စီးအား စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ် မင်းချောင်းတံတား အောက်တွင် ရပ်ထားစဉ် စစ်ကောင်စီတပ်က ဖမ်းဆီးကာ စက်လှေ မောင်းသမား ၉ ဦးကိုလည်း လက်ရှိအချိန်အထိ ဖမ်းဆီး ချုပ်နှောင်ထား သည်။
စစ်ကောင်စီက ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်များနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ရှိ ကုန်းလမ်း ၊ ရေလမ်းများကို ပိတ်ဆို့ထားသလို ဘိလပ်မြေ ၊ ဓါတ်မြေသြဇာနှင့် ဆေးဝါးများ သယ်ယူ ခွင့်ကိုလည်း အကြောင်းပြချက်မရှိ ပိတ်ပင်ထား သည်။
ထိုသို့ ဆေးဝါပစ္စည်းများသယ်ယူခွင့်ကို ပိတ်ပင်ထားသဖြင့် အစိုး ရဆေးရုံများနှင့် ပုဂ္ဂလိက ဆေးဆိုင်များတွင်ပင် ဆေးဝါး ပြတ်လပ်ခြင်း၊ ဆေးဈေးနှုန်းများ အဆမတန်မြင့်တက်ခြင်းများ ဖြစ်ပေါ်လျက်ရှိနေကြောင်း ကျန်မာရေးဝန်ထမ်းများထံမှ သိရသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တာဝန်ကျနေသည့် တိုက်နယ်ဆရာဝန်တဦးက “ဆေးဝါးမသယ်ရဆိုတဲ့ တရားဝင်လည်း စာထုတ်ထားတာမရှိဘူး။ တရားဝင်စာထုတ်ရင် သူတို့ War Crime ဝင်သွားနိုင်တဲ့အတွက် နယ်/လုံ ထောက်ခံချက်နဲ့ သယ်ယူခွင့်ပြုမယ် ဆိုတာမျိုး လုပ်ထားတယ်။ နယ်လုံ လက်မှတ်ကို အောက်ခြေ စစ်သားတွေက ဂရုတောင်မစိုက်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သော စက်တင်ဘာလ ၂၇ ရက်နေ့ကလည်း မြေပုံမြို့နယ် င/ပ သုန်တိုက်နယ်ဆရာဝန်တဦးသည် ဆေးရုံအတွက် လိုအပ်သော ဆေးဝါးများကို သယ်ဆောင်လာစဉ် စစ်ကောင်စီ၏ ဖမ်းဆီးချုပ် နှောင်ခြင်းကို ခံခဲ့ရပြီးနောက် ပြန်လွှတ် ပေးခဲ့သော်လည်း စက်လှေပိုင်ရှင်မှာ လက်ရှိအချိန်အထိ ဖမ်းဆီးအမှုဖွင့်ခံထားရဆဲဖြစ်သည်။
You may also like these stories:
စစ်တွေသို့ ဈေးဝယ်လာသည့် စက်လှေ ၉ စီးကို စစ်တပ် ဖမ်းဆီး
မောင်တောမြောက်ပိုင်း၌ စစ်တပ်က ပိတ်ဆို့ထားသဖြင့် ရိက္ခာပြတ်နေ
ရခိုင်ပြည်နယ်အတွင်း ကုန်းလမ်း ရေလမ်းများ စစ်ကောင်စီ ပိတ်ဆို့
ရခိုင်မြောက်ပိုင်းကို AA ထိန်းချုပ်နိုင်ခဲ့သော်