နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့်အဖွဲ့ဝင် ဒုရဲအုပ်ချယ်ရီထက်အား ရဲတရားရုံးက ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ကြောင်း ရှေ့နေအဖွဲ့ထံက သိရသည်။
၎င်းအမိန့်အား ပြီးခဲ့သည့် ကြာသပတေးနေ့ (၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃၀) က ချမှတ်ခဲ့ခြင်းဖြစ်ပြီး နေပြည်တော်အချုပ်ထောင်မှ ရမည်းသင်းအကျဉ်းထောင်သို့ ပြောင်းရွေ့ပို့ဆောင်လိုက်ကြောင်းလည်း သိရသည်။
ရှေ့နေတဦးက “ရဲတရားရုံးက အမိန့်ချတာဆိုတော့ အပြင်အယူခံတွေဘာတွေမရှိဘူး။ သူတို့ဌာနတွင်း ကိစ္စလို့ပဲပြောရမှာပေါ့” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်ကိုယ်ရံတော်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဒုရဲအုပ်ချယ်ရီထက်အား စစ်တပ်က အာဏာသိမ်းပြီးနောက် အကျယ်ချုပ်ဖြင့် စောင့်ကြည်မှုအောက်တွင်ထားရှိခဲ့ရာမှ စက်တင်ဘာ ၂၃ ရက်နေ့တွင် စစ်ကောင်စီ က ဖမ်းဆီးကာ ဇဗ္ဗူသီရိမြို့နယ်၊ အမှတ် ၁ ရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ချယ်ရီထက်အနေဖြင့် May Mi အမည်ရှိ လူမှုကွန်ရက်အကောင့်မှ “မတရားတာကို မတရားဘူးလို့ မပြောရဲရင် ပါးစပ်ပိတ်ထားပါ၊ တရားပါတယ်လို့တော့ မပြောပါနဲ့”၊ “ ဘယ်လိုပဲပြောပြော ဟိုဘက်ကလည်း CDM မပါရင် စစ်ကောင်စီဘက်တော်သားအဖြစ် အရေးယူမယ်တဲ့၊ ဒီဘက်ကလည်း CDM ပါရင် ရဲစည်း/အရပ်ဘက် ထောင် ၁၃ နှစ်တဲ့၊ နှစ်ဖက်စလုံးက ဖမ်းချင်နေကြတယ်ဆိုတော့ တခါတည်းအထုပ်ပြင်ပြီး အချုပ်ထဲသွားနှင့်ရမလား” စသည့် စာသားများရေးတင်ခဲ့သည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ Facebook Page မှ “လွမ်းလိုက်တာအမေ” ဟူသည့် ပို့စ်အား Share ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ယင်းအပြင် ၂၀၂၁ ခုနှစ် ဇွန်လအတွင်းကလည်း ဘီးလင်းလွှတ်တော်ကိုယ်စားလှယ် မသီရိရတနာနှင့် ဆက်သွယ်မှုများပြုလုပ်ခဲ့ပြီး တောတွင်းစခန်းချနေထိုင်မှုများနှင့် လက်နက်ကိုင်ပုံများ၊ NUG သတင်းထုတ်ပြန်ချက်များ၊ ပြည်ပသတင်းဌာနများ၏ သတင်းရုပ်သံဖိုင်းများအား အပြန်အလှန်ပေးပို့ခြင်းများ ပြုလုပ်ခဲ့သည့်အတွက် အမှုဖွင့်ရခြင်းဖြစ်ကြောင်းလည်း အာဏာသိမ်း စစ်ကောင်စီ ကဆိုထားသည်။
ယင်းသို့ ချယ်ရီထက်အား အမှုဖွင့်တရားစွဲဆိုပြီးနောက် အမှုအား ထောင်အတွင်းအထူးတရားရုံးတွင် ရုံးထုတ်စစ်ဆေးလျှက်ရှိရာ လာမည့် ကြာသပတေးနေ့ရုံးချိန်းတွင် အမှုအား စွဲချက်တင်သင့်/မတင်သင့် နှစ်ဖက်လျှောက်လဲချက်ပေးကြမည်ဖြစ်ကြောင်း သိရသည်။