စစ်ရေးပြင်းထန်နေသည့် ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့ အကျဉ်းထောင်တွင် စစ်ကောင်စီနှင့် ရဲများ တပ်စွဲခြေကုပ်ယူထားပြီး ခံတပ်သဖွယ်အသုံးချနေကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများက ပြောသည်။
လွိုင်ကော်ထောင်တွင် နိုင်ငံရေးအကျဉ်းသား ၁၄၀ အပါအဝင် အကျဉ်းသား ၅၀၀ခန့် ရှိပြီး ကရင်နီပူးပေါင်းတပ်များ ၁၁၁၁ စစ်ဆင်ရေး အရှိန်မြှင့်ခဲ့သည့် နိုဝင်ဘာ ၁၁ ရက်မှစ၍ စစ်ကောင်စီတပ်များက ခံတပ်တခုသဖွယ် ထောင်တွင်းမှ ခုခံနေသဖြင့် အကျဉ်းသားတို့၏ လုံခြုံရေးနှင့် ပတ်သက်၍ စိုးရိမ်နေကြောင်း ၎င်းတို့က ဆိုသည်။
စစ်ကောင်စီတပ်များသည် ထောင်ပြင်ပသို့ ထွက်ခြင်းမရှိကြောင်း၊ ထောင်အတွင်းရှိ အကျဉ်းသား များကိုလည်း အမျိုးသားနှင့် အမျိုးသမီးခွဲပြီး အခန်းတခန်းစီတွင် စုပြုံထားထားသည်ဟု သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၆ရက်က စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်များကြား တိုက်ပွဲပြင်းထန်ခဲ့ရာ နှစ်ဖက် အသေအပျောက် ၃၀ခန့်ရှိကြောင်း သိရသော်လည်း ထောင်တွင်းရှိ အကျဉ်းသားများ ထိခိုက်သေဆုံးခြင်း ရှိမရှိကိုမူ မသိရပေ။
ထိုအခြေအနေအပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) မှ ကိုသိုက်ထွန်းဦးက “ထောင်ဆိုတာ စစ်တပ်တပ်စွဲလို့ ရတဲ့ နေရာမဟုတ်ဘူး။ လက်နက်ကိုင်ဆောင်ခွင့်မရှိဘူးလို့ ပြဋ္ဌာန်းထားတယ်။ ဒါပေမယ့် မြေပြင် စစ်တပ်ရော၊ ရဲ၊ အကျဉ်းဦးစီးရောက ထောင်ကို ခံစစ်ပြင်ပြီးတော့ စစ်မြေပြင်သဖွယ်အသုံးချနေတယ်။ ဒီအတွက် ကျနော်တို့ စိုးရိမ်ပူပန်မှု ဖြစ်နေပါတယ်။ ဒါကို နိုင်ငံတကာနဲ့ ICRC အနေနဲ့ အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသား အပါအဝင် အကျဉ်းသား ၅၀၀ အတွက် အာမခံချက်ရနိုင်ဖို့ နှစ်ဖက်အဖွဲ့အစည်းကို မေတ္တာရပ်ခံပြီးတော့ တောင်းဆို ပေးဖို့ ပြောလိုပါတယ်” ဟု ဧရာဝတီကို ပြောသည်။
အကျဉ်းထောင်အတွင်း လုံခြုံရေးအရ ထောင်ပေါက်ဝ၊ ကင်းစင်၊ မျှော်စင်များတွင်ရှိသည့် အကျဉ်းသားဝန်ထမ်းများ သာလျှင် လက်နက်ကိုင်ဆောင်ခွင့်ပြုထားပြီး အကျဉ်းသားများနှင့် နီးစပ်သည့်နေရာတွင် မည်သည့်လက်နက်မှ ယူဆောင်ခွင့်မပြုကြောင်း သတိပေးစာများ ကပ်ထားသော်လည်း ယခုအခါ စစ်ကောင်စီတပ်သည် အကျဉ်းထောင် အတွင်း လူသူလက်နက်အင်အားအပြည့်ဖြင့် တပ်စွဲနေရာယူထားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်နှင့် ကရင်နီနိုင်ငံရေးအကျဉ်းသားများ စောင့်ရှောက်ရေး အသင်းတို့၏ ထုတ်ပြန်ချက်အရလည်း လွိုင်ကော်ထောင်တွင်းအခြေအနေမှာ အလွန်ဆိုးရွားလျက်ရှိပြီး အစား အသောက်နှင့် ဆေးဝါးများ အရေးတကြီးလိုအပ်နေကြောင်း၊ ယင်းအခြေအနေများကို နေ့စဉ်နှင့်အမျှ စောင့်ကြည့် လျက်ရှိပြီး လိုအပ်ပါက အကူအညီများ အဆင်သင့်ပေးနိုင်ရန် ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း၊ ပြည်သူလူထု အနေဖြင့်လည်း တတ်နိုင်သမျှ ကူညီထောက်ပံ့ပေးနိုင်ပါရန် အသိပေးထုတ်ပြန်ထားသည်။
ကိုသိုက်ထွန်းဦးက “လွိုင်ကော်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် တခြားရာဇဝတ်မှုနဲ့ အကျဉ်း သားတွေက စားနပ်ရိက္ခာနဲ့ဆေးဝါး အရေးပေါ်လိုအပ်နေတယ်။ ဒါတွေကို ပြည်သူတွေ သိစေချင်သလို အကျဉ်းထောင် မှာရှိတဲ့ အကျဉ်းသားတွေရဲ့အသက်ကို စစ်ကောင်စီက အာမခံရမှာဖြစ်သလို နှစ်ဖက်ကြားထဲမှာ အကျဉ်းသားတွေရဲ့ အသက်ကို အာမခံပေးရမှာဖြစ်တယ်” ဟု ဆိုသည်။
စစ်ကောင်စီဘက်ကမူ လွိုင်ကော်ထောင်အတွင်း အကျဉ်းသားများအတွက် ရိက္ခာနှင့်ဆေးဝါး အရေးတကြီး အကူအညီ လိုအပ်နေသည်ဆိုခြင်းမှာ သတင်းအမှားသာဖြစ်ကြောင်း၊ အခြေခံရိက္ခာများ၊ အပိုဆောင်းရိက္ခာများနှင့် ဆေးဝါးများ လုံလောက်မှုရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများလည်း အပြည့်အဝ ဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ပြောဆို ထားသည်။
ကရင်နီပြည်နယ်တွင် ၁၁၁၁ စစ်ဆင်ရေးစတင်ပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက EPC ရုံး၊ ပြည်နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ လွိုင်ကော်တက္ကသိုလ်၊ ပြည်နယ်ရဲရုံး အပါအဝင် စစ်ကောင်စီ တပ်စွဲထားသည့်နေရာ ၁၀ ခုထက်မနည်းကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီးဖြစ်ကြောင်း သိရသည်။
You may also like these stories:
လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား
ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ
လွိုင်ကော်ဘုရားကျောင်း၌ တပ်စွဲသဖြင့် ဘုန်းတော်ကြီးနှင့် စစ်ရှောင်များ ထွက်ပြေးရ
လွိုင်ကော်ဒေသခံ ၈၀ ရာခိုင်နှုန်း မြို့ကို စွန့်ခွာ
လွိုင်ကော်စစ်ရှောင်များ လေကြောင်းမှ အပစ်ခံရ