ရွှေနှင့် ဒေါ်လာဈေး ကျသော်လည်း အခြေခံစားသာက်ကုန်ဈေးနှုန်း မကျဆင်းခြင်း အပေါ် ဝေဖန်မှုများ ထွက်လာပြီး နောက် ပြည်တွင်းဆန်ဈေးနှုန်းမှာ အနည်းပြန်လည်ကျဆင်းလာကြောင်း သိရသည်။
စက်တင်ဘာလက ရွှေဘိုပေါ်ဆန်း(ဆန်ချော) ၁ အိတ်လျှင် ၉၇၅၀၀ ကျပ် ရှိရာမှ ယခုလဆန်းတွင် ရွှေဘိုပေါ်ဆန်း ၉၅၀၀၀ ကျပ်သို့လည်းကောင်း၊ ဆန်းကြမ်း(မနောသုခ၊ ဧည့်မထ အစရှိသည့်) ၁အိတ်လျှင် ကျပ် ၄၄၀၀၀ ကျော်မှ ယခုအခါ ၄၂၀၀ ကျပ် သို့လည်းကောင်း ကျဆင်းသွားသည်။
ထိုသို့ ဈေးနှုန်းကျဆင်းရခြင်းမှာ စစ်ကောင်စီ၏ အရေးယူခံရမည်ကို ကြောက်၍ ကုန်သည်များက ဈေးနှုန်းများ အနည်းငယ်ချ ပေးခြင်းဖြစ်ကြောင်း ဆန်ကုန်သည်အသိုင်းအဝိုင်းမှသိရသည်။
ရန်ကုန်မြို့ ဝါးတန်းလမ်းရှိ ဆန်ကုန်သည်တဦးက “အခုဆန်ဈေးကျတာ ပုံမှန်ပြန်ကျတာမျိုးတော့ မဟုတ်ဘူး ရွှေ၊ ဒေါ်လာနဲ့ လောင်စာဆီက ပြန်ကျပြီး ကုန်ဈေးနှုန်းက မကျတော့ အရေးယူခံရမှာ စိုးလို့ပါတယ်။ အခုတောင် စစ် ကောင်စီက ရန်ကုန်၊ မန္တလေးမှာရှိတဲ့ ဆန်ကုန်သည်တွေကို ကားခ၊ စားစရိတ်၊ နေပြည်တော်မှာ တည်းခိုမယ့် ဟိုတယ်ခ ဒါတွေကို အကုန်ကျခံပြီးတော့ ခေါ်နေတာ။ ဒီတော့ ဘာပဲ ပြောပြော ဒီလိုခေါ်တာက ရှေ့မှာ အစဉ်အလာ တွေလည်း ရှိတော့ ဈေးကျဖို့ ဖိအားပေးမှာလား၊ ဘယ်လို လုပ်ကြမလဲ ဒါပြောဖို့ပါပဲ။ ဒီအသံတွေ ကြောင့်လည်း ဆန်ဈေးနည်းနည်းကျလာတာ ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီက ရန်ကုန်၊ မန္တလေးရှိ ဆန်ကုန်သည်များကို အောက်တိုဘာလ ၇ ရက်နေ့တွင် နေပြည်တော်တွင် အစည်းအဝေးခေါ်ယူထားပြီး ကုန်ဈေးနှုန်းများ ကျဆင်းစေရန် ဖိအားပေးမည့် အခြေအနေများ ရှိနေကြောင်း ဆန်ကုန်သည်များထံက ဧရာဝတီက စုံစမ်းသိရှိရသည်။
ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်ရှိ ဆန်ကုန်သည်တဦးကလည်း ဆန်ဈေးက စက်တင်ဘာလအတွင်း အမြင့်ဆုံးဈေးတွင် ရပ်နေသော်လည်း အောက်တိုဘာလအတွင်း အနည်းငယ်ပြောင်းသွားကြောင်း၊ ယခင်က ဆန်ပေါ်စရာသီတွင် ဈေးတက်တတ်သော်လည်း ယခုအခါ ပြန်ကျနေကြောင်း ပြောသည်။
“အခုလိုမျိုး အားလုံး ဈေးကျတာမျိုး အရင်က ဒီလို လတွေမှာ မရှိဘူး၊ အခုဆန်ကြမ်း အသစ်တွေ ပေါ်လာပြီ။ ပေါ်စ အစိုဓာတ်များတဲ့ အချိန်ဖြစ်လို့ လက်ထဲမှာ ရောင်းမကုန်ဘဲ ဆယ်ရက် လောက် ကြာရင် ဆန်က ပူလာမယ်။ အရောင် ပြောင်းပြီး ဝါသွားမယ်ပေါ့၊ ဒါကြောင့် ရန်ကုန်ရောက်လာရင် ထွက်အောင်ကို ရောင်းရတယ်”ဟု ၎င်းကလက်ရှိ ဆန်ဈေးကျသည့် အခြေအနေကို သုံးသပ်ပြောဆိုသည်။
နေပြည်တော်တွင် အောက်တိုဘာလ ၇ ရက်နေ့၌ ပြုလုပ်မည့် မြန်မာ့ဆန်စပါး ညီလာခံ (Myanmar Rice Conference 2022)ကို ဆန်ကုန်သည်နှင့် လုပ်ငန်းရှင်များကို ဖိတ်ကြားထားသော်လည်း တောင်သူလယ်သမား ကိုယ်စားလှယ်များ ကို ဖိတ်ကြားထားခြင်း မရှိကြောင်း သိရသည်။
ဧရာဝတီတိုင်း၊ မအူပင်မြို့ လယ်သမားကြီးတဦးက “ညီလာခံ အခုထိ မဖိတ်ဘူး။ ဘယ်ကလုပ်လဲ ဆိုတာလဲ မသိဘူး။ စပါးကတော့ အခု ပေါ်နေပြီ ဒါပေမယ့် အများစုက ပျမ်းမျှ စပါး တင်း ၇၀ ပဲ ထွက်တယ်။ အဲ့ဒီတော့ ခါတိုင်းနှစ်နဲ့ ယှဉ် ရင် ၁ ဧကကို ၅ တင်းနဲ့ ၁၀ တင်းလောက် လောက်လျော့တယ်။ နံပတ် ၁ ကတော့ သွင်းအားစု (မြေဆီ၊ ပိုးသတ် ဆေး၊ အားဆေး စတဲ့) မကျွေးနိုင်လို့ နောက်တချက်ကတော့ ပိုးကျတယ်။ ဒီနှစ်မှာ ဆစ်ပိုးလိုလို၊ မှိုရောဂါလိုလို ဝင်တယ်။ ဒါကြောင့် အထွက်နှုန်းလျှော့တယ်။ ပိုးထိတဲ့သူက ၁ ဧက၊ စပါး တင်း ၄၀ လောက်ပဲ ထွက်တာတောင် ရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။
မိုးစပါး မပေါ်ခင်က စပါးဈေးမှာ တင်းတရာလျှင် ကျပ် ၁၀ သိန်းနှင့် အထက်ရှိပြီး မိုးစပါး ပေါ်လာသည့် ယခု အောက်တို ဘာလဆန်းတွင် တင်းတရာလျှင် ကျပ် ၈ သိန်း ၈ သောင်းဈေးသာ ရှိနေသဖြင့် စပါးဈေးမှာ ကျဆင်းလာကြောင်း ၎င်း က ပြောသည်။
ဆက်လက်၍ ၎င်းက “ဦးတို့က စပါးအခြောက်ခံတာတွေ ဘာတွေ မရှိတော့ ပေါ်တာနဲ့ ရောင်းကြတော့ ကုန်သည်က နှိမ်ဝယ်တာ။ အခုပေါ်တော့ ဈေးကကျသွားပြီ။ စပါးထပ်ပြီးလှိုင်လှိုင်ပေါ်လာရင် စိုလို့ ဘာညာနဲ့ နှိမ်ဝယ်ကြအုံးမယ်။ အဲ့ဒီတော့ နောက်ထပ် ကျပ် ၁ သိန်းလောက် ထပ်ကျဖို့ ရှိနေတယ်။ စပါးဈေးသာ တင်းတရာ ကျပ် ၇ သိန်းအောက် ကျရင် တောင်သူအတွက် စိုက်စရိတ်မကျေနိုင်ဘူး”ဟု ပြောပြသည်။
လက်ရှိတွင်လည်း မိုးစပါးစိုက်ပျိုးထုတ်လုပ်ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ထွက်ရှိမှုလျော့နည်းနေပြီး ဆန်ဈေး မှာလည်း ဈေးနှုန်း ချပေးမှသာကျနိုင်သည့် အခြေအနေ ဖြစ်ကာ ပုံမှန် ဆိုလျှင် ဈေးထိုးကျသွားနိုင်သည့် အခြေအနေ မရှိကြောင်း လယ်သမားနှင့် ဆန်ကုန်သည်များထံက သိရသည်။
မိုးစပါးပေါ်စ ဆန်ကြမ်းအသစ်ဈေးမှာ ၁အိပ်ကျပ် ၃၇၀၀၀ နှင့် ၃၈၀၀၀ ကျပ် တွင် အရောင်းအဝယ်ရှိနေကြောင်း သိရသည်။
You may also like these stories:
ရွှေဘိုပေါ်ဆန်းတအိတ် ကျပ် ၂ သောင်းကျော်ထိ မြင့်တက်
စစ်တပ်ရိက္ခာ ဆန်စပါးအသင်းချုပ်က ဝယ်ပေးနေ
ကုန်စျေးနှုန်းများ ထိုးတက်၊ အခြေခံပြည်သူများဘဝ ပိုမိုကျပ်တည်းလာ