ကိုရိုနာဗိုင်းရပ် (COVID-19) ကူးစက်ရောဂါ ကာလအတွင်း မြန်မာနိုင်ငံ အကျဉ်းထောင်များ၌ ကျန်ရှိနေဆဲဖြစ်သည့် နိုင်ငံရေးအကျဉ်းသား ၅၀ ဦး အပါအဝင် လွှတ်ပေးသင့်သည့် အကျဉ်းသားများကို ထပ်မံ၍ လွှတ်ပေးရန် နိုင်ငံရေးအ ကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က တောင်းဆိုလိုက်သည်။
နိုင်ငံရေးဆိုင်ရာ တက်ကြွလှုပ်ရှားသဖြင့် ဖမ်းဆီး ထောင်ချခံရမှု၊ တရားရင်ဆိုင်မှု၊ ပြန်လွှတ်ပေးမှု၊ အကျဉ်း ထောင် အတွင်း အခြေအနေ စသည်တို့ကို AAPP မှ လစဉ် အစီရင်ခံစာ ထုတ်ပြန်လျက်ရှိရာ မေ ၁၁ ရက်၌ ထုတ်ပြန်သည့် ဧပြီလအတွက် အစီရင်ခံစာတွင် ထိုသို့ တောင်းဆိုလိုက်ခြင်းလည်း ဖြစ်သည်။
“ကျနော်တို့အနေနဲ့ ရာဇဝတ်မှုကြီးတွေ ကျူးလွန်ထားတဲ့လူမျိုးတွေ၊ ပြင်ပရောက်လာတဲ့အခါ လူ့ပတ်ဝန်းကျင်ရဲ့ လုံခြုံရေးကို ထိခိုက်နစ်နာစေမယ့် လူမျိုးတွေကို လွှတ်ပေးပါလို့ တောင်းဆိုနေတာ မဟုတ်ဘူး။ လူမှုအသိုင်းအဝိုင်းကို အန္တရာယ်ပြုနိုင်ခြင်း မရှိတဲ့လူတွေကို လွှတ်ပေးဖို့ပဲ တောင်းဆိုတာပါ” ဟု AAPP အတွင်းရေးမှူး ဦးတိတ်နိုင်က ဧရာဝတီကို ပြောသည်။
နိုင်ငံရေး အကျဉ်းသားများသည် ရာဇဝတ်မှု ကျူးလွန်ထားသူများ မဟုတ်ဘဲ နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်းခံထားရ သူများသာဖြစ်သဖြင့် မဖြစ်မနေ လွှတ်ပေးသင့်သည်ဟုလည်း ၎င်းက ဆိုသည်။
ယခုလို ကပ်ရောဂါ ဖြစ်နေချိန်၌ မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းထားခံရသူများကို အမြန်ဆုံး ဦးစားပေးပြီး လွှတ် သင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)နှင့် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ ကိုဗစ်ကာလ ကြားဖြတ်အစီရင်ခံစာတွင် ဖော်ပြထားသည်ဟုလည်း ၎င်းက ပြောသည်။
ဆက်လက်၍ ၎င်းက ရပ်ရွာ တည်ငြိမ်အေးချမ်းသာယာရေး၊ လုံခြုံရေးကို ထိခိုက်စေနိုင်သည့် အနှောင့်အယှက်ဖြစ်စေ မည့် ဓားပြမှု၊ မုဒိမ်းမှု ကျူးလွန်ခဲ့သူများကို မဖြစ်မနေ လွှတ်ပေးရန် တောင်းဆိုခြင်းနေခြင်း မဟုတ်ဘဲ မူးယစ်ဆေး ၁/၂ လုံးတည်းဖြင့် လက်ဝယ်မိခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့်ဟုဆိုကာ ထိန်းသိမ်းထောင်ချထားခြင်းတို့ကို ပြန် လည် စိစစ်ပေးစေလိုခြင်းသာ ဖြစ်ကြောင်း ရှင်းပြသည်။
မြန်မာနိုင်ငံ အကျဉ်းထောင်များထဲတွင် မူးယစ်ဆေးဝါးအမှုဖြင့် အကျဉ်းကျနေသည့် ဦးရေ ၅၀ ရာခိုင်နှုန်းကျော် ရှိပြီး အချုပ်သားဦးရေ ၁၀ ရာခိုင်နှုန်းကျော် ရှိကြောင်း သိရသည်။
နယ်သာလန်နိုင်ငံတွင် မူးယစ်ဆေးဝါး သုံးစွဲသူများကို အစိုးရက ၎င်းတို့သည် မူးယစ်ဆေးဝါး၏ သားကောင်များ၊ ကျူး လွန်ခံထားရသူများသာ ဖြစ်သည်ဟု မူဝါဒချမှတ်ကာ မူးယစ်ဆေးဝါး သုံးစွဲသူများကို လူမှုရေးပြစ်ဒဏ် ပြောင်းလဲသတ် မှတ်လိုက်ပြီးနောက် ၃ နှစ်ခန့်အကြာတွင် နယ်သာလန်နိုင်ငံရှိ အကျဉ်းထောင်များ၏ တဝက်ခန့်ကို ပိတ်ပစ်လိုက်ရ သည်ဟု ဦးတိတ်နိုင်က ထောက်ပြသည်။
“အဲဒီလို အကျဉ်းသားဦးရေ လျှော့ချတဲ့ကိစ္စက တော်တော်လေးကို အောင်မြင်တယ်လို့ ပြောရမယ်။ ဒီလိုနည်းတွေနဲ့ အကျဉ်းထောင်ထဲမှာရှိတဲ့ လူဦးရေကို မြန်မြန်ဆန်ဆန် လျှော့ချနိုင်ပြီး ကပ်ရောဂါကနေ အကောင်းဆုံး ကာကွယ်နိုင် လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့်လည်း ဆက်ပြီး တိုက်တွန်းနေရတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံရှိ အကျဉ်းထောင်များအတွင်း အကျဉ်းသားဦးရေ ပြည့်သိပ်နေဆဲဖြစ်ပြီး ထိုအကျိုးဆက်ကို အကျဉ်းသား များ ဆက်လက် ရင်ဆိုင်နေကြရဆဲ ဖြစ်ကြောင်း၊ အထူးသဖြင့် ကိုဗစ်ကပ်ရောဂါ ကာလအတွင်း အကျဉ်းထောင်များ၌ အကျဉ်းသားဦးရေ ပြည့်သိပ်နေခြင်းသည် အလွန်အမင်း စိုးရိမ်ဖွယ်ရာ အခြေအနေတရပ် ဖြစ်ကြောင်း AAPP ၏ အစီ ရင်ခံစာတွင် ဖော်ပြထားသည်။
မူးယစ်ဆေးဝါးမူဝါဒပြောင်းလဲရေး စည်းရုံးအရေးဆိုမှုအဖွဲ့-မြန်မာ(DPAG)မှ ညှိနှိုင်းရေးတာဝန်ခံ ဒေါက်တာ နန်းပန်းအိ ခမ်းက “တယောက်နဲ့တယောက် နီးနီးကပ်ကပ်နေလို့ရှိရင် လူဦးရေ ထူထပ်တဲ့နေရာမှာဆိုရင် ကူးစက်ဖို့က မြန် တာပေါ့။ အကျဉ်းထောင်တွေထဲမှာ လူဦးရေ လိုအပ်တာထက်ပိုပြီး သိပ်သည်းမှုရှိနေတယ်။ အကျဉ်းထောင်ထဲမှာသာ COVID-19 ကူးစက်မယ်ဆို အရမ်းကို ပေါက်ကွဲ(outbreak)တဲ့အထိ ဖြစ်နိုင်တာကြောင့် အကျဉ်းသားဦးရေ လျှော့ချ သင့်တယ်” ဟု အကြံပြုသည်။
ထို့အတွက် DPAG, AAPP အပါအဝင် အရပ်ဖက်အဖွဲ့အစည်းပေါင်း ၉၀ ကျော်တို့က အကျဉ်းထောင်များအတွင်း အ ကျဉ်းသားဦးရေ လိုအပ်သည်ထက် ပိုနေမှုအား လျှော့ချရေး အစီအစဉ်ကို အမြန်ဆုံး အကောင်အထည်ဖော်ပြီး လူ့အဖွဲ့ အစည်းအတွက် အန္တရာယ်မရှိသော ပုဒ်မများဖြင့် တရားစွဲခံထားရသည့် အချုပ်သား၊ အကျဉ်းသားများကို လွှတ်ပေးရန် ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းက တောင်းဆိုထားသည်။
“ဖြစ်နိုင်ရင် အပြင်မှာရှိတဲ့ ပြည်သူလူထုတွေအတိုင်းပဲ အဓိက ကာကွယ်ရေးလုပ်ငန်းတွေ ရှိသင့်တယ်။ လက်ဆေး ဖို့ ဘေစင်၊ လက်ဆေးဆပ်ပြာ ရရှိဖို့။ အာဟာရ လုံလောက်စွာ ရရှိဖို့။ နောက်တခုက အကျဉ်းသား တယောက်နဲ့ တယောက်လည်း သတ်မှတ်ထားတဲ့ အကွာအဝေးတိုင်း (Physical Distancing) ရှိစေဖို့။ အဲဒီအချက်တွေက အရေး ကြီးတယ်” ဟုလည်း ဒေါက်တာ နန်းပန်းအိခမ်းက ပြောသည်။
နိုင်ငံအဝှမ်းရှိ အကျဉ်းထောင်များနှင့် အကျဉ်းစခန်းများတွင် အကျဉ်းသားများကို ကိုဗစ်ကာကွယ်ရေးဆိုင်ရာ ပညာပေး မှုများ ဆက်တိုက်လုပ်နေပြီး အကျဉ်းသားများ လက်ဆေးရန်အတွက်လည်း ဆပ်ပြာနှင့်လက်ဆေးကန်များ ဖြည့်ဆည်း ပေးထားကြောင်း၊ ပိုးသတ်ဆေးဖြန်းပေးမှုများလည်း ပြုလုပ်ပြီးဖြစ်ကြောင်း အကျဉ်းဦးစီးဌာနမှ တာဝန်ရှိတဦးက ဧပြီ လဆန်းပိုင်းက ဧရာဝတီကို ပြောဆိုထားသည်။
မြန်မာနိုင်ငံတွင် အကျဉ်းထောင်ပေါင်း ၄၆ ခုနှင့် အလုပ်စခန်းပေါင်း ၅၀ ကျော်ရှိပြီး ၂၀၂၀ နှစ်ဆန်းပိုင်းထိ အချက်အ လက်များအရ အကျဉ်းထောင်များတွင် လက်ခံနိုင်သည့် အကျဉ်းသားဦးရေနှုန်းထက် ၁၄၀ ရာခိုင်နှုန်း များနေကြောင်း၊ လက်ခံနိုင်သည့် ဦးရေမှာ ၆၈၀၀၀ ဖြစ်သော်လည်း လက်ရှိ အကျဉ်းသား ဦးရေမှာ ၉၈၀၀၀ ကျော် ရှိနေကြောင်း ဦး တိတ်နိုင်၏ ပြောပြချက်အရ သိရသည်။
ပြီးခဲ့သည့် ဧပြီ ၁၇ ရက် (မြန်မာ့နှစ်သစ်ကူး နှစ်ဆန်းတရက်) တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် အကျဉ်းသား/သူ ၂၀၀၀၀ ကျော်အား လွှတ်ပေးခဲ့ရာ နိုင်ငံရေးအကျဉ်းသား ၂၆ ဦး ပါဝင်ခဲ့သည်။
AAPP ၏ အစီရင်ခံစာတွင် ၂၀၂၀၊ ဧပြီလကုန်တွင် မြန်မာနိုင်ငံအတွင်း နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီး ထိန်း သိမ်းခံထားရသူနှင့် ထောင်ပြင်ပမှ တရားရင်ဆိုင်နေရသူ စုစုပေါင်း ၅၈၇ ဦးရှိသည့်အနက် ၅၀ ဦး အကျဉ်းကျခံနေရပြီး တက်ကြွလှုပ်ရှားသူ ၁၃၇ ဦးသည် ထောင်တွင်းမှနေ၍ တရားရင်ဆိုင်နေရကာ ၄၀၀ ဦးသည် ထောင်ပြင်ပမှနေ၍ တရား ရင်ဆိုင်နေရသည်ဟု ဖော်ပြထားသည်။
အဆိုပါ အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား ၅၀ ဦးကို ထပ်မံလွှတ်ပေးရန် တောင်းဆိုခြင်း ဖြစ်ကြောင်း၊ ၎င်း တို့ထဲတွင် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် တရားစွဲဆိုခံရသူ အများဆုံးဖြစ်ပြီး နိုင်ငံတော် အကြည်ညို ပျက်စေမှု၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခွင့် (ငြိမ်းစုစီ)နှင့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး စသည့်ဥပဒေများလည်း ပါဝင်ကြောင်း သိရသည်။
ဆက်စပ်လင့်
အကျဉ်းသားအချို့ လွှတ်ပေးရန် အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆိုနေ
လူစုလူဝေးဖြစ်နေသည့် အကျဉ်းထောင်များ ကိုရိုနာဗိုင်းရပ်စ် စိုးရိမ်ဖွယ်ရာ ဖြစ်နေ