• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ဘဏ်တွေ ပြိုလဲနိုင်သလား

by လင်းထက်မြက်
4 May 2021
in သူ့အတွေး သူ့အမြင်
A A
နေ့စဉ် အေတီအမ်ငွေထုတ်စက်တွင် တန်းစီငွေထုတ်နေကြသူများက မြင်နေကြမြင်ကွင်းတခု ဖြစ်လာနေသည် / ဧရာဝတီ 

နေ့စဉ် အေတီအမ်ငွေထုတ်စက်တွင် တန်းစီငွေထုတ်နေကြသူများက မြင်နေကြမြင်ကွင်းတခု ဖြစ်လာနေသည် / ဧရာဝတီ 

102.7k
VIEWS
Share on FacebookShare on Twitter

ကျရှုံးနိုင်ငံ (failed state)၊ ဒလိမ့်ကောက်ကွေး ကျဆင်းနေသည့် မြန်မာ့စီးပွားရေး (Myanmar economy in free fall) အစရှိသည့် စကားရပ်များကို နိုင်ငံတကာနှင့် ပြည်တွင်းမီဒီယာများ၌ စစ်အာဏာသိမ်းပြီးနောက်ပိုင်းထဲက မကြာခဏ ကြားသိနေရသည်။ ဝမ်းနည်းစရာ အင်မတန်ကောင်းပါသည်။ ၂၀၂၀ ခုနှစ် မတ်လနောက်ပိုင်းမှစ၍ ကိုဗစ်-၁၉ကပ်ဘေးဒဏ်ကို မြန်မာပြည်သူများ ခံစားနေရသော်လည်း ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ မတိုင်မီအထိ တော့ မိမိတို့နိုင်ငံ ယခုလိုအခြေအနေမျိုး ကျရှုံးနိုင်ငံအခြေအနေမျိုး ကျရောက်လိမ့်မည်ဟု မည်သို့မျှ မျှော်လင့် မထားခဲ့ပါ။

ယခုတော့ ပြည်သူများအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ မျှော်လင့်ချက်များအားလုံးသည် သဲထဲရေ သွန်သလို ဖြစ်သွားခဲ့ပြီဖြစ်သည်။ နိုင်ငံတနိုင်ငံ၏ အသက်သွေးကြောသည် စီးပွားရေးဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုမရှိ၊ ဆုတ်ယုတ်မှုသာဖြစ်နေခဲ့လျှင် ထိုနိုင်ငံ ထိုလူ့အဖွဲ့အစည်းသည် ယိုယွင်းပျက်စီးသွားမည်သာ ဖြစ်သည်။ အဘက်ဘက်က ကျရှုံးနိုင်ငံဖြစ်သွားမည်ဖြစ်သည်။

ထိုအခြေအနေသို့ စီးပွားရေးကပ်ဆိုက်ရောက်နေပြီလား၊ ဘဏ်များပြိုလဲနေပြီနေလားဆိုသည်ကို သုံးသပ်ရတော့မည်ဖြစ်သည်။ လတ်တလော ဘဏ်များပြိုလဲနိုင်သည်ဟု ထင်မြင်ယူဆသဖြင့် နေ့စဉ်ဘဏ်များနှင့် အေတီအမ်ငွေထုတ်စက်များရှေ့၌ ငွေထုတ်သူများသည် နံနက်လင်းအားကြီးအချိန်မှ စ တန်းစီငွေထုတ်နေသည့် ဓာတ်ပုံများက ပြိုလဲနေမှုကို ပြသနေသလိုဖြစ်နေသည်။ တဘက်တွင်လည်း စစ်ကောင်စီက ဘဏ်များပုံ မှန်ပြန်လည်လည်ပတ်နေသယောင်၊ ယင်းတို့ပိတ်ပင်ထားသည့် အင်တာနက်လိုင်းများ ပြန်လည်ဖွင့်လှစ်ပေးမှုကြောင့် ဘဏ်ဝန်ဆောင်မှုအားလုံး ပုံမှန်ဖြစ်နေသယောင် နိုင်ငံပိုင်သတင်းစာများတွင် ရေးသားနေခဲ့သည်။

ဘဏ်များပြိုလဲနိုင်သည်လား

ပြိုလဲနိုင်ပါသည်။ မည်သည့်ဘဏ်မဆို ငွေအပ်နှံထားသူများ၏ ယုံကြည်မှုမဲ့သွားသည့်အခါ ပြိုလဲသွားနိုင်ပါသည်။ မိမိတို့ငွေအပ်နှံထားသည့် ဘဏ်အနေဖြင့် ထုတ်ချေးထားသည့်ချေးငွေများ ပြန်မရနိုင်ဖြစ်နေသည်၊ ချေးငွေများ အတိုးလည်းမရ အရင်းလည်းပြန်မရဖြစ်နေသည်ဟု အပ်နှံထားသူများ ကြားသိရလျှင် အဆိုပါဘဏ် ပြိုလဲတော့မည်ဟုယူဆပြီး ငွေအပ်နှံထားသူများ မိမိတို့အပ်နှံငွေများ မဆုံးရှုံးရအောင် အပြေးအလွှားထုတ်ယူ ကြတော့မည်ဖြစ်သည်။ ဘဏ်ရှေ့တွင် တန်းစီငွေထုတ်ရန်စောင့်ဆိုင်းနေသူ ရာနှင့်ချီကိုတွေ့ရလိမ့်မည်။ Bank Runs ဟုခေါ်ဆိုကြသည်။

ဘဏ်တခုပြိုလဲသွားခြင်းက ငွေရေးကြေးရေးကဏ္ဍတခုလုံးကို မထိခိုက်နိုင်သော်လည်း ဘဏ်အားလုံးအပေါ်ထိုသို့ထင်မြင်ယူဆပြီး ပြည်သူအများအပြားသည် မိမိတို့အပ်နှံစုဆောင်းထားငွေများအတွက် ရတက်မအေးဖြစ်၍ ငွေများထုတ်ယူကြမည်ဆိုပါက ဘဏ်တခုပြဿနာမဟုတ်တော့ဘဲ ငွေရေးကြေးရေးကဏ္ဍကြီးတခုလုံး ပြိုလဲတော့မည့်အခြေအနေ financial crisis ဖြစ်လာသည်။ ဘဏ်တခု၏ ပြသနာမဟုတ်ဘဲ ဘဏ်အားလုံး ပြဿနာ systemic risk ရှိနေပြီဆိုလျှင်တော့ နိုင်ငံစီးပွားရေးအခြေအနေ ဆိုးဝါးနေပြီဖြစ်သည်။

ငွေရေးကြေးရေးကဏ္ဍ ပြိုလဲပါက ယင်းနှင့်ချိတ်ဆက်နေသည့် ရောင်းဝယ်ဖေါက်ကား ထုတ်လုပ်တင်ပို့နေသည့် ပို့ကုန်သွင်းကုန်နှင့် ဝန်ဆောင်မှုကဏ္ဍများလည်း ပြိုလဲသွားနိုင်ပြီး စီးပွားရေးကျဆင်းမှု economic recession၊ စီးပွားပျက်ကပ် economic depression လည်း ဖြစ်ပေါ်လာနိုင်ပါသည်။ ထိုအခါ ပြည်သူအများအပြား အလုပ်လက်မဲ့ဖြစ်၍ စားဝတ်နေရေး လူမှုစီးပွား ဒုက္ခများ ခံစားကြရလိမ့်မည်။
ထိုသို့ ဘဏ်အားလုံးပြဿနာ၊ ငွေရေးကြေးရေးကဏ္ဍကြီးတခုလုံး မတည်မငြိမ်ဖြစ်နေပြီဆိုလျှင်တော့ သက်ဆိုင်ရာနိုင်ငံအစိုးရ၊ ဗဟိုဘဏ်နှင့် စီမံဘဏ္ဍာဝန်ကြီးဋ္ဌာနတို့မှ ငွေရေးကြေးရေးကဏ္ဍ တည်ငြိမ်မှုပြန်လည်ရရှိရန် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရတော့သည်။

ထိုသို့ ဗဟိုဘဏ်မှ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သည့်အခါတွင်လည်း ပြည်သူများ၏ ဗဟိုဘဏ်အပေါ် ယုံကြည်မှုသည် အဓိကအကျဆုံးဖြစ်သည်။ တနည်းဆိုရလျှင် အစိုးရနှင့် ဗဟိုဘဏ်အပေါ် ပြည်သူလူထု၏ ယုံကြည်စိတ်ချမှုသည် ငွေရေးကြေးရေးကဏ္ဍအတွက် အရေးကြီးဆုံးဖြစ်သည်။ ပြည်သူများ အစိုးရနှင့် ဗဟိုဘဏ်အပေါ် ယုံကြည်မှုမရှိလျှင် ငွေရေးကြေးရေးကဏ္ဍတွင် မည်သို့သော အာမခံချက်များ ပေးအပ်သည်ဖြစ်စေ ငွေရေးကြေးရေးကဏ္ဍအပါအဝင် မက်ခရိုစီးပွားရေးစနစ်တစ်ခုလုံး တည်ငြိမ်မှုရှိတော့မည်မဟုတ်ချေ။

ယုံကြည်မှုဆိုသည်မှာ အတင်းတောင်းလို့ရသည့် အရာမဟုတ်။ ပြည်သူက ပေးမှရသည့်အရာဖြစ်သည်။

စစ်အာဏာမသိမ်းခင် ဘဏ်များအခြေအနေ

မြန်မာနိုင်ငံ၏ ဘဏ်များနှင့်ငွေရေးကြေးရေးကဏ္ဍသည် တည်ငြိမ်မှုကတော့ ယခင်အန်အယ်လ်ဒီအစိုးရ မတက်ခင်အချိန်တည်းက ကောင်းလှသည်တော့မဟုတ်။ ဘဏ်များအားလုံး မတည်ငြိမ်မှုဖြစ်နိုင်သည့် အခြေအနေ systemic risk ရှိနေသည်။ ပြီးခဲ့သည့် ဇန်နဝါရီလကမှ ထုတ်ပြန်ခဲ့သည့် ဂျာမန်အစိုးရ၏ ဖွံ့ဖြိုးမှုအကူအညီပေးရေးဆိုင်ရာ အဖွဲ့အစည်း GIZ ၏ မြန်မာနိုင်ငံဘဏ်များနှင့် ပတ်သက်သည့်အစီရင်ခံစာ “Myanmar’s Banking Sector in Stormy Waters”၌ ချေးငွေဆိုး ကြွေးဆုံး ပြသနာများ၊ အမြတ်ငွေရရှိမှု နည်းပါးခြင်း၊ ချေးငွေအများစု သည် စီးပွားရေးလုပ်ငန်းကြီးများကိုသာ ထုတ်ချေးထားခြင်းအစရှိသည့် ဘဏ်နှင့်ငွေရေးကြေးရေးကဏ္ဍ တခုလုံး၏ တည်ငြိမ်မှုကို ထိခိုက်နိုင်သည့် ပြဿနာများကို ထောက်ပြထားသည်။

အဆိုပါအစီရင်ခံစာ၌ အဓိကထောက်ပြထားသည့်အချက်မှာ မြန်မာနိုင်ငံရှိ ပုဂ္ဂလိကနှင့် နိုင်ငံတော်ပိုင်ဘဏ်များ အားလုံးတွင် NPL (Non-performing loans)ဟုခေါ်ဆိုသည့် ချေးငွေဆိုးကြွေးဆုံးများ များပြားနေခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ ရရှိသောစာရင်းများအရ ၈၀ ရာခိုင်နှုန်းသောအပေါင်ပစ္စည်းများသည် အိမ်ခြံမြေများဖြစ်ခြင်းကလည်း ဘဏ်များ၏ တည်ငြိမ်မှုကို ထိခိုက်စေသည့်အရာဖြစ်သည်။ ယင်းသို့ အပေါင်ပစ္စည်းယူထားသော်လည်း NPL အချိုးကမူ မြင့်တက်လျက်ရှိသည်။ အိမ်ခြံမြေဈေးများထိုးကျပါက အခြေအနေ ပိုမိုဆိုးဝါးသွားမည်ဖြစ်သည်။ ထိုသို့သော အခြေအနေ၌ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ဗဟိုဘဏ်မှ ဖြေလျှော့မှုများ ပြုလုပ်ပေးရခြင်းသည် ဘဏ်များ၏တည်ငြိမ်မှုကို ပိုမိုဆိုးဝါးသွားနိုင်ပါသည်။

သို့သော်လည်း အန်အယ်လ်ဒီအစိုးရသည် ကိုဗစ်-၁၉ကပ်ဘေးကြောင့် ဖြေလျှော့မှုများပြုလုပ်ခဲ့ရသော်လည်း တဘက်ကလည်း ကုစားမှုအစီအစဉ်ဖြင့် ပြန်လည်ထူထောင်ရေးအစီအစဉ်တွင် ဘဏ်များပိုမိုခိုင်မာတောင့်တင်းလာစေရန် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ထည့်သွင်းရေးဆွဲထားသည်။ ဘဏ်များ၏ ကြွေးဆုံး NPL များကိုဖြေရှင်းရန် ယင်းကြွေးဆုံးချေးငွေဆိုးများကို အစိုးရက ဈေးသတ်မှတ် ဝယ်ယူပြီးရှင်းထုတ်ပေးမည့် Assets Management Company (AMC) ကို ဥပဒေရေးဆွဲပြဋ္ဌာန်း ထူထောင်ရန် စီစဉ်ထားသည်။

ထိုအခါ ဘဏ်များတွင် ရှိနေသည့် ကြွေးဆုံးများ ရှင်းလင်းသွားသဖြင့် ပိုမိုစနစ်တကျ လည်ပတ်လာနိုင်မည်ဖြစ်သည်။ အမှန်တော့ ထိုကြွေးဆုံး NPL ပြဿနာမှာလည်း ခရိုနီစီးပွားရေးစနစ်နှင့် ယခင်စစ်အစိုးရများကြောင့်သာဖြစ်သည်။ ချေးငွေများကို ထုတ်ချေးရာတွင် ပြန်လည်ပေးဆပ်နိုင်မှု ရှိမရှိကို စနစ်တကျ သုံးသပ်ပြီးမှသာ ထုတ်ချေးခြင်းထက် အဆက်အသွယ်ပေါ် မူတည် ထုတ်ချေးခဲ့ခြင်းကြောင့်ဖြစ်သည်။ ဗဟိုဘဏ်၏ ကြပ်မတ်ထိန်းကျောင်းနိုင်မှု များစွာ အားနည်းခဲ့ခြင်းနှင့် ခြစားမှုများကြောင့်သာ ဖြစ်သည်။

သို့သော်လည်း အန်အယ်လ်ဒီအစိုးရလက်ထက်၌ ဘဏ်နှင့်ငွေရေးကြေးရေးလုပ်ငန်းများ တည်ငြိမ်မှုအတွက် အထူးအားသာချက်တခုမှာ ပြည်သူလူထု၏ ယုံကြည်မှုဖြစ်သည် (အများစုကို ဆိုလိုသည်)။ အစိုးရသည် ပြည်သူလူထု ထိခိုက်မည့်မူဝါဒများကိုတော့ အကောင်အထည်ဖေါ်လိမ့်မည်မဟုတ်၊ ပြည်သူလူထု၏ တရားသဖြင့် ရှာဖွေစုဆောင်းထားသည့် ငွေကြေးပိုင်ဆိုင်မှုများ မတရား မဆုံးရှုံးရအောင် တတ်နိုင်သမျှ အကာအကွယ် ပေးသွားလိမ့်မည်ဟုသော ယုံကြည်ကိုစားမှုကြောင့် ကိုဗစ်-၁၉ကပ်ဘေးအတွင်းမှာပင် ပြည်သူလူထုက ဘဏ်များအပေါ် စိုးရိမ်ပူပန်မှုမရှိဘဲ မတည်မငြိမ် မဖြစ်ရလေအောင် မလိုဘဲငွေထုတ်ခြင်း၊ ရွှေနှင့်ဒေါ်လာများ ဝယ်ယူစုဆောင်းခြင်း မလုပ်ကြသည့်အတွက် ဘဏ်များတွင်အားနည်းချက်ရှိသော်လည်း သာမန်မျက်စိဖြင့်ကြည့်လျှင် တည်ငြိမ်မှုရှိနေလေသည်။

စစ်အာဏာသိမ်းပြီး ဘဏ်များ အခြေအနေ

ဈေးကွက်စီးပွားရေးကို လူ့အဖွဲ့အစည်းမှ ဖယ်ထုတ်၍မရသလို အစိုးရနှင့်ပြည်သူလူထုသည်လည်း သီးခြား ရပ်တည်၍မရနိုင်။ အာဏာကို အတင်းအကျပ် ရယူထားသည့် စစ်ကောင်စီ၏လုပ်ရပ်များသည် လူ့အဖွဲ့အစည်းအပေါ် သက်ရောက်မှုများရှိသကဲ့သို့ ထိုသက်ရောက်မှုများကြောင့် ပြောင်းလဲသွားသည့် ပြည်သူလူထု၏ အပြုအမူများသည်လည်း စီးပွားရေးအပေါ် ရိုက်ခတ်မည်ဖြစ်သည်။

ဖေဖေါ်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်း အာဏာသိမ်းသတင်းကို ကြားသိပြီးသည့်နောက်ပိုင်းမှ စ၍ ပြည်သူလူထု၏ ခံစားချက်မှာ ငါတို့အနာဂတ်ပျောက်ဆုံးသွားပြီ၊ မျှော်လင့်ချက်တွေပျောက်ဆုံးသွားပြီ ဆိုသည်ကိုဖြစ်သည်။ ငါတို့ အတွက် အနာဂတ်သည် ကျောက်ခေတ်နှင့်ကြောက်ခေတ် ၂ ခုသာဖြစ်သည်ဟု ခံစားကြရသည်။ ၂၁ ရာစုတွင် စစ်အာဏာသိမ်းခြင်းသည် ကျောက်ခေတ် အမှောင်ခေတ်ကို ပြန်သွားနေခြင်းဖြစ်သည်။

ဘောဂဗေဒဘာသာရပ်တွင် primitive accumulation ဆိုသည့် ဝေါဟာရတရပ် ရှိသည်။ ကျောက်ခေတ်ကလို ယဉ်ကျေးသည့် လူ့အဖွဲ့ အစည်းများ မပေါ်ထွန်းမီက လူသားများသည် ကြီးနိုင်ငယ်ညှဉ်း သူတပါးအိမ်ရာ သားမယားများကို လုယက်ယူငင် မိမိတို့ ကိုယ်ကျိုးစီးပွားကို ရှာဖွေခြင်းဖြစ်သည်။ လက်ရှိစစ်ကောင်စီ၏လုပ်ရပ်များသည် (အိမ်ပေါ်တက် လုယက်စားသောက် ဓါးပြတိုက်နေခြင်း၊ သတ်ဖြတ်နေခြင်း၊ ဖမ်းဆီးနေခြင်း) ယင်းတို့ အကျိုးစီးပွားအတွက် primitive accumulation ပုံစံလုပ်ကိုင်နေခြင်းပင်ဖြစ်သည်။

ယင်းတို့ပြဋ္ဌာန်းလိုက်သည့် အမိန့်အာဏာများ မူဝါဒများသည်လည်း extractive institutions ဟုခေါ်သည့် ပြည်သူလူထုနှင့် တိုင်းပြည်၏ အဆီအနှစ်များကို လူတစုကိုယ်ကျိုးအတွက် ထုတ်ယူသည့်အဖွဲ့အစည်းများ စည်းမျဉ်းစည်းကမ်းများသာဖြစ်သဖြင့် သမိုင်းဦးအစ ကျောက်ခေတ်နှင့် ထူးမခြားနားဆိုရမည်။

အမှောင်ခေတ်ဆိုသည်မှာလည်း သတင်းအမှောင်ချခြင်း၊ မဟုတ်မမှန် သတင်းများကို နိုင်ငံတော်ပိုင် သတင်းမီဒီယာများမှတဆင့် အရှက်သိက္ခာမရှိ ဖြန့်ဝေခြင်း၊ လွတ်လပ်သည့် သတင်းမီဒီယာများကို ဖမ်းဆီးပိတ်ပင်ခြင်း၊ လွတ်လပ်သည့် အရပ်ဖက်အဖွဲ့အစည်းများ သတင်းအရင်းအမြစ်များကို ပိတ်ပင်တားမြစ်ခြင်းကြောင့် အမှောင်ခေတ်ဟုခေါ်ဆိုခြင်းဖြစ်သည်။ အခုပင်လျှင် ကြည့်ပါ။ အင်တာနက်များကို ဖြတ်တောက်ပစ်ခြင်း၊ စီအန်အန်အပါအဝင် နိုင်ငံတကာသတင်းများ ပြည်သူလူထု မကြည့်ရှုနိုင်အောင် ပိတ်ပင်တားဆီးခြင်းသည် အမှောင်ခေတ်ကို ရောက်ရှိနေပြီဆိုသည်ကို ပြသခြင်းဖြစ်သည်။ ဧည့်စာရင်းတိုင်ကြားရခြင်းလည်း ထိုနည်း၎င်းပင်။

ထိုအခါမှာ ပြည်သူလူထု တဦးချင်းသည် မိမိတို့၏ဘဏ်အပ်ငွေများအပါအဝင် ပိုင်ဆိုင်မှုများအားလုံး စိတ်မချရတော့ဆိုသည်ကို ကောင်းစွာသဘောပေါက်နေပြီဖြစ်သည်။ အတိတ်က စစ်အစိုးရများ၏ အတွေ့အကြုံကလည်း ပြည်သူလူထုကို သင်ခန်းစာ ကောင်းစွာ ပေးထားခဲ့ပြီဖြစ်သည်။ ယင်းတို့လုပ်လေ့ရှိသည်မှာ ပြည်သူပိုင်သိမ်း၊ ငွေစက္ကူဖျက်၊ သမာအာဇီ၀ စီးပွားရှာစားသူများ၏ ပိုင်ဆိုင်မှုများကို ဖျက်ဆီးခြင်းဖြစ်သည်။ ငွေကြေးဖေါင်းပွမှုနှင့် ကုန်ဈေးနှုန်းမြှင့်တက်လာမှုသည်လည်း စစ်အုပ်ချုပ်ရေး၏ အရည်အသွေးများဖြစ်သည်။ ယင်းနှင့်အတူ ငွေတန်ဖိုးလည်း နိမ့်ကျလာမည်ဖြစ်သည်။

ထို့ကြောင့် ပြည်သူလူထု၏ ယုံကြည်မှုကို စစ်ကောင်စီအနေဖြင့် မည်သို့မှမရယူနိုင်။ အကျိုးဆက်အားဖြင့် ပြည်သူလူထုသည် မိမိတို့၏ပိုင်ဆိုင်မှုများ အပ်နှံငွေများကို ပိုမိုလုံခြုံသည့်နေရာများတွင် ထားရှိရန် ပိုမိုစိတ်ချရသည့်ပစ္စည်းများအဖြစ် ပြောင်းလဲရန် ကြံဆောင်ရတော့သည်။

အာဏာသိမ်းပြီး တလခန့်ကြာသည်အထိ မိုဘိုုင်းအင်တာနက်များ ရရှိနေခြင်းနှင့် ဆန္ဒပြခြင်းများဖြင့် ပြည်သူလူထုအလုပ်ရှုပ်နေသဖြင့် ဘဏ်မှ အပ်နှံငွေများ ထုတ်ယူရန် စိတ်မပူပန်သေးသော်လည်း မိုဘိုင်းအင်တာနက်များ ဖြတ်တောက်ခြင်းနှင့် ပို၍ ဆိုးဝါးစွာ ဘရော့ဘန် အင်တာနက်လိုင်းများကိုပါ ဖြတ်တောက်လိုက်ခြင်းက ပြည်သူလူထုအား ဘဏ်များမှ အပ်နှံငွေများ ထုတ်ယူရန် တွန်းပို့လိုက်သကဲ့သို့ဖြစ်သည်။ ဘဏ်တွေပြိုလဲတော့မည်။ မိမိရှိတာလေး အမြန်ထုတ်မှဖြစ်မည်ဟု ပြည်သူလူထုအများစု တွေးဆကြတော့သည်။ ငွေတန်ဖိုးကျဆင်းလာခြင်းသည်လည်း အကြောင်းရင်းတခုဖြစ်သည်။

အလွယ်ဆုံးနှင့် အတိုဆုံးပြောရလျှင် အုပ်ချုပ်ရေးအာဏာကို အတင်းအကျပ်ရယူထားသည့် စစ်ကောင်စီကို ပြည်သူက အယုံအကြည်မရှိခြင်းသည် ဘဏ်များပြိုလဲနေရခြင်း၏ အဓိကတရားခံဖြစ်သည်။ စီဒီအမ်ကြောင့်လည်း မဟုတ်၊ ဘဏ်များ မဖွင့်နိုင်၍လည်း မဟုတ်။ ၎င်းတို့အုပ်ချုပ်လျှင်တော့ စီးပွားပျက်ရပါတော့မည် စုဆောင်း ထားသည်များ ဆုံးရှုံးရပါတော့မည်၊ မတရားသိမ်းဆည်းခံရပါတော့မည်ဟု ပြည်သူလူထုက တွေးဆသဖြင့် သိမ်းဆည်းထားခြင်းထက် ထုတ်ပြီး မိမိဘာသာသုံးစွဲလိုက်ခြင်း၊ လှူဒါန်းလိုက်ခြင်း၊ စီဒီအမ်ကို ထောက်ပံ့ခြင်းက ပိုမြတ်သည်ဟု ယူဆနေသဖြင့် နဂိုကတည်းက ခိုင်မာမှုမရှိမှန်းသိနေသည့် ဘဏ်များ၌အပ်နှံထားသည့် စုဆောင်းငွေများကို အလုံးအရင်း ရသမျှအပင်ပန်းခံ ထုတ်ယူနေကြခြင်းဖြစ်သည်။

စစ်ကောင်စီ၏ ဗဟိုဘဏ် ထုတ်ပြန်ချက်များ ထိရောက်နိုင်မည်လား

မထိရောက်နိုင်ပါဟု ဖြေကြားလိုပါသည်။ အဘယ်ကြောင့်ဆိုသော် ဆေးမြီးတိုနှင့် နာတာရှည်ပြဿနာကို ကုစားနေခြင်းဖြစ်သလို အထက်တွင်ဖေါ်ပြခဲ့သည့် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှု မရခြင်းကြောင့်ဖြစ်သည်။ မယုံလျှင် စောင့်ကြည့်ကြပါ။ ရဲရဲကြီးအာမခံရဲသည်။

ဈေးကွက်စီးပွားရေးစနစ်ကို ထိန်းကျောင်းမောင်းနှင်ရာ၌ ပညာရှင်များ၏ မူဝါဒအကြံဉာဏ်များထက် မိမိတို့အာဏာတည်မြဲရေးကိုသာ ဦးစားပေးလုပ်ဆောင်နေခြင်းကြောင့် ဗဟိုဘဏ်အပါအဝင် စစ်ကောင်စီ၏ပြဋ္ဌာန်းချက်များသည် မထိရောက်နိုင်ပါ။ စီးပွားရေးကို ဆုတ်ယုတ်မှုများသာ ဖြစ်စေလိမ့်မည်။ မိုဘိုင်းအင်တာနက်များ၊ ဘရော့ဘန်အင်တာနက်များ မဖြတ်တောက်သင့်သည်ကို ယင်းတို့ကောင်းစွာသိသည်။ သို့သော် ယင်းတို့၏ အာဏာတည်မြဲရေးနှင့် ဒီမိုကရေစီအင်အားစုများကို နှိပ်ကွပ်ရန် ဖြတ်တောက်ခြင်းဖြစ်သည်။ စီးပွားရေးထိခိုက်ခြင်းကို ဂရုမစိုက်။ နောက်မှပြန်လုပ်မည်ဟု ပြောကြလိမ့်မည်။ နိုင်ငံရေးတည်ငြိမ်မှ အတိုက်အခံများကို နှိပ်ကွပ် ဖမ်းဆီးသတ်ဖြတ်ပြီးမှ စီးပွားရေးကို ပြန်လည်ထူထောင်မည်ဟု ပြောဆိုဆွေးနွေးကြမည်ဖြစ်သည်။

ဗဟိုဘဏ်၏ ငွေစာရင်းအသစ်များ ဖွင့်လှစ်ရန် တိုက်တွန်းချက်နှင့် ယင်းငွေစာရင်းအသစ်များ၌ အပ်နှံထားသည့် ငွေများကို အကန့်အသတ်မရှိ ထုတ်ယူခွင့်ပြုမည်ဆိုသည့် ထုတ်ပြန်ချက်သည်လည်း လူရယ်စရာဖြစ်နေခဲ့သည်။

သေချာစဉ်းစားကြည့်လျှင် ယခင်က မိမိတို့ဖွင့်လှစ်ခဲ့သည့် စာရင်းများသည် သေသွားသည့်သဘောဖြစ်ပြီး (အကန့်အသန့်ဖြင့် ထုတ်ယူခွင့်ပြုနေသော်လည်း) ယင်းစာရင်းများတည်ရှိရာ ဘဏ်များသည်လည်း ပြိုလဲနေသည့် သဘောဖြစ်သည်။ စာရင်းအသစ်ကို ထပ်မံဖွင့်လှစ်ခြင်းဆိုသည်မှာ တစ်ကပြန်စသည့်သဘောဖြစ်နေသည်။ ဗဟိုဘဏ်အနေဖြင့် နဂိုမူလစာရင်းများအတွက် တာဝန်မယူနိုင်ဆိုသည့်သဘောဖြစ်နေသည်။

အမှန်တော့ ဗဟိုဘဏ်ဆိုသည်မှာ Lender of Last Resort ဟုခေါ်သည့် ဘဏ်များငွေပြတ်သွား၍ အချင်းချင်းအပြန်အလှန် ချေးငှားနိုင်ခြင်း မရှိသည့်အခါ ဘဏ်များပြိုလဲမသွားအောင် ကြားဝင်ဖြေရှင်းပေးရသည့်၊ ဘဏ်များကို နောက်ဆုံးငွေ ထုတ်ချေးပေးရသည့် အဖွဲ့အစည်းဖြစ်သည်။ ယခုတော့ ဗဟိုဘဏ်ကလုပ်နိုင်သည်မှာ ငွေစာရင်းအသစ်များ ပြည်သူများကို ထပ်မံဖွင့်လှစ်ရန် တိုက်တွန်းခြင်းသာဖြစ်သည်။ ငါးကြင်းဆီနှင့်ငါးကြင်းကြော်ရန်ဖြစ်နေတော့သည်။

အသစ်ထပ်မံဖွင့်လှစ်လိုက်သည့် စာရင်းများသို့ ငွေများထည့်သွင်းခြင်းဖြင့် ဘဏ်များအတွင်းသို့ ငွေသားအသစ် များဝင်ရောက်လာမည်။ ထိုအခါ နဂိုမူလငွေစာရင်းများမှ ငွေထုတ်ယူလိုလျှင်လည်း သတ်မှတ်ပမာဏကို တဖြည်းဖြည်း မြှင့်တင်ထုတ်ယူခွင့်ပြုသွားမည် ဆိုသည့်သဘောဖြစ်သည်။ ထိုအခါ ငွေအပ်နှံသူများလည်း ဘဏ်များအပေါ် ယုံကြည်မှုပိုရှိလာပြီး ငွေကို မလိုအပ်ဘဲနှင့် ထုတ်ယူကြမည် မဟုတ်သဖြင့် ဘဏ်များတည်ငြိမ်မှု ပိုမိုရှိလာမည်ဟု ဗဟိုဘဏ်က ယူဆထားပုံရသည်။

သို့သော်လည်း အခြေခံကပြန်စဉ်းစားလျှင် ထိုသို့ အသစ်ဖွင့်လှစ်ခိုင်းခြင်းသည်လည်း ဘဏ်များတည်ငြိမ်မှုနှင့် စီးပွားရေးကဏ္ဍကြီးတခုလုံးအတွက် အဖြေမဟုတ်ပါ။ ငွေရေးကြေးရေးကဏ္ဍ (financial economy)နှင့် ငွေရေးကြေးရေးနှင့် မသက်ဆိုင်သည့် စိုက်ပျိုးထုတ်လုပ်ရောင်းချသည့် စီးပွားရေးကဏ္ဍ (real economy) တို့ သည် အပြန်အလှန် ဆက်စပ်လျက်ရှိသည်။

အထက်တွင်ဖေါ်ပြခဲ့သည့်အတိုင်း ကိုဗစ်-၁၉ ကပ်ဘေးမတိုင်ခင်ကတည်းက ဘဏ်များတွင်ဖြစ်ပေါ်နေသည့် NPL ကြွေးဆိုးကြွေးဆုံးပြသနာသည် ကိုဗစ်-၁၉ကပ်ဘေးဖြစ်ပေါ်လာသည့်အခါမှာ ပိုမိုဆိုးဝါးလာခဲ့သည်။ ချေးငွေယူထားသည့် စီးပွားရေးလုပ်ငန်း အတော်များများမှာလည်း အတိုးအရင်းပေါင်း ပြန်လည်မဆပ်နိုင် ဖြစ်လာခဲ့သည်။ ထိုပြသနာကြီးထွားလာမှုကြောင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ကလည်း မြန်မာနိုင်ငံအစိုးရအား NPL များကို သေချာစောင့်ကြည့်ရန် တိုက်တွန်းထားခဲ့သည်။

တဖန် စစ်အာဏာသိမ်းလိုက်ခြင်းကြောင့် စီးပွားရေး လုပ်ငန်းများ ထပ်မံထိခိုက်သွားသည့်အတွက် သေချာပေါက်ဘဏ်များရှိ NPL ရာခိုင်နှုန်း တိုးမြင့်သွားပြီဖြစ်သည်။ ထိုအချိန် ဘဏ်များအနေဖြင့် ငွေပြန်ထုတ်သူများလာသဖြင့် ခဏတာငွေပြတ်တောက်မှု (liquidity crisis) မဟုတ်တော့ဘဲ အရင်းပြုတ်သည့်ပြသနာ ဒေဝါလီခံရမည့်ပြဿနာ (solvency crisis) ဖြင့်ကြုံတွေ့နေရခြင်းဖြစ်သည်။

Assets (Loans) = Equity (Capital) + Liabilities (Deposits)
Assets (Loans+ high NPL ratio) = Equity (Capital) + Liabilities (Deposits)

အလွယ်ရှင်းပြရလျှင် ဘဏ်များ၏ပိုင်ဆိုင်မှု (assets) ဟုခေါ်ဆိုသည့် ထုတ်ချေးထားသည့် ချေးငွေများတွင် ပြန်မရနိုင်သည့် ချေးငွေက များလာသည့်အခါ ဘဏ်၏ပိုင်ဆိုင်မှု တန်ဖိုးအရည်အသွေး (assets quality) ကျဆင်းလာခဲ့သည်။ ဥပမာအားဖြင့်ပြောရလျှင် ဘဏ်တခု၏ ချေးငွေစုစုပေါင်းတန်ဖိုးသည် သန်း ၁၀၀၀ ရှိနေသည်ဟု ၂၀၁၉ ကခန့်မှန်းထားမှုသည် NPL များပြားလာသည့်အတွက် အတိုးလည်းမရတော့သလို အပေါင်ခံ ပစ္စည်း အိမ်ခြံမြေဈေးကလည်း ကျဆင်းနေသဖြင့် သန်း ၁၀၀၀ မရှိတော့ဘဲ သန်း ၅၀ဝ ဖြစ်သွားသည့် သဘောဖြစ်သည်။ ထိုအခါ အများပြည်သူ အပ်နှံထားသည့် စာရင်းများအရ ဘဏ်မှပြန်လည်ထုတ်ပေးရန် တာဝန်ရှိသည့် ပမာဏ (liabilities) သည် သန်း ၉၀ဝ ဖြစ်နေလျှင် မည်သို့ပြုလုပ်မည်နည်း။ ဘဏ်၏မူလအရင်းအနှီး (capital) မှာလည်း သန်း ၁၀၀ ပင်မရှိဘဲ သန်း ၅ဝ ဖြစ်နေပါက မည်သို့မျှ မလုပ်နိုင်တော့။

ဘဏ်လုပ်ငန်းများ တည်ငြိမ်မှုနှင့် အင်အားတောင့်တင်းလာမှုအတွက် နောက်ထပ်စဉ်းစားရမည့်အချက်မှာ ဘဏ်ဆိုသည်မှာ ငွေအပ်နှံမှုတခုတည်းကိုသာ လက်ခံသည့်အဖွဲ့အစည်းမဟုတ်။ အမှန်တကယ် လုပ်ငန်းများ တိုးချဲ့ရန် လိုအပ်နေသည့် အလားအလာကောင်းသည့် စီးပွားရေးလုပ်ငန်းများအား အပ်နှံငွေများကို ပြန်လည် ထုတ်ချေးပေးသည့် ဝန်ဆောင်မှုတာဝန်လည်း ရှိသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
6.8k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
3.3k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
251

ကိုဗစ်-၁၉ ကပ်ဘေးဒဏ်ကြောင့် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းအတော်များများသည် (၂၀၂၀ ခုနှစ် အာရှဖေါင်ဒေးရှင်းမှပြုလုပ်သည့် Myanmar Economic Survey Index အရ အင်တာဗျူးဖြေဆိုသည့် စီးပွားရေးလုပ်ငန်း စုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းခန့်သည်) ဆက်လက်ရှင်သန်ရန် မဖြစ်နိုင်သည့်အခြေအနေတွင်ရှိနေခဲ့ရာ စစ်အာဏာသိမ်းပြီးနောက်ပ်ိုင်းမှာ နိုင်ငံတကာအကူအညီများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုုများ ကျဆင်းသွားခြင်းနှင့် လက်မှတ်ရေးထိုးပြီး စီမံကိန်းများ ရပ်တံ့ထားခြင်း အစရှိသည်တို့ကြောင့် စီးပွားရေးပိုမိုထိခိုက်သွားပြီဖြစ်သည့်အတွက် အလားအလာကောင်းသည့် လုပ်ငန်းအသစ်များ၊ရင်းနှီးမြှုပ်နှံမှုအသစ်များလည်း မရှိသလောက် နည်းပါးသွားသလို ရင်းနှီးပြီးသားများလည်း ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။ ထိုအခါချေးငွေများ ထုတ်ချေးရန် စီးပွားရေးလုပ်ငန်းအသစ်များ မရှိတော့သလိုဖြစ်သွားပြီး ထုတ်ချေးလျှင်လည်း ပြန်မဆပ်န်ိုင်သည့် NPL များဖြစ်ရန် အလားအလာများနေသည်။ ထိုအခါ ဘဏ်များမည်သို့ရပ်တည်မည်နည်း။ ဘဏ်စာရင်းသစ်ဖွင့်သူများကို မည်သို့အတိုးပေးမည်နည်း။ အပ်နှံသူများအတွက်လည်း မည်သည့်ဘဏ်မှ စိတ်မချရတော့ချေ။

ထိုအခါ မြန်မာ့စီးပွားရေးသည် ဂျာအေးသူ့အမေရိုက် ဖြစ်လာတော့သည်။

ကမာ္ဘ့ဘဏ်က မြန်မာ့စီးပွားရေးသည် စစ်အာဏာသိမ်းပြီးနောက်ပ်ိုင်း ၁၀ ရာခိုင်နှုန်းထိုးကျသွားမည်ဟု ခန့်မှန်းထားပြီး Fitch အဖွဲ့ကြီးက ၂၀ ရာခိုင်နှုန်း ထိုးကျသွားမည်ဟု ခန့်မှန်းထားသည်။ မြန်မာ့စီးပွားရေးသည် ကြီးမလာဘဲ ကျူံ့လာနေခြင်းဖြစ်သည်။ အကျိုးရလာဒ်က ဘဏ်လုပ်ငန်းများလည်း ကောင်းမလာဘဲ ဆိုးဝါးလာရန်သာ ရှိသည်။

ထို့အတွက်ကြောင့် ဘဏ်နှင့်ငွေရေးကြေးရေးကဏ္ဍအပါအဝင် မြန်မာ့စီးပွားရေးကဏ္ဍကြီးတခုလုံး တည်ငြိမ်မှု ရရှိပြီး မြန်မာနိုင်ငံသည် ၂၀၃၀ ခုနှစ် ရေရှည်တည်တံ့သည့်ဖွံ့ဖြိုးမှုပန်းတိုင်များကို ဆွတ်ခူးနိုင်ရန် အဖြေမှာ စစ်အာဏာရှင်စနစ် ကျရှုံးသွားရန်သာဖြစ်သည်။ စစ်အာဏာရှင်စနစ်ကျဆုံးပြီး ပြည်သူလူထု ယုံကြည်ကိုးစားမှုရှိသည့် အစိုးရတရပ်ကို ဖွဲ့စည်းနိုင်ပြီး ဖယ်ဒရယ်ဒီမိုကရေစီစနစ် ကျင့်သုံးနိုင်မှသာ နိုင်ငံတကာအကူအညီများ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းဖြင့် ဝင်ရောက်လာပြီး ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှု၊ အားလုံး မျှဝေခံစားနိုင်သည့် ဖွံ့ဖြိုးတိုးတက်မှုကို မြန်မာပြည်သူများ ရရှိခံစားနိုင်မည်ဖြစ်လေတော့သည်။

(လင်းထက်မြက်သည် ရန်ကုန်အခြေစိုက် စီးပွားရေးရာ လေ့လာသုံးသပ်သူတဦးဖြစ်သည်။)

စစ်ကောင်စီလက်အောက် မြန်မာ့စီးပွားရေး လက်လွတ်ခြေလွတ် ပြုတ်ကျနေ

မြန်မာ့ဒစ်ဂျစ်တယ် စီးပွားရေး ပြိုကွဲလုနီးဖြစ်နေ

လာမည့်နှစ်တွင် မြန်မာနိုင်ငံသား ထက်ဝက် ဆင်းရဲသွားမည်

ကျပ်ငွေအပေါ် ယုံကြည်မှုလျော့၊ ရွှေစုသူများလာ

Your Thoughts …
Tags: failed statefree fallကျရှုံးနိုင်ငံငွေကြေးကဏ္ဍငွေတန်ဖိုးဖောင်းပွမှုဒလိမ့်ကောက်ကွေး ကျဆင်းဗဟိုဘဏ်ဘဏ်များမယုံကြည်မှုမြန်မာ့စီးပွားရေးအာဏာသိမ်း စစ်ကောင်စီ
လင်းထက်မြက်

လင်းထက်မြက်

Similar Picks:

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
42k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
21k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည် 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖုံးဝှက်ထားသော ရုပ်ပုံလွှာ

by ပေါ်ထွန်း
26 March 2022
53.4k

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည်။

တရားခံရှာ အပြစ်တင်သော်လည်း စစ်ခေါင်းဆောင် ချောင်ပိတ်မိနေ

တရားခံရှာ အပြစ်တင်သော်လည်း စစ်ခေါင်းဆောင် ချောင်ပိတ်မိနေ

by ဧရာဝတီ
5 September 2023
15.6k

မင်းအောင်လှိုင်သည် သူ့ဝန်ကြီးအဖွဲအစည်းအဝေးတွင် မြန်မာပြည်သူအများစုသည် လူတစု၏ မိုက်မဲမှုကြောင့် ဒုက္ခရောက်နေသည်ဟု ပြောသည်

Next Post
သေဆုံးသွားသည့် မံစီမြို့နယ် မြို့နယ်ရဲမှူး ဟိန်းထက်

KIA ၏ တိုက်ခိုက်မှုကြောင့် မံစီမြို့နယ်ရဲမှူး သေဆုံး

အာဏာသိမ်း စစ်ကောင်စီတပ်များနှင့် ဒေသခံ ပြည်သူများ ပစ်ခတ်မှုဖြစ်ပွားနေသည့် ထီးလင်းမြို့နယ် (ဓာတ်ပုံ - Google Earth)

ထီးလင်းမြို့နယ်တွင် ပြည်သူနှင့် အာဏာသိမ်းတပ် အပြန်အလှန်ပစ်ခတ်မှု ဆက်တိုက်ဖြစ်နေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved