ရခိုင်ပြည်နယ်အတွင်းရှိ အင်အားကြီးပါတီတခုဖြစ်သော ရခိုင်အမျိုးသားပါတီ (ANP) သည် လက်ရှိတွင် ပါတီတွင်း အကျပ် အတည်းမျိုးစုံဖြင့် ရင်ဆိုင်နေရပြီး ပါတီ ဆက်လက် ရပ်တည်နိုင်ရေးအတွက် ရုန်းကန်နေရသည့် အနေအထားသို့ ရောက် ရှိနေသည်။
ပါတီ၏ ခေါင်းဆောင်ပိုင်းတချို့ တခြားအဖွဲ့အစည်းသို့ ဝင်ရောက်သွားခြင်း၊ ပါတီနှင့် ကင်းကွာနေခြင်းများကြောင့် ဗဟို ကော်မတီ အစည်းအဝေး အထမြောက်ရန်ပင် တက်ရောက်သူ ရာခိုင်နှုန်း နည်းပါးသည့်အတွက် အခက်ကြုံနေရသည်ဟု လည်း ပါတီဗဟိုက မတ် ၆ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
ထို့ကြောင့် ပါတီနိုင်ငံရေး မူဝါဒရေးရာ ကော်မတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ၊ ဗဟိုကော်မတီဝင်များ အနေဖြင့် ပါတီတွင် ဆက်လက် တာဝန်ထမ်းဆောင်လိုစိတ် ရှိမရှိဆိုသည်ကို မတ် ၁၅ ရက် နောက်ဆုံးထားပြီး ပါတီဗဟို ရုံးချုပ်သို့ အကြောင်းကြားရန်လည်း ပါတီဗဟိုက သထောထား တောင်းခံထားသည်။
ANP ပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက “မကြာသေးမီက အွန်လိုင်းကနေ ဗဟိုကော်မတီ အစည်းအဝေးတရပ် ကျင်းပခဲ့တယ်။ အဲဒီ အစည်းအဝေးကနေ လက်ရှိ အခြေအနေမှာ အကျပ်အတည်းမျိုးစုံနဲ့ ရင်ဆိုင်နေရတော့ ပါတီခေါင်းဆောင်ပိုင်းတွေရဲ့ စိတ်ဆန္ဒကို မေးမြန်းဖို့လိုတယ်လို့ သုံးသပ်တယ်။ အဲဒီအတွက် ကျနော်တို့ ဆက်လက် တာဝန်ထမ်းဆောင်ဖို့ ဆန္ဒရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ မျက်နှာစုံညီ အစည်းအဝေး ကျင်းပပြီး လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့အတွက် အခုလို သဘောထား မေးမြန်းရတာ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်နှင့် မတ် ၆ ရက်များတွင် အွန်လိုင်းမှတဆင့် ANP ပါတီ ဗဟိုကော်မတီ အစည်းအဝေးတရပ် ကျင်းပခဲ့ပြီး အချက် ၃ ချက်ကို ဆုံးဖြတ်ချမှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ၃ ချက်မှာ ပါတီဝင်များ အနေဖြင့် ပါတီမှနုတ်ထွက်ကာ မိမိကြိုက်နှစ်သက်ရာ အဖွဲ့အစည်းသို့ အချိန်မရွေး ဝင် ရောက်နိုင်ကြောင်း၊ နုတ်ထွက်ပြီး တခြားအဖွဲ့အစည်းတွင် တာဝန်ထမ်းဆောင်နေသည့် ပါတီဝင်များအား ပါတီနှင့် တစုံတရာ ပတ်သက်မှု မရှိတော့ကြောင်းနှင့် ပါတီ ထိပ်ပိုင်းခေါင်းဆောင်များ အနေဖြင့်လည်း ပါတီတွင် ဆက်လက် တာဝန်ထမ်း ဆောင်လိုစိတ် ရှိ၊ မရှိကို သဘောထား မေးမြန်းရန်ဟူ၍ ဖြစ်ကြောင်း ဦးသာထွန်းလှက ရှင်းပြသည်။
ရခိုင်အမျိုးသားပါတီ (ANP) ကို ၂၀၁၀ ရွေးကောက်ပွဲကာလအတွင်း ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) အမည်ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၄ တွင် ပြည်နယ်အတွင်းမှ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီနှင့် နှစ်ပါတီ ပူးပေါင်းပြီးနောက် ANP အမည်ဖြင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။
၂၀၁၅ ရွေးကောက်ပွဲအလွန်တွင် ပါတီတွင်း အုပ်စုဖွဲ့အားပြိုင်မှု ပြင်းထန်ခဲ့သည့်အတွက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ဘက်မှ ခေါင်းဆောင်များ ANP ပါတီမှ နုတ်ထွက်ကာ ALD ပါတီအမည်ဖြင့် ပြန်လည်မှတ်ပုံတင်ပြီး ပါတီသစ် ထောင်ခဲ့ သည်။
ထို့နောက်ပိုင်းတွင်လည်း ပါတီအတွင်း ထပ်မံ၍ အကွဲအပြဲ ဖြစ်ပေါ်ခဲ့သဖြင့် ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်သည် ပါတီမှ နုတ်ထွက်ကာ ၂၀၁၉ တွင် ရခိုင့်ဦးဆောင်ပါတီအမည်ဖြင့် ပါတီသစ်တခု ထပ်မံ ပေါ်ပေါက်ခဲ့ပြန် သည်။
ရခိုင်အမျိုသားပါတီ (ANP) သည် ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲများတွင် ပြည်နယ်အတွင်း ၃ ကြိမ် တိုင် တိုင် အမတ်အရေအတွက် အများဆုံး အနိုင်ရရှိခဲ့သော ပါတီတခု ဖြစ်သော်လည်း မကြာခဏ ထိပ်ပိုင်းခေါင်းဆောင်များ ကြား သဘောထားကွဲခြင်း၊ ပါတီထီးရိပ်ကိုခိုပြီး ပါတီဝင်တချို့ ကိုယ်ကျိုးစီးပွားရှာခြင်း၊ စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် လည်း စစ်ကောင်စီနှင့် ပူးပေါင်းခဲ့မှုတို့ကြောင့် ရခိုင်လူထုကြား ဝေဖန်မှု မြင့်တက်နေသလို ယုံကြည်ထောက်ခံမှုများလည်း တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းလည်းဖြစ်၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တဦးလည်းဖြစ်သူ ဦးဦးထွန်း ဝင်းက “ပါတီ ထိပ်ပိုင်းခေါင်းဆောင်ပိုင်းတချို့ ပါတီမူဝါဒတွေကို လိုက်နာမှုမရှိတဲ့ လုပ်ရပ်တွေကိုတော့ ကျနော်က လက်မခံ နိုင်ဘူး။ ဒီကြားထဲ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကြောင့် ပါတီရုံးတွေကိုတော့ မရောက်ဖြစ်တာတော့ ရှိတယ်။ ဒါပေမဲ့လည်း ပြည်သူကိုယ်စားပြု ပါတီကြီးတခု ပြိုပျက်မှာကိုတော့ ကျနော်က မလိုလားဘူး။ ဒီကြားထဲမှာ ဆွေးနွေးပြီးတော့ နိုင်ငံရေး ခံယူချက်ခိုင်မာတဲ့ ပုဂ္ဂိုလ်တွေနဲ့ ရှေ့ဆက်ဖို့ကတော့ ကျနော် ဆန္ဒရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
တဖက်တွင်လည်း ရခိုင်အမျိုးသားပါတီမှ ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သည့် ဒေါ်အေးနုစိန်၊ ဦးဇော်အေးမောင်တို့မှာ ပြည် သူ့ဆန္ဒကို ပစ်ပယ်ပြီး စစ်ကောင်စီက ပေးသည့်ရာထူးကို လက်ခံကာ နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဦးလှစောနှင့် ခေါင်းဆောင်ပိုင်းတချို့မှာလည်း ပါတီကို စွန့်ခွာကာ ရက္ခိုင့် အမျိုးသားအဖွဲ့ချုပ် (ULA /AA) တွင် နိုင်ငံရေးမှူးရာထူးဖြင့် ရက္ခိတလမ်းစဉ်ကို လျှောက်လမ်းနေသဖြင့် ANP ပါတီ ဆက်လက် ရည်တည်နိုင်ရေး စောင့်ကြည့်ရမည့် အနေအထား ဖြစ်နေသည်။
ကျောက်ဖြူအခြေစိုက် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးစင်တာမှ ကိုထွန်းကြည်က “ကျနော်မြင်တာကတော့ ပါတီမူဝါဒ ဦးဆောင် ကော်မတီထဲမှာ နှစ်ပိုင်း မြင်ရတယ်။ တပိုင်းက ပါတီပြန်လည်ထူထောင်ရေးနဲ့ ရွေးကောက်ပွဲဝင်နိုင်ရေးကို ကြိုးစားနေတယ် လို့ မြင်ရတယ်။ နောက်တပိုင်းက ပါတီကို စွန့်လွှတ်ပြီးတော့ ULA နဲ့ ပူးပေါင်းသွားကြတယ်။ ဆိုတော့ နှစ်ခုလုံးက သူတို့ ယုံကြည်ချက်ကြောင့် လုပ်ကြတာ ဖြစ်တယ်” ဟု မှတ်ချက်ပြုသည်။
စစ်တွေမြို့ အရပ်ဖက်လူအဖွဲ့အစည်းမှ နိုင်ငံရေးစောင့်ကြည့်လေ့လာသူတဦးကမူ အောင်မြင်မှုရခဲ့သော ရခိုင်အမျိုးသား ပါတီ အနေဖြင့် ပြည်သူ့ယုံကြည်မှု ကျဆင်းလာခြင်းမှာ နိုင်ငံရေး အကျပ်အတည်း ဆိုခြင်းထက် ထိပ်ပိုင်းခေါင်းဆောင်များ ကိုယ်တိုင် အုပ်စုဖွဲ့လုပ်ကိုင်ခြင်းနှင့်အတူ ကိုယ်ကျိုးစီးပွားရှာဖွေသူများကို နေရာပေး လုပ်ဆောင်လာခြင်းကြောင့် ပြည်သူက အားကိုးယုံကြည်မှု ကင်းမဲ့လာခြင်း ဖြစ်သည်ဟု သုံးသပ်ပြောဆိုသည်။
၎င်းက “ANP ပါတီကို လူထုအားကိုးယုံကြည်မှု မရှိတာကတော့ ကြာပါပြီ။ ပါတီခေါင်းဆောင်ပိုင်း ကိုယ်တိုင်က အမျိုးသား အကျိုးစီးပွားဆိုတာ ပါးစပ်ကပြောပြီး လက်တွေ့မှာ ဟိုရာထူးမျှော်၊ ဒီရာထူးတောင်း လုပ်နေတာ လူထုက အကုန်မြင်နေရ တယ်။ နောက်တခါ အကျိုးစီးပွား ရှာဖွေသူတွေ ပါတီမှာဝင်ရောက်ပြီး နေရာရလာတယ်။ အမတ်ဝင်ပြိုင်တယ်။ ကန်ထရိုက် လုပ်ငန်း တောင်းတယ်ဆိုတော့ ပါတီက နိုင်ငံရေး အကျပ်အတည်းကြောင့် ပြိုလဲသွားတာမျိုး မဟုတ်ဘဲ သူတို့ ကိုယ်တိုင် ဖျက်ဆီးပစ်တာ” ဟုလည်း မှတ်ချက်ပြုသည်။
ပါတီနိုင်ငံရေးမူဝါဒရေးရာ ကော်မတီဝင် ဦးထွန်အောင်ကျော်ကတော့ တချိန်တခါက အင်အားအလွန်ကြီးထွားခဲ့သော ဗမာပြည်ကွန်မြူနစ်ပါတီသည်ပင် ခေတ်ကာလ အခြေအနေများကြောင့် လိုရာခရီးကို မရောက်ခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့ရာ ပြည်သူများ အနေဖြင့် လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေးရေစီးကြောင်း တခုတည်းကို မကြည့်ဘဲ ရည်ရှည်ခရီးကို ကြည့်ရန် လိုအပ်ကြောင်း တိုက်တွန်းပြောဆိုသည်။
“နိုင်ငံရေး ခရီးလမ်းတခုကို ဖြတ်သန်းတဲ့အခါ သာမန်လူတွေကတော့ လက်ရှိ ပကတိအခြေအနေမှာပဲ ဆုံးဖြတ်တတ်ကြ တယ်။ သို့သော် နိုင်ငံရေးခံယူချက် ပြင်းထန်တဲ့ လူတွေအတွက်တော့ မိမိအလုပ်ကိုပဲ ပြီးမြောက်အောင်မြင်အောင်၊ အမျိုး သားအကျိုးစီးပွားကို အကျိုးရှိရှိ ပုံဖော်နိုင်ဖို့အတွက် အဆုံးဖြတ်ခရီးကို ရောက်အောင် သွားကိုသွားရမယ်။ အဲဒါသည်ပင် အဓိက နိုင်ငံရေး သီလတခုပါပဲ” ဟု ၎င်းက ပြောသည်။
သို့သော် ANP ပါတီသည် တချိန်က လူထုထောက်ခံမှုကို တခဲနက် ရရှိမှုနှင့်အတူ ရွေးကောက်ပွဲ ၃ ကြိမ်တိုင်တိုင် အနိုင်ရရှိ ထားသော ပြည်နယ်အတွင်းက အင်အားကြီးပါတီတခု ဖြစ်ခဲ့သော်လည်း ပြည်သူလူထုက လက်မခံသည့် အာဏာသိမ်း စစ်ကောင်စီနှင့် ပူပေါင်းသည့် နောက်ပိုင်းကတည်းက ပါတီတွင်း သဘောထားကွဲလွဲမှုများ ကြီးထွားလာသလို လူထုကြား တွင်လည်း ဝေဖန်ပြစ်တင်မှုများ ဆက်တိုက် တိုးလာခဲ့သည်။
တဖက်တွင်လည်း ANP ပါတီ၏ ပြည်နယ်အုပ်ချုပ်ရေးတွင် ရာထူးနေရာ တောင်းဆိုမှုကို စစ်ကောင်စီက လိုက်လျောခြင်း မရှိသည့်အပြင် အသိမှတ်ပြုမှုကိုလည်း မခံရတော့သည့်အတွက် ပြီးခဲ့သော ၂၀၂၁ ဇွန် ၄ ရက်က စစ်တွေမြို့ ပါတီဗဟိုဌာန ချုပ်ရုံးတွင် ဗဟိုအလုပ်မှုဆောင်ကော်မတီ အစည်းအဝေးတရပ်ကို ခေါ်ယူကာ စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုကို ရပ်စဲရန် ဆုံးဖြတ်ခဲ့သည်။
သို့သော်လည်း ပါတီထိပ်ပိုင်းခေါင်းဆောင် ဒေါ်အေးနုစိန်နှင့် ဦးဇော်အေးမောင်တို့မှာ လက်ရှိ အချိန်အထိ စစ်ကောင်စီ လက် အောက်တွင် တာဝန်ထမ်းဆောင်လျက်ရှိနေရာ ရှေ့နောက်မညီသော ပါတီမူဝါဒအပေါ် မေးခွန်းထုတ်စရာ ဖြစ်နေသည်။
ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှကတော့ စစ်ကောင်စီတွင် တာဝန်ထမ်းဆောင်နေသည့် ပါတီခေါင်းဆောင် ဒေါ်အေးနုစိန်၊ ဦးဇော် အေးမောင် အပါအဝင် ပါတီနှင့်ကင်းကွာနေသူများ အရေးနှင့်ပတ်သက်ပြီး မည်သို့ ဆုံးဖြတ်ထားသည်၊ မည်ကဲ့သို့ ကိုင် တွယ်မည် ဆိုသည်ကို တိတိကျကျ ထုတ်ဖော်ပြောဆိုမှု မရှိဘဲ မကြာမီကာလအတွင်း ကျင်းပမည့် ဗဟိုကော်မတီ အစည်း အဝေးတွင်သာ ဆွေးနွေး ဆုံးဖြတ်နိုင်မည်ဟု ဆိုသည်။
ANP ပါတီသည် လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေး အကျပ်အတည်း၊ ပါတီတွင်းအကွဲအပြဲ အပါအဝင် ရခိုင်ပြည်သူလူထု အတွင်း ပါတီနိုင်ငံရေးထက် လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို သက်ဝင်ယုံကြည်မှု အားကြီးနေသည့်အတွက် တချိန်တခါကကဲ့သို့ ဒေသတွင်း အင်အားကြီးပါတီတခု အနေဖြင့် ဆက်ရပ်တည်နိုင်အုံးမလား ဆိုသည်က ဆက်လက် စောင့်ကြည့်ရမည် ဖြစ်သည်။
ကိုထွန်းကြည်ကတော့ “လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေအရတော့ ရခိုင်မှာ ပါတီနိုင်ငံရေး ရှင်သန်ဖို့က အလွန် ခက်ခဲပါ လိမ့်မယ်။ ဘယ်ပါတီနိုင်ငံရေးမှ အားကောင်းလာနိုင်စရာ မရှိပါဘူး။ ULA ကပဲ လွှမ်းမိုးသွားနိုင်တဲ့ အခြေအနေ ရှိတဲ့အတွက် ပါတီနိုင်ငံရေး ကျဆုံးချိန် ရောက်နေပြီလို့တောင် ပြောလို့ရတယ်” ဟု သုံးသပ်ပြောဆိုသည်။