မြန်မာ့လက်မှုအနုပညာမှာ လုပ်ငန်းပေါင်း များစွာရှိနေပါတယ်။ လက်မှုအနုပညာဆိုတာ ကိုယ်ပိုင်စိတ်ကူးကို အတတ်ပညာနဲ့ ပေါင်းစပ်ပြီးလုပ်ကြရတာ ဖြစ်ပါတယ်။ ကိုယ်ပိုင်စိတ်ကူးနဲ့ ပုံဖော်ထုဆစ်တာတွေရှိသလို၊ ပုံဖော်ပြီးသား ရှိရင်းစွဲအရာဝတ္ထုတွေကို ပြန်လည်ပုံဖော်ထုဆစ်တာမျိုးလည်း ရှိပါတယ်။
ဒါတွေဟာ မြန်မာ့သုခုမ အနုပညာလက်ရာလို့ တင်စားခေါ်ဆိုကြတဲ့ ပန်းဆယ်မျိုးထဲမှာ ပါဝင်နေကြပါတယ်။ ပန်းပဲ၊ ပန်းထိမ်၊ ပန်းပု၊ ပန်းချီ၊ ပန်းယွန်း၊ ပန်းပွတ်၊ ပန်းတော့၊ ပန်းတဉ်း၊ ပန်းတမော့နဲ့ ပန်းရန် တို့ဖြစ်ပါတယ်။ ရှေးမြန်မာဆိုရိုးစကားတွေအရ “ ဘုရားမတင်၊ နတ်မဝင်၊ လူတွင် ဆယ်ပွင့်ပန်း” လို့ ခေါ်စမှတ်ပြုကြပါတယ်။ ရာဇောဝါဒကျမ်းမှာတော့ “ ပဲ၊ ထိမ်၊ တဉ်း၊ တော့၊ ရန်၊ ပု၊ မော့၊ မှတ်လော့ ပွတ်ချီယွန်း” ဆိုပြီးလည်း ဖွဲ့ဆိုထားပါသေးတယ်။
ပန်းချီနဲ့ ပန်းပုပညာရပ်ကို အခြေခံလို့ ရှိရင်းစွဲ ရုပ်ဝတ္ထုတခုကို အနီးစပ်ဆုံးတူအောင် ပုံဖော်ထုဆစ်တဲ့ သူတဦး ရှိနေပါတယ်။ လက်ရာမြောက် ပုံစံငယ်ပေါင်းများစွာကို ထုဆစ်နေတဲ့သူ အများကြီး ရှိနေတဲ့ အထဲကမှ အရည်ကြိုကိုရောက်သွားတဲ့ စစ်ကျန်ခေတ်မော်တော်ကား ပုံစံငယ်အချို့ကို အသက်ပြန်လည်သွင်း နေသူကတော့ ပန်းချီဆရာ (သို့မဟုတ်) လက်ဝတ်ရတနာ ဒီဇိုင်းပညာရှင် ကိုကိုထိုက်ပါ။

သူဟာ အရပ်မနိမ့်မမြင့်၊ မျက်နှာဝိုင်းဝိုင်း၊ အသားဖြူဖြူ ၊ ဆံပင်ကိုဘေးခွဲထားပြီး ပျူငှာတဲ့ သူ့ဟန်ပန်၊ ကိုယ့်ယုံကြည်ရာကို လက်ကိုင်ထားပြီး ဝါသနာပါရာကို ဆက်လက်လုပ်ကိုင်သွားမယ်ဆိုတဲ့ သန္နိဌာန်ကလည်း ချမှတ်ပြီးသားဖြစ်တယ်လို့ ဆိုပါတယ်။
သူနေထိုင်တဲ့ မြောက်ဥက္ကလာပမြို့နယ်ထဲက တိုက်ခန်းငယ်အတွင်း ဝင်လိုက်တယ်ဆိုရင်ဘဲ ကားပုံစံငယ် ပြုလုပ်ဖို့ ဖြတ်တောက်ထားတဲ့ သံဖြတ်စတွေအပါအဝင် ပြုလုပ်ပြီးသား ကားပုံစံငယ်အဟောင်းတွေ၊ ရောင်စုံဆေးဗူးနဲ့ စုတ်တံတွေက သူ့ရဲ့ဘဝကို ပုံဖော်ထုဆစ်ပေးနေသလိုပါဘဲ။ သူနေတဲ့ တိုက်ခန်းငယ်အတွင်းမှာ ဆွဲလက်စ ပန်းချီကားအချို့ရယ် ၊ စစ်ကျန်ခေတ် ကားပုံစံငယ်တွေက ပိုပြီးနေရာယူထားပါတယ်။ ပကာသနမရှိတဲ့ သူက သူ့ကိုယ်သူ ပြောပါသေးတယ်။ ဒီလို မော်တော်ကား ပုံစံငယ်တွေကို သံဖြူတွေနဲ့ လုပ်နေရတာဖြစ်တဲ့အတွက် သံဖြူလုပ်ငန်းနဲ့ မခြားတာကြောင့် သံဖြူလုပ်ငန်း လုပ်ကိုင်နေတာလို့ တောင် နှိမ့်ချပြောဆိုပါတယ်။
သူဟာ လက်ရှိမှာ စစ်ကျန်ခေတ်က ကားတွေဖြစ်တဲ့ အများအခေါ် ဗိုက်ပူဆိုတဲ့ ရန်ကုန်မြို့တွင်း ပြေးဆွဲခဲ့တဲ့ ၃၉ ယာဉ်လိုင်းက ဘတ်စ်ကားနဲ့ ယခင်က မော်လမြိုင်မြို့မှာ ပြေးဆွဲခဲ့တဲ့ အများအခေါ် ချက်ကြီးလို့ခေါ်တဲ့ ချက်ပလက် ခေါင်းတို၊ခေါင်းရှည်ကားတွေကို တထေရာတည်းနီးပါးတူအောင် ပုံစံငယ်ကားတွေ ထုဆစ်နေပါတယ်။ အခြားကားတွေဖြစ်တဲ့ တီအီး အလဲဗင်း၊ ဟီးနိုး၊ လေးဘီး၊ သုံးဘီး၊ ဝီလီဂျစ်နဲ့ ဒေါ့ဂျစ်ကား စတဲ့ ပုံစံငယ်တွေကို အနီးစပ်ဆုံးတူအောင်လည်း သေချာလေ့လာပြီးမှ လုပ်ဆောင်တယ်လို့လည်း ဆိုပါတယ်။

အထူးသဖြင့် ဗိုက်ပူလို့ ခေါ်တဲ့ ဘတ်စ်ကားတွေရယ် ၊ ချက်ကြီးလို့ ခေါ်တဲ့ ချက်ပလက် ခေါင်းတို/ခေါင်းရှည် ကားတွေဟာ ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည် စစ်မြေပြင်ကို ရောက်လာတဲ့ မဟာမိတ်တပ်ပေါင်းစုနဲ့အတူ ပါလာပြီး စစ်ယာဉ်ယန္တရားအုပ်စုတွေထဲက ကားတွေလို့ လေ့လာတွေ့ရှိရပါတယ်။ စစ်ကြီးပြီးလို့ မဟာမိတ်တပ်တွေ ပြည်တော်ပြန်တဲ့အခါ အချို့စစ်ယာဉ်ယန္တရားတွေကို မြန်မာပြည်ကို လွှဲပေးခဲ့ပါတယ်။ အဲ့ဒီနောက် မြန်မာစစ်တပ်မှာ နှစ်အတော်ကြာ အသုံးပြုအပြီး ပြင်ပကိုလေလံပြန်ပစ်ခဲ့တာကြောင့် အမှတ်(၇)နဲ့ (၃၉) မြို့တွင်း ခရီးသည်တင်ကားတွေအဖြစ်နဲ့ ပြေးဆွဲခဲ့ရပါတယ်။
၁၉၆၂ ခုနှစ် ဗိုလ်နေဝင်း ဦးဆောင်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ အိမ်စောင့်အစိုးရခေတ်ကစလို့ ၁၉၈၈ ခုနှစ် နောက်ပိုင်း ဗိုလ်သန်းရွှေရဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အစိုးရ လက်ထက်အထိ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကြီးကြပ်မှု ဗဟိုကော်မတီ(မ.ထ.သ) အောက်မှာ ရုန်းကန်ပြေးဆွဲခဲ့ရပါသေးတယ်။ ၂၀၁၅ ခုနှစ် အမျိုးသားဒီမိုကရေစီ အရပ်သားစစ်စစ်အစိုးရလက်ထက်ကျမှဘဲ ဒီကားတွေကို ခေတ်ကာလအနေအထားနဲ့ အိုဟောင်းနေပြီးဖြစ်တာကြောင့် အန္တရာယ်တစ်စုံတရာ မပေါ်ပေါက်စေရေး အနားယူခွင့်ပေးလိုက်ပြီး အရည်ကြိုပို့ လိုက်ရပါတော့တယ်။
ဒီလိုခေတ်အဆက်ဆက် တာဝန်ကျေပြေးဆွဲခဲ့တဲ့ ဗိုက်ပူ စစ်ကျန်ဘတ်စ်ကားနဲ့ ချက်ကြီး ချက်ပလက်ကားတွေကိုမြင်တိုင်း အတိတ်က ဒီလိုကားတွေ စီးခဲ့ရတယ်ဆိုတဲ့ ကြည်နူးစိတ်ကြောင့်တမျိုး၊ ဒီကားတွေ လေလံအောင်ခဲ့တဲ့ ယာဉ်ပိုင်ရှင်တွေရဲ သံယောဇဉ်ကြောင့်ဖုံ အသက်ပြန်လည်သွင်းခဲ့ရတာအစ ယနေ့မျက်မှောက်ခေတ်မှာ လူအတော်များများ စွဲစွဲလန်းလန်း တထပ်တည်းနီးပါးတူတဲ့ ပုံစံငယ်တွေကို ပြန်လည် လုပ်ဆောင်ခဲ့သူဟာ လက်ငါးချောင်းမပြည့်တဲ့ ကိုကိုထိုက်အပါအဝင် လူအနည်းစုပါဘဲ။
ဒီလို စစ်ကျန်ခေတ်ဘတ်စ်ကားနဲ့ ချက်ပလက်ကားတွေကို သံတည်နဲ့ ပုံစံငယ် တည်ဆောက်နေတဲ့ ကိုကိုထိုက်ဟာ တွံတေးမြို့ဇာတိ ကျောင်းအုပ်ဆရာမဖြစ်သူ မိခင်ဒေါ်ခင်စု၊ ပန်းချီပန်းပု ပညာရှင် ဖခင် ဦးမြင့်ဆွေတို့ရဲ့ သား ဖြစ်ပါတယ်။

သူဟာ ဖခင်ရဲ့ ပညာအမွေကို ဆက်ခံသူတဦးဆိုလည်း မမှားပါဘူး။ သူငယ်စဉ်က တွံတေးမြို့ကနေ ရန်ကုန်မြို့ကို အလည်ရောက်လာရင် သူစီးခဲ့တဲ့ကား၊ သူမြင်ခဲ့တဲ့ ကားတွေကို မျက်လုံးနဲ့ သေချာ မှတ်ထားပြီး ပြန်လည် လုပ်ဆောင်ရာကနေ အစပြုခဲ့တာပါ။ ဖခင်ဖြစ်သူကို ပုံစံတူ ပလပ်စတစ်နဲ့ ပြုလုပ်ထားတဲ့ ကားလေး တွေ ဝယ်ခိုင်းပြီး သူမြင်ခဲ့တဲ့ ကားတွေအတိုင်း လိုအပ်တဲ့နေရာမှာ လိုသလိုဖြတ်တောက် ဖြည့်စွက်ခဲ့ရာကနေ အခုလို ကားအတော်များများကို အနီးစပ်စုံတူတဲ့ ပုံစံငယ်တွေလုပ်ဆောင်လာနိုင်တာလို့လည်း သူက ဆိုပါတယ်။
“ရန်ကုန်ကိုရောက်ရင် ပလပ်စတစ်ကားလေးတွေ ဝယ်ခိုင်းတယ်။ ဝယ်ပြီးသွားလို့ ကြည့်လိုက်ရင် ကိုယ်မြင်ခဲ့တဲ့ စီးခဲ့တဲ့ ကားတွေနဲ့ မတူတာတွေ အများကြီး တွေ့ရတယ်။ ဝယ်ပေးတဲ့ ကော်နဲ့လုပ်ထားတဲ့ ကားလေးတွေက ကော်အလုံးကြီး ပုံစံမှာ ဘေးကနေဆေးရောင်စုံနဲ့ ပြတင်းပေါက် တံခါးပေါက် စတာမျိုးတွေကို ပုံဖော်ထားတာ။ ကျနော်က အပြင်က ကားနဲ့ တထေရာတည်း တူအောင် လုပ်ချင်တော့ ဟိုဟာဖြတ် ဒီဟာကပ်နဲ့ အဲ့ဒီကားကိုဘဲ ပြန်မွမ်းမံပစ်လိုက်တာ။ ဥပမာ ကားပြတင်းပေါက်နေရာမှာဆို တကယ့် အပေါက်ဖြစ်အောင် ညှပ်ထုတ် ကားတံခါးပေါက်တွေ နေရာမှာ တကယ့် တံခါးပေါက်ဖြစ်အောက်ညှပ်ထုတ်၊ အတွင်းထဲကိုလည်း ကားအတွင်းပိုင်းနဲ့ တူအောင် ဖြည့်ထည့်ပေါ့။ ဒီလို လုပ်ရင်းနဲ့ ကားတစီးလို ပုံစံငယ်ကို ကိုယ်ကိုတိုင် မြင်တွေခဲ့ရတာကို အသေအချာ မှတ်ထားပြီးတော့ စမ်းလုပ်ကြည့်ရာကနေ အခုလို တထပ်တည်း တူညီလာအောင် ရုပ်လုံးပေါ်တဲ့ ပုံစံငယ်တွေကို ဖန်တီးတတ်လာတာ” လို့ သူကဆိုပါတယ်။
ဒါအပြင် သူ့မှာ သင်ဆရာမရှိဘဲ ကိုယ်ပိုင်ဉာဏ်၊ အသေးစိတ်ကအစ မှတ်သားတတ်တဲ့ မွေးရာပါ အကျင့်တခုကြောင့် တခါမြင်တာနဲ့ မှတ်မိနေတတ်ကြောင်းလည်း ဆိုပါတယ်။ ကားပုံစံငယ်တွေကို အရင် ကပ်ထူစက္ကူ၊ နို့ဆီဘူးခွံ၊ မုန့်ဘူးတွေကို ဖြတ်ပြီး လုပ်ခါစမှာ ကျောင်းအသွားအပြန်လမ်းမှာရှိတဲ့ ကားဝပ်ရှော့တွေကို ဝင်ကြည့်တာမျိုး၊ အပြင်ကနေ ကြည့်ပြီး မှတ်သားထားတာမျိုးတွေကို အိမ်ရောက်တာနဲ့ ကားပုံစံငယ်ကို စလုပ်ခဲ့ရတာလို့ ဆိုပါတယ်။

“ အရင်က ကင်မရာတွေဘာတွေနဲ့ ရိုက်ဖို့က မရှိဘူးလေ။ အဲ့ဒီတော့ မျက်စိနဲ့ မှတ်လာပြီး လုပ်ရတာပေါ့။ ဒီလို စလုပ်တဲ့ အချိန်က ကျနော့် အသက် ၁၀ နှစ် လောက်ပဲ ရှိသေးတယ် ။ ဗိုက်ပူကားတွေဆိုရင် ခေါင်းခန်းမှာ ပျဉ်ဘယ်နှစ်ချပ်၊ ခါးလည်မှာ ပူလာတော့ ပျဉ်ဘယ်နှစ်ချပ်၊ ပျဉ်ပြားအကျယ်တွေကအစ ကိုယ့်ဟာကို တွက်ယူတာ၊ လက်ကိုင်တွေက ဘယ်လိုလုပ်ထားတယ်၊ ကားရဲ့အပြင်မှာ ၃၀ယောက်စီးတို့၊ အနားမကပ်နဲ့ တို့ ရေးထားတာတွေကအစ တူအောင် လုပ်ခဲ့တာပါ ” လို့ ဆိုပါတယ်။
ကိုကိုထိုက်ဟာ တက္ကသိုလ်ဝင်တန်းအောင်မြင်တဲ့ အချိန်မှာ ဓာတုဗေဒပညာရပ်ကို သင်ကြားခွင့်ရပေမယ့် ဖခင်ရဲ့သွေး၊ သူကိုယ်တိုင် ဝါသနာထုံတဲ့ အနုပညာအတွက် ရန်ကုန်မြို့ ချင်းချောင်းလမ်းမှာရှိတဲ့ “ယဉ်ကျေးမှုတက္ကသိုလ်” ပထမနှစ်ကို စတင်တက်ရောက်ခဲ့ပြီး ဒုတိယနှစ်ကစလို့ တောင်ဒဂုံမြို့နယ် အမှတ် ၂၆ အောင်ဇေယျလမ်းမပေါ်မှာတည်ရှိတဲ့ “အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်” မှာ တက်ရောက် သင်ကြားခဲ့တာပါ။
စစ်ကျန်ခေတ် ဘတ်စ်ကားတွေနဲ့ ပတ်သက်လို့ လူမှုကွန်ရက်စာမျက်နှာမှာ သူ ထုဆစ်ပုံဖော်ထားတဲ့ ကားပုံစံငယ်တွေတင်လိုက်ရာကနေတဆင့် လူသိများလာခဲ့ပြီး သူတတ်တဲ့ကားပုံစံ ငယ်တွေ လူကြိုက်များလာတာဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ကျန်ခေတ် ဘတ်စ်ကားတွေကို ပိုင်ဆိုင်ခဲ့တဲ့ အုံနာအချို့ကလည်း အရည်ကြိုခံရတော့မယ် သူတို့ရဲ့ ကားတွေကို ဓာတ်ပုံရိုက်ပြီး ပုံစံတူပြုလုပ်ခိုင်းတာမျိုးတွေ ရှိခဲ့ပါတယ်။ သူတို့ကလည်း ကားကို သံယောဇဉ်ရှိတာကြောင့် ကားပုံစံငယ်တွေကို ဧည့်ခန်းမှာ အမှတ်တရထားတာမျိုးတွေ လုပ်ဖို့ အပ်တယ်လို့ ဆိုပါတယ်။

“ ကားကို ဓာတ်ပုံရိုက်လာပြီး တထပ်တည်းတူအောင် လုပ်ခိုင်းတာမျိုးရှိပါတယ်။ နောက်ဆုံး သူတို့ ကားနံပါတ်ကို တပ်ပေးရတယ်။ ကားဆိုဒ်ကတော့ အမျိုးမျိုးလုပ်ခိုင်းတာ ရှိပါတယ်”လို့ ဆိုပါတယ်။
ကားတစီးမှာ ပါဝင်တဲ့ ထိုင်ခုံ၊ မီးလုံး၊ ကားအောက်ပိုင်း လေးတန်း၊ ဖရိန်၊ ကားလက်ကိုင်တန်း၊ ကားစတီယာရင်နဲ့ ပြင်ပမှာ အမှန်တကယ် ပြေးဆွဲခဲ့တဲ့ ယာဉ်နံပါတ်ပြားကအစ တူညီအောင် အသေးစိတ်မွမ်းမံ ချယ်သ ရတယ်လို့ လည်းဆိုပါတယ်။
အဝေးပြေးကားပုံစံငယ်တွေဆိုရင် ကားအတွင်းမှာပါတဲ့ တီဗွီ၊ ရေခဲသေတ္တာ၊ ကားတံခါး အဖွင့်အပိတ် ပုံစံအပါအဝင် အိတ်တင်တဲ့စင်နဲ့ ပစ္စည်းထည့်တဲ့ ဘောက်တွေကိုပါ ထည့်သွင်းပုံဖော် ထုဆစ်တယ်လို့ ဆိုပါတယ်။ ဒါတွေအားလုံးဟာ သံထည်တွေကြီး သက်သက်နဲ့ ပြုလုပ်တာလို့လည်း ဆိုပါတယ်။
သူ့ရဲ့ အောင်မြင်မှုဟာ ရပ်တန့်မနေဘဲ ရန်ကုန်မြို့ အမေရိကန်စင်တာမှာ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံ လက်မှု ပညာရှင်များအသင်းရဲ့ ပြပွဲမှာ စစ်ကျန်ခေတ် ဘတ်စ်ကားတွေနဲ့ အခြားကားအမျိုးအစားတွေကို ပြသရာကနေ နိုင်ငံတကာက လာရောက်ကြည့်ရှု့လေ့လာတဲ့သူတွေ သဘောကျနှစ်သက်ခဲ့တယ်လို့လည်း ဆိုပါတယ်။ သူဟာ ပြည်တွင်းမှာ ပြပွဲပေါင်းမျိုး ခုနှစ်ပွဲကျော်ပြသခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

“ နိုင်ငံခြားသားတွေက သေချာကိုင်ကြည့်ပြီးတော့ အသေးစိတ်ပြုလုပ်ထားတာကို သဘောကျတယ်။ ဒီချက်ပလက်ကားတွေရဲ့ ရာဇဝင်ကလည်း ကနေဒါနိုင်ငံက ကုမ္ပဏီတခုက ဒုတိယကမ္ဘာစစ်တွင်းမှာတင် ထုတ်လုပ်လိုက်တာဆိုတော့ ကနေဒါတို့ အမေရိကားတို့က သူတွေကအစ လှမ်းမှာပြီး အလုပ်အပ်တာ မျိုးရှိတယ်။ သူတို့ကလည်း အမှတ်တရအနေနဲ့ သိမ်းထားချင်တဲ့ သဘောပါ။ ပြည်တွင်းက လုပ်ငန်းရှင်တွေကလည်း အပ်တယ်။ ဟိုတယ် လုပ်ငန်းရှင်အချို့ဆို သူတို့ဟိုတယ်မှာ အမှတ်တရာ ပြသချင်တဲ့ သဘောနဲ့ မှာယူကြပါတယ်။ အခုဆို ကားအစီးရေမနည်း လက်ခံလုပ်ဆောင်နေရတယ်။ အဓိကမှာတာက ဗိုက်ပူလို ဘတ်စ်ကားမျိုး မှာတာများတယ်” လို့ သူကဆိုပါတယ်။
ဒါပေမယ့် သူဟာ ပုံစံငယ်ကားတွေကို ဝါသနာအရသာ လုပ်နေခြင်းဖြစ်ပြီးတော့ သူရဲ့အဓိက အသက်မွေးဝမ်းကျောင်းကတော့ လက်ဝတ်ရတနာ ဒီဇိုင်းပညာရှင်အဖြစ် ရပ်တည်နေတယ်လို့ ဆိုပါတယ်။ သူဟာ ယခင်က မြန်မာ့ကျောက်မျက်ရတနာပြခန်းမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ဝတ်လက်စား တွေကို ပုံဖော်ထုဆစ်နိုင်မယ့် ပန်းချီဒီဇိုင်းတွေကို ရေးဆွဲခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း လက်ဝတ်လက်စား ဒီဇိုင်းပညာရှင်အနေနဲ့ ပရော်ဖက်ရှင်နယ် ကျကျ ရပ်တည်နေတာပါ။
“ ကားပုံစံငယ်တွေကတော့ ဝါသနာအရ အချိန်အားတဲ့အခါ မှာတဲ့သူလည်း ရှိတဲ့အခါမျိုးမှာ လုပ်ပေးပါတယ်။ လက်ရှိကတော့ လက်ဝတ်ရတနာတွေနဲ့ ပုံဖော်မယ့် ဒီဇိုင်းဆန်းတွေကို ပုဂ္ဂလိကရတနာဆိုင်တွေမှာ အချိန်ပိုင်းနဲ့ ရေးဆွဲပေးနေပါတယ်” လို့ ဆိုပါတယ်။

ထူးခြားတာတခုအနေနဲ့ သူဟာ ကားပုံစံငယ်တွေကို ပြုလုပ်ရာမှာ စစ်ကျန်ခေတ်ကားတွေရဲ့ အတိတ်က ပုံရိပ်အချို့သတိရစေခြင်းအလို့ငှာ လုပ်ဆောင်ခြင်းဖြစ်ပြီး ယနေ့ ခေတ်ပေါ်ကားတွေကိုတော့ ပုံစံငယ်ပြုလုပ်နိုင်ပေမယ့် မလုပ်ချင်ဘူးလို့လည်းဆိုပါတယ်။ မူပိုင်ခွင့်လို ကားကုမ္ပဏီတွေရဲ့ တရားစွဲဆိုမှုကို မခံချင်ကြောင်း ဆိုပါတယ်။ သူဟာ လက်မှု အနုပညာသည်တယောက်ဖြစ်တာကြောင့် လူ့အသိုင်းအဝိုင်းအတွင်းမှာ ရှိပြီးဖြစ်တဲ့ အရာဝတ္ထုအားလုံးကို အမှတ်တရ ထုဆစ်ပုံဖော်ပေးတဲ့ လက်မှု အနုပညာသည် တဦးသာဖြစ်ပြီး ဒီအပေါ်မှာ မူပိုင်ခွင့်နဲ့ တရားစွဲဆိုခံရတာမျိုးတွေကိုတော့ မဖြစ်ချင်ဘူးလို့လည်း ဆိုပါတယ်။
“ ကျနော်တို့ရဲ့ အနုပညာကိုက လက်မှုအနုပညာသည်လေ။ လူတွေက သူတို့ အမှတ်တရ သိမ်းစေချင်တဲ့ ပုံစံငယ်လေးတွေကို အပ်ပြီး လုပ်ခိုင်းတာမျိုးရှိတယ်။ မြန်မာနိုင်ငံအတွင်းက အထင်ကရ အဆောက်အဦးတွေကို ပုံစံငယ် လုပ်ခိုင်းတာမျိုးတွေရှိတယ်။ အဲ့ဒီအပေါ်မှာ သက်ဆိုင်တဲ့ သူတွေက မူပိုင်ခွင့်နဲ့ တရားစွဲဆိုတာမျိုးတွေ လုပ်တာမျိုး ရှိနိုင်တယ်။ ကျနော့် မိတ်ဆွေတစ်ယောက် အဲ့ဒီလို အဖြစ်မျိုးကြုံဖူးတယ်။ ဒါကြောင့် ဒါကို ဝါသနာအရဘဲ လုပ်တယ်။ လုပ်ရင်လည်း ခေတ်ဟောင်းကားပုံစံငယ်လေးကို တွေဘဲ လုပ်ဖြစ်တယ်” လို့ ဆိုပါတယ်။

ရန်ကုန်မြို့မှာ ကားပုံစံငယ်လေးတွေ ထုဆစ်ပုံဖော်တဲ့ လက်မှုပညာသည်ဟာ ကိုကိုထိုက်တဦးတည်းမဟုတ်ပါဘူး။ ကားပုံစံငယ်တွေကို ထုဆစ်ပုံဖော်နေတဲ့ သူလို ဝါသနာသူ တွေရှိနေပါသေးတယ်။ ကွဲပြားခြားနားတာက သူက သံပြားတွေနဲ့ ပြုလုပ်တဲ့ သံဘုရင်၊ သူ့မိတ်ဆွေ တဦးက သစ်သားနဲ့ ပြုလုပ်တဲ့ သစ်ဘုရင်ပေါ့။ သူတို့နှစ်ဦးရဲ့ နောက်မျိုးဆက် တွေကတော့ ပီစီပိုက်နဲ့ ထုဆစ်ပုံဖော်နေတဲ့ သူတွေလည်း ရှိနေပါသေးတယ်။
လက်ရှိမှာတော့ ကိုကိုထိုက်ဟာ စစ်ကျန်ခေတ်ဘတ်စ်ကားတွေကို အလှပြရုံသက်သက်မဟုတ်ဘဲ ပြင်ပမှာ ရီမုကွန်ထရိုးနဲ့ မောင်းနှင်လို့ရအောင် ထုဆစ်ပုံဖော်ထားပါတယ်။ အရွယ်အစားအလိုက်ပေါ်မူတည်ပြီး မြန်မာငွေကျပ် တသိန်းခွဲ အများဆုံး၇ှိတယ်လို့လည်း သူက ဆိုပါတယ်။

“ ဒီလို စစ်ကျန်ကားလေးတွေ လုပ်နေရရင်ငွေကြေးထက် စိတ်ထဲမှာ ပျော်ရွှင်နေတဲ့ ပီတိမျိုး ခံစားရပါတယ်” လို့ ဆိုပါတယ်။
You may also like these stories :
မြန်မာ့ရေမြေမှာ မရိုက်ကူးခဲ့ရလို့ အားမလို အားမရဖြစ်ခဲ့ရတဲ့ သရုပ်ဆောင်ဒေါင်း
စစ်ကောင်စီ အဓမ္မဖမ်းဆီး ထောင်ချခဲ့တဲ့ ကမ္ဘာ့ အချောဆုံး မော်ဒယ်
ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်ဓားကို ပြုပြင်ထိန်းသိမ်းထား
စစ်ကောင်စီ၏ ရန်သူတဦး အဆင့်ဆင့်ပြောင်းလဲလာပုံ