တနင်္သာရီတိုင်း ထားဝယ်ထောင်မှ ထွက်ပြေးသွားသည့် အကျဉ်းသား ၅ဦးမှာ ယခုအခါ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ် (PDF) ထံသို့ ရောက်ရှိနေပြီဖြစ် ကြောင်း သိရသည်။
အဆိုပါ အကျဉ်းသား ၅ ဦးမှာ စက်တင်ဘာ ၃၀ရက် ထောင် ဝန်ထမ်း၂ ဦးက ဦးဆောင်ကာ ထားဝယ်မြို့နှင့် ၈ မိုင်ခန့် အကွာ ဇီးကျရွာအနီး၌ ရာဘာထင်း များကို သယ်ဆောင်ရန် ခေါ်ဆောင်ခြင်းခံရသူများဖြစ်သည်။
အကျဉ်းထောင်နှင့် နီးစပ်သူတဦးက “သူတို့ ထင်းသယ်သွားချိန်မှာ အဖွဲ့တခုက ဝန်ထမ်း၂ ယောက်ကို ဖမ်းဆီး ပစ် သတ်ပြီးတော့ အကျဉ်းသားတွေကို ခေါ်သွားတယ်။ အကျဉ်းသားတွေက ဝန်ထမ်းကိုသတ်ပြီး ထွက်ပြေးတယ် ဆိုတာ တော့ မဟုတ်ပါဘူး” ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ အကျဉ်းထောင်ဝန်ထမ်း၂ ဦးကို ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ (DGRF) က သတ်ဖြတ်၍ အကျဉ်း သားများကို ကယ်ထုတ်သွားသည်ဆိုသည့် သတင်းများ ထွက်ပေါ်လျက်ရှိသည်။
ယင်းနှင့်ပတ်သက်၍ DGRF အဖွဲ့ဝင်တဦးကို ဧရာဝတီက မေးမြန်းရာတွင် “ဒီအကျဉ်းသားတွေကိုတော့ အခု စစ်ဆေး မေးမြန်းနေတယ်။ နောက်မှာ ထုတ်ပြန်ချက် ထုတ်ပေးသွားပါမယ်။ ကာကွယ်ရေးအဖွဲ့တွေက ထိန်းသိမ်းထားတယ်။ ကျနော်တို့ အခုက စစ်ကြောင်းထိုးမှုတွေရှိလို့ အခု အတိအကျ မထုတ်ပြန်နိုင်သေးပါဘူး။ မကြာခင် ဒါနဲ့ပတ်သက်ပြီး ထုတ်ပြန်ချက် ထုတ်ပေးပါမယ်” ဟု ဧရာဝတီကို ပြောသည်။

စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များက ထောင်ဝန်ထမ်းများနှင့် အကျဉ်းသားများ ပြန်မရောက်လာသည့် အတွက် ဆက်သွယ်ခဲ့သော်လည်း မရခဲ့ကြောင်း၊ ထို့နောက် ထောင်ဝန်ထမ်း၂ ဦး၏ အလောင်းများကို ဇီးကျရွာနှင့် မိုင်တဝက်ခန့်အကွာရှိ စစ်ကောင်စီတပ် ဘုရားမဲစစ်ဆေးရေးဂိတ်၏ အနောက်ဘက်တွင် အောက်တိုဘာ ၁ ရက် မနက်ပိုင်းက ပြန်တွေ့ခဲ့ကြောင်း ပုံများနှင့်တကွ ရေးသားဖော်ပြထားကြသည်။
အဆိုပါ လွတ်မြောက်သွားသည့် အကျဉ်းသားများထဲ၌ နိုင်ငံရေးအကျဉ်းသား ပါမပါကို စိစစ်နေဆဲဖြစ်ပြီးကြောင်း လည်း DGRF အဖွဲ့ဝင်တဦးက ပြောသည်။
အဆိုပါ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် အောက်တိုဘာ ၁ ရက်တွင် အခင်းဖြစ်ပွားရာ အနီးတဝိုက်သို့ စစ်ကြောင်းထိုးလာ သည့် စစ်ကောင်စီတပ်နှင့် ထားဝယ်ပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့ (DGRF)၊ ထားဝယ်ခရိုင်တပ်ရင်း ၁၊ ဥဩစစ် ကြောင်းတို့ ယနေ့အထိ တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
အောက်တိုဘာ ၂ ရက်တွင် ထားဝယ်ထောင်မှ ထားဝယ် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုအောင် ဝေယံကျော် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၄ ဦး လွတ်ရက်စေ့၍ ပြန်လည်လွတ်မြောက်လာခဲ့ပြီး တခြား မူးယစ် ဆေးဝါးမှုများဖြင့် အကျဉ်းကျနေသူ ၅ ဦးလည်း လွတ်မြောက်လာကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရ သည်။
You may also like these stories:
မော်လိုက်ကလေးထောင်တွင် ရိုက်နှက်ခံထားရသည့် နိုင်/ကျဉ်းများ ဆေးကုခွင့် မရ
ပုသိမ်ထောင်ဆူမှု၌ ပါဝင်သူ ၆၃ ဦးကို ပြစ်ဒဏ်များထပ်တိုးချ
ပုလောဒေသခံ ၁၀၀ ကျော် စစ်တပ်ဖမ်းထား