နေရာအနှံ့ရှိ ဘဏ်များရှေ့တွင် ငွေထုတ်ယူရန်အတွက် မိုးမလင်းခင်အချိန်ကတည်းက စတင် စီတန်းနေသော လူတန်းရှည်ကြီးမှာ မြန်မာ့ဘဏ်စနစ်အပေါ် ပြည်သူများ၏ ယုံကြည်မှု ပျက်ယွင်းနေပြီ ဆိုသည်ကို မီးမောင်းထိုးပြနေသည်။
ဗဟိုဘဏ်ကို စစ်ကောင်စီလက်အောက်ခံအဖွဲ့ဝင်များက ချုပ်ကိုင်ထားပြီး ဗဟိုဘဏ်လက်အောက်ရှိ ပုဂ္ဂလိကဘဏ်များကို ကန့်သတ်ချက်များဆိုင်ရာ မူဝါဒ အမျိုးမျိုးဖြင့် ညွှန်ကြားနေသည်မှာ ဘဏ်လုပ်ငန်း ဝန်ဆောင်မှု မည်မျှ ချည့်နဲ့အားနည်းနေပြီဆိုသည်ကို သက်သေထူနေခြင်းပင်။
ယခုချိန်တွင် ပြည်သူများက မိမိတို့ စုဆောင်းထားသည့် ငွေများ မဆုံးရှုံးရေးနှင့် ဘဏ်ပြိုလေမည်လားဟု စိုးရိမ်ပူပန်မှု များစွာဖြင့် မိုးမလင်းခင်ကတည်းက ဘဏ်များရှေ့တွင် နေပူမရှောင် မိုးရွာမရှောင် ပင်ပန်းဆင်းရဲကြီးစွာ နေ့စဉ်ရက်ဆက် စီတန်းနေရတော့သည်။
“ကိုဗစ်တွေ ဘာတွေလည်း မစဉ်းစားနိုင်တော့ဘူး။ ဘဏ်ထဲမှာရှိတဲ့ ကိုယ့်ပိုက်ဆံကိုပဲ မဆုံးအောင် ကိုယ့်လက်ထဲ မြန်မြန်ရောက်ဖို့ဆိုတဲ့ စိတ်ပဲ ကျမတို့မှာ ရှိတယ်” အသက် ၃၀ ဝန်းကျင် မမိုးစန္ဒာ (အမည်လွှဲ) က ပြောသည်။
ပြည်သူလူထုလက်တွင် ငွေသားပြတ်လပ်မှု အကျပ်အတည်းသည် စစ်အာဏာသိမ်းပြီးချိန်မှ စ၍ အကြီးမားဆုံး ကြုံတွေ့နေရသည့် ပြဿနာတရပ်ဖြစ်သည်။
ပြဿနာ အစမှာ ဗဟိုဘဏ်က အာဏာသိမ်းမှုဖြစ်ပွားပြီး သီတင်းပတ်အနည်းအငယ်အကြာတွင် စစ်တပ်လက်အောက်ခံ ဘဏ်လုပ်ငန်းများ ဖြစ်သည့် မြဝတီဘဏ်နှင့် အင်းဝဘဏ်တို့တွင် အများပြည်သူက ၎င်းတို့၏ ဘဏ်အပ်ငွေများ လာရောက် ထုတ်ယူခြင်းကို ထိန်းချုပ်နိုင်ရန်အတွက် ငွေစုစာအုပ်များနှင့် ATM ကတ်များမှ တပတ်အတွင်း ငွေထုတ်နိုင်သည့် ပမာဏ ကို ၁၀ ရာခိုင်နှုန်းလျှော့ချ ကန့်သတ်လိုက်ရာမှ စတင်သည်။
ထိုအချိန်၌ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ CDM လှုပ်ရှားမှုကြောင့် ပုဂ္ဂလိကဘဏ်အများစုက ဘဏ်လုပ်ငန်းများ မလည်ပတ် သေးသည့် အချိန်ဖြစ်သည်။ မြဝတီဘဏ်နှင့် အင်းဝဘဏ်တို့သည်ပင် CDM လှုပ်ရှားမှုကြောင့် ဘဏ်ခွဲ အနည်းငယ်သာ ဖွင့်လှစ်နိုင်ခဲ့သည်။
နောက်ဆက်တွဲအနေဖြင့် အာဏာသိမ်း စစ်ကောင်စီက သတင်းအချက်အလက် စီးဆင်းမှုကို အမှောင်ချလိုသည့် ရည်ရွယ်ချက်ဖြင့် အင်တာနက်ကို ကန့်သတ်ခြင်း၊ ဖြတ်တောက်လိုက်ခြင်း လုပ်ဆောင်ခဲ့ခြင်းက ဆန်းသစ်စ မိုဘိုင်းဘဏ်စနစ်နှင့် အွန်လိုင်းငွေပေးချေမှု အပါအဝင် နိုင်ငံ၏ စီးပွားရေး ကဏ္ဍပေါင်းများစွာကိုပါ ထိခိုက်စေခဲ့တော့သည်။
ပြီးခဲ့သည့် ၁၀ နှစ်တာ ကာလအတွင်း၌ ဘဏ်လုပ်ငန်း ကဏ္ဍသည့် ဒစ်ဂျစ်တယ် ဘဏ်လုပ်ငန်းစနစ်များ၊ I Banking စနစ်များနှင့် ငွေသားကိုင်ဆောင်မှု လျော့နည်းစေမည့် Cashless ငွေပေးချေမှု စနစ်များ ဖွံ့ဖြိုးလာရာမှ ယခုတွင်မူ ထို အခြေအနေများ အားလုံး ပျက်စီးသွားရုံမျှမက ပြည်သူလူထုသည် နိုင်ငံရေး မတည်ငြိမ်ခြင်း၊ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်၏ ငွေသားထုတ်ယူမှု ပမာဏ ကန့်သတ်ခြင်းနှင့် လက်ခံ ယုံကြည်နိုင်ဖွယ်မရှိသည့် ထုတ်ပြန်ကြေညာချက်များက ပုဂ္ဂလိကဘဏ်များဆီမှ ၎င်းတို့၏ အပ်ငွေများကို အလုအယက်ပြန်ထုတ်ရန် တွန်းအား ဖြစ်နေစေသည်။
“အခုက ဗဟိုဘဏ်က တခုခု ကြေညာချက် ထုတ်ပြီဆိုတာနဲ့ ပိုပြီး ထုတ်ချင်လာနေကြတာ။ သူတို့က စိုးရိမ်စရာမရှိပါဘူး ပြောလေ ကျမတို့ ပြည်သူက ပိုကြောက်လေပဲ” ဟု မမိုးစန္ဒာ က ပြောဆိုသည်။
ပုဂ္ဂလိကဘဏ်များအနေဖြင့် ငွေထုတ်ရန် ဘဏ်ခွဲအားလုံးကို ဖွင့်လှစ်ပေးခြင်းမျိုး မရှိဘဲ ဘဏ်တချို့တွင်သာ ထုတ်ယူနိုင်ကြောင်းကို ၎င်းတို့၏ Facebook စာမျက်နှာတွင် ဖော်ပြပေးနေကြသည်။
ဘဏ်တွင် ဘဏ်စာအုပ်ဖြင့် ငွေထုတ်လိုသူများက ဘဏ်မှ ထုတ်ပေးသည့် တိုကင်ကို မနက် မိုးမလင်းခင်ကတည်းက တန်းစီစောင့်ယူရသည်။ တနေ့လျှင် တိုကင် ၂၀ မှ ၃၀ ထိသာ ထုတ်ပေးသည်။
ထို့ပြင် ဘဏ်အလိုက် တုံကင်ယူရသည့် စနစ်လည်း ကွဲပြားနေသည်။ တချို့ဘဏ်များမှာ တုံကင်ယူပြီး နေ့ချင်းပြီး ငွေထုတ်ပေးကာ တချို့ဘဏ်များမှာ ဖုန်းဆက် တုံကင်ယူရကာ ငွေထုတ်နိုင်မည့် ရက်ကို ပြန်လည်ချိန်းဆိုပေးသည်။ သို့သော် ထိုဘဏ်သို့ ဖုန်းခေါ်ဆိုရသည်မှာ လွယ်ကူလှသည် မဟုတ်ပေ။
ဘဏ်များတွင် ငွေထုတ်ရာ၌ လူတဦးလျှင် တပတ်ကို ၅ သိန်းသာ ထုတ်ယူရန် ပမာဏ ကန့်သတ်ထားသည်။ အမှန်တကယ်တွင် ထိုကန့်သတ်ချက် ပမာဏ အောက်ကိုသာ ထုတ်ယူနိုင်လျက်ရှိကြောင်း ရန်ကုန်မြို့ သင်္ယန်းကျွန်းမြို့နယ်၌ နေထိုင်သည့် ကိုမင်းမင်းထွန်းက ဆိုသည်။ ထုတ်ယူနိုင်သည့် ပမာဏမှာလည်း ဘဏ်တခုနှင့်တခု မတူကြပေ။
၎င်းက “အရင်တုန်းကဆိုရင် ၅ သိန်းကနေ ၇ သိန်းလောက် ထုတ်လို့ ရတယ်။ အခုက၂ သိန်း၊ ၃ သိန်း ပဲ ထုတ်လို့ ရတော့ တယ်။ မိသားစုများတဲ့လူတွေဆိုရင် ဒီငွေပမာဏက အဆင်မပြေတော့ဘူး” ဟု ပြောဆိုသည်။
ဘဏ်တွင် ထုတ်ယူရန် တိုကင်လက်မှတ်မရသူများကမူ ဘဏ်က ငွေဖြည့်ပေးသည့် ATM စက်များတွင် နေ့စဉ်နှင့်အမျှ လူရာနှင့်ချီ တန်းစီကာ တရက်လျှင် ငွေကျပ် ၂ သိန်းသာ ထုတ်ယူနိုင်ရန် ကြိုးစားကြရသည်။
ရန်ကုန်မြို့ အပါအဝင် တိုင်းနှင့် ပြည်နယ် မြို့ကြီးများမှ ဘဏ်တွင် ငွေအပ်နှံထားသူများသည် ထိုသို့ မိမိ၏ အပ်နှံထားသော ကိုယ်ပိုင်ငွေ ထုတ်ယူနိုင်ရန်ကိုပင် အနည်းဆုံး ၆ နာရီ မှ ၈ နာရီ အထိ တန်းစီစောင့်ဆိုင်း ရပြီးမှ ထုတ်ယူကြရသည်။ တခါတရံ၌ မိမိ ငွေသားထုတ်ယူမည့် အလှည့် ရောက်ချိန်တွင် ATM စက်အတွင်း ထည့်သွင်း ထားသော ငွေပမာဏကုန်သွားခြင်းကြောင့် မရလိုက်သည့် အခြေအနေများလည်း ရှိကြသည်။
အများပြည်သူများသည် နေရာ အရှေ့ဆုံးရရှိရေးအတွက် စစ်ကောင်စီက ကြေညာထားသော ညမထွက်ရအမိန့်(ကာဖျူး) အချိန်မပြည့်မီ မနက် ၃ နာရီ ဝန်းကျင်ခန့်မှ စတင်ပြီး ဘဏ်က ငွေလာဖြည့်သွင်းပေးလေ့ရှိသည့် နီးစပ်ရာ ဘဏ်ခွဲများ ရှေ့တွင် လာရောက် တန်းစီကြရလျက်ရှိသည်။
ထိုသို့ လာရောက်တန်းစီးကြသူများထဲတွင် သက်ကြီးရွယ်အိုအများစု ပါဝင်ကြပြီး ၎င်းတို့ထဲမှ အများစုသည် ဘဏ်၌ ငွေစု စာအုပ်ဖြင့်သာ ငွေအပ်နှံထားကြပြီး အာဏာသိမ်းမှုဖြစ်ပြီးနောက် ဘဏ်များထံမှ အလွယ်တကူ ငွေထုတ်ယူ၍ မရခြင်း ကြောင့် ATM ကတ်များ ပြုလုပ်ခဲ့ကြရသူများဖြစ်သည်။
ယင်းသို့ နေ့စဉ်နှင့်အမျှ တန်းစီကြရသည်မှာလည်း အချိန်၂ လခွဲကျော်အထိ ရှိလာပြီဖြစ်ပြီး ယခုတွင် လူအများအပြား လာရောက် တန်းစီလေ့ရှိကြသည့် ဘဏ်ခွဲတချို့ရှေ့တွင်မူ လူတချို့က နေရာဦးကာ ကျပ်တသောင်းကျော်ဖြင့် နေရာ ပြန်လည် ရောင်းစားကြသည့် အခြေအနေအထိ ဖြစ်လာလျက် ရှိသည်။
ထို့ပြင် ယခင်က ဝန်ဆောင်မှုပြိုင်၍ နာမည်ကောင်းယူခဲ့ကြသော ပုဂ္ဂလိက ဘဏ်များမှာ အဂတိ လိုက်စားမှုများ ဖြစ်ပေါ်လာပြီး ဘဏ်ခွဲများ၏ မန်နေဂျာနှင့် ဒုမန်နေဂျာ အဆင့်ရှိသူများက စီးပွားရေးလုပ်ငန်းရှင်များကို လိုသလောက် ငွေထုတ်ယူနိုင်ရန် အခကြေးငွေဖြင့် ဝန်ဆောင်မှုပေးနေကြောင်း ဧရာဝတီသတင်းဌာနက စုံစမ်း သိရှိရသည်။
ထိုဘဏ်ခွဲ အရာရှိများက ဗဟိုဘဏ်က ကန့်သတ်ထားသည့် လူတဦးချင်း (ငွေစုစာအုပ် နှင့် ATM ကတ်များမှ) ငွေထုတ်ယူနိုင်သော ပမာဏထက် ပိုမိုထုတ်ယူလိုသော စီးပွားရေးလုပ်ငန်းရှင်များကို ဘဏ်ခွဲအရာရှိများက ထိုစီးပွားရေး လုပ်ငန်း ရှင်၏ ငွေစုစာရင်း အကောင့်မှ ဘဏ်ခွဲရှိ ဝန်ထမ်းများ၏ (အငယ်တန်းစာရေး၊ ယာဉ်မောင်း၊ လုံခြုံရေးဝန်ထမ်း) ငွေစုစာရင်းများသို့ လွှဲပြောင်းကာ ငွေထုတ်ပေးခြင်းဖြစ်သည်။
ထိုသို့ လုပ်ဆောင်ပေးနိုင်သော ငွေသားပမာဏထက် ပိုမိုရယူလိုပါက ငွေသားပမာဏကို ရာခိုင်နှုန်းပေးပြီး လဲလှယ်ပေးသူများကို ၎င်းတို့က ထပ်မံ ချိတ်ဆက်ဆောင်ရွက်ပေးကြသည်။ မေလ ၁၀ ရက်တွင် ငွေသားကို ရာခိုင်နှုန်းပေးပြီး လဲ လှယ်ရသည့် တရားမဝင် ဈေးကွက်တွင် လဲလှယ်ခမှာ ၈ ရာခိုင်နှုန်းအထိ ပေါက်ဈေးရှိနေသည်။
အာဏာသိမ်းစစ်ကောင်စီခန့် ဗဟိုဘဏ် ဒု ဥက္ကဋ္ဌ ဦးဝင်းသော်ကမူ ဘဏ်များ၌ မလိုအပ်ဘဲ လူများ တန်းစီငွေထုတ်နေမှုမှာ နိုင်ငံရေးပယောဂကြောင့် ဖြစ်ပြီး လက်ရှိရင်ဆိုင်နေရသော ငွေကြေးအကျပ်အတည်းအပေါ် အမြတ်ထုတ် စီးပွားရှာနေသူများကို ဥပဒေအရ အရေးယူနိုင်ကြောင်း ဘီဘီစီမြန်မာပိုင်းနှင့် တွေ့ဆုံရာတွင် ဖြေကြားသည့်အပြင် ယင်းပြောဆိုချက်ကို နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင်လည်း ထပ်မံပြောဆိုခြင်းဖြင့် ခိုင်မာစေသည်။
ပုဂ္ဂလိက ဘဏ်များတွင် အကျင့်ပျက်မှုများ ဖြစ်နေခြင်းကို တရားဥပဒေအရ အရေးယူနိုင်ကြောင်းပြောပြီး နေအိမ်တအိမ်တွင် ကျပ်သိန်း၂၀၀ ထက် ပိုမရှိရဟူသော ၎င်း၏ ပြောကြားချက်က လူအများကြား ဝေဖန်ပြောဆိုလာစေခဲ့သည်။
မေ ၁၂ ရက်တွင် ဗဟိုဘဏ်က စစ်အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီလမှ မေလ ၇ ရက်ထိ ဘဏ်များရှိ ATM စက်မှ ငွေသားထုတ်ယူမှု၊ ပေးသွင်းမှုများကို မေလ ၁၄ ရက်နောက်ဆုံးထား၍ ဖြည့်စွက်ပေးပို့ရန်လည်း ပြည်တွင်းဘဏ်များသို့ ညွှန်ကြားလိုက်သည်။
ယင်းတို့သည် ငွေအပ်နှံသူများ ပြန်လည်ထုတ်ယူနေကြသောကြောင့် ပုဂ္ဂလိကဘဏ်များရှိ လုပ်ငန်းလည်ပတ်နေသည့် ငွေသားကုန်ခမ်းသွားပြီး ဘဏ်များ ဒေဝါလီ မခံရေး ဗဟိုဘဏ်၏ ကနဦးကြိုးပမ်းချက်များ ဖြစ်သည်။
ထို့အပြင် လျော့နည်းသွားနေသော ငွေသားများ ပြန်လည်စီးဝင်လာစေရေး မျှော်မှန်းလုပ်ဆောင်ချက်အဖြစ် ပုဂ္ဂလိက ဘဏ်များတွင် ငွေသားထုတ်ယူခွင့် အကန့်အသတ် မထားရှိဘဲ အတိုးနှုန်း ၈ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းအထိ ပေးမည့် အထူးငွေ စာရင်းအကောင့်များ (Special Account) ဗဟိုဘဏ်က ဖွင့်လှစ်ခွင့်ပေးခဲ့သည်။
သို့ရာတွင် စီးပွားရေး တဟုန်ထိုးကျဆင်းနေသည့် ယခုကာလတွင် ဘဏ်များသည် မည်သည့်ဝင်ငွေဖြင့် အတိုးပြန်ပေးရန် ဖြစ်လာမည်နည်းဟူသော မေးခွန်းက ရှိနေသလို ယခင် အပ်နှံငွေများပင် မထုတ်ပေးနိုင်ဘဲ အပ်နှံငွေသစ်အား မည်သူက ထပ်ပေးပါဦးမည်နည်းဆိုသည့် မေးခွန်းကလည်း ရှိနေပြန်သည်။
မည်သို့ပင်ဖြစ်စေ ကမ္ဘာ့ဘဏ်၏ ၂၀၁၇ စစ်တမ်းအရ နိုင်ငံရှိ အရွယ်ရောက်ပြီး လူဦးရေ၏ ၄ ပုံ ၁ ပုံသည် ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေကြေးကဏ္ဍ အဖွဲ့အစည်းများတွင် အကောင့်များရှိကြရာ စစ်အာဏာသိမ်းအပြီးနောက် ထိုသူတို့သည် မိမိတို့ရှာဖွေစုဆောင်းထားသော ငွေများကို တချိန်က ယုံကြည်မှု ရှိစွာ အပ်နှံသိမ်းဆည်းရာ ဘဏ်များအပေါ် ယုံကြည်မှု ပျောက်ဆုံးသွားခဲ့ပြီဖြစ်သည်။
ဘဏ်များတွင် ၎င်းတို့၏ အပ်နှံငွေများကို မရမနေ ပြန်လည်ထုတ်ယူရေးက ၎င်းတို့၏ နေ့စဉ် တာဝန်ဝတ္တရား ဖြစ်ရွေ့ နေခဲ့ပြီ။
“ကျနော်တို့ မိုးမလင်းခင် ဘာအလုပ်မှ မလုပ်နိုင်သေးဘူး။ ဘဏ်မှာ ငွေထုတ်သွားဖို့ တန်းစီတဲ့ ကိစ္စကိုပဲ အရင်စဉ်းစား နေရတယ်။ အနည်းဆုံး နေ့တဝက်က ဒါနဲ့ပဲ အချိန်ကုန်နေတာ” ဟု ကိုမင်းမင်းထွန်းက ပြောဆိုသည်။
You may also like these stories:
ဗဟိုဘဏ် ဒု ဥက္ကဋ္ဌ စကားများက ပြည်သူ့နားမှာ မချိုသာ
ဒေါ်လာနှင့် ရွှေဈေး မိုးသို့ ထိုးတက်နေ
အာဏာသိမ်းပြီး ရက်ပေါင်း ၁၀၀ မှာ ကြုံလာနေတဲ့ စီးပွားရေးပြိုကွဲခြင်း၊ ဆင်းရဲနွမ်းပါးမှုနှင့် အငတ်ဘေး