ရန်ကုန်မြို့ရှိ စက်မှုဇုန်၂၉ ဇုန်မှ စီးပွားရေး လုပ်ငန်းရှင်၊ စက်ရုံပိုင်ရှင်များ ဆက်သွယ် ဆောင်ရွက်နေသာ ဘဏ်အမည် စာရင်း အချက်အလက်အားလုံးကို စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီများမှတဆင့် စစ်ကောင်စီ၏ စက်မှုဇုန် ဖော် ဆောင်ရေးနှင့် ကြီးကြပ်ရေး ကော်မတီသို့ ပေးပို့ရန် စာရင်း ကောက်ယူနေကြောင်း သိရသည်။
စစ်ကောင်စီက ဘဏ်လုပ်ငန်းဆိုင်ရာ လုပ်ငန်းများနှင့် အလုပ် လုပ်နေသော စီးပွားရေး လုပ်ငန်းရှင်များကို ဖိအားပေးရန် ထိုသို့ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့ စက်မှုဇုန်များရှိ စီးပွားရေး လုပ်ငန်းရှင်များက ပြော သည်။
လှိုင်သာစက်မှုဇုန်ရှိ စီးပွားရေး လုပ်ငန်းရှင် တဦးက “ဘဏ်တွေမှာလဲ ဘယ်သူက အကောင့် ဖွင့်ထားတယ်ဆိုတာ ရှိပြီးသားပဲ။ အဲဒါကို အခု အချက်အလက်တွေ ထပ်တောင်းတာပေါ့။ ဇုန်ကနေပြီးတော့တဆင့် တောင်းခံတာ။ ဘယ် ဘဏ်တွေနဲ့ ဘယ်စက်ရုံ လုပ်ငန်းရှင်က ချိတ်ဆက်ထားတယ်။ အလုပ်လုပ်တယ် ဆိုတာ သိရဖို့လည်း ဖြစ်နိုင်တယ်။ ဘဏ်အကောင့်ကတော့ တရားဝင်သွားတဲ့ လုပ်ငန်းတိုင်းက သုံးနေရတာပဲ။ ဘဏ်ကို ကျနော်တို့ သုံးတယ်ဆိုတာ လွယ်ကူတဲ့ ပလက်ဖောင်းအဖြစ် ထားချင်လို့ သုံးတာ ဖြစ်တယ်။ အခု တောင်းတာကတော့ ဘာလုပ်ဖို့ တောင်းတာ လဲတော့ ကျနော်တို့ သေချာ မပြောနိုင်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီ၏ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ညွှန်ကြားချက်နှင့် ရန်ကုန်တိုင်းရှိ စက်မှုဇုန်များ ဖော်ဆောင်ရေးနှင့် ကြီးကြပ် ရေး ကော်မတီများမှ အောက်တိုဘာလ ၁၇ ရက်မှ စတင်၍ ယခု ၂၁ ရက်နေ့ နောက်ဆုံးထားပြီး လုပ်ငန်းရှင်များ၏ ဘဏ်အကောင့်များကို ဇုန်ကြီးကြပ်သူများတဆင့် ပေးနေရခြင်း ဖြစ်သည်။
စစ်ကောင်စီအနေဖြင့် လုပ်ငန်းရှင်များ၏ ဘဏ်စာရင်း အကောင့် အချက်အလက်များကို တောင်းခံခြင်းမှာ လုပ်ငန်း များ၏ ငွေအဝင်/ အထွက်များကို စစ်ဆေးပြီး ချုပ်ကိုင်ခြင်းမျိုး လုပ်နိုင်ခြင်း ဖြစ်နိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင် များက သုံးသပ်ထားသည်။
ရန်ကုန်မြို့ အထည်ချုပ် လုပ်ငန်းရှင်တဦးက “ဘဏ်ဆိုတာ စီးပွားရေး လုပ်တဲ့အခါ လွယ်ကူတဲ့ ငွေပေးချေမှု ဖြစ်အောင် ထားတာ။ ဒါပေမယ့် အခုချိန်ထိ ငွေထုတ်ရ လွယ်တာ မဟုတ်ဘူး။ အဲဒီတော့ ကျနော်တို့ ဝန်ထမ်းတွေ လစာပေးဖို့ အချိန်ရောက်ရင် အမြဲတမ်း ပြဿနာ တက်ရတယ်။ အပြင်မှာ ရာခိုင်နှုန်းနဲ့ ပေးထုတ်နေရတုန်းပဲ။ အဲဒီတော့ အခု ဘဏ်အကောင့်တွေ တောင်းပြီး ထိန်းဖို့ လုပ်လည်း အခု ကျပ်တည်းနေတာတွေက ပြေလည်သွားမှာ မဟုတ်ဘူး” ဟု သုံးသပ်ပြောဆိုသည်။
ထိုသို့ လုပ်ငန်းရှင်များ၏ ဘဏ်အကောင့်ကို ထိန်းချုပ်ရန် စစ်ကောင်စီ ကြိုးပမ်းနေသည့်အပြင် အွန်လိုင်းဘဏ်စနစ် အသုံးပြုသူများ၏ အကောင့်များကို ပိတ်ပစ်ခြင်းများလည်း ဗဟိုဘဏ်က ပြုလုပ်လျက်ရှိသည်။
မြန်မာနိုင်ငံ ဘဏ်များအသင်းကလည်း အောက်တိုဘာ ၁၆ ရက်တွင် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့သည်ဟု ယူဆရသည့် အကောင့်ပိုင်ရှင်များ၏ အချက်အလက်များ၊ ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု များနှင့် စပ်လျဉ်း၍ သံသယဖြစ်ဖွယ်ရှိသော ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူများ၏ သတင်းအချက်အလက်များကို ဗဟိုဘဏ်မှတဆင့် ငွေကြေးဆိုင်ရာ စုံစမ်း ထောက်လှမ်းရေးအဖွဲ့သို့ အချိန်နှင့် တပြေးညီ တင်ပြပေးပို့လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
ထိုသို့ ငွေကြေးပိုင်းဆိုင်ရာတွင် ကြပ်မတ်မှုများကို စစ်ကောင်စီက ပိုတိုး၍ လုပ်ဆောင်လာသည့်အပြင် ယခုကဲ့သို့ လုပ်ငန်းရှင်များကိုပါ ထပ်မံ ထိန်းချုပ်ရန် ကြိုးပမ်းလာခြင်းဖြစ်ကြောင်း စက်မှုလုပ်ငန်းရှင်များက သုံးသပ်ပြောဆိုကြ သည်။
လက်ရှိ စက်မှုဇုန်ရှိ စက်ရုံ၊ အလုပ်ရုံ စီးပွားရေးလုပ်ငန်းများမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ စတင်ပြီး လျှပ်စစ်မီး ပုံမှန် မရရှိသလို မီးလုံးဝ မလာသည့် နေများပင် ရှိနေသဖြင့် လုပ်ငန်းများလည်ပတ်ရာတွင် ကုန်ကျစရိတ်မှာ ယခင် ထက် များလာသည့်အပြင် အထည်ချုပ် လုပ်ငန်းများတွင်လည်း အော်ဒါ အမှာ မရသည့် စက်ရုံများ ရှိနေသောကြောင့် ယာယီရပ်နားရသည့် စက်ရုံများယခင်ထက် ပိုများနေကြောင်း လုပ်ငန်းရှင်များထံက သိရသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခု စက်တင်ဘာလ နောက်ဆုံးပတ်နှင့် အောက်တိုဘာလမှ စတင်ကာ ရန်ကုန်၊ မန္တလေး အပါအဝင် တခြားမြို့များရှိ စီးပွားရေး လုပ်ငန်းရှင်များနှင့် လိုက်လံတွေ့ဆုံပြီး စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရန် ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
You may also like these stories:
ပုဂံ မီးပုံးပျံလုပ်ငန်း ပြန်စဖို့ စစ်ကောင်စီ ဖိအားပေးနေသလား
အနောက်နိုင်ငံ ကုန်အမှတ်တံဆိပ်များ မြန်မာအပေါ် သဘောထားကွဲ
အရေးယူခံရမည် စိုး၍ ဆန်ဈေး အနည်းငယ်ပြန်ကျ