“မိုင်းတွေ ဆင်တဲ့အခါ၊ မိုင်းထုတ်တဲ့အခါမှာ အန္တရာယ်ကတော့ လက်တကမ်းမှာပါပဲ။ ဆင်ရင်လည်း တခုခုမှားယွင်းမှု ဖြစ် ပြီး ပေါက်ကွဲတာတွေလည်း ရှိတတ်တယ်။ ဒါဟာ ပထမဆုံး အတွေ့အကြုံဆိုတော့ စိတ်လှုပ်ရှားမှု ရှိပေမယ့် ကြောက်တော့ မကြောက်ပါဘူး” လို့ ရဲရဲဝင့်ဝင့် ပြောလာသူက မဒိုင်ယာနာ ပါ။
အရင်က စက်ချုပ်တဲ့ မဒိုင်ယာနာ တယောက် အခုဆိုရင် စစ်ကောင်စီတပ်ကို တိုက်ခိုက်ဖို့အတွက် လက်လုပ်မိုင်းတွေ စွန့်စွန့်စားစား ထုတ်လုပ်နေပါတယ်။
လက်နက်ခဲယမ်းအင်အား ပြည့်စုံတဲ့ စစ်ကောင်စီတပ်ကို အံတုရင်ဆိုင် တိုက်ခိုက်ဖို့အတွက် ကိုယ်တိုင် တီထွင်ထားတဲ့ လက်လုပ်မိုင်းတွေ၊ လက်နက်ခဲယမ်းတွေကို ဒေသခံ PDF တပ်ဖွဲ့ အသီးသီးက ထုတ်လုပ်နေကြပါတယ်။
အဲဒီလို ထုတ်လုပ်ရေး လုပ်ငန်းခွင်တွေထဲမှာမှ အသက် ၂၁ နှစ်အရွယ် မဒိုင်ယာနာက မြောင်အမျိုးသမီး ပြောက်ကျား တပ်ဖွဲ့ရဲ့ မိုင်းထုတ်လုပ်ရေး အပိုင်းကို တာဝန် ယူထားပါတယ်။
စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ဆန္ဒပြပွဲတွေမှာ အမျိုးသမီးတွေ ပါဝင်ခဲ့သလို အခုလို ရရာလက်နက်စွဲကိုင် တော် လှန်နေကြတဲ့အထဲမှာလည်း အမျိုးသမီးတွေ ကျရာ အခန်းကဏ္ဍ အသီးသီးကနေ ပါဝင်နေကြတာဖြစ်ပါတယ်။
ဒေသခံ ကာကွယ်ရေးတပ် (PDF) တွေထဲမှာ အမျိုးသမီး တော်လှန်ရေးသမားတွေ ရှိသလို စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် မှာတော့ “Myaung Women Warriors” ဆိုပြီး အမျိုးသမီး ပြောက်ကျားတပ် တဖွဲ့ရဲ့ လုပ်ဆောင်မှုတွေက သတိထားမိစရာ ဖြစ်လာခဲ့ပါတယ်။
မြောင်အမျိုးသီး ပြောက်ကျားတပ်ဖွဲ့က စစ်ကောင်စီ သတင်းပေး (ဒလန်) တွေကို သတိပေးတဲ့အပိုင်းမှာ တာဝန်ယူလုပ် ဆောင်ခဲ့သလို၊ တခြား ဒေသ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မဟာမိတ်အဖြစ် ပူးပေါင်းပြီး စစ်ကောင်စီ တပ်သားတွေကို တိုက်ခိုက်ရာမှာလည်း ပါဝင်ခဲ့ပါတယ်။

“အာဏာရှင်ကို မလိုလားတဲ့အတွက် တော်လှန်မယ်ဆိုပြီး ဒီအဖွဲ့ထဲကို ဝင်လာခဲ့တယ်။ မိဘတွေက စိတ်မချတဲ့ အပိုင်းတွေ ရှိသလို တော်လှန်ရေးကိုရော အောင်နိုင်တဲ့အထိ ပါဝင်နိုင်မလား၊ ပါဝင်နိုင်မယ်ဆိုမှ လုပ်ဆိုပြီး အိမ်က ခွင့်ပြုခဲ့တာ။ ဒါကြောင့် ကျမအနေနဲ့ မိဘရဲ့ ယုံကြည်မှုလည်း ရအောင် လက်တွေ့ကျကျ မစ်ရှင် တခုကို လုပ်ပြခဲ့ရတယ်” လို့ မဒိုင်ယာ နာက ဆိုပါတယ်။
စစ်ကောင်စီ ထောက်တိုင် ဖြစ်တဲ့ မိုင်လ်တဲ တာဝါတိုင်တခု ဖြိုခွဲတဲ့နေရာမှာ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီးမှ မိဘရဲ့ ယုံကြည်မှုကို ရခဲ့တာ ဖြစ်တယ်လို့ သူမက ပြောပါတယ်။
မဒိုင်ယာနာဟာ တောင်သူမိသားစုက ဆင်းသက်လာတာဖြစ်ပြီး မိသားစုထဲမှာ အငယ်ဆုံးဖြစ်သလို ကျန်းမာရေးကလည်း ချူချာတာကြောင့် အစပိုင်းမှာတော့ မိဘတွေအနေနဲ့ လက်နက်ကိုင် တော်လှန်ဖို့ ဆိုတာကို လက်မခံခဲ့ပါဘူး။
ကျန်မာရေး ချူချာပေမယ့်လည်း လေ့ကျင့်ရေး သင်တန်းတွေမှာ ကြံ့ကြံ့ခံ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
“ရောက်ခါစကျ ရေရှားတဲ့ဒေသဖြစ်တော့ ရေချိုးတာလဲ အဆင်မပြေ။ နေမကောင်းဖြစ်ရင်လည်း ပြုစုမယ့်သူမရှိ အမိုး မလုံ တဲ့ တဲလေးထဲမှာ ခေါင်းအုံးမပါဘဲ အိပ်ရတာတွေ၊ ပြီးတော့ ကျမက ကျန်းမာရေးချူချာတော့ ကြမ်းတမ်းတဲ့ ဒဏ်ခံနိုင်ပါ့ မလား တွေးမိတာတွေရှိတယ်။ ဒါတွေ အားလုံးကို ပြည်သူကို ရက်ရက်စက်စက် လုပ်ခဲ့တဲ့ အာဏာရှင်ကို တော်လှန်မယ့် စိတ်နဲ့ ၂ လကျော်ကို ကောင်းကောင်းကြီး ကျော်ဖြတ်နိုင်ခဲ့တယ်” လို့ အတွေ့အကြုံကို ပြောပြပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေက ထိပ်ဆုံးကနေ ပါဝင်ခဲ့သလို ပထမဆုံး လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြသူတွေထဲမှာ အထည်ချုပ် အလုပ်သမတွေလည်း ပါဝင်ပါတယ်။
ဒါ့ပြင် မြန်မာအမျိုးသမီးတွေဟာ သူတို့ရဲ့ မိန်းမသားဖြစ်ခြင်းကို အာဏာရှင်ဆန့်ကျင်ရေး လက်နက်အဖြစ် အသုံးပြုခဲ့ ကြပါသေးတယ်။
ဆန္ဒပြ လှုပ်ရှားမှုတွေ ဆောင်ရွက်တဲ့ အချိန်မှာ ထမီန်နဲ့ ထိတွေ့မိရင်၊ ထမီန်အောက် ရောက်သွားရင် ယောက်ျားတွေ ဘုန်း ကံနိမ့်တတ်တယ်ဆိုတဲ့ အစွဲကို စိန်ခေါ်တဲ့ အနေနဲ့ အမျိုးသမီးတွေက ထမီန်တွေကို အလံအဖြစ် လွှင့်တာ၊ အာဏာ သိမ်း ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ပုံကို အမျိုးသမီး လစဉ်သုံးပစ္စည်းတွေမှာ ကပ်ထားတာ စသဖြင့် ပြုလုပ်ခဲ့ ကြပါတယ်။
ထမီအပါအဝင် အမျိုးသမီး အသုံးအဆောင်တွေကို လမ်းပေါ်မှာ ကြိုးတန်းနဲ့ လှမ်းထားပြီး စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို လှောင်ပြောင်သရော်ခဲ့တာတွေကြောင့် စစ်သားနဲ့ ရဲတွေက အဲဒီကြိုးတန်းအောက် မဝင်ရဲတာမို့ သူတို့ကို တားဆီးပြီးသား လည်း ဖြစ်ခဲ့ပါသေးတယ်။
အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြသူမှန်သမျှကို ရက်ရက်စက်စက် နှိပ်ကွပ်တဲ့ စစ်တပ်က အမျိုးသမီးတွေအပေါ်လည်း ဆန္ဒပြသူတွေကို ဖမ်းဆီးတဲ့ အချိန်ဖြစ်ဖြစ်၊ စစ်ကြောရေးမှာဖြစ်ဖြစ် အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့ကြပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ အနည်းဆုံး ၁၃၁၈ ဦး သေဆုံးခဲ့ရတယ်လို့ AAPP က စာရင်းထုတ်ပြန်ထားပါတယ်။
အဲဒီထဲမှာ ဖေဖော်ဝါရီလ ၁ ရက်ကနေ နိုဝင်ဘာလ ၂၅ ရက်အထိ အမျိုးသမီးနှင့် အခြားလိင်စိတ်ခံယူထားသူ အနည်းဆုံး ၁၀၀ ကျော်က ကျဆုံးသွားသူတွေဖြစ်တယ်လို့ သိရပါတယ်။ မတရား ဖမ်းဆီးခံရသူ ၁၀၇၉၃ ဦး အနက် ၁၃၀၀ ကျော်က အမျိုးသမီးတွေ ဖြစ်ပါတယ်။
မြန်မာပြည်တွင်းက လက်နက်ကိုင် တော်လှန်ရေး လှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေ ပါဝင်လာတာ အခုမှ မဟုတ်ပါဘူး။ အင်အား အတောင့်တင်းဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေမှာလည်း အမျိူးသမီး ရာပေါင်းများစွာ တာဝန် ထမ်းဆောင်နေကြတာရှိပါတယ်။
ကရင်အမျိုးသား အစည်းအရုံး(KNU) ရဲ့ ဒု ဥက္ကဋ္ဌဟောင်းဖြစ်သူ နော်စီဖိုးရာစိန်က ၂၀၁၅ ခုနှစ်အတွင်း ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ဦးဆောင် ညှိုနှိုင်းပေးခဲ့ပြီး စစ်တပ်နဲ့ တိုင်းရင်းသား အင်အားစုတွေကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုရအောင် စွမ်းဆောင်ပြခဲ့ဖူးတာတွေလည်း ရှိခဲ့ပါတယ်။
ဒါပေမယ့် လက်နက်ကိုင် အဖွဲ့အစည်းတွေအတွင်းက အမျိုးသမီးတွေဟာ ဦးဆောင်သူ အမျိုးသားတွေကြား အသိအမှတ် ပြုရခံခြင်း နည်းပါးခဲ့သလို အမျိုးသမီးတွေရဲ့ အမြင်ကိုလည်း လျစ်လျူရှုထားမှုတွေ ရှိခဲ့ပါတယ်။
စစ်အာဏာ သိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ အမျိုးသမီးများအပေါ်ထားရှိတဲ့ ကျဉ်းမြောင်းတဲ့ အမြင်တွေကို ပြန်လည်သုံး သပ်ပြင်ဆင်ဖို့ လုပ်ဆောင်နေကြသလို လူငယ်၊ လူရွယ်တွေ အဓိက ဦးဆောင်တဲ့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကြီး က နိုင်ငံရေးစနစ် အမှားကြီးကို ပြင်ဆင်ဖို့ သာမက လူမှုဘဝ မညီမျှမှု၊ ကျား၊ မ ခွဲခြား ဆက်ဆံမှုတွေကို ဖယ်ရှားပစ်ဖို့ ရည်ရွယ်လုပ်ဆောင် လာကြပါတယ်။
မြောင်အမျိုးသမီး ပြောက်ကျား စစ်သည်တော်များ အဖွဲ့ကို “ဖက်ဆစ်စစ်တပ် အမြစ်ပြတ် ကျဆုံးစေရမည်” ဆိုတဲ့ ရည်ရွယ် ချက်နဲ့ စတင်ခဲ့တာ ဖြစ်ပြီး တပ်ဖွဲ့အနေနဲ့ ဆက်လက် တိုက်ပွဲဝင်နေမှာကတော့ ကျား/မတန်းတူ အခွင့်အရေး ရရှိရေးနဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍတွေကို စွမ်းဆောင်ရည်မြှင့်တင်သွားမယ် ဆိုတဲ့ အချက်တွေကို လုပ်ဆောင်သွားမှာ ဖြစ်တယ် လို့ မြောင်အမျိုးသမီးပြောက်ကျား စစ်သည်တော်များအဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ခံ မအမရာက ပြောပြပါတယ်။
“အမျိုးသမီးတွေ ကိုယ်တိုင် နွေဦးတော်လှန်ရေးမှာ ထဲထဲဝင်ဝင် တိုက်ပွဲဝင်နေခြင်းရဲ့ရလဒ်က တော်လှန်ရေးကြီး အောင်မြင်ဖို့ တခုထဲအတွက်သာ အကျုံးဝင်နေမှာ မဟုတ်ပါဘူး။ တဖက်က ကြည့်ရမယ်ဆိုရင် ဒီအမျိုးသမီးတွေ ကိုယ်တိုင် ပူးပေါင်း ပါဝင်နေခြင်းဟာ သူတို့ရဲ့ အခန်းကဏ္ဍ သူတို့ရဲ့စွမ်းရည် သူတို့ရဲ့လုပ်နိုင်စွမ်းတွေကို အမျိုးသမီးတွေအနေနဲ့ စွမ်းရည်မြှင့်တင်နေကြတဲ့အပေါ်မှာ အတိုင်းအတာတခု သက်ရောက်နေပါတယ်” လို့ သူက ပြောပြပါတယ်။
အာဏာမသိမ်းခင်အချိန်က တော်လှန်ရေး တပ်ဖွဲ့ဝင်တဦး ဖြစ်လာမယ်လို့ မအမရာတို့လို အမျိုးသမီးတွေက စိတ်ကူး မရှိခဲ့ ပါဘူး။ ဒါပေမယ့် စစ်တပ်ရဲ့ ပြည်သူအပေါ် သတ်ဖြတ်မှုတွေ၊ အကြမ်းဖက်မှုတွေကို မြင်တွေ့ရပြီးတဲ့အခါမှာတော့ တော်လှန်မယ် ဖြစ်လာခဲ့ပါတော့တယ်။
မအမရာက “အသက်နဲ့ ခန္ဓာတည်မြဲနေသ၍ ဖက်ဆစ်စစ်တပ် အမြစ်ပြတ်ကျဆုံးစေရေးအပြင် တခြားသော မတရားမှု မှန်သမျှကိုပါ ဆန့်ကျင် တော်လှန်သွားမယ်” လို့ သူမရဲ့ ဆုံးဖြတ်ထားမှုကို ပြောပြပါသေးတယ်။
အခုဆိုရင် မအမရာ တို့လို အာဏာရှင် ဆန့်ကျင်ရေးမှာ ပါဝင်နေတဲ့ သူတွေရဲ့ မိသားစုဝင်တွေဟာ တချို့ဆိုရင် မိဘက သားသမီးကို အမွေပြတ် စွန့်လွှတ်တာတွေ၊ တချို့မိသားစုဝင်တွေဟာ ကိုယ်အိမ်ကိုယ့်ရာမှာ နေခွင့်မရဘဲ တိမ်းရှောင်နေရ တာတွေ၊ နေအိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေ ပိုင်ဆိုင်မှုတွေကို ချိတ်ပိတ်ခံရတာတွေ စတဲ့ ဒုက္ခမျိုးစုံကို ရင်ဆိုင်နေကြရ ပါတယ်။
“အသက်တွေပါ စတေးလိုက်ရနိုင်သလို အသက်ရှင်နေပါလျက် ဒုက္ခိတဘဝတွေအဖြစ် အချိန်မရွေး ပြောင်းလဲပစ်လိုက် နိုင်တဲ့ လမ်းကြီးကို လျှောက်နေကြရတယ်။ အဖြစ်အပျက် အားလုံးကို လက်ခံထားတက်ဖို့ဆိုတာတွေက စွန့်စားခဲ့ရမှုတွေ ပဲလို့ မြင်မိပါတယ်” လို့ မအမရာကတော့ အမျိုးသမီးစစ်သည်တဦး ဖြစ်လာဖို့ သူ့ စွန့်လွှတ်ထားတာကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကစလို့ မြန်မာပြည်အနှံ့အပြားမှာ လက်နက်ကိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ရာနဲ့ချီပြီး ပေါ်ပေါက် လာ ခဲ့တဲ့အထဲက မြောင်အမျိုးသမီး ပြောက်ကျားစစ်သည်တော်များအဖွဲ့ကလည်း တခု အပါအဝင်ပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်မှာ ရဲစခန်းတခုကို မီးရှို့ဖျက်ဆီးခဲ့ရာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထဲ မြောင် အမျိုးသမီး ပြောက်ကျားတပ်ဖွဲ့လည်း ပါဝင်လှုပ်ရှားခဲ့ပါတယ်။
ဒါဟာ ဒီစခန်းကို ခြေကုပ်ယူပြီး အနီးတဝိုက်က ကျေးရွာတွေကို တိုက်ခိုက်ဖျက်ဆီးနေတဲ့ စစ်သားနဲ့ ရဲတွေကို တားဆီးဖို့ အတွက် လုပ်ဆာင်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဆီက သိရပါတယ်။
မအမရာတို့လိုပဲ အမျိုးသမီး စစ်သည်တော်တဦးဖြစ်တဲ့ အသက် ၃၀ ကျော်အရွယ် ရှမ်း-ကရင်စပ် မနန်းဝင့်ဝါဟာ စစ်တပ် အာဏာ မသိမ်းခင်က ဆရာလေး ဒေါ်ဝရဉာဏီ ဆိုတဲ့ ဘွဲ့အမည်နဲ့ သီလရှင်တပါးအဖြစ် တရားအားထုတ်နေတာပါ။
အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ PDF ထောက်ပံ့လို့ ဆိုပြီး စစ်ကောင်စီတပ်သားတွေက ရိုက်နှက်ဖမ်းဆီးနှိပ်စက်ခဲ့ နေစဉ် အသက်အသေမခံနိုင်တာကြောင့် ထွက်ပြေးလွတ်မြောက်ခဲ့သူ တဦးလည်း ဖြစ်ပါတယ်။
“PDF တွေကို ဆန်နဲ့ဆေး အလှူငွေ ထောက်ပံ့တယ်ဆိုပြီး ဖမ်းဆီးရိုက်နှက်ခံခဲ့ရရာကနေ စလို့ ပြည်သူအပေါ် ရက်စက် ယုတ်မာ သတ်ဖြတ်မှုတွေကြောင့် သီလရှင်ဘဝကနေ လူဝတ်လဲပြီး တော်လှန်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ သီလရှင်ဝတ်ကြီးနဲ့ ဆိုရင် ဝိနည်းတွေကြောင့် ငဲ့ရတာတွေ ရှိလို့ လူဝတ်လဲခဲ့ပါတယ်” လို့ မနန်းဝင့်ဝါက ပြောပြပါတယ်။
သီလရှင်ဘဝကနေ အမျိုးသမီးစစ်သည်တယောက်ဖြစ်ခဲ့တဲ့အတွက် အခက်အခဲတွေလည်း အများကြီး ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒါတွေအားလုံးကိုတော့ ဒီပွဲမှာ ငါတို့အမြစ်ဖြတ်နိုင်ရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ပဲ အရာရာဖြတ်ကျော်ခဲ့ပါတယ်လို့ သူက ပြောပြပါတယ်။
မနန်းဝင့်ဝါကတော့ မြောင်အမျိုးသမီး ပြောက်ကျားတပ်ဖွဲ့ဝင် မဟုတ်ပေမယ့်လည်း လွတ်မြောက်နယ်မြေတခုမှာ စစ် သင်တန်းတက်ရင်း ဒေသခံကာကွယ်ရေးတပ် PDF တွေနဲ့ အတူ တိုက်ပွဲဝင်နေတဲ့ စစ်သည်တော်တဦးပဲ ဖြစ်ပါတယ်။
“သီလရှင်ဘဝကနေ လူဝတ်နဲ့ စစ်သည်ဖြစ်လာတော့ ကွာခြားမှုတွေက အများကြီးပေါ့။ အရင်က အေးချမ်းစွာတရား လုပ်ခဲ့ရပေမယ့် အခုကျ မပြည့်စုံမှုတွေ အများကြီးနဲ့ အပူအပင်တွေ ကြုဲတွေ့နေရပါတယ်။ အရာရာကို တည်တည် ငြိမ်ငြိမ်နဲ့ ဒါတွေဟာ ခဏလေးပါ ဘာမှမမြဲတာဆိုတော့ ဒီအပူပင်တွေကလည်း ခဏပါလေ ဆိုတဲ့စိတ်တည်တည်ငြိမ်ငြိမ်နဲ့ပဲ ရင်ဆိုင် ပါတယ်” လို့ လက်ရှိ ဖြတ်သန်းနေတဲ့ ဘဝကို ပြောပြပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လလောက်က လွတ်မြောက်နယ်မြေကို စရောက်ပြီး စစ်သင်တန်းတက်ခဲ့တာဖြစ်ပြီး ရိုက်နှက်ခံထားရတဲ့ ခေါင်းက ဒဏ်ရာတွေကြောင့် အရမ်းကြမ်းတမ်းတဲ့ လေ့ကျင့်တာတွေ လုပ်ရင် ခေါင်းမူးတာ၊ ကိုက်ခဲတာတွေဖြစ်သလို အချိန်ထိ နာကျင်မှုတွေ ခံစားနေရတုန်းပါဘဲလို့ သူက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက မနန်းဝင့်ဝါကို ဖမ်းဆီးစဉ်က ရင်သားတွေ၊ ရင်ဘတ်တွေကို ကြမ်းကြမ်းတမ်းတမ်း ကိုင် တွယ်တာတွေ၊ ခေါင်းတချက် မော့မိရင် တချက် ရိုက်နှက်တာတွေ သေနတ်ဒင်နဲ့ ကျောကုန်း၊ ရင်ဘတ်၊ ဦးခေါင်းတွေကို ရိုက်တာ၊ ခြေထောက်နဲ့ကန်ကျောက်တာတွေကို ပြုလုပ်ခဲ့ပါတယ်။
ဒါကြောင့်လည်း မနန်းဝင့်ဝါက အပေါ်ရုံနဲ့ ရင်ဘတ်ကို ပတ်ပြီး အသက်ရှင်လမ်းအဖြစ် စစ်ကောင်စီ တပ်သားတွေက သူစု ဆောင်းထားတဲ့ အလှူငွေ ကျပ်သိန်း ၂၀ နဲ့ ဆေးဝါးတွေကို အာရုံစိုက်နေချိန်မှာ အနားရှိ စစ်သားကို ရှိသမျှအားနဲ့ တွန်းလှဲ ပြီး ထွက်ပြေးခဲ့တာပဲ ဖြစ်ပါတယ်။
အခုချိန်မှာတော့ မနန်းဝင့်ဝါတယောက် ဆိုးဝါးလှတဲ့ အတိတ်ကို ပြန်မတွေးတော့သလို အာဏာရှင်ကို အဆုံးထိ ရရင်ရ သလို တော်လှန်နေမယ်လို့ စိတ်ဆုံးဖြတ်ထားလို့ သိရပါတယ်။
“သေမယ် ရှင်မယ် မသေချာတဲ့ ခုချိန်မှာ ဘာရည်မှန်းချက်မှကို မထားချင်တော့တာ။ ဒါပေမယ့် မသေခဲ့ရင်တော့ ဒီမို ကရေစီ နိုင်ငံဖြစ်ဖို့ပဲ မျှော်လင့်မိပါတယ်” လို့ သူမက ဆိုပါတယ်။
မေလက စတင်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ရှိနှင့်ပြီးသား တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေနဲ့ သွားရောက်ပူးပေါင်းခဲ့ပြီး မြန်မာစစ်တပ်ကို အတူတကွ တိုက်ခိုက်ခဲ့ကြပါတယ်။
အမျိုးသမီး တချို့ဟာ စစ်အာဏာရှင်ကို တိုက်ထုတ်ဖို့ရာအတွက် စစ်ရေးလေ့ကျင့်မှုတွေ ပြင်းပြင်းထန်ထန် ပြုလုပ်နေကြတဲ့ ဓာတ်ပုံမှတ်တမ်း တချို့ကိုလည်း KNDF – BO က ထုတ်ပြခဲ့ပါတယ်။
အခုဆိုရင် တိုင်းရင်းသား ဒေသအသီးသီးမှာရော၊ မြေပြန့်၊ တောင်တန်းက နေရာဒေသအသီးသီးမှာ ဖွဲ့စည်းထားတဲ့ ဒေသ ကာကွယ်ရေး တပ်ဖွဲ့တွေမှာ အမျိုးသမီးတွေလည်း ကျရာ နေရာမှာ တာဝန်ထမ်းဆောင်နေကြပါတယ်။
အာဏာရှင်ကို ဆန့်ကျင်တော်လှန်တဲ့ အမျိုးသမီးစစ်သည်တော်တွေထဲမှာ အထည်ချုပ်အလုပ်သမားတွေ၊ ကျောင်းဆရာမ တွေ၊ ဆရာဝန်တွေ၊ သားသည်မိခင်တွေ အစရှိတဲ့ အလွှာမျိုးစုံက အမျိုးသမီးတွေ ပါဝင်နေရာမှာ ကလေးစက်မှုလက်မှု သိပ္ပံမှ ကထိကဌာနမှူး ဒေါ်ရတီအုန်းဟာလည်း အာဏာရှင်တော်လှန်ရေးမှာ စွမ်းစွမ်းတမံပါဝင်နေသူဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်မှာ ကလေးမြို့ အနောက်တောင်ဘက်ဒေသ ချင်းပြည်နယ် အစပ်မှာ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ကြား ၂ ရက်ဆက်တိုက် တိုက်ပွဲတွေဖြစ်ပွားပြီး ကလေး PDF တပ်ရင်း (၃) အောက်က တပ် ရင်းစခန်းတခု သိမ်းပိုက်ခံခဲ့ရတဲ့အချိန်မှာ စခန်းအတွင်း ရောက်ရှိနေကြတဲ့ စေတနာ့ဝန်ထမ်း အမျိုးသမီး ဆေး တပ်ဖွဲ့ဝင် ၁၀ ဦးလည်း ဖမ်းဆီးခံခဲ့ရပါတယ်။ အဲ့ထဲကအမျိုးသမီး ၁ ဦးကတော့ စစ်ကောင်စီတပ်ရဲ့ ပစ်သတ်မှုကို ခံခဲ့ရလို့ ဆုံးပါးခဲ့ရ ပါတယ်။
လက်ရှိအချိန်အထိ အဲဒီ အမျိုးသမီး ၉ ဦးကို ဘယ်မှာ ဖမ်းဆီးထားသလဲ ဆိုတာကို စစ်ကောင်စီက ထုတ်ပြန်ခြင်း မရှိဘဲ ထိန်ချန်ထားပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေကြတဲ့ ပြည်သူတွေ၊ တော်လှန်နေကြတဲ့ ဒေသခံ တပ်ဖွဲ့တွေကို ခေါင်းမထောင်နိုင်အောင် စစ်တပ်က လေကြောင်း ပစ်ကူသုံးတာ၊ မီးရှို့တာ၊ လူနေရပ်ကွက်တွေထဲ လက်နက်ကြီးနဲ့ ပစ်တာ အပါအဝင် နည်းလမ်း ပေါင်းစုံနဲ့ တိုက်ပွဲတွေ ဆင်နေပါတယ်။
မြန်မာပြည် အရှေ့တောင်ပိုင်းမှာ အနည်းဆုံး လူပေါင်း ၁၆၅၀၀၀ က နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပြီး ဖေဖော်ဝါရီလက စလို့ တဖက်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်ရသူပေါင်း ၂၂၃၀၀၀ ဦးအထိ ရှိတဲ့အကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါ တယ်။
“ပြည်သူတွေအနေနဲ့ စိတ်ပျက်အားငယ်တာတွေ မဖြစ်ကြပါနဲ့။ ကျမတို့ အမျိုးသမီး ပြောက်ကျားစစ်သည်တော်များအဖွဲ့ဟာ အသက်နှင့် ခန္ဓာတည်မြဲနေသ၍ ပြည်သူတွေနဲ့အတူ ရပ်ပြီး ဖက်ဆစ်စစ်တပ်အမြစ်ပြတ်ကျဆုံးသည်အထိ တိုက်ပွဲဝင် သွား ပါမယ်။ အားတင်းထားပါ” လို့ မအမရာက ပြည်သူများထံကို သတင်းစကား ပါးပါတယ်။
You may also like these stories:
အာဏာရှင်စနစ်အောက်က အမျိုးသမီးသတင်းထောက်များ ဘဝ
စစ်တပ်လက်ထဲက PDF ချင်းအမျိုးသမီး ဆေးတပ်ဖွဲ့ဝင်များ
စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲက ရှေ့တန်းရောက် အမျိုးသမီးများ