နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ပုဒ်မ ၃ သုံးခုဖြင့် တရားစွဲဆိုထားမှုအား ဇန်နဝါရီ ၁၀ ရက်နေ့ တွင် တပြိုင်တည်း အမိန့်ချမှတ်ရန် နေပြည်တော်အထူးသီးသန့်တရားရုံးက ချိန်းဆိုထားကြောင်း တရားရုံးနှင့် နီးစပ်သူတဦး ကပြောသည်။
၎င်းပုဒ်မ ၃ ခုသည် အာဏာသိမ်းစစ်ကောင်စီက စွဲဆိုထားသည့် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ နှင့် ဦးညီညီဆိုသူက သီးခြားစွဲဆိုထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ တို့ဖြစ်သည်။
ယနေ့ရုံးချိန်းတွင် ဦးညီညီဆိုသူက သီးခြားစွဲဆိုထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နှင့် ပတ်သက်ပြီး နှစ်ဖက်ရှေ့နေများ အပြန်အလှန်လျှောက်လဲချက်တင်ခဲ့ကြပြီးနောက် ဇန်နဝါရီ ၁၀ ရက်နေ့တွင် အမိန့်ချရန် အထူး သီးသန့်တရားရုံးက ချိန်းဆိုခဲ့ခြင်းဖြစ်သည်။
၎င်းအမှုသည် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီက နေပြည်တော်၊ ရွှေကြာပင်ရပ်ကွက်ရှိ ပါတီဝင်တဦး၏နေအိမ်သို့ ဒေါ်အောင် ဆန်းစုကြည် သွားရောက်ခဲ့သည်ကို ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ရေးစည်းမျဉ်းများ ချိုးဖောက်သည်ဟုဆိုကာ တရားစွဲ ဆို ခံရခြင်းဖြစ်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ခံရနိုင်သည့်ပုဒ်မဖြစ်သည်။
အဆိုပါစွပ်စွဲချက်နှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်က မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အား သက်သေတင်ပြခဲ့သော်လည်း ထောင်အာဏာသိမ်းပိုင်များက တရားရုံးတွင် လာရောက်ထွက်ဆိုရန် ပိတ်ပင်တားဆီးခဲ့သည့် အတွက် ဗီဒီယိုကွန်ဖရန်းစင်းဖြင့်သာ သက်သေထွက်ဆိုခဲ့ရသည်။
ယင်းအပြင် စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့က နေပြည်တော်၊ မြနန်းဘုံသာလမ်းရှိ ဒေါ်အောင်ဆန်းစု ကြည်၏ နေအိမ်အား ဝင်ရောက်စီးနင်းရှာဖွေစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များ အသုံးပြသည့် စကားပြောစက်နှင့် Jammer တစုံ (ဆက်သွယ်ရေးဖြတ်တောက်စက်) တွေ့ရှိသည်ဟုဆိုကာ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့ဖြင့် စစ်ကောင်စီက တရားစွဲဆိုထားသည့်အမှုနှစ်ခုကိုလည်း ဇန်နဝါရီ ၁၀ ရက်နေ့တွင် အမိန့်ချရန် ချိန်းဆိုထားသည်။
၎င်းအမှု ၂ မှုနှင့် ပတ်သက်ပြီး အထူးသီးသန့်တရားရုံးအနေဖြင့် အမိန့်ချရန် ချိန်းဆိုပြီးမှ နှစ်ကြိမ်တိုင်ရွေ့ဆိုင်းထားခဲ့သည်။
ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ သည် ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ခံနိုင်သည့်ပုဒ်မဖြစ်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ သည် ထောင်ဒဏ် ၁ နှစ်အထိ ချမှတ်ခံရနိုင်သည့် ပုဒ်မဖြစ်သည်။
လက်ရှိတွင် ပုဒ်မများစွာဖြင့် တရားစွဲခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဒီဇင်ဘာ ၆ ရက်နေ့က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-ခ အရ ထောင်ဒဏ် ၂ နှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၅ အရ ထောင်ဒဏ် ၂ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၄ နှစ်ချမှတ်ခံထားရပြီး အကျဉ်းသားဝတ်စုံဖြင့် အထူးသီးသန့်တရားရုံးတွင် အမှုများအား တက်ရောက် ရင်ဆိုင်ရလျှက်ရှိသည်။
သို့သော် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်အား ပြစ်ဒဏ်တဝက် လျော့ပေါ့ပေးကြောင်းနှင့် ကျန်ပြစ်ဒဏ်တဝက်အား လတ်တလောဖုံးကွယ်ထိန်ချန်ထားသည့် ချုပ်နှောင်ထားရာ နေရာတွင် ပင် ကျခံရမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၆ ရက်နေ့တွင်ပင် ကြေညာထားသည်။
You may also like these stories :
ပလက်ဝက စစ်ရှောင်များကို အာဏာသိမ်းစစ်တပ်က အိမ်ပြန်ခိုင်းနေ
ကျောက်တော်တွင် လက်နက်ငယ် ပစ်ခတ်လေ့ကျင့်မည်ဟု စစ်တပ်သတိပေး
စစ်တပ်က အသွားအလာကန့်သတ်ထား၍ ပလက်ဝတွင် ကုန်ဈေးနှုန်းများ မြင့်တက်လာ