ကိုးကန့်တပ်ဖွဲ့ဟု လူသိများသည့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) သည် တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် လမ်းကြောင်းတခုဖြစ်သော မုန်းကိုးနယ်မြေတခွင်လုံးကို စိုးမိုး နိုင်ရေး ကြိုးစားနေသည်မှာ ၂ လဝန်းကျင်ရှိပြီ ဖြစ်သည်။
စစ်တပ်ကို တိုက်စစ်ဖွင့်ပြီး တကျော့ပြန် ပေါ်လာသည့် ၂၀၁၅ ကတည်းက ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်၊ မုန်းကိုးမြို့နယ်ခွဲအတွင်း လှုပ်ရှားမှု ရှိခဲ့သော်လည်း MNDAA သည် ဒေသတခုလုံးကို လွှမ်းမိုးနိုင်ရန် ကြိုးစားခြင်း မရှိ ခဲ့ပါ။
မုန်းကိုးဒေသသည် စစ်တပ်နှင့် မုန်းပေါ် ပြည်သူ့စစ်တပ်ဖွဲ့က အခြေစိုက် လှုပ်ရှားသည့်အပြင် MNDAA ၏ မဟာမိတ် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ တပ်မဟာ ၆ လက်အောက်ခံတပ်ရင်း ၃၆ လှုပ်ရှားသည့် နယ်မြေလည်း ဖြစ်သည်။

ယခုအခါ MNDAA သည် မုန်းကိုးကို အခြေခံနယ်မြေတခုဖြစ် သတ်မှတ်ကာ စစ်ရေးလှုပ်ရှားရုံသာမက လူထုကြား အုပ်ချုပ်ရေးယန္တရားကိုပါ ထူထောင်ရန် ပြင်ဆင်လာခြင်း ဖြစ်သည်။
သြဂုတ် ၁၉ ရက်တွင် MNDAA ၏ စစ်ဦးစီးချုပ်က KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လထံ စာတစောင် ပေးပို့ကာ မုန်းကိုးတွင် ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရားကို ထူထောင်တော့မည် ဖြစ်ကြောင်းနှင့် မုန်းကိုးသည် ကိုးကန့်တပ်၏ နယ်မြေဟောင်းတခု ဖြစ်သည်ဟူ၍လည်း စာထဲ၌ ရေးသားထားသည်။
MNDAA သည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကုန်းကြမ်းမြို့နယ်၊ ဟုန်အိုင်တောင်ကြောပေါ်တွင် စစ်ဌာနချုပ် အခြေစိုက်ပြီး လောင်ကိုင်၊ ကွမ်းလုံ၊ သိန္နီ၊ ကွတ်ခိုင်နှင့် လားရှိုးမြို့နယ်တို့အထိပါ တပ်ဖြန့်လှုပ်ရှားသည်။
MNDAA သည် တပ်မဟာ ၂၁၁၊ ၃၁၁ နှင့် ၅၁၁ ဟူသည့် တပ်မဟာ ၃ ခု ရှိရာ စစ်ဌာနချုပ်နယ်မြေတွင် တပ်မဟာ ၂၁၁ အခြေစိုက်ပြီး ကွမ်းလုံမှ လားရှိုးမြို့နယ်အထိ တကြောတွင် တပ်မဟာ ၃၁၁ က လှုပ်ရှားသည်။
ယခုအခါ အုပ်ချုပ်ရေးယန္တရား ထူထောင်ရန် ဆောင်ရွက်နေသည့် မုန်းကိုးနယ်မြေထဲတွင် MNDAA ၏ တပ်မဟာ ၅၁၁ က တပ်ဖြန့်လှုပ်ရှားသည်။
မုန်းကိုးနယ်မြေသည် MNDAA ၏ စစ်ဌာနချုပ် အခြေစိုက်ရာ ကုန်းကြမ်းမြို့နယ်နှင့် ကျောချင်းကပ် တည်ရှိနေသည့် နယ်မြေတခုလည်း ဖြစ်သည်။
KIA သည် MNDAA နှင့် စစ်ရေး၊ နိုင်ငံရေး မဟာမိတ် ဖြစ်သော်လည်း ၎င်းတို့ အုပ်ချုပ်ရေးယန္တရား ထူထောင်ထား သည့် နယ်မြေအတွင်း MNDAA ကပါ ဖြန့်ကျက်လှုပ်ရှားလာခြင်းကို လက်ခံထားခြင်း မရှိသေးရာ နှစ်ဖက်တပ်များကြား ညှိနှိုင်းနေကြဆဲ အခြေအနေ ဖြစ်သည်။
မုန်းကိုးဒေသတွင်း တပ်ဖြန့်လှုပ်ရှားလာသည့် MNDAA သည် ဒေသတွင်း လူထုကို စည်းရုံးရေး၊ တွေ့ဆုံရေးများ ပြု လုပ်နေရာ လူထု၏ တောင်ယာလုပ်ငန်းများတွင် ဝင်ရောက် ကူညီခြင်းများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းကာ တရွာဝင်တရွာထွက် ဆေးကုသမှုများ ပြုလုပ်ပေးခြင်းများကိုလည်း ဖြန့်ကျက်ပြုလုပ်လျက် ရှိသည်။

ထိုသို့ လုပ်ဆောင်ရာတွင် ပထမဦးဆုံး ထိပ်တိုက်တွေ့ရသည်မှာ စစ်ကောင်စီတပ်များနှင့်ဖြစ်ပြီး ဇူလိုင်နှောင်းပိုင်း ကာလအတွင်း MNDAA ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအဖွဲ့ကို စစ်ကောင်စီဘက်က လိုက်ပစ်ခတ်ရာ မုန်းကိုးနယ်တွင် ပဋိပက္ခမီး စတောက်လာတော့သည်။
ဇူလိုင် ၂၈ ရက်တွင် မုန်းကိုးဒေသအတွင်းရှိ မန်ယန်ကျေးရွာအနီးတွင် စစ်ကောင်စီနှင့် MNDAA ကြား တိုက်ခိုက်မှုများ ဖြစ်ပွားရာ မန်ယန်ရွာသားများ ရွာလုံးကျွတ် ထွက်ပြေးကြရသည်။
ကနဦးတွင် မန်ယန်ကျေးရွာမှ ဒေသခံများသည် ဘန်မွေးကျေးရွာသို့ ဝင်ရောက်ခိုလှုံနေကြသော်လည်း တိုက်ပွဲဖြစ် ပွားမှုက ဆက်လက်ကျယ်ပြန့်လာရာ သြဂုတ် ပထမပတ်တွင် လူဦးရေ ၁၇၃ ဦးရှိသည့် မန့်ယန်နှင့် ဘန်မွေး နှစ်ရွာပေါင်း၍ မြန်မာ-တရုတ် နယ်စပ်၊ မိုင်တိုင် ၁၀၂ အနီးထိ ပြေးကြရတော့သည်။
မုန်းကိုးဒေသတွင်း MNDAA ကို ဖိတိုက်ရန် စစ်ကောင်စီဘက်က မူဆယ်-ပန်ဆိုင်း လမ်းကြောင်းမှတဆင့် မုန်းကိုး နယ်တွင်းသို့ စစ်ကူများ တက်လာရာ ပန်ဆိုင်းမြို့နယ်ခွဲ၌လည်း MNDAA က ဖြတ်တိုက်ခိုက်ရာ ပန်ဆိုင်းမှာပါ ပဋိပက္ခမီးက တောက်လာတော့သည်။
သြဂုတ် ၄ ရက်တွင် စစ်ကောင်စီဘက်က ပန်ဆိုင်းမြို့နယ်တွင်း လက်နက်ကြီးများ ပစ်ခတ်ပြီး MNDAA ကို တိုက်ခိုက် ရာ အရပ်သားကျေးရွာများတွင်ပါ ကျည်များ ကျပေါက်ကွဲသဖြင့် ပန်ဆိုင်းဒေသမှ ရွာပေါင်း ၅ ရွာထက် မနည်း လူဦးရေ ၁၀၀၀ ကျော်သည်လည်း အိုးအိမ်များ စွန့်ပြီး စစ်ဘေးရှောင်ဒုက္ခသည်များအဖြစ် ထွက်ပြေး ကြရသည်။
သြဂုတ် တတိယပတ်တွင် မုန်းကိုးနှင့် ပန်ဆိုင်းဒေသတွင်း တိုက်ခိုက်မှုများ ငြိမ်နေသော်လည်း စစ်ရေး တင်းမာမှုများ ရှိနေခြင်းကြောင့် ကနဦးထွက်ပြေးရသည့် စစ်ဘေးရှောင်ဒုက္ခသည်များမှာ နေရပ်ပြန်နိုင်ခြင်း မရှိကြပါ။
ထိုသို့ တိုက်ခိုက်မှုများ ငြိမ်နေသည့် ကာလတွင် မုန်းကိုးနယ်မြေတွင်း အုပ်ချုပ်ရေးယန္တရား ထူထောင်တော့မည် ဟူသည့်စာကို MNDAA ဘက်က KIO ဥက္ကဋ္ဌထံ ပေးပို့လိုက်ခြင်း ဖြစ်သည်။
မုန်းကိုးဒေသတွင်း အုပ်ချုပ်ရေးယန္တရားနှင့် အခြေခံနယ်မြေ ထူထောင်ရန် ကြိုးစားသည့်အပေါ်တွင် မေးမြန်းရန် MNDAA ၏ ပြောရေးဆိုခွင့်ရှိသူကို ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပါ။
MNDAA ၏ သတင်းနှင့် ပြန်ကြားရေးသည်လည်း မြေပြင်တွင် ဖြစ်ပျက်နေသည့် တိုက်ပွဲအခြေအနေ များကိုသာ ဖြေဆိုနိုင်ပြီး MNDAA စစ်ဦးစီးရုံးမှ လုပ်ဆောင်ချက်များ၊ မူဝါဒများကို ဖြေဆိုပေးနိုင်ခြင်း မရှိသဖြင့် ဧရာဝတီမှ သီးခြားမှတ်ချက် ရယူနိုင်ခြင်း မရှိပါ။
KIA ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “သူတို့ (MNDAA) စစ်ရေးလှုပ်ရှားတာက တပိုင်းပေါ့။ အုပ်ချုပ်ရေးရုံးတွေချပြီး သူတို့အခြေခံနယ်မြေတွေ လုပ်ဖို့ဆိုတာကတော့ ကျနော်တို့လည်း သူတို့နဲ့ ညှိနှိုင်းတာ ရှိပါတယ်။ ဒါက မလုပ်ပေးဖို့ပေါ့။ ညှိနှိုင်းတာ ရှိပါတယ်” ဟု ပြောသည်။
ဗိုလ်မှူးကြီးနော်ဘူက MNDAA နှင့် KIA ကြား မုန်းကိုးနယ်မြေနှင့် ပတ်သက်၍ ဆွေးနွေးချက်များကို ထုတ်ဖော်ပြော ဆိုခြင်း မရှိသော်လည်း မုန်းကိုး၊ ဖောင်းဆိုင်ဒေသသည် KIO ၏ အုပ်ချုပ်ရေးနယ်မြေ ဖြစ်သည်ဟု ပြောသည်။
MNDAA နှင့် KIA ကြား နယ်မြေကိစ္စနှင့် ပတ်သက်၍ ညှိနှိုင်းမှုများ ရှိသော်လည်း ကြီးမားသည့် ပြဿနာများ မရှိပါဟု ၎င်းက ဆိုသည်။
ဗိုလ်မှူးကြီးနော်ဘူက “မုန်းကိုး၊ ဖောင်းဆိုင်ဘက်က ကျနော်တို့ KIO ရဲ့ အုပ်ချုပ်နယ်မြေ ဖြစ်ပါတယ်။ KIO ပြည်သူ လူထုရဲ့ အုပ်ချုပ်နယ်တွေရှိတဲ့ နေရာတွေ ဖြစ်ပါတယ်။ အဲဒီဘက်မှာ MNDAA တွေလည်း နေရာတိုးချဲ့ ဝင်လာလို့ စစ်ကောင်စီတွေနဲ့ တိုက်ပွဲဖြစ်တယ်လို့ ကျနော်တို့ သုံးသပ်ထားပါတယ်” ဟုလည်း ပြောဆိုသည်။
သြဂုတ် ၂၈ ရက်တွင် မုန်းကိုးဒေသတွင်း စစ်ကောင်စီနှင့် MNDAA ကြား တိုက်ပွဲများ ပြန်ဖြစ်ရာ စစ်ကောင်စီ၏ ခြေ လျင်တပ်ရင်း ခလရ ၂၃၀ မှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး အပါအဝင် တပ်ဖွဲ့ဝင်များ ကျဆုံးထိခိုက်မှု ရှိသည့်အပြင် တပ် ရင်းမှူးများ ကိုင်ဆောင်သည့် ပစ္စတိုသေနတ်များနှင့် အခြားလက်နက်ခဲယမ်းများကို MNDAA ဘက်က ရလိုက်သည်။
တိုက်ပွဲအပြီးတွင် ခလရ ၂၃၀ ဘက်မှ တပ်ရင်းမှူးပါ တိုက်ပွဲကျခဲ့သည်ဟု ကိုးကန့်ဘက်က ကြေညာသော်လည်း စစ်ကောင်စီဘက်က မဟုတ်မှန်ကြောင်းသာ ငြင်းချက်ထုတ်ခဲ့သည်။
ထိုနေ့တွင် စစ်ကောင်စီနှင့် MNDAA ကြား တိုက်ပွဲပြင်းထန်သည့်အပြင် မုန်းကိုးဒေသတွင်း စစ်ကောင်စီနှင့် KIA လည်း တိုက်ခိုက်မှုများ ရှိခဲ့သည်။

စစ်ကောင်စီ၏ စစ်ကြောင်းတကြောင်းက ၎င်းတို့ တပ်စခန်းရှိရာဘက်သို့ တိုးဝင်လာသဖြင့် တိုက်ခိုက်မှုများ ဖြစ် ရခြင်း ဖြစ်သည်ဟု KIA ဘက်က ပြောဆိုသည်။
မုန်းကိုးတနယ်ထဲတွင် မဟာမိတ်တပ်များ ဖြစ်ကြသည့် MNDAA နှင့် KIA တို့ စစ်ကောင်စီနှင့် တိုက်ခိုက်မှုများ တရက် တည်း ဖြစ်ခဲ့သော်လည်း ၎င်းတို့သည် သီးခြားစီ တိုက်ခိုက်ခြင်းသာဖြစ်ပြီး ပူးပေါင်းစစ်ဆင်ရေး လုပ်ဆောင်ခြင်း မရှိကြ ပါ။
MNDAA က မုန်းကိုးဒေသတွင်း တိုက်ပွဲများတွင် မည်သည့် မဟာမိတ်အဖွဲ့အစည်းနှင့်မှ ပူးပေါင်းတိုက်ခိုက် နေခြင်း မရှိဘဲ ၎င်းတို့ တဖွဲ့တည်းသာ စစ်ကောင်စီကို တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသလို KIA ကလည်း မုန်းကိုးဒေသတွင်း MNDAA နှင့် ပူးပေါင်းစစ်ဆင်ရေး မလုပ်ကြောင်း ပြောဆိုထားသည်။
သြဂုတ် ၃၀ ရက်တွင် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ ၅၇၅ သည် ပန်ဆိုင်းမြို့နယ်ခွဲဘက်မှ မုန်းကိုးဘက်သို့ တတ်လာရာ MNDAA က ကြားဖြတ် တိုက်ခိုက်ခဲ့ပြန်သည်။
ထိုနေ့ တိုက်ခိုက်မှုတွင်လည်း စစ်ကောင်စီဘက်က အလောင်း ၁၅ လောင်းနှင့် လက်နက်ခဲယမ်း အများအပြား လမ်းတလျှောက်၌ ကျကျန်ရစ်ခဲ့ရာ MNDAA ဘက်က ဓါတ်ပုံ၊ ရုပ်သံမှတ်တမ်းများ ရိုက်ယူပြီး စစ်ကောင်စီဘက်မှ အထိခိုက်များကြောင်း ထုတ်ပြန်ခဲ့သည်။
ထိုသို့ ဓါတ်ပုံနှင့် ရုပ်သံမှတ်တမ်းများ ထွက်ပေါ်လာသော်လည်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်း ထွန်းက ၎င်းတို့ဘက်မှ ကျဆုံးသူ အနည်းငယ်သာ ရှိသည်ဟု တုန့်ပြန်ပြောဆိုခဲ့သည်။
စက်တင်ဘာ ၁ ရက်တွင်လည်း ဖောင်းဆိုင်ကျေးရွာအနီးရှိ တောင်ကုန်းတခုကို စစ်ကောင်စီလက်ထဲမှ MNDAA က သိမ်းယူလိုက်ပြန်သည်။
MNDAA ၏ ရှေ့တန်းတပ်အရာရှိတဦးက “သူတို့က ဆက်ပြီး ထိုးစစ်ဆင်ရင်တော့ တိုက်ပွဲတွေ ဆက်လက် ပြင်း ထန်နေမှာပဲ” ဟု ပြောဆိုထားသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက မုန်းကိုးဒေသနှင့် ပတ်သက်၍ စစ်ကောင်စီဘက်မှ အကျအဆုံး များသည်ဟု သတင်းထွက် နေသည်မှာ ကောလာဟလသာဖြစ်ပြီး ကိုးကန့်တပ်ကိုလည်း အေးအေးဆေးဆေးပင် စစ်ရေးအရ ထိန်းနိုင်သည် ဟု ပြောဆိုသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “လုံခြုံရေးအရတော့ ထိတွေ့တိုက်ပွဲ ဖြစ်နေတဲ့ အခြေအနေပဲ ရှိတယ်။ သို့သော် ထိန်းနိုင်တဲ့ အခြေအနေ ရှိပါတယ်” ဟု ပြောဆိုခြင်း ဖြစ်သည်။

မုန်းကိုးဒေသတွင်း MNDAA ဘက်က တပ်မဟာ ၅၁၁ တခုလုံး ဝင်ရောက်လှုပ်ရှားနေရာ စစ်သည်အင်အား ခန့်မှန်းခြေ အားဖြင့် ရာနှင့်ချီကာ ထောင်ဂဏန်းအထက်ပင် ရှိလိမ့်မည် ဖြစ်သည်။
စစ်ကောင်စီဘက်က တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းများသည် မုန်းကိုးဒေသတွင်း အခြေစိုက် လှုပ်ရှားသည်။
သြဂုတ်၂၈ ရက်မှ ၃၀ ရက်အတွင်း MNDAA နှင့် တိုက်ပွဲ ဖြစ်ခဲ့သည့် ခလရ ၂၃၀ သည် အရှေ့တောင်တိုင်း စစ်ဌာန ချုပ် လက်အောက်ခံ တပ်ရင်းဖြစ်ပြီး ကရင်ပြည်နယ်အခြေစိုက် တပ်ရင်းတရင်း ဖြစ်ကာ ခမရ ၅၇၅ သည်လည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့နယ်ဘက်မှ တပ်ရင်း ဖြစ်သည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်းလုံး၌ လက်နက်ကိုင်တော်လှန်နေသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) များ၊ တကျော့ပြန် စစ်ရေးတင်းမာနေသည့် တိုင်းရင်းသားနယ်မြေများတွင် တိုက်ခိုက်ရန်အတွက် ၎င်း၏ တပ်ဖွဲ့များကို ဖြန့်ကျက်ထားရသည်။
ရှေ့တန်း စစ်မျက်နှာပြင်များသာမက ဖောက်ခွဲရေးနှင့် ပြောက်ကျားတိုက်ခိုက်မှုများ အချိန်မရွေး ရှိလာနိုင်သည့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး ကဲ့သို့ မြို့ကြီးများတွင်ပါ စစ်ကောင်စီတပ်များ လုံခြုံရေး တိုးမြှင့်ထားရခြင်းကြောင့် MNDAA နှင့် အကြီးအကျယ် တိုက်ခိုက်ရမည်ဆိုပါက စစ်ကောင်စီဘက်တွင် စိန်ခေါ်မှု ရှိကောင်းရှိနိုင်လိမ့်မည် ဟု စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူအချို့က သုံးသပ်ပြောဆိုကြသည်။
မုန်းကိုးဒေသသည် ခေတ်အဆက်ဆက် တော်လှန်ရေးသမိုင်းကြောင်း တလျှောက်တွင် အရေးပါသည့် နယ်မြေတခု အဖြစ် နိုင်ငံရေး၊ စစ်ရေးဇာတ်ခုံပေါ်တွင် ပါဝင်လာခဲ့သည့် ဒေသဖြစ်သည်။
KIA တပ်ဖွဲ့ စတင်တည်ထောင်ရာတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်နှင့် မူဆယ်မြို့နယ်တို့၌ အင်အား စုစည်းကာ ၁၉၆၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့စဉ်ကတည်းက မုန်းကိုးမြို့နယ်၊ ဖောင်းဆိုင်ကျေးရွာသည် KIA ၏ နယ် မြေတခု ဖြစ်ခဲ့သည်။
ထို့နောက် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) တပ်များ ဝ ဒေသ၊ ပန်ဆန်းမြို့၌ ဗဟိုရုံးချုပ်စိုက်ရာတွင် ကိုးကန့်တောင် တန်း ဒေသများနှင့် ဆက်စပ်နေသည့် မုန်းကိုးဒေသသည်လည်း ဗကပ၏ အရှေ့မြောက်ဒေသထဲတွင် အရေးပါသည့် ဒေသတခု ဖြစ်ခဲ့သည်။
ထိုစဉ်က ဗကပ လက်အောက်တွင် ဦးဖုန်ကြားရှင်၏ ကိုးကန့်တပ်များလည်း ပါဝင်လှုပ်ရှားခဲ့ရာ ကိုးကန့်တပ်သားများ သည် သံလွင်မြစ်၏ အရှေ့ဘက်ခြမ်း ကိုးကန့်တောင်တန်းများပေါ်တွင် လှုပ်ရှားကျင်လည်ခဲ့ကြသည်။
၁၉၈၉ တွင် ဦးဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့်တပ်က ဗကပထံမှ ပထမဆုံးပုန်ကန် ခွဲထွက်ပြီးနောက် ဝ တပ်ဖွဲ့ သည်လည်း ဗကပကို အာဏာပြန်သိမ်းလိုက်ရာ ဗကပ ပြိုကွဲသွားခဲ့သည်။
ဗကပပြိုကွဲပြီးနောက် ဦးဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့်တပ်က စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူကာ သံလွင်မြစ် အရှေ့ဘက်ခြမ်းရှိ ကိုးကန့်ဒေသ၏ ခေါင်းဆောင် ဖြစ်လာသည်။
ကိုးကန့်တပ်ဖွဲ့မှ ခွဲထွက်လာသည့် ဦးမုန်ဆာလတို့ အဖွဲ့သည် သံလွင်မြစ် အနောက်ဘက်ခြမ်းရှိ မုန်းကိုးဒေသတွင် စိုးမိုး အခြေစိုက်ကာ မုန်းကိုးကာကွယ်ရေးတပ်ဖွဲ့ (MDA) အဖြစ် ရပ်တည်ခဲ့သည်။
၂၀၀၀ ခုနှစ်တွင် စစ်အစိုးရက MDA ခေါင်းဆောင်များ ဖြစ်သည့် ဦးမုန်ဆာလ၊ ဦးဇော်လတို့ကို အစည်းအဝေးဟု ခေါ်ယူကာ မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးပြီး အကျဉ်းချခဲ့သည်။
ဦးမုန်ဆာလ၏ တပ်ဖွဲ့ဝင် ၁၀၀ ကျော်သည်လည်း စစ်တပ်၏ သတ်ဖြတ်ခြင်း ခံလိုက်ရပြီး MDA ဇာတ်လမ်း တခန်းရပ် သွားတော့သည်။
ဦးမုန်ဆာလသည် ၂၀၀၆ ခုနှစ်၊ သြဂုတ်တွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့ အကျဉ်းထောင်၌ ကွယ်လွန်သွားခဲ့သည်။
ထို့နောက် မုန်းကိုးဒေသထဲတွင် KIA က ပြန်လည်ဝင်ရောက် လှုပ်ရှားလာခဲ့သည်။

၂၀၀၉ တွင် ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်ကိုလည်း မူးယစ်ဆေးဝါးနှင့် လက်နက်စက်ရုံများ တည်ဆောက် ထား သည်ဟူသော စွပ်စွဲချက်ဖြင့် စစ်တပ်က ဝင်ရောက်ဖမ်းဆီးရန် ကြိုးစားရာ ဦးဖုန်ကြားရှင်သည် မိသားစုဝင်များ၊ ၎င်း၏ သစ္စာခံတပ်များနှင့်အတူ ကိုးကန့်ဒေသကို စွန့်ခွာပြီး ထွက်ပြေးခဲ့ရသည်။
ဦးဖုန်ကြားရှင် ထွက်ပြေးရစဉ် ကိုးကန့်ဒေသ၌ ကျန်ခဲ့ကာ စစ်အစိုးရနှင့် ပူးပေါင်းလိုက်သည့် ကိုးကန့်တပ်မှူးများ သည် ယခုအခါ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အစိုးရအဖွဲ့၏ ခေါင်းဆောင်များ၊ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့ စစ်တပ် ဖွဲ့များ၏ ခေါင်းဆောင်များ ဖြစ်လာကြသည်။
၎င်းတို့သည် ဦးဖုန်ကြားရှင်နှင့် MNDAA အတွက် အတိတ်ရန်ငြိုး ရှိသူများသာ ဖြစ်သည်။
အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် – မိုင်းလားတပ်ဖွဲ့ (NDAA) ၏ ခေါင်းဆောင် ဦးစိုင်းလင်းသည် ဦးဖုန် ကြားရှင်၏ သားမက်တော်စပ်သူဖြစ်ရာ ဦးဖုန်ကြားရှင်နှင့် မိသားစုဝင်များ၊ တပ်သားများသည် မိုင်းလားဒေသတွင်း ခိုလှုံခဲ့ကြပြီး ကိုးကန့်ကို ပြန်အခြေချနိုင်ရန် ကြိုးစားနေခဲ့ကြသည်။
၂၀၁၄ ဒီဇင်ဘာတွင် ဦးဖုန်ကြားရှင်က ကိုးကန့်ဇာတိကို ပြန်လာမည်ဟူ၍ တရုတ်နိုင်ငံထုတ် Global Times သတင်း ဌာန၏ အမေးအဖြေကဏ္ဍတွင် ဖြေဆိုခဲ့သည်။
ဦးဖုန်ကြားရှင်၏ MNDAA တပ် ပြန်လည် ဖွဲ့စည်းလှုပ်ရှားနိုင်ရန် KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ကူညီပေးမှုများ ရှိခဲ့ပြီး ၂၀၁၄ ဒီဇင်ဘာတွင် ကိုးကန့်တပ်များသည် ကွမ်းလုံမြို့နယ် နယ်စပ်နှင့် မုန်းကိုးမြို့နယ်ခွဲအတွင်း KIA နှင့် ပူးတွဲ လှုပ်ရှားပြီး တဖန်ပြန်ပေါ်လာတော့သည်။
၂၀၁၅ ဖေဖော်ဝါရီ ၉ ရက်တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသတွင်း MNDAA က အကြီးအကျယ် ဝင်ရောက် တိုက်ခိုက်ရာ ချင်းရွှေဟော်၊ လောက်ကိုင် မြို့အားလုံး မြို့ပျက်ကြီးအသွင် နေ့ချင်းညချင်း ပြောင်းလဲ သွားပြီး ကိုးကန့် ဒေသတွင်းရှိ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးများ အားလုံး ရပ်ဆိုင်းသွားသည်။
MNDAA သည် စစ်တပ်နှင့် ကိုးကန့်ဒေသတွင်း တပ်များကို တိုက်ခိုက်သည့်အပြင် ကိုးကန့်ဒေသ ခေါင်းဆောင်များ ၏ နေအိမ်များ၊ စီးပွားရေးလုပ်ငန်းများနှင့် ယာဉ်တန်းများကိုပါ အကြိမ်ကြိမ် တိုက်ခိုက်ထားသည်။
၂၀၁၆ နိုဝင်ဘာ ၂၀ တွင် MNDAA၊ KIA၊ ရက္ခိုင်တပ်တော် (AA) နှင့် တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့သည် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ ကြူကုတ် (ပန်ဆိုင်း) နှင့် မုန်းကိုးဒေသတွင်းရှိ စစ်တပ်စခန်း များ၊ ကုန်သွယ်ရေး လမ်းများကို တပြိုင်တည်း ဝင်တိုက်ခိုက်ခဲ့ကြသည်။
၂၀၁၆ ဒီဇင်ဘာ ပထမပတ်တွင်လည်း မုန်းကိုးဒေသရှိ စစ်တပ်၏ စစ်ရေးအရ အရေးပါသည့် ဗျူဟာကုန်းများကို ဝင်ရောက် တိုက်ခိုက်ရာတွင် KIA နှင့် MNDAA တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြသည်။
ထို့ကြောင့် ခေတ်အဆက်ဆက်တွင် မုန်းကိုးဒေသသည် တော်လှန်ရေးတပ်များ လှုပ်ရှားရာ၊ နိုင်ငံရေး၊ စစ်ရေး ဇာတ်ခုံပေါ်တွင် တလျှောက်လုံး ပါဝင်လာခဲ့သည့် နယ်မြေတခု ဖြစ်သည်။

ယနေ့ခေတ် မုန်းကိုးဒေသသည် နိုင်ငံရေး၊ စစ်ရေးအပြင် နယ်စပ်ကုန်သွယ်ရေးနှင့် စီးပွားရေးအတွက်ပါ အချက်အခြာ ကျသည့် နယ်မြေတခု ဖြစ်လာပြီ ဖြစ်သည်။
မုန်းကိုးဒေသသည် မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သဖြင့် စစ်ရေး၊ နိုင်ငံရေးအရ လှုပ်ရှားရန် ဗျူဟာကျသည့်ဒေသ ဖြစ်သည့်အပြင် မြန်မာတနိုင်ငံလုံး၌ အကြီးမားဆုံးသော နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း ကြီးများ၏ အစိတ်အပိုင်းလည်းဖြစ်ရာ စီးပွားရေးအရလည်း အချက်အခြာကျသည့် နယ်မြေ ဖြစ်သည်။
မုန်းကိုးဒေသသည် မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ကုန်သွယ်ရေး လမ်းကြောင်း တခုဖြစ်သည့် ကြူကုတ် (ပန်ဆိုင်း) ကုန်သွယ်ရေး လမ်းကြောင်းနှင့် အနီးဆုံးနေရာတွင် တည်ရှိပြီး မူဆယ်မြို့၊ ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်နှင့်လည်း ၁၀ မိုင်ကျော်မှ မိုင် ၂၀ ဝန်းကျင်သာ ကွာဝေးသည့် ဒေသဖြစ်သည်။
ထို့ပြင် တရုတ်၏ One Belt One Road စီမံကိန်းတွင် ကြူကုတ် (ပန်ဆိုင်း) နယ်စပ်တကြော၌ ကုန်သွယ်ရေးဇုန်များ တည်ဆောက်ပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ဘက်ရှိ ကုန်သွယ်ရေးဇုန်နှင့် ချိတ်ဆက်မည် ဖြစ်သည်။
တရုတ်နိုင်ငံဘက်တွင် ကုန်သွယ်ရေးဇုန်အတွက် အခြေခံအဆောက်အဦများ ဆောက်လုပ်ပြီးစီးပြီဖြစ်ပြီး မြန်မာနိုင်ငံ ဘက်တွင် လက်နက်ကိုင်ပဋိပက္ခများနှင့် နယ်မြေတည်ငြိမ်မှု အားနည်းခြင်းတို့ကြောင့် ကုန်သွယ်ရေးဇုန်များ မဆောက် လုပ်နိုင်သေးခြင်း ဖြစ်သည်။
ကြူကုတ် (ပန်ဆိုင်း) တွင် ကုန်သွယ်ရေးဇုန်ကြီး တည်ဆောက်ပါက မုန်းကိုးဒေသသည်လည်း ထိုဇုန်ကြီးနှင့် ဆက်စပ် သည့် နယ်မြေ ဖြစ်လာမည်ဖြစ်သည်။
လက်ရှိတွင်လည်း ကြူကုတ် (ပန်ဆိုင်း) နယ်စပ်ဂိတ်မှတဆင့် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး လုပ်ဆောင်နေရာ နွား၊ ဆန်၊ ပြောင်း၊ သကြား၊ သစ်သီးဝလံ၊ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန် ပစ္စည်း များကို မြန်မာနိုင်ငံဘက်မှ တင်ပို့ပြီး တရုတ်နိုင်ငံဘက်မှ ဆောက်လုပ်ရေးလုပ်ငန်းသုံးနှင့် စက်ယန္တရားများ တင် သွင်းရာ ကုန်တင်ကားများသည် နေ့စဉ် ရာနှင့်ချီ ဖြတ်သန်း ကုန်သွယ်ကြသည်။
မူဆယ်မြို့ နယ်စပ်ကုန်သွယ်ရေးသည် မြန်မာတနိုင်ငံလုံးတွင် အကြီးဆုံ းနယ်စပ်ကုန်သွယ်ရေးဖြစ်ကာ နေ့စဉ် သန်းနှင့်ချီ ဝင်ငွေရနေသည့် နေရာလည်း ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းအရ မူဆယ်မြို့နယ်၏ နယ်စပ်ကုန်သွယ်ရေးသည် တနေ့လျှင် အမေရိကန်ဒေါ်လာ ၄ သန်းကျော် ဝင်ငွေ ရသည် ဟု သိရသည်။
၂၀၁၉ သြဂုတ်အတွင်းကလည်း မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့များက ပြင်ဦးလွင် စစ်သင်တန်းကျောင်းကို တိုက်ခိုက်ပြီး မြန်မာ-တရုတ် ကုန်သွယ်ရေး လုပ်နေသည့် ပြည်ထောင်စုလမ်းမကြီး တလျှောက်ရှိ တံတား ၅ စင်းကို ဖျက်ဆီးခြင်း၊ တိုက်ခိုက်ခြင်းများ ပြုလုပ်ရာ ကုန်သွယ်ရေးတခုလုံး ရက်သတ္တပတ်ကြာ ရပ်ဆိုင်းပြီး သန်းနှင့်ချီသည့် ဝင်ငွေများ ဆုံရှုံးခဲ့ရသည်။
အဆိုပါ ကုန်သွယ်ရေး လမ်းကြောတလျှောက်တွင် နယ်မြေစိုးမိုးသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များသည် ကုန်တင်ကားများထံမှ လစဉ် သိန်းဆယ်ဂဏန်း ဝန်းကျင် အခွန်ကောက်ခံကြသည်။
ကုန်တင်ကားများဆိုလျှင် ဘီးလှိမ့်ခွန်အဖြစ် ၅ သိန်းမှ ၁၀ ဝန်းကျင်အထိ လအလိုက် ပေးဆောင်ရပြီး ထိုကုန်တင် ကားများ ဖြတ်သန်းသည့် လမ်းပိုင်းအလိုက်လည်း နယ်မြေစိုးမိုးသည့် တိုင်းရင်းသားတပ်ဖွဲ့များကို လုံခြုံရေးအ တွက် ငွေပေးဆောင်ကြရသည်။

မူဆယ်မြို့တွင်း အခြေစိုက်သည့် ကုန်သည်ကြီးများ၊ စီးပွားရေးလုပ်ငန်းရှင်များ အားလုံးသည်လည်း KIA အပါအဝင် ဒေသတွင်း နယ်မြေစိုးမိုးထားသည့် တိုင်းရင်းသားတပ်ဖွဲ့များကို သိန်းရာနှင့်ချီသည့် အခွန်ဆက်ကြေးများ ပေးဆောင်ရသည်။
စီးပွားရေးသမားများနှင့် ကုန်သည်ကြီးများ မဆိုနှင့် မူဆယ်မြို့နယ်တွင်း လက်လီလက်ကား အရောင်းဆိုင်များ၊ ဟို တယ်များနှင့် အလတ်စား စီးပွားရေးသမားများပါ အခွန်ဆက်ကြေး ပေးဆောင်ကြရသည်။
တိုင်းရင်းသားတပ်ဖွဲ့များအပြင် စစ်ကောင်စီတပ်များနှင့် ပြည်သူ့စစ်တပ်ဖွဲ့များသည်လည်း ငွေကြေးတောင်းခံ ကြ သည်။
အရပ်စကားဖြင့် ပြောရမည်ဆိုလျှင် မူဆယ်သည် စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အားလုံး အတွက် ဝင်ငွေလမ်းဖြောင့်သည့် ငွေတွင်းဟုပင် ဆိုရမည် ဖြစ်သည်။
ထို့ပြင် နယ်စပ်ကုန်သွယ်ရေးလမ်းများနှင့် နယ်မြေများကို စိုးမိုးနိုင်သည့် တိုင်းရင်းသားတပ်များသည် ပြည်တွင်း နိုင်ငံရေး၊ စစ်ရေးတွင်သာမက နိုင်ငံတကာ ကုန်သွယ်ရေး၊ ဆက်ဆံရေးတွင်ပါ အရေးပါသည့် ဇာတ်ကောင်များ ဖြစ်လာကြသည်။
ထိုအခြေအနေများကြောင့် မုန်းကိုးဒေသကို အခြေခံနယ်မြေနှင့် အုပ်ချုပ်ရေးယန္တရား ထူထောင်ရန် ကြိုးစားနေသည့် MNDAA သည် စစ်ရေးနှင့် နိုင်ငံရေးအတွက် နေရာချဲ့ထွင်ခြင်းသာမကပဲ ကုန်သွယ်ရေးနှင့် မြန်မာ-တရုတ် ဆက် ဆံရေးကြားမှာပါ အရေးပါ ဗျူဟာကျသည့် နယ်မြေကို လွှမ်းမိုးနိုင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
အနာဂတ်တွင် မုန်းကိုးနယ်မြေသည် ကိုးကန့်တပ်၏ လွှမ်းမိုးမှု ဖြန့်ကျက်လာနိုင်မည့် နယ်မြေတခု ဖြစ်လာနိုင် မည်လား သို့မဟုတ် နယ်မြေစိုးမိုးရေးအတွက် အားပြိုင်ကြရင်း ပဋိပက္ခများဖြင့် ပိုမို ရှုပ်ထွေးလာသည့် နယ်မြေတခု အသွင် ပြောင်းလဲလာမည်လား ဆိုသည်ကတော့ ဆက်လက် စောင့်ကြည့်ရမည်သာ ဖြစ်သည်။ ။
You may also like these stories:
ငွေစက္ကူ အသစ်ရိုက်ထုတ်ပြီး စစ်ကောင်စီ ဘဏ္ဍာငွေ ဖြည့်တင်းနေ
အောင်ဘာလေထီ နိဂုံးချူပ်တော့မလား
မြန်မာပြည်မှာ ဇွမ်ဘီဘဏ်များ ပေါ်နေပြီ