သား …
အဖေ့စာကိုဖတ်ပြီး သားပြန်မေးထားတဲ့ message တခုမှာ “စစ်ကြောရေးမှာ စစ်သားတွေက ဖမ်းဆီးထားတဲ့သူတွေကို ရိုက်ကြတယ်ဆိုတာ ဟုတ်သလား၊ ဘယ်လိုစိတ်နဲ့ ရိုက်ကြသလဲ၊ သူတို့ ရိုက်ပြီးရင် သနားမနေဘူးလား” လို့ သားမေးတယ်နော်။ သိပ်ကောင်းတဲ့ မေးခွန်းပါပဲ။ ဒါပေမဲ့ အဲဒီမေးခွန်းကို ရုတ်တရက် ဖြေလိုက်ရင် ပေါ့တန်သွားမှာစိုးရိမ်လို့ အဖေ အကျအနလေး ပြောပြချင်တယ် သား။
သားရဲ့မေးခွန်းမှာ နှစ်ပိုင်းပါတယ်နော်။ “စစ်ကြောရေးမှာ စစ်သားတွေက ဖမ်းဆီးထားတဲ့သူတွေကို ရိုက်ကြတယ်ဆိုတာ ဟုတ်သလား” တဲ့၊ ပထမအပိုင်းက။ အမှန်ပြောရရင် အဖေက စစ်ကြောရေးမှာ တာဝန်မထမ်းဖူးဘူးကွ။ ဒါပေမဲ့ ရိုက်တယ်ဆိုတာတော့ ဝန်ခံရမှာပဲ။ ရိုက်ဖို့အတွက်ကို ဖွဲ့စည်းထားတဲ့ နေရာကိုးကွယ့်။ ရိုက်တယ်ဆိုတာထက် နှိက်စက်ကြတဲ့သဘောပေါ့။ လိုချင်တဲ့ အဖြေရမှဖြစ်မှာကိုး။ ဒါဟာ ဥပဒေကြောင်းအရ တရားဝင်တဲ့ကိစ္စတရပ် မဟုတ်ဘူး။ ဒါပေမဲ့ စစ်ကြောရေးမှာ နှိက်စက်တဲ့ ဘယ်လိုကိစ္စမျိုးကိုမဆို ဥပဒေအားဖြင့် ဆန့်ကျင်တယ်လို့ စစ်တပ်ထဲက ဘယ်သူမှ လက်ခံယုံကြည် ကျင့်သုံးကြမှာ မဟုတ်ဘူး။
အဲဒါဘာလို့လဲသိလား သား။ အဲသလို နှိက်စက်တာကို အမှန်တရားလို့ပဲ အဖေတို့ လက်ခံထားနှင့်ပြီး သားဖြစ်နေလို့ပဲ သား။ အဖေတို့ကို လေ့ကျင့်သင်ကြားစဉ်ကတည်းက ဒီလိုနှိက်စက်တာကိုပဲ အမှန်ဖြစ်အောင် လေ့ကျင့်ပေးခဲ့ကြလို့ပါပဲ။ အဖေတို့ ဗိုလ်လောင်း ပထမနှစ်မှာဆိုကွယ်၊ Brain Wash ဆိုတဲ့ ဦးနှောက်ဆေးခြင်း တမျိုးကို ဗိုလ်လောင်းဝင်ပြီး သုံးလလောက်အကြာမှာ လုပ်တယ်။
ဘာမှမဟုတ်ဘူး။ ဝိုင်းအော်ကြ။ မီးခလုတ် ဖွင့်လိုက်ပိတ်လိုက်လုပ်၊ သွေးလေခြောက်ခြားအောင် ဘေးက အသံပေါင်းစုံနဲ့ ဟောက်ကြ၊ ကြပ်ကြတာပေါ့ကွာ။ ပြီးတော့ အပြစ်ရှာပြီး အုပ်တာပေါ့။ အုပ်တယ်ဆိုတာ အပြစ်ပေးတာကိုပြောတာ။ ဖားခုန်၊ လေထီးခုန် အစရှိသဖြင့်ပေါ့ကွာ။ ပျော့တယ်၊ လိုက်မလုပ်ဘူး ထင်တဲ့သူတွေကို ဘေးကအခန်းတွေထဲဆွဲခေါ်၊ ခေါင်းစဉ်မျိုးစုံတပ်ထားတဲ့ အပြစ်ပေးနည်းတွေနဲ့ အပြစ်ပေးကြ။ ဘယ်လောက်ကြာသလဲဆိုတော့ တညလုံးနီးပါးပဲ။ ဂျပန်ခေတ်များ အရှင်လတ်လတ် ရောက်သွားသလား အောက်မေ့ရ။ အဖေတို့ခေတ်က အဲသလို ဦးနှောက်ဆေးခံရတဲ့ သူတိုင်းနီးပါးတော့ သုံးရက်လောက် ထထ ယောင်တာပဲ။ လန့်နေတာကိုး။ ကြုံမှမကြုံဖူးပဲကိုး။ ထင်လည်းထင်မထားဘူးကိုးကွ။
ဂျပန်ခေတ်များ အရှင်လတ်လတ် ရောက်သွားသလား အောက်မေ့ရ။ အဖေတို့ခေတ်က အဲသလို ဦးနှောက်ဆေးခံရတဲ့ သူတိုင်းနီးပါးတော့ သုံးရက်လောက် ထထ ယောင်တာပဲ။ လန့်နေတာကိုး။ ကြုံမှမကြုံဖူးပဲကိုး။ ထင်လည်းထင်မထားဘူးကိုးကွ။
လက်စွဲစကားလုံးတွေ ရှိတယ်။ သန်မာမှုရအောင် လေ့ကျင့်ပေးတာတဲ့။ ဟုတ်ပါပြီ။ သန်မာမှုရအောင် ဗိုလ်လောင်းအချင်းချင်း ကြံဖန်အပြစ်ရှာ အပြစ်ပေးတယ်။ အချို့က အပြစ်ပေးရင် လွဲနေတဲ့အယူအဆကို လက်ကိုင်ထားတယ်။ ဘယ်လိုဟာမျိုးလဲဆိုတော့ “အပြစ်ကို မတန်အောင်ပေးရမယ်၊ တန်အောင်ပေးရင် နောက်တခါ ထပ်ဖောက်လိမ့်မယ်” ဆိုတာမျိုးပေါ့။ အဲဒီတော့ ကျောမှာ အုတ်ခဲလေးလုံး၊ ခြောက်လုံး စသဖြင့် ထည့်ထားတဲ့ ကျောပိုးအိတ်တွေလွယ်၊ ကျွမ်းထိုး၊ မိကျောင်းသွား၊ လှိမ့်၊ ဒါက သာမန် ပြောတာ။ သားကို စာနဲ့ ရေးပြရုံတင်မက အမူအရာနဲ့ပါ လုပ်ပြမှ နားလည်နိုင်မယ့် နှိက်စက်နည်းတွေက တပုံကြီး။ သူတို့မို့ လူတယောက်ကို နှိက်စက်ဖို့ ကြံဖန်ပြီး စဉ်းစားတတ်ပလေတယ်။
ဒါပေမဲ့ အဲသလို သန်မာမှုရှိအောင် တကယ်တမ်းရှိသင့်တဲ့ လေ့ကျင့်ရေးပစ္စည်း ရှိမယ်ထင်လား။ အခုတော့မသိဘူး။ အဖေတို့ခေတ်ကတော့ ဘာမှမရှိဘူး။ ဂျင်ရှပ်လို့ အဖေတို့ခေါ်တဲ့ အားကစားခန်းမ နေရာဟာ အမိုးပဲရှိတယ်။ အကာတောင်မရှိဘူး။ ဘာအထောက်အကူပြုပစ္စည်းမှ မရှိဘဲ ဘယ်လို သန်မာမှုရှိအောင် လေ့ကျင့်လဲ ထူးပြီးမေးမနေနဲ့။ နယ်ကျော်ပြေးပွဲဆိုလည်း အဖေတို့ လေ့ကျင့်တာက အပြေးပဲ။ ရေကူးဆိုလည်း လေ့ကျင့်တာက အပြေး။ ဘောက်ဆင်ဆိုလည်း ပြေး၊ သေနတ်ပစ်ဆိုလည်း ပြေး။ အဲဒါသန်မာမှုပဲ။
အဲဒီတော့ အဲဒီလို မမျှမတတဲ့၊ စနစ်မကျတဲ့ လေ့ကျင့်ပုံတွေကြောင့် ဗိုလ်လောင်းအတော်များများဟာ ကျောင်းမဆင်းခင် ခါးနာကြတာပဲ။ အပြစ်ပေးခံရတဲ့ အချိန်တော်တော်များများမှာ ဗိုလ်လောင်းတွေဟာ တပေကျော် ဗီရို (လော်ကာလို့ခေါ်ကြတယ်) လေးလုံးဆင့်ထားတဲ့အပေါ်ကနေ ဇောက်ထိုးနေပြီး အပြစ်ပေးခံကြရတာမို့ပဲ သား။

အပြစ်ပေးသူတွေက လူ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့် ထိခိုက်သွားနိုင်တယ်ဆိုတဲ့ အတွေးမျိုးမတွေးသလို တွေးစရာလည်း မလိုပါဘူး။ မျောက်ခြောက်ကောင်လိုပေါ့ကွာ။ အဲဒီလိုအပြစ်ပေးရတာကို အမှန်လို့ပဲ ယုံမှတ်ကြတယ်။ အဲဒီအချိန်မှာ အသက်တွေကလည်း ၁၇၊ ၁၈၊ ၁၉ တွေပဲ မဟုတ်လား။ အချင်းချင်းသာ တနှစ်ကွာရုံနဲ့ လူကြီးတွေ ထင်နေတာ။ တကယ်က ကလေးတွေပဲရှိသေးတာ။ အောင်မယ်၊ အဲဒီကလေးကလည်း ကျောင်းဆင်းရင် လူကသာ တပွင့်၊ ကလေးရုပ်၊ ကိုယ့်ကိုယ်ကိုကျတော့ ဗိုလ်ချုပ်လောက် ထင်တာကလား သားရ။
ဒီလောက်ဆို သားမေးခွန်းတဲ့မေးခွန်းကို ဖြေပြီးသားဖြစ်ရောပေါ့။ နှိက်စက်ကြတယ်ဆိုတာမျိုးတောင် တွေးနေစရာမလိုဘူး။ နှိက်စက်ကြတာက ထမင်းစားရေသောက်ဖြစ်နေသလို၊ မှန်ခြင်းမှားခြင်းလည်း ဝေဖန်နေကြတာ မရှိပါဘူး၊ သား နားလည်လောက်ရောပေါ့။
နောက်တချက် ထပ်ဖြည့်စွက်ရရင် သားရယ်။ မ တရာသားတွေ အုပ်ချုပ်ရတယ်၊ အမိန့်တွေ၊ ညွှန်ကြားချက်တွေကို လိုက်နာဖို့က “တယောက်မကောင်း အများပဲ၊ ဒါကြောင့် ဘာဖြစ်ဖြစ် အားလုံးကို အပြစ်ပေးတယ်” ဆိုတာမျိုးနဲ့ အုပ်ချုပ်ကြတယ်။ အခြေခံအားဖြင့်တော့ မှန်သလိုလိုရှိတယ်။ ဒါပေမဲ့ တော်တော်လေးကို ခေတ်နောက်ကျကျန်ခဲ့ပြီး တုံးအလွန်းတဲ့ အတွေးအခေါ်နဲ့ အုပ်ချုပ်မှုပုံစံလို့ ပြောရင်ရတယ်။
တယောက်မကောင်း အများဆိုပြီး အုပ်စုလိုက်ကြီး အပြစ်ပေးတယ်။ နောင်ကျတော့ အပြစ်မလုပ်တဲ့ သူကပါ မဟုတ်လည်း အကုန်ကြိတ်ခံရမယ့်အတူတူ၊ ငါလည်း အပြစ်ဖောက်မယ်ဆိုတဲ့ အတွေးဝင်သွားရော။ အပြစ်လုပ်သူက အပြစ်ရှိတော့ အပြစ်ဒဏ်ကို ကောင်းကောင်းခံယူနေချိန်မှာ မပြစ်မရှိတဲ့သူက “ဟေ့ကောင်ထစမ်း၊ မင်းပျော့တယ်” ဆိုပြီး သီးခြားခွဲပြီး ကြိတ်ခံချင်ခံနေရတာကိုးကွ။ နောက်တခုက အပြစ်လုပ်နေကျလူက လုပ်ကိုလုပ်တာ၊ ဗီဇပဲ။ အများကိုချည်း အပြစ်လုပ်နေတော့ အဲသလိုလူရဲ့ တဦးချင်းဗီဇကို မပြုပြင်နိုင်တော့ဘူး။ အဲသလိုလူ တပ်ထဲ ရာထူးကြီးကြီးရရင် တိုင်းပြည်ရော တပ်ရော နာတာပဲ။
နောက်တခုက အပြစ်လုပ်နေကျလူက လုပ်ကိုလုပ်တာ၊ ဗီဇပဲ။ အများကိုချည်း အပြစ်လုပ်နေတော့ အဲသလိုလူရဲ့ တဦးချင်းဗီဇကို မပြုပြင်နိုင်တော့ဘူး။ အဲသလိုလူ တပ်ထဲ ရာထူးကြီးကြီးရရင် တိုင်းပြည်ရော တပ်ရော နာတာပဲ။
ပိုဆိုးတဲ့ယူဆချက် ရှိသေးတယ်။ “အပြစ်ဖောက်တာ အပြစ်မဟုတ်ဘူး၊ မိတာက အပြစ်” တဲ့။ “မှားမှား မှန်မှန်၊ ညီရင် Parade (စစ်ရေးပြ) တဲ့”။ ကဲ … ဘယ်လောက်ဆိုးဝါးတဲ့ အတွေးနဲ့ယူဆချက်တွေလဲကွာ။ တကယ်တော့ အပြစ်ဖောက်တာ အပြစ်ဖြစ်ကိုဖြစ်ရမှာ မဟုတ်ဘူးလား။ မသိအောင် အပြစ်ဖောက်၊ ခိုးလုပ်၊ အထက်လူကြီး မသိရင် အပြစ်မဖြစ်ဘူးလို့ ပြောတာက စာရိတ္တကို ရိုက်ချိုးတာ မဟုတ်ဘူးလား။ မှားမှားမှန်မှန်၊ ညီရင် Parade (စစ်ရေးပြ) လို့ ပြောတာဟာ တကယ်တော့ လူညီရင် ဤကိုကျွဲလုပ်ပစ်မယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား။ အဲဒါတွေဟာ စစ်ခေါင်းဆောင်တွေမှာ ရှိသင့်တဲ့ အတွေးအခေါ်တွေ ဟုတ်ရဲ့လား။ ဘယ်သူမှ မစဉ်းစားခဲ့ကြဘူး။ အဖေလည်း မစဉ်းစားမိခဲ့ဘူး။ လမ်းဆုံးနေခဲ့ဖူးတယ် သား။
ဗိုလ်လောင်းဘဝမှာတင် အချင်းချင်း ထိုးကြိတ်ဆုံးမတယ်။ ဥပဒေအရ မှန်လားမှားလား မငြင်းဆိုလိုပေမဲ့ အဲဒါကြီးကို အမှန်ကြီးလို့ထင်တာပဲ။ ဟိုတလောကတော့ အဖေ့ထက်အများကြီး ဂျူနီယာကျတဲ့ အငြိမ်းစားအရာရှိတယောက်နဲ့ စကားပြောဖြစ်တော့ “အခု ထိုးလို့မရတော့ဘူးတဲ့၊ ထိုးခွင့်မပြုတော့ဘူးတဲ့ အစ်ကိုကြီးရေ၊ ကျောင်းကတော့ပျက်ပြီ” တဲ့။ အဖေက ပြန်မေးတယ်၊ “တို့ခေတ်မှာ ထိုးတယ်ဆိုတာ အခုကြားနေရသလောက်တော့ မဆိုးဘူးကွ၊ ဗိုလ်လောင်းအချင်းချင်း ထိုးလို့မရဘူးဆိုတာ ကျောင်းပျက်တာ မဟုတ်ဘဲ ကျောင်းကောင်းသွားတာရော မဟုတ်ဘူးလားကွ” လို့ ပြန်မေးတော့ သူက အဖေ့ကို တအံ့တသြကြီးကြည့်လို့။
နောက်တချက် သားမေးတယ်နော်။ “စစ်ကြောရေးမှာ ဘယ်လိုစိတ်နဲ့ ရိုက်ကြသလဲ၊ သူတို့ ရိုက်ပြီးရင် သနားမနေဘူးလား” လို့။ ဗိုလ်လောင်းဘဝမှာ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ နောက်ဆုံးနှစ် အစဉ်လိုက် အပြစ်ပေးကြတာပဲ။ ဒါပေမဲ့ ဖိုင်နယ်ကျောင်းသားကို ဘယ်သူအပြစ်ပေးမလဲ။ အရာရှိတွေက ပေးလိမ့်မပေါ့လို့ သားတွေးမှာပဲ။
တကယ်တော့ အပြစ်ပေးမယ့်လူ မရှိဘူးကွ။ ဖိုင်နယ်ဗိုလ်လောင်း အပြစ်အလွန်ကြီးမှ အရာရှိတွေ ဗိုလ်လောင်းကုန်း ရောက်လာတာ။ တော်ရုံကိစ္စနဲ့ ဗိုလ်လောင်းကုန်း အရာရှိမလာဘူး။ အခုခေတ်တော့ ဗိုလ်လောင်းအင်အားလည်း များလွန်းပြီး အရာရှိတွေလည်း များလာတော့ အဖေတို့ခေတ်နဲ့တော့ မတူတော့ဘူးပေါ့ကွာ။ ထူးထူးခြားခြား၊ အဖေတို့ထဲက ဗိုလ်လောင်းတချို့ မန္တလေးအထိ ခိုးဆင်းတာ၊ မိသွားတယ်။ ဒီကောင်တွေငှားတဲ့ကားပျက်လို့ အချိန်မီ ကျောင်းပြန်ရောက်မလာလို့လေ။
အဲဒီကောင်တွေကို အရာရှိတွေက ခေါ်ပြီး တန်းစီကွင်းထဲ လေးဘက်ထောက်၊ မှောက်ပြီးရိုက်တယ်။ ဝါးရင်းတုတ်တွေနဲ့။ အရာရှိတွေ အလှည့်ကျရိုက်ကြတာ။ အဲဒီမှာ အရာရှိအချင်းချင်း ပြောကြတာက “အစ်ကိုကြီးရာ၊ ရိုက်ရတာ အားရလိုက်တာဗျာ” တဲ့။ ကဲ … သား …၊ စဉ်းစားကြည့်။ စစ်ကြောရေးမှာရိုက်တဲ့ စစ်ဗိုလ်၊ စစ်သားတွေဟာလည်း ရိုက်နေတဲ့အချိန်မှာ “ရိုက်ရတာ အားရလိုက်တာဗျာ” ဆိုတဲ့ ခံစားချက်ထက် မပိုဘူးဆိုတာ အဖေပြောနိုင်ပါတယ် သား။
အဲဒီအထဲက ဗီဇမကောင်းတဲ့သူတွေ၊ ကြီးနိုင်ငယ်ညှဉ်း လုပ်ချင်သူတွေ၊ အဲသလိုလူတွေ စစ်ခေါင်းဆောင် ဖြစ်လာတဲ့အခါ တပ်ဟာ မလိုလားအပ်ဘဲ တပ်ပန်းတာမျိုး၊ မလိုအပ်တဲ့ အမိန့်တွေနောက် လျှောက်လိုက်ပြီး တပ်ချည့်နဲ့တာမျိုး ဖြစ်လာတယ်။ အဲသလို စစ်ခေါင်းဆောင်က နိုင်ငံ့ခေါင်းဆောင်နေရာ တက်ယူလေတော့ နိုင်ငံပါ အင်အားချည့်နဲ့လာရတယ်။ သိက္ခာမဲ့လာရတယ်။
အဲဒီအထဲက ဗီဇမကောင်းတဲ့သူတွေ၊ ကြီးနိုင်ငယ်ညှဉ်း လုပ်ချင်သူတွေ၊ အဲသလိုလူတွေ စစ်ခေါင်းဆောင် ဖြစ်လာတဲ့အခါ တပ်ဟာ မလိုလားအပ်ဘဲ တပ်ပန်းတာမျိုး၊ မလိုအပ်တဲ့ အမိန့်တွေနောက် လျှောက်လိုက်ပြီး တပ်ချည့်နဲ့တာမျိုး ဖြစ်လာတယ်။
အဲဒီလိုခေါင်းဆောင်ရဲ့ လက်အောက်မှာ စစ်တပ်ဟာလည်း လက်နက်ရှိသူကိုဖြစ်စေ၊ လက်နဲ့မဲ့သူကိုဖြစ်စေ သာလွန်အာင်အားနဲ့ အနိုင်ကျင့်တတ်လာတယ်။ “အချစ်နဲ့စစ်မှာ မတရားတာ၊ တရားတာမရှိဘူး” လို့ ဥပဒေမဲ့ ကြွေးကြော်တတ်လာတယ်။ မှတ်ထားပါသား။ တကယ်တော့ အချစ်မှာရော၊ စစ်မှာပါ မတရားမှုရှိပါတယ်။ ဒါကို အမှန်မြင်ဖို့လိုပါတယ်။
အချစ်မှာ မတရားတာမရှိဘူးလို့တွေးပြီး မိုက်ရူးရဲဆန်ဆန် လုပ်မိရင်တော့ အဲဒီလုပ်ရပ်ကြောင့် ထိခိုက်ရင် လူသုံး၊ လေးယောက်ပေါ့။ စစ်မှာ မတရားတာမရှိဘူးလို့တွေးပြီး မိုက်တိမိုက်ကန်း လျှောက်လုပ်ရင်တော့ လူသားထုတရပ်လုံးကိုတောင် ထိခိုက်ပျက်စီးစေနိုင်တယ်ဆိုတာ သေသေချာချာ မှတ်သားထားပါ သား။
အခုဆိုရင် တပ်ချုပ်ဟာ စစ်သားတွေကိုတောင် မဟုတ်ဘူး။ စစ်ဗိုလ်တွေ၊ စစ်ဗိုလ်ချုပ်တွေကိုတောင် “နယ်ရုပ်” လေးတွေလို သဘောထားလာတာကို သားတွေ့ရလိမ့်မယ်။ ဘယ်လိုပဲတိုက်တိုက် နိုင်ဖို့အဓိက ဆိုတဲ့မူကို မိုက်မိုက်မဲမဲ ကိုင်စွဲလာတာကို မြင်နေရတယ်။ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား မိန့်ခွန်းကိုပဲကြည့်။

တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကို စိန်ခေါ်တယ်။ နောက်တနေ့မှာပဲ ရန်ကုန်တိုင်းမှူး၊ နေပြည်တော်တိုင်းမှူးတွေကို ပြောင်းပစ်တယ်။ KNU နယ်မြေထဲက ကစထမှူးကို လဲပစ်တယ်။ ဒီတပ်ချုပ် အာဏာသိမ်းပြီးမှ ဖြစ်လိုက်တဲ့အပြောင်းအလဲတွေ မနည်းလှပါဘူး။ သူနဲ့ထိပ်ပိုင်း ခေါင်းဆောင်အချို့သာ ရာထူးမြဲနေတယ်။ အောက်ကလူတွေကိုတော့ ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်အဆင့်တွေကိုတောင် အလွယ်တကူ ပြောင်းပစ်၊ ဖြုတ်ပစ်နေတာ။
ဆန္ဒပြပွဲကာလတွေတုန်းက ရန်ကုန်မှာ ကြမ်းခဲ့ရမ်းခဲ့လို့ သူ့အကြိုက်ဖြစ်ခဲ့တဲ့ ရဲချုပ်ကိုတောင် စစ်ကိုင်းတိုင်းပို့ပြီး ကွပ်ကဲခိုင်းချိန်မှာ အဆင်မပြေတော့ ဖြုတ်ပစ်လိုက်တာပဲ။ သူတို့ပြောတဲ့ မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီတပ်မတော်ဆိုပေမဲ့ အဲသလိုလုပ်ရပ်တွေက တကယ့်ကို ပဒေသရာဇ်ဆန်လွန်းလှတယ်ကွယ့်။ တပ်ဟာ ဆန္ဒပြပွဲကာလတွေမှာ သူ့အလိုကျ ကြမ်းခဲ့ရမ်းခဲ့ပြီးပြီ။
အာဏာမသိမ်းခင် ကတည်းက အကြောင်းပြချက်ရှာ အာဏာသိမ်းဖို့ တပ်ထဲက အရာရှိငယ်တွေကို အဓိကရုဏ်းနှိမ်နင်းရေး သင်တန်းတွေ လျှို့ဝှက်ပေး၊ အဓိကရုဏ်း နှိမ်နင်းရေးကတ်တွေ ထုတ်ပေးထားပြီး အကွက်ချစီစဉ်ခဲ့သည့်တိုင် သေနတ်ထောက်ပြီး အာဏာသာ အလွယ်တကူ ရသွားတယ်၊ အာဏာသိမ်းပြီးတော့ စီစဉ်တဲ့အတိုင်း မဖြစ်လာတော့ ကြမ်းလိုက်ရမ်းလိုက်ရတာ၊ သေလိုက်တဲ့ပြည်သူ၊ သေလိုက်တဲ့စစ်သားကလည်း မနည်းမနောပဲ မဟုတ်လား။
တပ်ဟာ စစ်ခေါင်းဆောင်အလိုကျ ဘယ်လောက်အထိ ကြမ်းပြရမ်းပြ နေရဦးမှာတုန်း။ ဘယ်အတိုင်းအတာအထိ အာဏာပါးကွက်သား ဆန်နေရဦးမှာတုန်း။ ဘယ်လောက်အထိ နိုင်ငံတကာဇာတ်ခုံပေါ်မှာ လက်ညှိုးထိုးခံနေရဦးမှာတုန်း။ တပ်ကအရာရှိကြီးတွေလည်း အာဏာရှင်တဦးအတွက်နဲ့ ဘယ်အချိန် ဘယ်အတိုင်းအတာအထိ အနာခံနေကြရဦးမှာတုန်း။
အမှန်ဆိုရရင် အခွင့်အရေးနဲ့အာဏာ လက်တဆုပ်စာပါကွယ်။ ဒီလက်တဆုပ်စာကြောင့် စစ်တပ်အရာရှိတွေ၊ စစ်သားတွေဟာ ပြည်သူအပေါ် ပြုကျင့်ရမယ့် ကျင့်ဝတ်တွေကို ပျက်ကွက်ကြလေတယ်။ “ပြည်သူလူထုအား လက်နက်အားကိုး အနိုင်ကျင့်ခြင်းမှ ရှောင်ကျဉ်ပါ။ ပြည်သူလူထုအား ယဉ်ကျေးစွာပြောဆို ဆက်ဆံပါ။ ပြည်သူလူထုအား လှောင်ပြောင်ခြင်း၊ ကဲ့ရဲ့ခြင်း၊ မထီမဲ့မြင်ပြုခြင်း၊ ဆဲရေးတိုင်းထွာခြင်းမှ ရှောင်ကျဉ်ပါ” ဆိုတဲ့ ပြည်သူအပေါ် ပြုကျင့်ရမယ့် ကျင့်ဝတ်တွေကို ဖြောင့်ဖြောင့်ကြီးကို မျက်နှာပြောင်တိုက် မေ့လျော့လိုက်ကြတာပဲ သားရေ။
တကယ်တော့ တခြားစစ်တိုင်းတွေဟာ လက်ရှိအခြေအနေမှာ ကွပ်ကဲဖို့ မလွယ်ကူသလို မြေပြင်အခြေအနေတွေကလည်း အရမ်းရှုပ်ထွေးနေပါပြီ။ မရ ရအောင် နှိမ်နင်းဖို့၊ ငြိမ်းချမ်းရေးကို သေနတ်ထောက် ရှာဖွေဖို့ အခြေအနေဆိုက်လာလေတော့ ပြည်သူကလည်း စစ်တပ်ဆိုရင် ရွံစရာ အော့နှလုံးနာစရာလို့ သတ်မှတ်ခံနေရပြီ။
အထူးသဖြင့် KNU နယ်မြေတွေဟာ နဂိုကတည်းက ရှုပ်ထွေးမှုရှိတယ်။ နေထိုင်ကြတာက တိုင်းရင်းသားအများစု၊ အဲဒီအထဲမှာမှ စစ်တပ်နဲ့ပေါင်းတဲ့သူနဲ့ မပေါင်းတဲ့သူ အချင်းချင်း “ခွာပြဲ” နေကြတယ်။ ဇာတ်ခေါင်းက ကွဲပြီးသားကြီး။ အရင်ကတည်းက နယ်ခြားစောင့်တပ် ခေါင်းဆောင်က မြန်မာစစ်တပ်က တိုင်းမှူးလောက်ကို “ညီလေး” လို့ခေါ်တာကွ။ ဘာအာဏာမှ ဟုတ်တိပတ်တိ ရှိတာမဟုတ်ဘူး။
အရင်ကတည်းက နယ်ခြားစောင့်တပ် ခေါင်းဆောင်က မြန်မာစစ်တပ်က တိုင်းမှူးလောက်ကို “ညီလေး” လို့ခေါ်တာကွ။ ဘာအာဏာမှ ဟုတ်တိပတ်တိ ရှိတာမဟုတ်ဘူး။
အဲဒီခွင်ထဲရောက်သွားရင် အချင်းချင်းညှိ၊ ကြည့်နေကြည့်စားပဲ။ တပ်ကခေါင်းဆောင်ကလည်း အထက်က ငြိုငြင်တာ မခံရဲဘူး။ အဲဒီဒေသမှာ သူတို့ဖာသာသူတို့ ဒီမိုကရေစီကွက်ပြီး ရနေတာကြာပေါ့။ အဲဒါကြောင့် ရွှေကုက္ကိုလို နိုင်ငံတကာက လက်ညှိုးထိုးခံရတဲ့ စီမံကိန်းတွေ ပေါ်လာသပေါ့ကွ။ နယ်ရုပ်တွေ ဖြစ်လို့ဖြစ်မှန်းမသိဘဲ ဘဝနဲ့သိက္ခာကို ချနင်းရင်း အသက်ရှူနေကြရတာကိုတောင် ဂုဏ်ယူနေကြရရှာတဲ့ ဘဝတွေ။ ရင်လေးပါရဲ့ကွာ။
သူတို့တင်လားဆိုတော့ မဟုတ်သေးဘူးကွ။ အရပ်ဘက်ကဝန်ထမ်းတွေလည်း နယ်ရုပ်တွေပဲ။ စစ်တပ်ကနေ အရပ်ဘက်ကို ဝန်ထမ်းတွေပြောင်းသွားကြ၊ စစ်တပ်ရဲ့ပုံစံတွေ အရပ်ဘက်ကို ရိုက်သွင်းကြ၊ အရပ်ဘက်မှာ အုပ်စုဖွဲ့ကြ၊ နေရာထိုင်ခုံလုကြနဲ့။ နောက်ဆုံးတော့ အားလုံးဟာ အလုံးကြီးဖြစ်သွားတယ်။ ပွင့်လင်းမြင်သာတဲ့ အခြေအနေ၊ ဒီမိုကရေစီစံနှုန်းနဲ့ ကိုက်ညီတဲ့ အခြေအနေတွေ ပျောက်ဆုံးသွားတယ်။
ဝေးဝေးမကြည့်နဲ့ကွာ။ အခုဖြစ်သွားတဲ့ ၂၀၂၁ အရေးအခင်းကိုပဲကြည့်။ ၁၉၈၈ အရေးအခင်းမှာ အစိုးရကို ဆန္ဒပြကြသူတွေထဲမှာ ရဲစစ်ကြောင်းတွေပါခဲ့တယ်။ မှတ်မှတ်ရရ၊ လမ်းမတော်မြို့နယ် ပြည်သူ့ရဲ စစ်ကြောင်းဟာ ဆိုင်းဘုတ်ကိုင်၊ အလံထောင်ပြီး ရဲဝတ်စုံပြည့်နဲ့ ချီတက်ဆန္ဒပြခဲ့ကြတယ်။ အဲ … ဒါပေမဲ့ အခု လွန်ခဲ့တဲ့ ၂၀၂၁ မှာတော့ ရဲတွေ အရပ်ဝတ်နဲ့ ဆန္ဒပြတဲ့အထဲ ပါခဲ့ကြသည့်တိုင် ယူနီဖောင်းနဲ့ ဘယ်သူမှ ဆန္ဒမပြရဲကြဘူး။ အဲဒါက ဘာကြောင့်လဲဆိုတော့ စစ်အုပ်ချုပ်ရေးရဲ့ နောက်ဆက်တွဲ မရေရာမှုနဲ့ ဆိုးကျိုးတွေကို သိထားကြလို့၊ အရပ်ဘက် နယ်ဘက်မှာ စိမ့်ဝင်နေတဲ့ စစ်သားတွေရဲ့ သြဇာတွေ လွှမ်းမိုးခံနေရလို့ပဲ။
ဦးသန်းရွှေက အရပ်ဘက်ကို ဝန်ထမ်းတွေပို့တဲ့နေရာမှာ သိပ်လည်တယ်။ သူ အကျိုးအမြတ် နှစ်ခုရတယ်။ နံပါတ် (၁) အချက်က အရပ်ဘက်ကို စစ်သားတွေစိမ့်ဝင်စေပြီး စစ်တပ်သြဇာကို လွှမ်းမိုးစေတယ်။ နံပါတ် (၂) အချက်က သူ့ရဲ့အာဏာရှင်ဆန်တဲ့ ရပ်တည်မှုအပေါ် ပုန်ကန်ခြားနားနိုင်တဲ့၊ နောက်ခံအင်အား တောင့်တင်းတဲ့ စစ်တိုင်းမှူးတွေကို အရပ်ဘက်မှာ ရာထူးနေရာကြီးကြီးပေးပြီး ရာထူးကနေ ပါးပါးနပ်နပ် ဖြုတ်လိုက်တာဖြစ်တယ်။ အဲဒီလူကြီးတွေလည်း အလစ်အငိုက်မှာ ဝန်ကြီး၊ ဝန်ကလေး ရာထူးတွေရပြီး အဆီယစ်သွားတော့ အာဏာရှင် ဦးသန်းရွှေကို အပြစ်မမြင်အားတော့ဘူးပေါ့ကွယ်။
လက်ရှိတပ်ချုပ်ကလည်း အဲဒီလမ်းစဉ်ကို လိုက်တယ်။ ဒါပေမဲ့ ဦးသန်းရွှေလို မလည်ရှာဘူး။ လည်တော့ လည်တယ်၊ တပတ်မပြည့်ဘူး။ ဒီအတိုင်းသာ ဖြုတ်၊ ထုတ်၊ သတ်နဲ့ သွားနေရင် သူ့အလှည့်လည်း မကြာတော့ဘူး ထင်ပါရဲ့ကွာ။
သားကို ပြောချင်တာတွေ များသွားလို့ မိုးကျရွှေကိုယ်အကြောင်း၊ မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီ ဆိုတာကြီးအကြောင်း နောက်မှပြောတော့မယ်ကွာ။
နားဦးမယ် သားရေ။
အဖေ့စာကြောင့် တွေးစရာရပါစေ။
You may also like these stories:
ပဒေသရာဇ် စစ်ဘုရင်စိတ်ပေါက်နေသည့် မြန်မာဗိုလ်ချုပ်များ
အာဏာတည်မြဲရေး ဘနဖူး သိုက်တူးမည့် ရာဇဝတ်ကောင် စစ်ကောင်စီ
ရက်စက်ကြမ်းကြုတ်သော စစ်တပ် အက်ကြောင်း မထတော့ပြီလော
ကရင်၊ မွန်နှင့် တနင်္သာရီ စစ်ဆင်ရေးများ ကွပ်ကဲသူ စစ်အရာရှိကြီးများ အပြောင်းအလဲဖြစ်