သတင်း

ဗိုလ်ကတော်တွေလည်း စစ်ကောင်စီ စစ်သင်တန်းတက်ခိုင်း

စစ်ကောင်စီက အလယ်အလတ် စစ်အရာရှိဇနီးများ စစ်သင်တန်းတက်ရန် လိုအပ်ကြောင်း ပထဆုံးအကြိမ် ကြေညာလိုက်ကြောင်း အချို့အရာရှိများနှင့် ဇနီးများ၏ ပြောပြချက်အရ သိရသည်။

ဗိုလ်ကြီးနှင့် ဗိုလ်မှူးများ၏ ဇနီးများအတွက် စစ်သင်တန်းကို မန္တလေးတိုင်း၊ ပြင်ဦးလွင်၊ ရှမ်းပြည်နယ်၊ တောင်ကြီးနှင့် အောင်ပန်းရှိ တပ်ရင်းများတွင် ရှေ့တပတ် တနင်္လာနေ့က စတင်ခဲ့သည်။ ၂ ပတ်ကြာ ထိုသင်တန်းများတွင် လက်နက်ငယ်နှင့် လက်နက်ကြီးအချို့ အသုံးပြုပုံနှင့် အခြေခံစစ်နည်း ပရိယာယ်များ ပါဝင်ကြောင်း သင်တန်းတက်ခဲ့သူများ၏ အဆိုအရသိရသည်။

ယမန်နှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်းတွင် အရာရှိအချို့အပါဝင် စစ်သားများသည် တပ်များမှ ထွက်ပြေးသောကြောင့် စစ်ကောင်စီတပ်များ အင်အားမလုံလောက်တော့သဖြင့် ယခုကဲ့သို့ လုပ်ဆောင်လာခြင်း ဖြစ်သည်။

အခြားဆင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ဇနီးများ လက်နက်ငယ်သင်တန်း တက်ရန် သတ်မှတ်ထားပြီး ဖြစ်သော်လည်း အလယ်အလတ်အရာရှိ ဇနီးများကို ယခင်က ထိုသို့လုပ်ရန် မလိုပေ။

စစ်အရာရှိများလေ့ကျင်ပေးသည့် စစ်တက္ကသိုလ်တည်ရှိရာ ပြင်ဦးလွင်မှ ဗိုလ်ကြီး ဇနီးတဦးက ထိုသင်တန်းများနှင့် ပတ်သက်၍ အတည်ပြုပြောကြားသည်။

“ပထမဆုံးအကြိမ် အရာရှိကတော်အဖြစ်နဲ့ ကျမတို့ စစ်သင်တန်း တက်နေကြတယ်။ ဒီသင်တန်းမှာ ဗိုလ်ကြီးကတော်၊ ဗိုလ်မှူးကတော်တွေ ပါတယ်” ဟု ထိုအမည်မဖော်လိုသူ ဗိုလ်ကတော်က ပြောသည်။

ရှမ်းပြည်နယ်၊ တောင်ကြီးတွင် အခြေစိုက်သော စစ်အရာရှိတဦးကလည်း “ဒု ဗိုလ်မှူးကြီးတွေက တပ်ရင်းမှူးတွေဆိုတော့ သူတို့ကတော်တွေတော့ မပါဘူး” ဟု ပြောသည်။

တနိုင်ငံလုံးရှိ အခြားတပ်ရင်းများတွင်လည်း စတင်တော့မည်ဟု မျှော်လင့်ရသည့် ထိုသင်တန်း၏ အကြောင်းရင်းကို ရှင်းလင်းစွာ မသိရပေ။ “သူတို့ကတော့ လိုအပ်လို့ လို့ပဲပြောတယ်” ဟု ရင်းမြစ် တခုက ဆိုသည်။

စစ်မြေပြင် အတွေ့အကြုံရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက သာမက စစ်အုပ်ချုပ်ရေးကို အမြစ်ဖြတ်ရန် လူငယ်အရပ်သား PDF များနှင့် အာဏာသိမ်းပြီးနောက် တပ်မှထွက်ပြေးလာသည့် အရာရှိများ အပါအဝင် စစ်သာများသည် အသစ်ပေါ်ပေါက်လာသည့် ကျယ်ပြန့်သော လက်နက်ကိုင်လှုပ်ရှားမှုနှင့် ခုခံတိုက်ခိုက်မှုများကို ပိုမိုရင်ဆိုင်လာရသောကြောင့် စစ်ကောင်စီတပ်များ အကြီးအကျယ် ထိခိုက်သေဆုံးနေသည်။

တပ်ပြေးအင်အားများကို ပြန်လည် ဖြည့်ဆည်းရန်အတွက် စစ်ကောင်စီသည် ပျူစောထီးဟုခေါ်သည့် စစ်အုပ်စုလိုလားသူများ၊ စစ်တပ် ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် အချို့နှင့် စစ်သားဟောင်းများကို အင်အားစုဆောင်းနေသည်။

You may also like these stories:

ကျွန်ဝယ်ရာအဆစ်ပါရတဲ့ စစ်သားမယားများ

“တပ်မတော်ဆိုတဲ့ နာမည်က ဂုဏ်သိက္ခာပြုတ်သွားပြီ”

နွေဦးတော်လှန်ရေးထဲက အမျိုးသမီး စစ်သည်တော်များ

အာဏာရှင်စနစ်အောက်က အမျိုးသမီးသတင်းထောက်များ ဘဝ

Loading