ဆောင်းပါး

မြန်မာသို့ ရုရှားမှ (လက်နက်ခဲယမ်းများနှင့်အတူ) အချစ်များ

Want create site? Find Free WordPress Themes and plugins.

မြန်မာစစ်ကောင်စီကို အထီးကျန်ထားရန် နိုင်ငံတကာတောင်းဆို့မှုများကို အာခံပြီးနောက် ရုရှား ဒုတိယ ကာကွယ်ရေးဝန်ကြီး အလက်ဇန္ဒားဖိုမင်သည် မတ်လ ၂၇ ရက်နေ့က တပ်မတော်နေ့အခမ်းအနားတွင် ပေါ်ပေါ်ထင်ထင် တက်ရောက်သောကြောင့် အာဏာသိမ်းခေါင်းဆောင်နှင့် သူ့ကိုယ်သူခန့်အပ်ထားသော နိုင်ငံ့ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှား၏ ယုံကြည်ထောက်ခံမှုအတွက် “နက်ရှိုင်းသော ကျေးဇူးများ”ကို ဖေါ်ပြခဲ့သည်။ “မိမိတို့သည် ဝေးကွာကြသော်လည်း ရုရှားအစိုးရနှင့် ရုရှားတပ်မတော်အဖွဲအစည်းများမှ တာဝန်ရှိသူများကို ၎င်းတို့၏ မြန်မာစစ်တပ်အပေါ် ချစ်ကြည်ရေးအရ ကြီးမားသော ထောက်ခံမှုအတွက် အသိအမှတ်ပြု မှတ်တမ်းတင်ကြောင်း”လည်း သူက ဆက်လက်ပြီး သတင်းစကားပါးလိုက်သည်။

သူ၏ မိန့်ခွန်းတွင် ဗိုလ်ချုပ်မှူးကြီးက မြန်မာစစ်တပ်သည် “ဒီမိုကရေစီကို ကာကွယ်စောင့်ရှောက်ရန် တနိုင်ငံလုံးနှင့် ပူးပေါင်းရန် ကြိုးစားမည်” ဖြစ်ကြောင်း ကြေညာပြီး ရွေးကောက်ပွဲများ ကျင်းပရန် ကတိပေးသည်။ ထိုစကားလုံးများကို သူ ဖတ်ပြနေစဉ်တွင်ပင် စစ်ကောင်စီတပ်များသည် တနိုင်ငံလုံးမှ လက်နက်မဲ့ ဆန္ဒပြသူ ၁၀၀ ကျော်ကို သတ်ဖြတ်မှု ကျူးလွန်နေပြီး ထိုနေ့ကို တပ်မတော်နေ့အဖြစ်သာမက စစ်ကောင်စီကို ဆန့်ကျင်မှုအား ဖြိုခွဲရာတွင် လက်ရှိအချိန်အထိ သွေးထွက်သံယို အများဆုံးနေ့အဖြစ်ပါ မှတ်မိနေစေရန် လုပ်ဆောင်နေကြသည်။

ဝိုင်းပတ်ပိတ်ဆို့ခံထားရသော မြန်မာပြည်သူများက စစ်အာဏာသိမ်းတပ်များကို ခုခံနေသော အခြေအနေအဖြစ် မြန်မာနိုင်ငံမှ သံတမန်များက အခြေအနေကို ဖေါ်ပြကြသည်။ တချိန်တည်းတွင် နေပြည်တော်တွင်မူ မော်စကိုမှ ကိုယ်စားလှယ်အဖွဲ့နှင့် စစ်သားချင်း ညီရင်းအကိုပမာ သွေးစည်းချစ်ကြည်မှုနှင့် ထိုကိုယ်စားလှယ်အဖွဲ့က စစ်ကောင်စီကို ထောက်ခံမှုအဖြစ် ပုံဖေါ်နေပြီး စစ်ဝတ်စုံဝတ်ဆင်ထားသူများနှင့် ပြည့်နှက်နေသည့် အစည်းအဝေးခန်းတခုတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖိုမင်ကို တံဆိပ်တခု ချီးမြှင့်တပ်ဆင်ပေးနေပုံနှင့် အားလုံး ပြုံးရွှင်နေကြပုံကိုလည်း သရုပ်ဖော်ထားသည်။ ဖိုမင်အပြင် ရုရှားကိုယ်စားလှယ်အဖွဲ့တွင် ရုရှားသမ္မတပူတင်၏ အကြံပေးတဦးနှင့် လူမှုအခြေပြုအဖွဲ့အစည်းများဆိုင်ရာ သမ္မတ၏ကောင်စီဥက္ကဌ၊ မော်စကို ဗုဒ္ဓဘာသာအသင်း ဥက္ကဌ၊ အဆင်မြင့်ရုရှားစစ်ဖက်နှင့် အရပ်ဖက်အရာရှိများ၊ ရုရှား မီဒီယာများ ပါဝင်သည်။

စစ်ကောင်စီကို ရုရှားက အကြီးအကျယ်ထောက်ခံခြင်းနှင့် ဖေါ်ပြသည့် ချစ်ကြည်ရင်းနှီးမှုအား အမှတ်ရ မှတ်မိနေကြမည်ဖြစ်သည်။ တချိန်တည်းတွင် ဆန့်ကျင်ဖက်ဖြစ်နေသော အချက်မှာ သြစတြေးလျှ၊ ကနေဒါ၊ ဂျာမဏီ၊ ဂရိ၊ အီတလီ၊ ဂျပန်၊ ဒိန်းမတ်၊ နယ်သာလန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ဗြိတိန်နှင့်အမေရိကန် ပြည်ထောင်စုတို့မှ စစ်ဦးစီးချုပ်များက တနိုင်ငံလုံးမှ မြန်မာနိုင်ငံသားများကို မြန်မာစစ်တပ်က လူသတ်လက်နက်များ အသုံးပြု အကြမ်းဖက်နေခြင်းကို ရှုတ်ချသည့် ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်လိုက်ခြင်းပင်ဖြစ်သည်။

“မြန်မာစစ်တပ်နှင့် ၎င်းနှင့်ပတ်သက်သည့် လုံခြုံရေးတပ်များက လက်နက်မဲ့ ပြည်သူများကို လူသတ်လက်နက်သုံးခြင်းကို ကာကွယ်ရေးအကြီးအကဲများအနေဖြင့် မိမိတို့ရှုတ်ချသည်”ဟု ထိုကြေညာချက်တွင် ဖေါ်ပြထားသည်။ “စစ်တပ်ပီသသော စစ်တပ်တခုသည် နိုင်ငံတကာကျင့်ဝတ်စံနှုန်းများကို လိုက်နာရန်လိုပြီး ၎င်းတို့တာဝန်သည် ပြည်သူများကို ဒုက္ခမပေးဘဲ ကာကွယ်ရန် ဖြစ်သည်” ဟုလည်း ထိုကြေညာချက်က ဆက်လက်ဖေါ်ပြသည်။

ဗီယက်နမ်၊ လာအို၊ တရုတ်၊ အိန္ဒိယ၊ ထိုင်းတို့အပါဝင် အိမ်နီးချင်းနိုင်ငံများက ၎င်းတို့၏ စစ်သံမှူးများကို တော်လှန်ရေးနေ့ စစ်ရေးပြပွဲသို့ လေ့လာသူအဖြစ် စေလွှတ်ခဲ့သည်။ (၎င်းတို့တက်ရောက်လာခြင်းကြောင့် ၁၉၈၈ ခုနှစ်က စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးစောမောင်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ အထီးကျန်ခြင်းကို ချိုးဖျက်ပေးသော နိုင်ငံတခုမှာ ထိုင်းနိုင်ငံဖြစ်သည်ကို အမှတ်ရစရာဖြစ်လာသည်။ အာဏာသိမ်းအပြီး ၃ လနီးပါး အကြာ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ထိုစဉ်က ထိုင်းစပ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ချာဗာလစ် ယောင်ချိုင်ယုဒ်က မြန်မာန်ိုင်ငံသို့ အဆင့်မြင့်ခရီးစဉ်အနေဖြင့်လာရောက်ခဲ့သည်။ ရန်ကုန်တွင် ကျင်းပသည့် ညစာစားပွဲတခုတွင် သူက ဗိုလ်ချုပ်ကြီးစောမောင်ကို “အကိုကြီး”ဟု မြန်မာလို ခေါ်သည်။ အပြန်အလှန်အားဖြင့် ဗ်ိုလ်ချုပ်ကြီးစောမောင်ကလည်း ထိုင်းနိုင်ငံသည် မြန်မာ၏ မိတ်ဆွေစစ် မိတ်ဆွေမှန်ဖြစ်ကြောင်း ကြေညာသည်။ အပြန်အလှန်အားဖြင့် ထိုင်းနိုင်ငံသည် အကျိုးအမြတ်များလှသည့် သစ်ထုတ်လုပ်ရေး စာချုပ်များ၊ ငါးဖမ်းခွင့်များနှင့် အကျိုအမြတ်များသည့် ဟိုတယ်လုပ်ငန်းလုပ်ငန်းများ ရရှိသွားသည်။ စစ်အာဏာသိမ်းပြီး ဖြိုခွဲမှုများကြောင့် ထိုင်းသို့ထွက်ပြေးလာသည့် ကျောင်းသားတက်ကြွလှုပ်ရှားသူများကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန်လည်း ချာဗာလစ်က သဘောတူခဲ့သည်။)

မြန်မာနိုင်ငံသည် တနေ့ထက်တနေ့ ဖရိုဖရဲ ပိုမိုဖြစ်လာပြီး ရေရှည်ပြည်တွင်းစစ် သို့မဟုတ် ကျရှုံး နိုင်ငံဖြစ်သွားနိုင်သည့် လက်ရှိ နိုင်ငံရေးနောက်ခံကားတွင် ဖိုမင်၏ ခရီးစဉ်က အတိတ်နိမိတ် မကောင်းလှပေ။

တကမ္ဘာလုံးအနေဖြင့် ပြဿနာရှိသော နေရာတိုင်းအား ရုရှားက ခေါင်းထောင်ကြည့်သည်။ မြန်မာနိုင်ငံတွင် ရုတ်တရက် ပြဿနာ မီးတောက်လာသောအခါ ကရင်မလင်ခေါင်းဆောင်ပိုင်းက အာရုံဝင်စားလာသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။

မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သော အနောက်တိုင်း သံတမန်တဦး၏ စကားအရ “သူတို့ လက်နက်ရောင်းချနေရသမျှ ရုရှားက (မြန်မာနိုင်ငံ တည်ငြိမ်ရေးကိုဖြစ်စေ၊ မြန်မာပြည်သူတွေကိုဖြစ်စေ) ဂရုမစိုက်ဘူး”ဟု ဆိုရမည်ဖြစ်ပေသည်။

ရုရှားသည် လက်တွေ့တွင် မြန်မာနိုင်ငံနှင့် စစ်ဖက်ဆက်ဆံရေး တောင့်တင်းကြံ့ခိုင်ရန် ကြိူးစားသည်ဟု သူ၏ ခရီးစဉ်အတွင်း ဖိုမင်ကပြောကြားခဲ့သည်။ ရုရှားသတင်းဌာန Interfax က ထုတ်ပြန်သည့် ရုရှားကာကွယ်ရေး ဝန်ကြီးဌာန၏ ကြေညာချက်တွင် “နှစ်ဖက်စလုံးက စစ်ဖက်နယ်ပယ်တွင် အလျှင်အမြန်တိုးတက်နေသော ၎င်းတို့၏ အပြန်အလှန်အကျိုးရှိသည့် ဆက်ဆံရေးကို အပြုသဘော အကဲဖြတ်ကြပြီး သေနင်္ဂဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး စိတ်ဓါတ်ဖြင့် စစ်ရေးနှင့်စစ်ဖက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ပိုမိုနက်ရှ်ိုင်းစေရန် လက်ရှီအလားအလာများကိ အကောင်းဆုံး အသုံးချရန် ထပ်မံအတည်ပြုပြောကြားသည်”ဟု ဖေါ်ပြထားကြောင်း Financial Times သတင်းစာ၏ အဆိုအရ သိရသည်။

အနောက်သံတမန်တဦးက “သူ (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်) နဲ့ သူ့အဖွဲ့က အခြေအနေကို (ဆီးရီးယားခေါင်းဆောင် ဘာရှား အယ်လ်) အာဆတ် မြင်သလိုမြင်နေမှာ ကျနော်စိုးရိမ်တယ်။ သူတို့ကိုယ်သူတို့ အခုချိန်မှာ ကာကွယ်ဖို့ တိုင်းပြည်ကို လွှတ် ဖျက်ဆီးမယ်ပေါ့။ သူတို့ရဲ့ အတ္တတွေနဲ့ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ သူတို့ခေါင်းထဲမှာ အဲဒီလမ်းတလမ်းပဲရှိတယ်လို့ သူတို့မြင်ကြတယ်” ဟုပြောသည်။

ရုရှား ဒုတိယ ကာကွယ်ရေးဝန်ကြီး အလက်ဇန္ဒားဖိုမင်

ထိုသို့သော အခြေအနေကြောင့် တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန် အပါအဝင် အားပြိုင်နေသည့် အင်အားကြီးနိုင်ငံများကို မြန်မာနိုင်ငံ အကျပ်အတည်းတွင်းသို့ ဆွဲသွင်းလိုက်နိုင်သည်ဆိုသည့် ပူပန်မှုများကို ဖြစ်စေသည်။

ကြီးထွားနေသော နိုင်ငံတကာဖိအားနှင့် အနောက်နိုင်ငံ အရေးယူပိတ်ဆို့မှုများကို ရင်ဆိုင်ရသောအခါ စစ်ကောင်စီသည် ရုရှားနှင့်တရုတ်ကဲ့သို့သော အင်အားကြီးနိုင်ငံများထံမှ တရားဝင်ဖြစ်မှုနှင့် ထောက်ခံမှု လိုအပ်သည်။

ရုရှားနှင့် ပိုမိုနက်ရှိုင်းသော စစ်ဖက်ဆက်ဆံရေးအား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လူသိရှင်ကြား ကြိုဆိုခြင်းအပေါ် ဘေ့ဂျင်းအနေဖြင့် သတိမပြုမိဘဲနေမည် မဟုတ်ပေ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံအပေါ် တရုတ်၏ ဆက်ဆံမှုနှင့်ပတ်သက်ပြီး ယခင်ကဖေါ်ပြခဲ့ဖူးသည်။

တန်ဖိုးရှိသော ဖောက်သည်

မြန်မာနိုင်ငံသည် ရုရှားလက်နက်များ၏ ဖောက်သည်ဖြစ်နေသည်မှာ ကာလကြာမြင့်ပြီဖြစ်ပြီး လွန်ခဲ့သောနှစ်က ရုရှားတွင်ပြုလုပ်သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင်လည်း ပါဝင်ခဲ့သည်။ ရုရှားစစ်သင်္ဘောများသည်လည်း မြန်မာဆိပ်ကမ်းအများအပြားသို့ လာရောက်လည်ပတ်ခဲ့ဖူးသည်။

၂၀၀၀ ပြည့်နှစ်အစောပိုင်းမှ စတင်ပြီး မြန်မာနိုင်ငံသည် ရုရှားလုပ် MiG-29 ဂျက်တိုက်လေယာဉ် ၃၀၊ Yak-130 ဂျက်အမောင်းသင်လေယာဉ် ၁၂ စင်း၊ Mi-24 နှင့် Mi-35P ရဟတ်ယာဉ် ၁၀ စင်းနှင့် Pechora-2M လေယာဉ်ပစ် ဒုံးကျည်စနစ် ၈ ခုတို့ကို ဝယ်ယူခဲ့သည်။ မြန်မာစစ်တပ်သည် Su-30 စစ်လေယာဉ် ၆ စင်း ဝယ်ယူရန်လည်း စာချုပ်ချုပ်ထားသည်။ ရုရှားလုပ် လက်နက်ကိရိယာများ ပြုပြင်ထိန်းသိမ်းရေးကို မြန်မာနိုင်ငံရှိ ပူးတွဲဝန်ဆောင်မှုဌာနတွင် ပြုလုပ်ပေးသည်။

မလေးရှား၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် အိန္ဒိယ တို့သည်လည်း ရုရှားထံမှ Su-30s များကို ဝယ်ယူထားပြီး မြန်မာနိုင်ငံသည် ထိုဘက်စုံသုံး တိုက်လေယာဉ် ပထမဆုံးအသုတ်ကို မကြာမီရရှိတော့မည်ဟု မျှော်လင့်ရသည်။

၂၀၁၉ ခုနှစ်က Stockholm International Peace Research Institute က ထုတ်ပြန်သည့် စာရင်းများအရ မြန်မာနိုင်ငံသည် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ရုရှားလုပ်လက်နက် အမေရိကန်ဒေါ်လာ ၈၀၇ သန်းဖိုး ဝယ်ယူပြီး အရှေ့တောင်အာရှနိုင်ငံများအနက် ဗီယက်နမ်ပြီးလျှင် ရုရှားလုပ်လက်နက် ဒုတိယအများဆုံး ဝယ်ယူသော နိုင်ငံဖြစ်သည်။

၂၀၀၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း မြန်မာစစ်လက်နက်ပစ္စည်း အသုံးစရိတ် အများဆုံးသည် ရုရှားသို့ သွားပြီး စုစုပေါင်းဝယ်ယူမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁.၄၅ သန်းရှိကြောင်း သိရကာ အလားတူကာလအတွင်း တရုတ်မှ ဝယ်ယူသည့် ဒေါ်လာ ၁.၄၂ သန်းထက် ပိုမိုများပြားကြောင်း စာရင်းများအရသိရသည်။

ထို့အပြင် မြန်မာနိုင်ငံသည် ရုရှားစစ်တက္ကသိုလ်များတွင် လေ့ကျင်ရန် အရာရှိများကို စေလွှတ်သည်။ ယခုအချိန်အထိ ထောင်နှင့်ချီသည့် မြန်မာစစ်သင်တန်းသားများသည် ရုရှားမှ ကျော်ကြားသော စစ်တက္ကသိုလ်များမှ ကျောင်းဆင်းပြီး အချို့သည် ဘွဲ့လွန်သင်တန်းနှင့် ပါရဂူသင်တန်းများကိုပင် တက်ရောက်ကြသည်။ (မြန်မာနိုင်ငံသည် စစ်အရာရှိများကို အိန္ဒိယ၊ တရုတ်၊ ဂျပန်နှင့် အစ္စရေးတို့သို့လည်း စေလွှတ်သည်။)

မြန်မာနိုင်ငံသည် ဗီယက်နမ်မှလွဲလျှင် အခြားမည်သည့် အရှေ့တောင်အာရှနိုင်ငံထက်မဆို ရုရှားသို့ နိုင်ငံသားများနှင့် စစ်ဗိုလ်များကို ပို့ဆောင်သောနိုင်ငံဖြစ်သည်။

မြန်မာနိုင်ငံသည် လာအို၊ အင်ဒိုနီးရှားနှင့် ဘင်္ဂလားဒေ့ရှ် အပါအဝင် အရှေ့တောင်အာရှနှင့် အိမ်နီးချင်းလက်နက်ဈေးကွက်များသို့ ဝင်ရောက်ရန် အခြေချသည့်နေရာဖြစ်ကြောင်း ရုရှားစစ်တပ်အကြောင်း ကျွမ်းကျင်သူ ဗီယာချီဆလက် ဆီလူကိုပြောသည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် ရုရှားအတွက် သေနင်္ဂဗျူဟာကျသည့် စတင်ထိုးဖေါက်နေသော ဈေးကွက်တခုဖြစ်သည်။

စစ်အာဏာသိမ်းမှုအကြိုကာလ

ဖိုမင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခြင်းမပြုမီနှင့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုမတိုင်မီ ၁၀ ရက်အလို ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး ဆာဂျေ ရွှိုင်ဂုကို နေပြည်တော်တွင် လက်ခံတွေ့ဆုံခဲ့သည်။

စနေနေ့ နေပြည်တော်တွင် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကြည့်ရှုစစ်ဆေးစဉ်/Snr-Gen Min Aung Hlaing website

မြန်မာစစ်တပ်အကြီးအကဲက သက်တမ်းကြာမြင့်ပြီဖြစ်သော ရုရှားကာကွယ်ရေး ဝန်ကြီးကို ကျေးဇူးတင်ခဲ့သည်။ “သစ္စာရှိတဲ့ မိတ်ဆွေတယောက်လိုပဲ ရုရှားနိုင်ငံဟာ မြန်မာနိုင်ငံကို ခက်ခဲတဲ့ အချိန်တွေမှာ အမြဲတမ်းကူညီခဲ့တယ်၊ အထူးသဖြင့် လွန်ခဲ့တဲ့ ၄ နှစ်အတွင်းမှာ ကူညီခဲ့တယ်”ဟု မြန်မာစစ်တပ်အကြီးအကဲ ပြောကြောင်း ရုရှားမီဒီယာများက ကိုးကားဖေါ်ပြသည်။

ထိုခရီးစဉ်အတွင်း နေပြည်တော်တွင် လုံခြုံရေး အထူးတင်းကျပ်ထားသည်။ ရုရှားကိုယ်စားလှယ်အဖွဲ့သည် လေယာဉ်နှစ်စင်းဖြင့် ရောက်ရှိလာပြီး ခမ်းနားသော ကြယ် ၅ ပွင့် ကမ်ပင်စကီးဟိုတယ်တွင် တည်းခိုကြသည်။ ထိုခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့ ရုရှားက Pantsir-S1 မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ်များ၊ Orlan-10E မောင်းသူမဲ့ ထောက်လှမ်းရေး လေယာဉ်များနှင့် ရေဒါများ ရောင်းချရန် သဘောတူခဲ့သည်။

မြန်မာစစ်ခေါင်းဆောင်များသည် ရွှိုင်ဂုကို တင်းပြည့်ကျပ်ပြည့် ဂုဏ်ပြုဧည့်ခံရန် အထူးအားထုတ်မှု လုပ်ကြကြောင်း မြန်မာစစ်တပ် သတင်းရင်းမြစ်များက ဆိုသည်။

“ဒီနေ့ဆွေးနွေးပွဲဟာ နောက်ထပ်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ အထူးသဖြင့် စစ်ဖက်ဆက်ဆံရေး မြှင့်တင်ဖို့ အခွင့်အလမ်းတရပ်လို့ မြင်ပါတယ်” ဟု ရွှိုင်ဂုက မြန်မာစစ်ခေါင်းဆောင်ကိုပြောသည်။

မော်စကိုသည် နှစ်နိုင်ငံကာကွယ်ရေးဌာနများအကြား ဆက်ဆံရေး ပိုမိုနက်ရှိုင်းအောင် လုပ်ဆောင်ရန်နှင့် စစ်ဖက်နည်းပညာနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှု တိုးတက်အောင် လုပ်ဆောင်ရန် အသင့်ရှိကြောင်း ထိုခရီးစဉ်အတွင်း သူပြောသည်။

ထိုခရီးစဉ်ကြောင့် ယခင်ကပင်ရင်းနှီးပြီးဖြစ်သော ရွှိုင်ဂုနှင့် ရုရှားသို့ ၆ ကြိမ်သွားရောက်လည်ပတ်ပြီးဖြစ်သော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အကြား ဆက်ဆံရေးသည် ပိုမိုခိုင်မာလာသည်။ ထို့ကြောင့် ရုရှားသည် မြန်မာ စစ်အာဏာသိမ်းမှုကို ကြိုတင်သိရှိ ထောက်ခခဲ့သည်ဟု သံတမန်များနှင့် လေ့လာသူအများအပြားပြောသည်။

နိုင်ငံရေး ရည်မှန်းချက်များ

နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲမတိုင်မီ ၅ လအလို လွန်ခဲ့သော နှစ် ဇွန်လက မော်စကိုသို့ သွားရောက်လည်ပတ်စဉ် ရုရှား မီဒီယာများနှင့် တွေ့ဆုံရာတွင် ဗ်ိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံရေးလောကသို့ ဝင်ရောက်ရန် သူ၏ ဆန္ဒကို အရိပ်အမြွက်ပြောသော်လည်း ထိုရည်မှန်းချက် အောင်မြင်စေရန်လမ်းကြောင်းမှာ အာဏာသိမ်းခြင်းဖြစ်သည်ဆိုသည်ကို တစွန်းတစ ပြောကြားခြင်းမရှိခဲ့ပေ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှား ဒုတိယ ကာကွယ်ရေးဝန်ကြီး အလက်ဇန္ဒားဖိုမင် တွေ့ဆုံစဉ်/ Global New Light of Myanmar

ဗိုလ်ချုပ်မှူးကြီးသည် ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅ ခုနှစ်က နာဇီဂျာမဏီကို ချေျမှုန်းခဲ့သည့် ၇၅ ကြိမ်မြောက် ရုရှား အောင်ပွဲနေ့တက်ရောက်ရန် မော်စကိုသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ရုရှားသတင်းဌာနတခုဖြစ်သော Arguments and Facts နှင့်တွေ့ဆုံမေးမြန်းစဉ်က လာမည့်အထွေထွေရွေးကောက်ပွဲတွင် သူ၏ အခန်းကဏ္ဍနှင့် ပတ်သက်ပြီးမေးမြန်းသောအခါ သူက သူ၏ ဦးစားပေးမှာ ယခင်ရွေးကောက်ပွဲများကကဲ့သို့ လွတ်လပ်မျှတသော ရွေးကောက်ပွဲဖြစ်စေရေး ကူညီရန် ဖြစ်ကြောင်းပြောသည်။ ရွေးကောက်ပွဲရလဒ်များကို ကြေညာပြီးသောအခါတွင်လည်း နိုင်ငံရေးပါတီများ၊ အခြားအုပ်စုများနှင့် ပြည်သူ့ဆန္ဒကို အခြေခံကာ ဆက်လက်လုပ်ကိုင်မည်ဟု သူပြောကြောင်း သူ၏ အင်တာနက်စာမျက်နှာတွင် တင်ထားသည့် ထိုတွေ့ဆုံမေးမြန်းခန်း မြန်မာဘာသာမူအရ သိရသည်။

မြန်မာစစ်တပ်အကြီးအကဲက သူသည် နိုင်ငံရေး၊ စစ်ရေးနှင့် အုပ်ချုပ်ရေးရာများတွင် နှစ်ပေါင်း ၄၀ အတွေ့အကြုံရှိကြောင်း ပြောသည်။ ထိုကာလအတွင်း သူသည် နိုင်ငံနှင့်ပြည်သူအကျိုးကို ထမ်းဆောင်ခဲ့ကြောင်းပြောပြီး လိုအပ်သည့် မည်သည့်အခန်းကဏ္ဍမှမဆို ဆက်လက်ထမ်းဆောင်မည်ဖြစ်ကြောင်းပြောသည်။

“ဒီအတွေ့အကြုံတွေက နိုင်ငံအကျိုး ပြည်သူအကျိုးဆောင်ရာမှာ အဖိုးတန်မယ်လို့ကျနော်ထင်တယ်” ဟုလည်း သူပြောသည်။

ရုရှား၏ကြိုဆိုမှု

ရုရှားနှင့်မြန်မာတို့ ဆက်ဆံရေး ထူထောင်သည်မှာ ၁၉၄၈ ခုနှစ်ကဖြစ်ပြီး နောင် ၃ နှစ်ကြာသောအခါ နှစ်နိုင်ငံတွင် သံရုံးများ အပြန်အလှန်ဖွင့်ကြသည်။ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာအကျပ်အတည်းနှင့်ပတ်သက်ပြီးကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်သောအခါ တရုတ်နှင့်အတူ ရုရှားကလည်း ကန့်ကွက်သည်။ လွန်ခဲ့သောလ အာဏာသိမ်းမှုအပြီးတွင် မော်စကိုသည် တရုတ်နှင့်ပူပေါင်းပြီး စစ်ကောင်စီကို ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ထောက်ခံသည်။ အနာဂတ်တွင် လက်နက်ရောင်းချမှုပိတ်ပင်မှုပြုလုပ်ရန် ကုလသမဂ္ဂက ကြိုးစားသောအခါ ရုရှားသည် ယခင်က လုပ်ဆောင်ခဲ့သည့်အတိုင်း ဗီတိုအာဏာဖြင့် ပယ်ချနိုင်ဖွယ်ရှိသည်။

ရုရှားသမ္မတအကြံပေးနှင့် ရုရှားသတင်းဌာနတို့အား ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်ခံတွေ့ဆုံစဉ်/ Global New Light of Myanmar

မြန်မာနိုင်ငံသည် ရုရှားနိုင်ငံ၏ အိမ်နီးချင်းမဟုတ်ပေ။ မော်စကိုက မြန်မာနိုင်ငံကို စိတ်ဝင်စားခြင်းမှာ စစ်လက်နက်ပစ္စည်းများ ရောင်းချရန်ဖြစ်ပြီး တစုံတရာသော ပထဝီသေနင်္ဂဗျူဟာ လိုအပ်ချက်ဖိအားပေးရန်ထက် အနောက်တိုင်းသြဇာလွှမ်းမိုးမှုကို ခုခံရန်ဖြစ်နိုင်သည်။ ဝေးကွာသော ပဋိပက္ခဇုန်များတွင် ရင်းမြစ်များဖြန့်ကျက်ခြင်းကို နှစ်ခြိုက်သော ရုရှားသည် အမြဲလိုလိုငွေမာ လိုအပ်နေသည်။

သို့သော်မြန်မာနိုင်ငံသည် ကျရှုံး နိုင်ငံတခုဖြစ်လာပါက တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံနှင့် အခြားန်ိုင်ငံများ ခံစားရသော်လည်း ရုရှားသည် ခံစားရမည်မဟုတ်ပေ။ လက်တွေ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သူ၏စစ်ကောင်စီကို ရုရှားကထောက်ခံခြင်းသည် ၎င်းတို့အာဏာ ဆက်လက်ရစေရန် လုံလောက်ခြင်း ရှိမရှိကိုပင် ဆက်လက်စောင့်ကြည့်ရဦးမည်ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံ၏ မဟာမိတ်အဖြစ် ယူဆရသော တရုတ်သည် ထိုအခြေအနေတွင် မည့်သည့်နေရာမှ ပါဝင်မည်နည်း။

စစ်ကောင်စီကို ဘေ့ဂျင်းကထောက်ခံနေသည်ဟု မြန်မာပြည်သူများက ယူဆပြီး မြန်မာပြည်သူများက တရုတ်အပေါ် မကျေနပ်မှု ပြင်းထန်နေချိန် ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ချန်ဟိုင်က မြန်မာနိုင်ငံမှ လက်ရှိအခြေအနေသည် တရုတ်နိုင်ငံက လိုလားသော အခြေအနေလုံးဝမဟုတ်ကြောင်း ပြောသည်။

မတ်လ ၈ ရက်နေ့တွင် တရုတ်နိုင်ငံက အချက် ၃ ချက်ပါသော ကြေညာချက်တစောင် ထုတ်သည်။ ပထမအချက်မှာ မြန်မာနိုင်ငံမှ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးသည် တည်ငြိမ်အောင် ထိန်းသိမ်းကာ သဘောထားကွဲလွဲမှုများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေမူဘောင်အတွင်း တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဆက်လက်လုပ်ကိုင်ရန်ဖြစ်သည်။ လတ်တလောဦးစားပေးမှာ နောက်ထပ်သွေးထွက်သံယိုမှုများနှင့် ပဋိပက္ခများ အဆုံးသတ်ပြီး အခြေနေကို အမြန်ဆုံး ဖြေလျှော့ ငြိမ်သက်အောင် လုပ်ဆောင်ရေးဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက တရုတ်နိုင်ငံ နှစ်ပတ်လည် ဥပဒေပြုလွှတ်တော်၏ သီးခြားသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ သို့သော် ထိုအချိန်မှစတင်ပြီး မြန်မာနိုင်ငံတွင် သွေးထွက်သံယိုမှု ပိုမိုများပြားလာသည်။

သူပြောသည့် ဒုတိယအချက်မှာ တရုတ်သည် အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN က ပြည်တွင်းရေးကို ဝင်မစွက်ဖက်သည့် မူကို ဆုပ်ကိုင်ခြင်း၊ အားလုံးသဘောတူညီမှုဖြင့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊ ASEAN နည်းဖြင့် ကြားဝင်ဆောင်ရွက်ခြင်းနှင့် တူညီသော အခြေခံများ ရှာဖွေခြင်းကို ထောက်ခံသည် ဆိုသည့် အချက်ဖြစ်သည်။

သို့သော် အင်အားချိနဲ့လှသော ASEAN သည် မြန်မာအကျပ်အတည်းအပေါ် သြဇာသက်ရောက်နိုင်ခြင်း မရှိပေ။ လက်တွေ့တွင် တရုတ်တနိုင်ငံတည်းသည်သာ နေပြည်တော်သို့ ကျယ်လောင်ရှင်းလင်းသော သတင်းစကားပြောကြားနိုင်သည့် အဓိကနိုင်ငံတခုဖြစ်နေသည်။

တတိယအချက်ကိုပြောကြားရာတွင် ဝမ် က တရုတ်နှင့်မြန်မာတို့သည် တူညီသော အနာဂတ်ကို ခွဲဝေပိုင်ဆိုင်သောကြောင့် တရုတ်နိုင်ငံသည် တရုတ်-မြန်မာဆက်ဆံရေး တိုးတက်ရေး ကတိကဝတ်ကို အကောင်အထည်ဖေါ်ရာတွင် တုံ့ဆိုင်းမည်မဟုတ်ကြောင်းနှင့် အခြေအနေမည်သို့ ဖြစ်နေသည်ဖြစ်စေ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးတက်ရေး လမ်းကြောင်းမှ သွေဖီမည်မဟုတ်ကြောင်းပြောသည်။

“ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် မြန်မာနိုင်ငံက နိုင်ငံရေးပါတီ အမျိုးမျိုးနဲ့ ခင်မင်ရင်းနှီးတဲ့ဆက်ဆံရေးကို ကျနော်တို့ နှစ်ပေါင်းများစွာ ထိန်းသိမ်းခဲ့တယ်” ဟု ဝမ် ပြောသည်။

ထိုစကားသည် ဗိုလ်ချုပ်များ ကြားလိုသည့် ရှင်းလင်းလှသော သတင်းစကား မဟုတ်ပေ။

ရုရှားနိုင်ငံ၏ ထောက်ခံမှုကို ရရှိခြင်းဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာပြည်သူများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် ကြောက်စရာကောင်းသည့် သတင်းစကားကို ပေးပို့လိုက်ရုံသာမက သူ၏ စစ်ကောင်စီအတွက် အကျိုးအမြတ် အများဆုံးရအောင် အဓိကအင်အားကြီးန်ိုင်ငံများကို အသုံးချရေး ရည်မှန်းချက် အောင်မြင်အောင်လည်း လုပ်နိုင်ပေသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Aung Zaw ၏ From Russia With Love (and More Ammunition) for Myanmar ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

စစ်ကောင်စီက မျှော်လင့်ချက်ကြီးသည့် တိုင်းပြည်အနာဂတ်ကို လမ်းမများပေါ်တွင် သတ်ဖြတ်နေ

စစ်တပ် အကြမ်းဖက်မှုများက လူငယ်တွေ လက်နက်ကိုင်ရေး တွန်းပို့နေ

အာဏာသိမ်း စစ်ကောင်စီနှင့် အပစ်ရပ် လက်နက်ကိုင်များ ဘယ်လိုဆက်သွားမလဲ

Did you find apk for android? You can find new Free Android Games and apps.
Loading