ဆောင်းပါး

AA သြဇာကြီးလာခြင်းက စစ်ကောင်စီအတွက် ခေါင်းခဲစရာ

စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံ တိုင်းရင်းသားဒေသများတွင် ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားနေပြီး ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) နှင့် စစ်ကောင်စီတပ်များအကြား နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း နိုင်ငံအနောက်ပိုင်းမှ ရခိုင်ပြည်နယ်သည် အများအားဖြင့် ငြိမ်းချမ်းနေသည်။

ပြည်နယ်အတွင်းတွင် အဓိက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သော ရက္ခိုင့်တပ်တော် (AA) သို့မဟုတ် ပိုမိုတိကျစွာပြောရပါက ၎င်း၏ နိုင်ငံရေးပါတီဖြစ်သော ရက္ခိုင့်အမျိုးသား အဖွဲချုပ် (ULA) သည် ငြိမ်းချမ်းရေးကို အသုံးပြုကာ ၎င်းတို့ ပြည်နယ်အတွင်း သီးခြားအုပ်ချုပ်ရေး ထူထောင်ပြီး ၎င်းတို့၏ တရားစီရင်ရေးဌာန၊ အခွန်ဌာန၊ ပြည်သူ့လုံခြုံရေးဌာနနှင့် အခြားအစိုးရဌာနများကို ထူထောင်နေသည်။

တဘက်တွင်လည်း စစ်အုပ်စုသည် နိုင်ငံအနှံ့အပြားတွင် စစ်မျက်နှာများဖွင့်ပြီး တိုက်နေသောကြောင့် ရခိုင်ပြည်နယ်ကို ပြန်လည်ထိန်းချုပ်နိုင်သည့် စစ်အင်အားကို မတတ်နိုင်တော့ပေ။ သို့သော် ထိုအပစ်အခတ် ရပ်စဲမှုသည် ထိခိုက်လွယ်ပြီး မည်သူက မည်သူ့ကို မည်သည့်အချိန်တွင် စတင်တိုက်ခိုက်မည်ကို မေးခွန်းထုတ်စရာ ဖြစ်နေသည်။

စစ်ကောင်စီ ဗိုလ်ချုပ်များက ရခိုင်ပြည်နယ်တွင် စစ်မျက်နှာသစ်ဖွင့်ရန် ဆုံးဖြတ်ပါက ၎င်းတို့သည် ကြောက်မက်ဖွယ် ကောင်းသောရန်သူနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

စစ်ကောင်စီ ဗိုလ်ချုပ်များက ရခိုင်ပြည်နယ်တွင် စစ်မျက်နှာသစ်ဖွင့်ရန် ဆုံးဖြတ်ပါက ၎င်းတို့သည် ကြောက်မက်ဖွယ် ကောင်းသောရန်သူနှင့် ရင်ဆိုင်ရမည်ဖြစ်သည်

၂၀၀၉ ခုနှစ်တွင် အောက်ခြေက စရသော အခြေအနေမှ စတင်ခဲ့ပြီးနောက် AA သည် သြဇာအကြီးမားဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနက် တဖွဲ့ဖြစ်လာသည်။ ထိုအဖွဲ့ကို စတင်ဖွဲ့စည်းချိန် အသက် ၃၁ နှစ်သာရှိသေးသော ထွန်းမြတ်နိုင် ဦးဆောင်သည့် လူငယ်အမျိုးသားရေးဝါဒီများက ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ကချင်ပြည်နယ်၊ ဖားကန့်မြိုနယ်ရှိ ကျောက်စိမ်းမှော်များတွင် အလုပ်လုပ်နေသော ရခိုင်တိုင်းရင်းသားများကို လူသစ်စုဆောင်းသည်။

ကနဦးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က လေ့ကျင့်ပေးပြီး မြန်မာစစ်တပ်က တရုတ်နယ်စပ်တွင် တိုင်းရင်းသား လက်နက်ကိုင်များကို အကြီးအကျယ် ထိုးစစ်ဆင်သည့် ၂၀၀၉ ခုနှစ်တွင် AA သည် ပထမဆုံးအကြိမ် တိုက်ပွဲများကို ပါဝင်တိုက်ခိုက်သည်။

ထို့နောက် ၂၀၁၅ ခုနှစ်တွင် AA တပ်ဖွဲ့ဝင်များသည် ပလောင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သော တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်နှင့် ရှမ်းပြည်နယ် ကိုးကန့်ဒေသမှ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် တို့နှင့်အတူ တိုက်ပွဲဝင်လာသည်။

၂၀၁၉ ခုနှစ်က AA စစ်ဦးစီးချုပ် ထွန်းမြတ်နိုင် / ဧရာဝတီ

ထိုအချိန်မှစတင်ပြီး AA သည် အလျင်အမြန် ကြီးထွားလာကာ ၎င်းတို့၏ စစ်ဆင်ရေးအများစုကို မိခင်ပြည်နယ်ဖြစ်သော ရခိုင်ပြည်နယ်သို့ ရွှေ့ပြောင်းလာသည်။ ငယ်ရွယ်သော အမျိုးသားရေးဝါဒီ အမျိုးသားများသာမက အမျိုးသမီးများကပါ AA သို့ အုပ်စုလိုက် ဝင်ရောက်ပြီး မြန်မာ စစ်တပ်နှင့် ပြင်းထန်သောတိုက်ပွဲများကို တိုက်ခိုက်ကြသည်။

ယခုအခါ အသက် ၄၃ နှစ်ရှိပြီး စစ်ဦးစီး ဗိုလ်ချုပ်တဦးဖြစ်လာသော ထွန်းမြတ်နိုင်ကို ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် မွေးဖွားပြီး တက္ကသိုလ်တွင် ဥပဒေပညာ လေ့လာခဲ့သော်လည်း ဘွဲ့မရဘဲကျောင်းမှ ထွက်သည်။ မကြာသေးမီက စာရေးသူနှင့် တွေ့ဆုံမေးမြန်းမှုတခုတွင် သူက ရခိုင်တိုင်းရင်းသား အများအပြား ခံစားရသည့် ရခိုင်ပြည်နယ်အတွက် ဂုဏ်ယူမှုနှင့် ရှည်လျားပြီး မကြာခဏ အပြောင်းအလဲမြန်သော သမိုင်းကို အလေးထား ပြောသည်။

ယခင်က အာရကန်ဟု သိကြသော ရခိုင်ပြည်နယ်သည် ၁၇၈၄ ခုနှစ်တွင် ဗမာများက ကျူးကျော်သိမ်းပိုက်ပြီး ကုန်းဘောင်မင်းဆက် ဘုရင် ဘိုးတော်ဘုရား၏ အုပ်ချုပ်မှုအတွင်းသို့ နယ်ချဲ့သိမ်းပိုက်သည့် အချိန်အထိ လွတ်လပ်သော ဗုဒ္ဓဘာသာ ဘုရင့်နိုင်ငံတော် ဖြစ်ခဲ့သည်။ ထိုသိမ်းပိုက်မှုကို ခုခံမှုများသည် ပထမ အင်္ဂလိပ်- မြန်မာစစ်ပွဲ (၁၈၂၄ – ၂၆) အထိ ရှည်ကြာသည်။ ထိုစစ်ပွဲပြီးသောအခါ ရခိုင်ဒေသသည် အရှေ့တောင်ပိုင်းရှိ တနင်္သာရီဒေသနှင့်အတူ အင်္ဂလိပ်ကိုလိုနီ ဖြစ်သွားခဲ့သည်။

ဒုတိယကမ္ဘာစစ်အထိ ငြိမ်းချမ်းနေပြီး ထိုစဉ်က မြန်မာကို ဂျပန်တို့သိမ်းပိုက်သောအခါ ရခိုင်များအတွင်း ကြီးမားသော သွေးကွဲမှုကို ဖြစ်စေသည်

ဒုတိယကမ္ဘာစစ်အထိ ငြိမ်းချမ်းနေပြီး ထိုစဉ်က မြန်မာကို ဂျပန်တို့သိမ်းပိုက်သောအခါ ရခိုင်များအတွင်း ကြီးမားသော သွေးကွဲမှုကို ဖြစ်စေသည်။ ဗုဒ္ဓဘာသာ ရခိုင်အများစုက ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ထောက်ခံသောကြောင့် ဂျပန်ကိုထောက်ခံပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းမှ များပြားလှသော မွတ်ဆလင်များက နယ်ချဲ့အင်အားကြီးနိုင်ငံ ဗြိတိန်ကို ဆက်လက် သစ္စာခံကြသည်။ ပြင်းထန်သော ရက်စက်မှုများကို နှစ်ဘက်လုံးက ကျူးလွန်ကြပြီး ထိုဒဏ်ရာဒဏ်ချက်များသည် ယနေ့တိုင် အပြည့်အ၀ ပျောက်ကင်းခြင်း မရှိတော့ပေ။

၁၉၄၈ ခုနှစ်တွင် ဗြိတိသျှတို့ ထွက်ခွာသွားသောအခါ ရခိုင်ပြည်နယ်တွင် ပြည်တွင်းစစ်သဖွယ် ဖြစ်နေသည်။ ထိုစဉ်က ရိုဟင်ဂျာဟု မခေါ်သေးသော မွတ်ဆလင် မူဂျာဟစ် ပြောက်ကျားများသည် အရှေ့ပါကစ္စတန်နှင့် နယ်စပ်တလျှောက်တွင် စခန်းများ ထူထောင်ကြပြီး ကနဦးတွင် လွတ်လပ်သော ပါကစ္စတန်နှင့် ပူးပေါင်းလိုသည်။

ဘုံပေါက်သာကျော် ဦးဆောင်သည့် ကွန်မြူနစ်ပါတီ (အလံနီ) နှင့် ရခိုင်ဘုရင်ဟု လူသိများသည် ဘုန်းကြီးလူထွက် ဦးစိန္ဒာတို့ကလည်း အစိုးရတပ်များကို တိုက်ခိုက်ကြသည်။

ပင်မ ဗမာပြည်ကွန်မြူနစ်ပါတီ ကလည်း ရခိုင်ပြည်နယ်တွင် အမာခံဒေသများ ထူထောင်သကဲ့သို့ ကွန်မြူနစ်ပါတီ (အလံနီ) မှ ခွဲထွက်လာသူများကလည်း ရခိုင်ကွန်မြူနစ်ပါတီ (CPA) ကို ထူထောင်ပြီး ၎င်းတို့၏ သမ္မတနိုင်ငံကို ထူထောင်လိုကြသည်။

နှစ်အတန်ကြာလာသောအခါ ထိုပုန်ကန်မှုများသည် အင်အားနည်းလာသည်။ ၁၉၆၁ ခုနှစ်တွင် ဦးနုအစိုးရက မောင်တော၊ ဘူးသီးတောင်နှင့် မွတ်ဆလင်အများစု နေထိုင်သော ရခိုင်ပြည်နယ်အနောက်ပိုင်း မြို့နယ်များ ပါဝင်သည့် မေယုနယ်ခြားဒေသ အုပ်ချုပ်ရေးဟုခေါ်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ထူထောင်ပေးသောအခါ နောက်ဆုံးလက်ကျန် မူဂျာဟစ် ၅၀၀ လက်နက်ချသည်။

၁၉၆၂ ခုနှစ်တွင် ဗိုလ်နေဝင်း အာဏာသိမ်းသောအခါ ထိုအားထုတ်မှုများ နိဂုံးချုပ်သွားပြီး အချို့ မွတ်ဆလင်များက အုပ်စုသစ်များဖွဲ့လာကာ ထင်ရှားသောအဖွဲ့မှာ ရိုဟင်ဂျာ လွတ်လပ်ရေးတပ်ဖွဲ့ ဖြစ်သည်။

ထိုအဖွဲ့သည် ၁၉၇၅ ခုနှစ်တွင် ရိုဟင်ဂျာမျိုးချစ်တပ်ဦး ဖြစ်လာသည်။ သို့သော် ထိုအုပ်စုများသည် အင်အားနည်းပြီး ၎င်းတို့၏ လှုပ်ရှားမှုများမှာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းရှိ ၎င်းတို့ရုံးများမှတဆင့် ဝါဒဖြန့် စာရွက်စာတမ်းများ၊ စာစောင်များ ထုတ်ဝေခြင်းမျှသာ ဖြစ်သည်။

ဘုံပေါက်သာကျော်သည် ၁၉၅၅ ခုတွင်လည်းကောင်း၊ ဦးစိန္ဒာသည် ၁၉၅၈ ခုနှစ်တွင်လည်းကောင်း လက်နက်ချသည်။ ပင်မ အလံနီကွန်မြူနစ်ပါတီ ခေါင်းဆောင် သခင်စိုးကို ရခိုင်ရိုးမအနီး သူ၏ သံချောင်းစခန်းအနီးတွင် ၁၉၇၀ ခုနှစ်တွင် ဖမ်းမိသည်။

ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဒေသဆိုင်ရာခေါင်းဆောင် ဗိုလ်ကျော်မြသည် ၁၉၇၉ ခုနှစ်တွင် ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ခွာသွားသည်။ ဘင်္ဂလားဒေ့ရှ်သို့ ရောက်သောအခါ တရုတ်သံရုံးက သူ့ကို ကူညီပြီး တရုတ်ပြည်သို့ ပို့ဆောင်ပေးက ထိုမှတဆင့် ပါတီဌာနချုပ်ရှိသော ရှမ်းပြည်နယ် ‘၀’ တောင်တန်းဒေသမှ ပန်ဆန်းသို့ ပို့ဆောင်ပေးသည်။

ဗမာပြည်ကွန်မြူနစ်ပါတီ ဒေသဆိုင်ရာ ခေါင်းဆောင်အဖြစ် သူ့ကိုဆက်ခံသူ ဗိုလ်ရဲထွန်းသည် ၁၉၈၀ ပြည့်နှစ်က အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးသောအခါ လက်နက်ချပြီး CPA ခေါင်းဆောင် ကျော်ဇံရွှီးလည်း အလားတူ လက်နက်ချသည်။

၂၀၁၉ ခုနှစ်က AA တပ်ဖွဲ့ဝင်များ / ဧရာဝတီ

ထိုင်းနယ်စပ်တွင် သေးငယ်သော အုပ်စုတခုဖြစ်သည့် ရခိုင်လွတ်မြောက်ရေး အဖွဲ့ချုပ်နှင့် တပ်မတော်ကို ၁၉၇၂ ခုနှစ်တွင် ဖွဲ့စည်းသော်လည်း ထိုအဖွဲ့တွင် စစ်သား အနည်းငယ်သာရှိပြီး မဲဆောက်မြောက်ဘက်မှ ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ အမာခံဒေသဖြစ်သော ကော့မူးရာတွင် အခြေစိုက်သည်။

၁၉၇၄ ခုနှစ်တွင် အာရကန်မှ ရခိုင်ပြည်နယ်အဖြစ် အမည်ပြောင်းလိုက်သော ထိုဒေသတွင် ငြိမ်းချမ်းရေး လွှမ်းမိုးနေပုံရသော်လည်း ထို့နောက် ၁၉၈၈ ခုနှစ်တွင် နိုင်ငံတဝှမ်း ကျယ်ပြန့်သည့် ဒီမိုကရေစီ အရေးတော်ပုံ ပေါ်ပေါက်လာသည်။

ကျော်ဇံရွှီးနှင့် ဘုံပေါက်သာကျော် အပါအဝင် တိုက်ပွဲဝင် ရဲဘော်ဟောင်းများ ပြန်လည်ပေါ်ထွက်လာကြပြီး ဒီမိုကရေစီလှုပ်ရှားမှုတွင် ပါဝင်ကာ မြေပေါ် တရားဝင် ပါတီဖြစ်သည့် ရခိုင်ပြည်သူ့ညီညွတ်ရေး အဖွဲ့ချုပ်ကို ထူထောင်ကြသည်။

အခြား ပိုမိုအင်အားကြီးမားသည့် နိုင်ငံရေးပါတီတခုဖြစ်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) လည်း ပေါ်ပေါက်လာပြီး ထိုပါတီကို ဒေါက်တာ ဦးစောမြအောင်နှင့် သမိုင်းပညာရှင် ဦးဦးသာထွန်းတို့က ဦးဆောင်သည်။

၁၉၉၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ALD ပါဝင်ခဲ့သော်လည်း ၎င်းတို့၏ ရွေးကောက်ခံ ကိုယ်စားလှယ်များသည် အခြားရွေးကောက်ခံ နိုင်ငံရေးသမားများကဲ့သို့ပင် ရန်ကုန်တွင် လွှတ်တော် တက်ခွင့်မရပေ။

ထိုရွေးကောက်ခံ ကိုယ်စားလှယ်များအတွက် လွှတ်တော်ကို မည်သည့်အခါကမျှ ခေါ်ယူခြင်းမရှိခဲ့ဘဲ ထိုအစား ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရန်အတွက် စစ်တပ်ခန့်အပ်သူများ၏ အမျိုးသားညီလာခံကို ခေါ်ယူသည်။ ဦးဦးသာထွန်းသည် ၁၉၉၁ ခုနှစ်တွင် အကျဉ်းထောင်အတွင်း သေဆုံးပြီး ALD ကို ၁၉၉၂ ခုနှစ်တွင် ပိတ်ပင်လိုက်သည်။

ထိုသို့သော နောက်ခံအခြေအနေများနှင့် ရခိုင်ပြည်နယ်၏ ရှည်လျားသော ခုခံမှု သမိုင်းကြောင့် အသစ်ပေါ်ပေါက်လာသော AA နှင့် ULA အလျင်အမြန် ကြီးထွားလာပြီး လက်ရှိအခြေအနေသို့ ရောက်လာသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

“အာရကန် – မြန်မာနိုင်ငံအနောက်ဘက်နယ်စပ်မှ ပဋိပက္ခဒေသ” ဆိုသည့် စာအုပ်တွင် ဖော်ပြခဲ့သည့်အတိုင်းဆိုပါက “များပြားလှသော ရခိုင်အုပ်စုများအနက် ULA ကိုသာ အဖွဲ့အစည်းသစ် အဖြစ်သတ်မှတ်နိုင်သည်

နယ်သာလန်နိုင်ငံ Transnational Institute က ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ထုတ်ဝေခဲ့သော မြန်မာ့ရေးရာကျွမ်းကျင်သူ မာတင်စမစ် ရေးသားသည့် “အာရကန် သို့မဟုတ် မြန်မာနိုင်ငံအနောက်ဘက်နယ်စပ်မှ ပဋိပက္ခဒေသ” ဆိုသည့် စာအုပ်တွင် ဖော်ပြခဲ့သည့်အတိုင်းဆိုပါက “များပြားလှသော ရခိုင်အုပ်စုများအနက် ULA ကို အဖွဲ့အစည်းသစ်အဖြစ် သတ်မှတ်နိုင်သည်။ သို့သော် ၎င်းကို ထောက်ခံသူများ ထောက်ပြသကဲ့သို့ ULA တွင် အခြားအဖွဲ့အစည်းများမှ အဖွဲ့ဝင်များ ပါဝင်ပြီး ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရချိန် ရခိုင်လက်နက်ကိုင် လှုပ်ရှားမှုအထိ ရှည်လျားသော သမိုင်းရှိသည်။ ထို့ကြောင့်ပင် ULA သည် ဆယ်စုနှစ်များစွာအတွင်း ရခိုင်အမျိုးသားရေး လှုပ်ရှားမှုတွင် သြဇာအကြီးမားဆုံး အင်အားစု ဖြစ်လာသည်” ဟု ဆိုရမည်ဖြစ်သည်။

သို့သော် ၎င်း၏ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သော AA သည်လည်း ကြောက်မက်ဖွယ်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။ အမြင်သာဆုံး စိန်ခေါ်မှုမှာ သယ်ယူပို့ဆောင်ရေးဖြစ်ပြီး အဓိက လက်နက်ပံ့ပိုးနေသည့် ကချင်နှင့် ရှမ်းပြည်နယ်ရှိ တိုင်းရင်းသား လက်နက်ကိုင်များ ထိန်းချုပ်ဒေသများမှ လက်နက်ခဲယမ်းများကို ရခိုင်ပြည်နယ်သို့ မည်သို့ သယ်ဆောင်မည်နည်း ဆိုသည့် စိန်ခေါ်မှုဖြစ်သည်။

အပစ်အခတ်မရပ်စဲမီက တိုက်ပွဲများအတွင်း AA သည် ၎င်းတို့၏ ထူးခြားလှသော ပစ်ခတ်ခုခံနိုင်စွမ်းကို ပြသခဲ့ပြီး စစ်တပ်တွင် အကြီးအကျယ် ထိခိုက်သေဆုံးမှုများ ဖြစ်စေသည်။ သို့သော် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားပါက AA တပ်များကို မည်သို့ လက်နက်ခဲယမ်း ပြန်လည်ဖြည့်ဆည်းမည်နည်း။

အခြားပြဿနာတခုမှာ ပြည်နယ်အတွင်းရှိ မွတ်ဆလင်များနှင့် မည်သို့ ဆက်ဆံမည်နည်း ဆိုသည့် ပြဿနာဖြစ်သည်။ မကြာသေးမီနှစ်များအတွင်းက အလွန်စစ်သွေးကြွသော အုပ်စုတခုဖြစ်သည့် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ်ဖွဲ့ (ARSA) ပေါ်ပေါက်လာခဲ့သည်။ ထိုအဖွဲ့သည် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များတွင် စစ်တပ်နှင့် ရဲစခန်းအများအပြားကို တိုက်ခိုက်သည်။ ထို့ကြောင့် ကြီးမားသော တန်ပြန်ထိုးစစ်နှင့် ရင်ဆိုင်ရပြီး သိန်းနှင့်ချီသော ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရသည်။

ARSA ကို ဌာနေအုပ်စုအဖြစ် မသတ်မှတ်သင့်ပေ။ ထိုအဖွဲ့ကို ရိုဟင်ဂျာ ဒုတိယ မျိုးဆက်ဖြစ်သော အတာအူလာ အဘူအမ်မာ ဂျန်နန်နီက ဖွဲ့စည်းသည်။ သူ့ကို ပါကစ္စတန်နိုင်ငံ၊ ကရာချိတွင် မွေးဖွားပြီး ဆော်ဒီအာရေးဗီးယားတွင် လူလားမြောက်ကာ အစ္စလာမ်အခြေခံဝါဒီများက မြေတောင်မြှောက်ပေးသည်။

အတာအူလာသည် သူ၏ဒေါသကို သူ့လူမျိုးဟု ယူဆရမည့်သူများ အပေါ်တွင်ပင် ပေါက်ကွဲတတ်ပြီး ထိုသူများအနက်တဦးမှာ အလယ်အလတ် ရိုဟင်ဂျာနှင့် လူ့အခွင့်အရေး လှုပ်ရှားသူ မိုဟစ်အူလာဖြစ်ပြီး သူ့ကို ARSA က ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည် စခန်းတခုတွင် သတ်ဖြတ်ခဲ့သည်။

မကြာသေးမီက ဗီဒီယိုတခုတွင် သိသိသာသာ ဒေါသထွက်ပြီး စိတ်လှုပ်ရှားနေသည့် အတာအူလာက ရခိုင် ဗုဒ္ဓဘာသာဝင်များ နေအိမ်များကို မီးရှို့ရန်နှင့် ၎င်းတို့ကို အပြင်းအထန်တိုက်ခိုက်ရန် သူ၏ နောက်လိုက်များကို ပြောနေသည်။

AA အနေဖြင့် ARSA နှင့်ကင်းကင်းနေရန် လွယ်ကူပုံရသော်လည်း ရိုဟင်ဂျာ ပြဿနာသည် အငြင်းပွားမှုများကို ဖြစ်စေတော့မည်ဖြစ်သည်။ မွတ်ဆလင်တို့သည် ထိုဒေသတွင် နေထိုင်နေသည်မှာ ရာစုနှစ်များစွာကြာပြီဖြစ်ပြီး ကိုလိုနီခေတ်တွင် နောက်ထပ်အများအပြား လာရောက်အခြေချသည် ဆိုသည့်အချက်ကို AA နှင် အခြား ရခိုင်အမျိုးသားရေးဝါဒီများက လက်ခံကြသော်လည်း ရခိုင်အများစုက ရိုဟင်ဂျာဆိုသော စကားလုံးသည် စော်ကားသည့် စကားလုံးဖြစ်သည်ဟု မြင်ပြီး ထိုအသုံးအနှုန်းကို သုံးစွဲခြင်း မပြုကြပေ။

၎င်းတို့၏ ပြောဆိုဆွေးနွေးချက်အရ အဆိုပါ ရိုဟင်ဂျာ ဆိုသည့် စကားသည် ဘာသာရေး အသိုက်အဝန်း မဟုတ်ဘဲ သီးခြားလူမျိုးစုဖြစ်နေပြီး အချို့ ရိုဟင်ဂျာများ ပြောသကဲ့သို့ဆိုပါက ၎င်းတို့သည် ထိုဒေသတွင် စတင် အခြေချနေထိုင်သူများဆိုသည့် သဘောသက်ရောက်နေသည်။

ပိုမိုဆိုးရွားသည်မှာ ရိုဟင်ဂျာ နိုင်ငံရေးလှုပ်ရှားမှုတိုင်း၏ အမှတ်တံဆိပ်တိုင်းတွင် ရခိုင်ပြည်နယ်တခုလုံး၏ မြေပုံကို ဖော်ပြနေခြင်းဖြစ်သည်။ ရိုဟင်ဂျာဆိုသော စကားလုံးကို ၁၉၅၀ ပြည့်နှစ်များ မတိုင်မီက မည်သူမျှ သုံးစွဲခြင်း မရှိကြောင်းလည်း ရခိုင်အမျိုးသားရေးဝါဒီများက ပြောသည်။

သမိုင်းတွင်အခြေခံသော သီးခြား ရိုဟင်ဂျာလူမျိုးစု ရှိသည်ဆိုသည့် အချက်ကို ပြောဆိုသူတိုင်းက ထုံးစံအားဖြင့် စကော့လူမျိုး သမားတော်နှင့် ပထဝီပညာရှင် ဖရန်စစ် ဘူခါနန် ဟာလ်မီတန်ကို ကိုးကားပြောဆိုကြသည်။ သူသည် ရခိုင်ပြည်နယ်သို့ မရောက်ဘူးသော်လည်း ထိုစဉ်က မြို့တော် အမရပူရတွင် မွတ်ဆလင်အချို့နှင့် တွေ့ဆုံခဲ့သည်။

ထိုသူများက ၎င်းတို့ကိုယ် ၎င်းတို့ ရိုအင်ဂါ (Rooinga) များ သို့မဟုတ် ရခိုင်ဇာတိဖွားများဖြစ်ကြောင်း ပြောသည်ဟု ပြောပြီး အနည်းငယ်သာ ဖော်ပြခဲ့သည်။ သို့သော် မာတင်စမစ် ထောက်ပြသကဲ့သို့ “ မြန်မာနိုင်ငံကို ၁၈၂၆ ခုနှစ်တွင် နယ်ချဲ့ပြီးနောက် ဗြိတိသျှတို့သည် ထိုအမည်ကို ထပ်မံပြောဆိုခဲ့ပုံ မရပေ။ ထိုအစား ရခိုင်ပြည်နယ်မှ မွတ်ဆလင်များ၊ အာရကန် မဟာမေဒင်များ၊ ဘင်္ဂါလီမွတ်ဆလင်များ၊ စစ်တကောင်းသားများ၊ ကမန်နှင့် ဇာဘာဒီများ စသည့် စကားလုံးများဖြင့် ရည်ညွှန်းပြောကြားကြပြီး လွန်ခဲ့သော ရာစုနှစ်ခုအလွန်က အာရှသို့ သွားရောက်သည့် ခရီးသည်တဦး၏ ရေးသားချက်ကို အခြေခံပြီး နိုင်ငံသားဖြစ်မှု သို့မဟုတ် လူမျိုးအမှတ်သင်္ကေတကို ဆွေးနွေးနေသည့် ခေတ်သစ် ဥရောပတွင် ဖြစ်နေသော အခြေအနေကို စိတ်ကူးယဉ် ပုံဖော်ကြည့်ရန်ပင် ခက်ခဲလှသည်။”

မည်သို့ဆိုစေကာမူ ရိုဟင်ဂျာဟူသော အမည်၏ မူလအစ၊ ထိုသူများသည် မည်သူများဖြစ်သည် ဆိုသည့်အချက်၊ အငြင်းပွားမှုထက် ပိုမိုငြင်းခုန်ရသော အငြင်းပွားမှု မြန်မာနိုင်ငံတွင် မရှိသလောက်ပင် ဖြစ်သည်။ နိုင်ငံတကာတွင် ရိုဟင်ဂျာဆိုသော အမည်နှင့် ၎င်းတို့၏ အမှတ်သင်္ကေတကို အကြွင်းမဲ့ လက်ခံပြီးဖြစ်သည်။ သို့သော် ထိုကိစ္စသည် မြန်မာနိုင်ငံတွင်မူ လုံး၀ ဆန့်ကျင်ဘက်ဖြစ်နေပြီး ရခိုင်များကသာ ထိုသို့ယူဆကြသည် မဟုတ်ပေ။ ထိုပြဿနာတွင် ဗမာများကလည်း ရခိုင်အမျိုးသားရေးဝါဒီများဘက်က ရပ်တည်ကြသည်။

ယခုနှစ်နှင့် လာမည့်နှစ်အတွင်း ရခိုင်ပြည်နယ်မှ ရခိုင်အမျိုးသားရေး လှုပ်ရှားမှု၏ အနာဂတ်ကို ဖော်ထုတ်ပြသနိုင်သည်။ နိုင်ငံ၏ ကျန်အစိတ်အပိုင်းများတွင် ဖြစ်ပျက်နေသည်များအပေါ် များစွာ မူတည်နေသည်။

စစ်ကောင်စီသည် နိုင်ငံအပေါ် ၎င်းတို့ ထိန်းချုပ်မှုကို ခိုင်မာအောင် မလုပ်ဆောင်နိုင်ဘဲ ၎င်းတို့၏ အာဏာသိမ်းရန် အားထုတ်မှုသည် ခေတ်သစ် အာရှသမိုင်းတွင် မအောင်မြင်ဆုံး အာဏာလုယူရန် ကြိုးစားမှုအဖြစ် သမိုင်းမှတ်တမ်း တင်ခံရနိုင်သည်

တဘက်တွင်လည်း စစ်ကောင်စီသည် နိုင်ငံအပေါ် ၎င်းတို့ ထိန်းချုပ်မှုကို ခိုင်မာအောင် မလုပ်ဆောင်နိုင်ဘဲ ၎င်းတို့၏ အာဏာသိမ်းရန် အားထုတ်မှုသည် ခေတ်သစ် အာရှသမိုင်းတွင် မအောင်မြင်ဆုံး အာဏာလုယူရန် ကြိုးစားမှုအဖြစ် သမိုင်းမှတ်တမ်း တင်ခံရနိုင်သည်။ ထိုအခြေအနေသည် ULA ၊ ၎င်း၏ စင်ပြိုင်အုပ်ချုပ်ရေးနှင့် မြန်မာတဝှမ်းမှ ခုခံရေး လှုပ်ရှားမှုများအတွက် အကျိုးကျေးဇူးဖြစ်စေသည်။

သို့သော် တဘက်တွင်လည်း အနာဂတ် ဖြစ်ပေါ်တိုးတက်မှုများသည် နိုင်ငံအတွင်း များပြားလှသော ခုခံရေးအင်အားစုများအကြား ၎င်းတို့၏ လှုပ်ရှားမှုကို ညှိနှိုင်းနိုင်သည့် အတိုင်းအတာပေါ်တွင် မူတည်နေသည်။ မဟာမိတ်အချို့ ဖွဲ့ထားသည်ကို တွေ့ရသော်လည်း ထိုသို့သော ညှိနှိုင်းဆောင်ရွက်မှုများ ဖြစ်လာသည့် အထောက်အထား မတွေ့ရသေးပေ။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ဘာတေးလ် လစ်တနာ၏ Rise of Rakhine Rebels Poses Challenge for Myanmar Junta ကို ဘာသာပြန်ဆိုသည်။ ဘာတေးလ် လစ်တနာသည် အာရှအကြောင်း ဆယ်စုနှစ် ၄ ခုကြာ ရေးသားခဲ့သည့် ဆွီဒင် သတင်းစာဆရာ၊ စာရေးဆရာနှင့် သေနင်္ဂဗျူဟာ အတိုင်ပင်ခံဖြစ်သည်။)

You may also like these stories:

ရခိုင်-မွတ်ဆလင်အရေး AA ကိုင်တွယ်နိုင်မလား

ရခိုင် ALP ပါတီ အကွဲအပြဲ ညှိနှိုင်း အဖြေရှာဖို့ အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို

သူရဲဘောကြောင်သော စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ

ဗိုလ်ကတော်တွေလည်း စစ်ကောင်စီ စစ်သင်တန်းတက်ခိုင်း

Loading