သင်္ဘောတစီးပေါ်တွင် တပ်မတော်သားများက အရပ်ဝတ်ဖြင့် ရခိုင်အမျိုးသား ၅ ဦးကို ကြိုးတုပ် ရိုက်နှက်နေသည့် ရုပ် သံမှတ်တမ်းတခု လူမှုကွန်ရက်တွင် ပျံ့ နှံ့ခဲ့ပြီးနောက် တပ်မတော်က စိစစ်ခဲ့ရာ မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့သဖြင့် ပါဝင်ခဲ့သူများကို အရေးယူမည် ဖြစ်ကြောင်း သတင်းရရှိသည်။
“အဲဒီကိစ္စ မှန်ပါတယ်။ စိစစ်ပြီးပါပြီ။ အဲဒီမှာ ပါခဲ့တဲ့သူတွေကို အရေးယူဖို့ ကျနော်တို့ ဖမ်းထားလိုက်ပါပြီ”ဟု တပ် မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ဖြစ်စဉ်မှာ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာတွင် ရက္ခိုင့် စစ်တပ် (AA) နှင့် ပတ်သက်သည်ဟု ယူဆရသူ
အမျိုးသား ၅ ဦးကို ဥပဒေအရ တရားစွဲဆိုရန်နှင့် ထပ်မံ စစ်ဆေးရန် ပုဏ္ဏားကျွန်းမှ စစ်တွေသို့ ဧပြီလ ၂၇ ရက်နေ့တွင် စစ်ရေယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း သိရသည်။
“အဲလို ပို့ဆောင်တဲ့အချိန် အစောင့်အဖြစ် လိုက်ပါလာတဲ့ လုံခြုံရေး တပ်ဖွဲ့ ဝင်တချို့က ဥပဒေနဲ့ မလျောညီတဲ့ စစ်ဆေး မေးမြန်းမှုတွေ ဆောင်ရွက်ခဲ့တယ်။ ပျံ့ နှံ့နေတဲ့ ဗီဒီယိုဖိုင် ဖြစ်ကြောင်း စစ်ဆေးဖော်ထုတ်တွေ့ ရှိရတယ်။ အဲဒီလို ဥပ ဒေနဲ့ မလျော်ညီတဲ့ စစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့တဲ့ လုံခြုံရေး တပ်ဖွဲ့ ဝင်တွေကို စစ်စည်းကမ်းအရ အရေးယူနိုင်ရေး ကျနော်တို့ ဆောင်ရွက်လျက် ရှိပါတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
အရပ်ဝတ်ဖြင့် ရခိုင်အမျိုးသား ၅ ဦးကို အဝတ်စဖြင့် မျက်နှာများကို စည်းထားပြီး လက်ပြန်ကြိုးတုပ် ရိုက်နှက်နေသည့် ရုပ်သံမှတ်တမ်းသည် မေ ၉ ရက်က စ၍ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ လာခဲ့ပြီး ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များ ကလည်း ဧရာဝတီသို့ အတည်ပြုထားသည်။
တပ်မတော်အနေဖြင့် ယခုလို ဥပဒေနှင့် မလျော်ညီသည့် စစ်ဆေးမှုမျိုးကို လုံးဝ ခွင့်ပြုထားခြင်း မရှိကြောင်း၊ သို့သော် တပ်မတော်သားတချို့သည် စိတ်ခံစားမှုကို ဦးစားပေးသည့်အခါတွင် ယခုလို ဖြစ်စဉ်တချို့ ပေါ်ပေါက်လာခြင်း ဖြစ ကြောင်း တပ်မတော် တာဝန်ရှိသူများက ပြောသည်။
တပ်မတော်မှ ဖမ်းဆီးသွားသည့် ကျောက်ဆိပ်ကျေးရွာမှ ရွာသား ၅ဦးမှာ ကျောက်ဆိပ်ကျေးရွာနှင့် ပုဏ္ဏားကျွန်းမြို့ ကြား ပေါက်ကွဲမှု ဖြစ်ရာတွင် မသင်္ကာမှုဖြင့် ရက္ခိုင်စစ်တပ် (AA) ၏ တပ်ဖွဲ့ဝင်များဟု ဆိုကာ ဖမ်းဆီး တရားစွဲဆို ခံထားရသူများ ဖြစ်သည်။
ကျောက်ဆိပ်ကျေးရွာတွင် ဧပြီ ၁၉ ရက်က တပ်မတော် တပ်ဖွဲ့ဝင်များ ရွာအတွင်းသို့ ဝင်လာကာ ရွာသား ၃၈ ဦးကို ဖမ်းဆီးခြင်း ဖြစ်ပြီး ဧပြီ ၂၀ ရက်နေ့တွင် ဖမ်းထားသူများထဲမှ ၃၃ ဦးကို ပြန်လွှတ်ပေးကာ ၅ ဦးကို ဖမ်းဆီးတရားစွဲဆို လိုက်ခြင်း ဖြစ်သည်။
လက်ရှိတွင် ရိုက်နှက် စစ်ဆေးခံခဲ့ရသည့် အဆိုပါ အမျိုးသား ၅ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) ၊ ၅၁ (က) တို့ဖြင့် တရားစွဲဆိုထားသည်ဟု သိရသည်။
ဆက်စပ်လင့်
တပ်မတော်က ရိုက်နှက်နေသည့် ရုပ်သံထဲမှ လူ ၅ ဦးမှာ ပုဏ္ဏားကျွန်း ဒေသခံများဟုဆို