စစ်အုပ်ချုပ်ရေးနှင့် ကိုဗစ်-၁၉ ၏ ထိခိုက်မှုများကြောင့် မြန်မာ့လူဦးရေ၏ ထက်ဝက်သည် ၂၀၂၂ ခုနှစ်တွင် ဆင်းရဲသွားနိုင်ကြောင်း ကုလသမဂ္ဂဖွံဖြိုးရေးအစီအစဉ် (UNDP) က အစီရင်ခံသည်။
တနှစ်တာ ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းနှင့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုတို့သည် မြန်မာနိုင်ငံ၏ လူမှုစီးပွားအခြေအနေကို ပိုမိုဆိုးရွားသွားစေကြောင်း UNDP ကဆိုသည်။ “ အောက်ခြေမှ အခြေအနေသည် ယခုအတိုင်း ဆက်လက်ရှိနေပါက ဆင်းရဲနွမ်းပါးမှုနှုန်းသည် ၂၀၂၂ ခုနှစ်အစတွင် နှစ်ဆတိုးသွားမည်” ဟု UNDP က သောကြာနေ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖေါ်ပြထားသည်။
ကမ္ဘာ့ဘဏ်၏အဆိုအရ မြန်မာနိုင်ငံတွင်လူဦးရေ ၅၄.၅ သန်းရှိသည်။ မြန်မာနိုင်ငံစစ်အုပ်ချုပ်ရေးအောက်သို့ရောက်ရှိသွားသည်မှာ စနေနေ့က ၃ လ ပြည့်ခဲ့သည်။
“အဆိုးရွားဆုံးအခြေအနေမှာ မြန်မာနိုင်ငံလူဦးရေ၏ ၄၈.၂ သန်းသည် ဆင်းရဲနွမ်းပါးမှုတွင် နေထိုင်ရမည်ဖြစ်သည်” ဟု ထိုအစီရင်ခံစာက ဆိုသည်။ အထက်ပါ အကျပ်အတည်းနှစ်ခုသည် လုပ်အားခနှင့် ဝင်ငွေသိသိသာသာ ဆုံးရှုံးမှုများကို ဖြစ်စေပြီး အထူးသဖြင့် စီးပွားရေးလုပ်ငန်းငယ်များကို ထိခိုက်စေကာ ပိုမိုကျယ်ပြန့်သော ပြည်သူလူထုအတွက် အစားအသောက်၊ အခြေခံဝန်ဆောင်မှုများနှင့် လူမှုရေးအကာအကွယ်များကို ထိခိုက်စေသည်။
UNDP အုပ်ချုပ်ရေးမှူး အာချမ် စတိန်းနားက “၂၀၀၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံသည် ဆင်းရဲနွမ်းပါးမှုတွင် နေထိုင်ရသူအရေအတွက်ကို ထက်ဝက်လျှော့ချနိုင်ခဲ့သည်။ သို့သော် လွန်ခဲ့သော ၁၂ လ အတွင်းကြုံတွေ့ခဲ့ရသော စိန်ခေါ်မှုများသည် ထိုသို့ ခက်ခက်ခဲခဲ ရယူထားသည့် တိုးတက်မှုများကို အန္တရာယ် ကျရောက်သွားစေသည်” ဟု ဖေါ်ပြသည်။
“လည်ပတ်နိုင်သော ဒီမိုကရက်တစ်အဖွဲ့အစည်းများမရှိဘဲ မြန်မာနိုင်ငံသည် မျိုးဆက်တခုတွင် မကြုံဘူးသည့် ဆင်းရဲနွမ်းပါးမှုအဆင့်များဆီ ဦးတည်နေသည့် ရှောင်ရှားရနိုင်သော နောက်ပြန်လန်မှုနှင့် ကြေကွဲမှုတခုကို ရင်ဆိုင်နေရသည်” ဟုလည်း စတိန်းနားက ရေးသားသည်။
ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံတခုဖြစ်သော မြန်မာနိုင်ငံသည် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ဆင်းရဲနွမ်းပါးမှု လျှော့ချရာတွင် ထူးခြားသောအောင်မြင်မှုများ ရခဲ့သည်။ မြန်မာနိုင်ငံသည် ၂၀၀၅ ခုနှစ်တွင် ဆင်းရဲနွမ်းပါးမှု ၄၈.၂ ရာခိုင်နှုန်းရှိရာမှ ၂၀၁၇ ခုနှစ်တွင် ဆင်းရဲနွမ်းပါးမှုကို ၂၄.၈ ရာခိုင်နှုန်းသို့ လျှော့ချနိုင်ခဲ့သည်။
၂၀၂၀ ခုနှစ်ကုန်သောအခါ ၈၃ ရာခိုင်နှုန်းသော မြန်မာနိုင်ငံမှ မိသားစုများက ၎င်းတို့၏ ဝင်ငွေသည် ကိုဗစ်-၁၉ ကြောင့် ပျှမ်းမျှအားဖြင့် ထက်ဝက်ကျဆင်းသွားသောကြောင်း ပြောခဲ့ကြသည်။ ထို့ကြောင့် ဆင်းရဲနွမ်းပါးမှု မျဉ်းအောက်တွင်နေထိုင်ရသော မြန်မာနိုင်ငံသားအရေအတွက်မှာ ၁၁ ရာခိုင်နှုန်း တိုးလာကြောင်း UNDP ၏ အဆိုအရ သိရသည်။
ဖေဖေါ်ဝါရီလ အာဏာသိမ်းမှုဖြစ်သောအခါ အခြေအနေသည် ပိုမိုဆိုးရွားလာပြီး ဆင်းရဲနွမ်းပါးမှု နောက်ထပ် ၁၂ ရာခိုင်နှုန်းတိုးလာမည်ဟု ခန့်မှန်းထားကြောင်း UNDP က ဆိုသည်။
အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး အစီရင်ခံစာများ အားလုံးက နိုင်ငံ့စီးပွားရေး ပြိုကွဲတော့မည်ဖြစ်ကြောင်း ဖေါ်ပြနေကြောင်းလည်း UNDP က သတိပေးသည်။
လွန်ခဲ့သောနှစ်က ကိုဗစ်-၁၉ ကြောင့် မြန်မာနိုင်ငံ၏ စုစုပေါင်းထုတ်လုပ်မှုသည် ၁.၈ ရာခိုင်နှုန်း ကျဆင်းသွားသော်လည်း ယခုနှစ်တွင် ၆ ရာခိုင်နှုန်း တိုးတက်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်များက ခန့်မှန်းခဲ့ကြသည်။
သို့သော် စစ်အုပ်ချုပ်ရေးသည် ဒေသတွင်းတွင် တိုးတက်မှု အမြန်ဆုံးဖြစ်နေသော မြန်မာ့စီးပွားရေးကို ဖျက်ဆီးလိုက်သောကြောင့် ယခုနှစ်တွင် မြန်မာ့စီးပွားရေးသည် ၁၀ ရာခိုင်နှုန်း ကျုံ့သွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။
ဆန္ဒပြပွဲများ၊ သပိတ်မှောက်မှုများ၊ စစ်တပ်၏ လုပ်ရပ်များ၊ လှုပ်ရှားသွားလာနိုင်မှုလျှော့ပါးခြင်းများနှင့် ဘဏ်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ အင်တာနက်အသုံးပြုနိုင်မှု စသည့် အများပြည်သူ ဝန်ဆောင်မှုများ ရပ်ဆိုင်းခြင်းသည် စီးပွားရေးလုပ်ငန်းများကို ဖျက်ဆီးမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။
အာဏာသိမ်းမှုအပြီးတွင် အနောက်နိုင်ငံများက စစ်ကောင်စီကို အရေးယူပိတ်ဆို့မှုများ ချမှတ်သောကြောင့် လက်ရှိ အကောင်အထည်ဖေါ်ဆဲ စီမံကိန်းများအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရပ်ဆိုင်းသွားသည်။ အထည်ချုပ်လုပ်သား ၂ သိန်းနီးပါးနှင့် ဆောက်လုပ်ရေးလုပ်သား ၃ သိန်းမှ ၄ သိန်းအထိသည် စစ်အာဏာသိမ်းမှုအပြီးတွင် အလုပ်အကိုင်များ ဆုံးရှုံးသွားကြောင်း အလုပ်သမား သမဂ္ဂများက ဆိုသည်။
အမျိုးသမီးများနှင့် ကလေးများ အထူးသဖြင့် ဝင်ငွေနည်းပါးသော မိသားစုများနေထိုင်ရာ မြို့ပြဒေသများမှ အမျိုးသမီးများနှင့် ကလေးများသည် ကိုဗစ်-၁၉ နှင့် စစ်အုပ်ချုပ်ရေးကြောင့် အထိအနာဆုံးဖြစ်မည်ဟု UNDP ကဆိုသည်။
“ကလေးသူငယ် ဆင်းရဲနွမ်းပါးမှုသည် ဆက်လက်မြင့်မားနေမည်ဟု မျှော်လင့်ရပြီး အဆိုးဆုံးအနေအထားတွင် ကလေးများ၏ ထက်ဝက်ကျော်သည် ဆင်းရဲနွမ်းပါးမှုတွင် နေထိုင်ရမည်။ ထို့ကြောင့် မျိုးဆက်များအကြား ဆင်းရဲနွမ်းပါးမှုကို ပိုမိုဆိုးရွားစေပြီး ကျောင်းများပိတ်ထားရနိုင်ခြင်းသည် လာမည့်မျိုးဆက်တွင် လူသားအရင်းအနှီးကို ထိခိုက်စေနိုင်သည်” ဟုလည်း UNDP က ဆိုသည်။
စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနှင့် လူ့အခွင့်အရေး မူဝါဒများကို အလျှင်အမြန်ပြင်ဆင်ခြင်း မရှိပါက ထိုအခြေအနေများသည် ၂၀၃၀ ခုနှစ်တွင် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ အောင်မြင်ရေး အတွက် မြန်မာနိုင်ငံ၏ အားထုတ်မှုများကို ထိခိုက်စေမည်ဖြစ်ကြောင်း UNDP က ဆက်လက်ဖေါ်ပြသည်။
မြန်မာနိုင်ငံသားများ၏ ဘဝစိုပြေရေးကို ကာကွယ်ရန် နိုင်ငံတကာထောက်ခံမှုသည် အရေးပါသော အခန်းမှ ပါမည်ဖြစ်ကြောင်းလည်း UNDP က ဆိုသည်။
You may also like these stories:
စစ်ကောင်စီလက်အောက် မြန်မာ့စီးပွားရေး လက်လွတ်ခြေလွတ် ပြုတ်ကျနေ
လူသန်းနှင့်ချီပြီး မြန်မာပြည်တွင် စားနပ်ရိက္ခာ အခက်ကြုံဖွယ်ရှိဟု ကုလသမဂ္ဂ ထုတ်ပြန်
အင်တာနက်ပြတ်တောက်မှုကြောင့် စက်ဘီးဖြင့် အစားအသောက် ပို့ဆောင်သူများ ရှင်သန်ရန် ကြိုးစားနေရ