(ငြိမ်းချမ်းရေး ကဗျာဆရာ၊ စာရေးဆရာကြီး ဒဂုန်တာရာ၏ အသက် ၁၀၄ နှစ်မြောက် မွေးနေ့ အမှတ်တရ)
(၁)
“ကျနော် စမ်းဆွဲထားတာ တွေလေ” ဟု
ဒဂုန်တာရာက ပြောသည်။
“ဒီကားက မဲနယ်တောင်ကို ကားလမ်းပေါ်က လှမ်းမြင်ရတဲ့ပုံ။ အဲဒီနေရာကို ရောက်ပြီး ၃ လ လောက်အကြာမှ စိတ်ထဲမှာ ပြန်မြင်ယောင်ပြီး ဆွဲတာ”
တကားလုံး စိမ့်လဲ့ရောင် ပြေးနေသည့် လက်ရာကို ကြည့်မိသည်။ မဲနယ်တောင် ပြာမှိုင်းမှိုင်းသည် ထပ်ချပ်ဆင့်မောက်ကာ အမြင်နီးလျက် ခရီးဝေးသော တောင်ရှုခင်းကို ထည်ဝါကြီးမြတ်စွာ စိုးမိုးနေသည်။
“ဒီကားကို ပေါ်ဦးသက်က သဘောကျတယ်။ ဒီကားကိုတော့ ကိုအုန်းလွင်က ကြိုက်တယ်။ ခင်ဗျားကော ဘယ့်နှယ့် သဘောရသလဲ” ဟု မေးနေလေသည်။
(၂)
စိမ်းလဲ့လဲ့ ပန်းချီကားများ၊ ဝါဝင်းဝင်း ရွှေဒင်္ဂါး ပန်းအိုး၊ နက်ပြောင်ပြောင် စန္ဒရား နှင့် အထပ်ထပ် စာအုပ်ပုံကို ကြည့်ရင်း လမ်းတွင် ကျနော်တို့ ဒဂုန်တာရာ နှင့် ပြောလာသော စကားကို ပြန်စဉ်းစားမိသည်။
ဒဂုန်တာရာက “အခုတလော မောင်ကိုကို စန္ဒရား လက်သံတွေ နားထောင်မလား။ တင်တင်မြ ဆိုတာတွေလေ၊ ပန်းမြိုင်လယ်တို့၊ လျှပ်ပန်းခွေနွယ်တို့။ အဲဒီလို စမ်းတာကောင်းတယ်။ အားပေးရမယ်”
ဒဂုန်တာရာသည် တလမ်းလုံး ပန်းချီ၊ ဂီတ၊ စာပေပြဿနာများကို ပြောလာသည်။
ကမ္ဘာအေး လမ်းမကြီးမှ ဒဂုန်တာရာ၏ အိမ်ဘက်သို့ ချိုးဝင်သော လမ်းကြားလေးသို့ ရောက်သောအခါ ကျနော်က “ဒီကိစ္စတွေ ခင်ဗျားပဲ ရေးဖို့ ကောင်းတယ်ဗျာ၊ ပန်းချီတို့၊ ဂီတတို့ ဆိုတာ လူမှုကိစ္စတွေပဲ။ ဒါတွေကို လူတွေ နားထောင်ရုံ နားထောင်၊ ကြည့်ရုံ ကြည့်တာ မဟုတ်ဘဲ၊ ကိုယ်တိုင် နားလည်လာအောင်၊ အကဲဖြတ် တန်ဖိုးထားလာအောင် စာရေး ဆရာတွေက ရေးပေးဖို့ လိုတယ်ဗျ”
လမ်းကြမ်းသဖြင့် ကားသည် တဝုန်းဝုန်း ဆောင့်ခါလျက်ရှိသည်။ ကျနော်သည် ကားကို ထိန်းမောင်းရင်း “ကျနော် ဆိုပါတော့ဗျာ၊ ပန်းချီ၊ ဂီတတို့မှာ ကျနော် စိတ်ဝင်စားလာတာဟာ ခင်ဗျား ဝတ္ထုတွေထဲမှာ ဖတ်ရလို့ပဲ၊ တာရာ မဂ္ဂဇင်းမှာ ခင်ဗျား ရေးခဲ့တာတွေ ဖတ်ပြီးတော့လည်း ကမ္ဘာ့ဂီတ၊ ကမ္ဘာ့ ပန်းချီတို့ကို စိတ်ဝင်စားတတ်လာခဲ့တာ” ဟု ပြောသည်။
ဒဂုန်တာရာက “ကျနော်လည်း နားလည်လှလို့တော့ မဟုတ်ပါဘူးဗျာ” ဟု ဆိုသည်။
သူ့အခန်းသို့ ရောက်သောအခါ စာအုပ်၊ စန္ဒရား နှင့် ပန်းချီကားတို့သည် တခုကိုတခု ပိုက်ထွေး လည်ယှက်လျက် ရှိသည်ကို တွေ့ရသည်။
(၃)
စာပေ၊ ဂီတ၊ ပန်းချီ တို့သည် ဖြုတ်ခွဲမရအောင် ပေါင်းစပ်ယှဉ်တွဲနေသော အနုပညာ ပင်စည် ခက်မကြီးများ ဖြစ်သည်။
အနုပညာသည် တနည်းဆိုရလျှင် လူ့အသိဉာဏ်ပင် ဖြစ်သည်။ အသိဉာဏ် မရှိလျှင် လူမဖြစ်နိုင်။ သို့ဖြစ်ရာ လူသည် လူဖြစ်နေသရွေ့ ကာလပတ်လုံး (မည်မျှပင် စက်မှု ထွန်းကား တိုးတက်နေသည် ဖြစ်စေ) အနုပညာကို ဖန်တီးပွားများ နေဦးမည်ပင်။
ထိုအနုပညာသည် ပန်းချီ တခုတည်း မဟုတ်။ ဂီတ တခုတည်း မဟုတ်။ စာပေ တခုတည်း မဟုတ်။ အားလုံးသော ပန်းချီ၊ ဂီတ၊ စာပေတို့ ပေါင်းဆုံ စီးဝင်မှသာ လှုပ်ရှားရှုင်သန်နေသော အနုပညာ ပင်မရေစီးကြီး ဖြစ်ထွန်းနိုင်သည်။
(အနုပညာ ပင်မရေစီးကြီး လှုပ်ရှားရှင်သန်မှလည်း လူ့အဖွဲ့အစည်း တရပ်သည် အဓွန့်ရှည်စွာ ထွန်းကားနိုင်သည်။)
သို့ဖြစ်ရာ ပန်းချီ၊ ဂီတ၊ စာပေ တို့သည် အပြန်အလှန် ဆပ်စပ်မှု၊ အကျိုးပြုမှု၊ ထောက်ကူ အားပေးမှု ရှိရန် လိုလေသည်။ ပြည်သူလူထု အကြား၌ စာဖတ်သူ ပေါများသလို၊ ပန်းချီ ကြည့်ရှုသူ ပေါများစေရမည်။ တေးဂီတ မွေ့သူ ပေါများသလို၊ စာပေ ဖတ်ရှုသူ ပေါများစေရမည်။
စာပေ ဝတ္ထုများကို ရုပ်ရှင် ရိုက်ကူးခြင်းဖြင့် ရုပ်ရှင်ကြည့်သူ တိုးပွားလာသည်နှင့် အမျှ စာဖတ်ရှုသူ တိုးပွားလာ သကဲ့သို့ ဖြစ်သည်။
တနည်းဆိုလျှင် ဇာတ်ကြီး ဆယ်ဘွဲ့ကို ပန်းချီပုံများ ရေးခြယ်ခြင်းဖြင့် ဦးသြဘာသ၏ စာပေကို ဖတ်ရှုသူ တိုးပွားလာနိုင် သကဲ့သို့ ဦးသြဘာသ၏ ဇတ်ကြီး ဆယ်ဘွဲ့ကို ဖတ်ရှုခြင်းဖြင့် ဇာတ်ကြီး ဆယ်ဘွဲ့ကို ရေးခြယ်သော ပန်းချီကားတို့ကို လေ့လာကြည့်ရှုသူ ပိုမို တိုးပွားလာနိုင်ပေသည်။
ကမ္ဘာ့ ဂီတတွင် ရုရှား ဂီတဆရာကြီး မူဆောစကီးသည် ပန်းချီပြပွဲ တခု အကြောင်းကို ဆင်ဖိုနီ တေးသံစုံ ဂီတဘွဲ့ကြီးတခု သီဖွဲ့ခဲ့သည်။ သို့ဖြင့် ပန်းချီလေ့လာသူရော ဂီတ လိုက်စားသူပါ အပြန်အလှန် တိုးပွားမှုကို အကျိုးသက်ရောက် စေခဲ့သည်။
မြန်မာ စာပေတွင် အချုပ်တန်း ဆရာဖေသည် “ရွှေသားကို ပန်းချီပြင်၍၊ သည်ခင်ကို၊ စုတ်တံဖြင့် ရေးသော်လည်း၊ မန်းပေါ်မှာ ကိုကြာညွန့်သော်မှ၊ ရွံ့ပါလိမ့် သူ့နိကာယ်” ဟု စာဖွဲ့ဆိုဖူးသည်။
ဤသည်လည်း စာပေက ပန်းချီကို နယ်ပယ် ချဲ့ထွင်ပေးခြင်း၊ အဆင့်မြှင့်တင်ပေးခြင်း ဖြစ်သကဲ့သို့ ပြည်သူလူထု အကြား၌ ပန်းချီ အနုပညာ ပြန့်ပွားရေး အတွက် စွမ်းဆောင်ချက် တရပ်ပင် ဖြစ်လေသည်။
ယင်းသို့ အနုပညာ ပင်စည်ခက်လက်များကို အချင်းချင်း အပြန်အလှန် ဖွံ့ဖြိုးစေရာ၌ လူထုအတွင်းသို့ အနက်ရှိုင်းဆုံး ဝါဒ ဖြန့်ချိပေးနိုင်သည့် လက်နက်သည် စာပေသာ ဖြစ်သည်။
စာပေသည် လူတိုင်း နေ့စဉ် သုံးစွဲပြောဆိုသော စကား၊ လူတိုင်း နားလည်လွယ် သဘောပေါက် လွယ်သော ဝေါဟာရများကို သုံးစွဲသော အနုပညာ တရပ်ဖြစ်၍ လူတို့၏ အသိဉာဏ် ပွားများရေး လုပ်ငန်းတွင် အချုပ်အခြာ လက်နက် တရပ် ဖြစ်သည်။
ပန်းချီပညာ သဘောကို ပန်းချီပုံတွေ ထောင်သောင်း ရေးပြရုံနှင့် သဘော မပေါက်နိုင်၊ ဂီတသဘောကို တေးဂီတ ထောင်သောင်း ရေးစပ်ပြရုံနှင့် မသိမြင်လွယ်၊ ပန်းချီသရုပ် ဂီတသဘောကို စာပေဖြင့် ဖွင့်ဆိုလိုက်သော် သိမှတ် နားလည်သူ အတိုင်းမသိ တိုးပွားနိုင်သည်။
ထို့ကြောင့်လည်း ပန်းချီ ဂီတ သဘောတရား၊ ပန်းချီ ဂီတ သမိုင်း၊ ပန်းချီ ဂီတ ပညာရှင်တို့ စွမ်းရည်ကို ရေးသားသော စာအုပ်စာတမ်းများ အမြောက်အမြား ပေါ်ထွက်ခဲ့ခြင်း ဖြစ်သည်။
မြန်မာ စာပေတွင် ထိုသို့သော စာအုပ်များ နည်းပါးသေးသော်လည်း အရေအတွက်ကား သေးငယ်လှသည် မဟုတ်ချေ။
သို့ရာတွင် ထိုစာအုပ် စာတမ်းများသည် အများအားဖြင့် စာရေးတတ်သော ဂီတပညာရှင်က ဂီတအကြောင်း ရေးသားခြင်း၊ စာရေးတတ်သော ပန်းချီပညာရှင်က ပန်းချီအကြောင်း ရေးသားခြင်းတို့သာ ဖြစ်သည်။ လက်စွဲ ကျမ်းစာအုပ်များ ပမာသာ ဖြစ်သည်။
အနုပညာဖြင့် ခြုံငုံ ပိုက်ပွေ့အသက်သွင်းသော အသိအမြင် မဟုတ်၍ ပြည်သူလူထု အကြားတွင် အနှံ့အပျံ့ ပေါက်ရောက်မှု၊ သြဇာရောက်မှု အင်အား နည်းပါးလေသည်။
ငွေဝယ်ကျွန် စနစ် ဆန့်ကျင်ရေးကို နိုင်ငံရေးသမားတို့၏ ဟောပြောချက်ထက် အမေရိကန် စာရေးဆရာမကြီး ဟာရီယက်စတိုး၏ “အန်ကယ်တွမ်၏အိမ်” ဝတ္ထုက ငွေဝယ်ကျွန် စနစ် ဆန့်ကျင်ရေး စိတ်ဓာတ်ကို ပိုမို အဟုန်ကြီးစေနိုင် သကဲ့သို့၊ ၁၉ ရာစု သိပ္ပံပညာရှင်များ၏ အာကာသ သွားလာရေး စာအုပ်စာတမ်းများထက် အင်္ဂလိပ် ကဗျာဆရာကြီး ဘိုင်ရွန်၏ “စီယန် နှင့် လူစီဖာ အာကာသ ပျံခန်း” ကဗျာရှည်ကြီးက အာကာသ သွားလာမှုများကို ပိုမို စိတ်ထက်သန်စေ သကဲ့သို့၊ ကဗျာ ဝတ္ထုများမှ တဆင့် ပန်းချီ၊ ပန်းပု၊ ဂီတ တို့ကို ရေးသား ဆွေးနွေးခြင်းသည် ပြည်သူလူထုအား ထိုအနုပညာများ အပေါ် ပိုမို တိမ်းညွှတ် ထက်သန်စေနိုင်လေသည်။
(၄)
ယနေ့ မြန်မာစာပေ လောကတွင် စာရေးဆရာ၊ ကဗျာဆရာတို့သည် မိမိတို့၏ နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ထင်မြင်ချက်၊ ခံယူချက် သဘောထားများကို ရှေးကထက် ပိုမိုထက်မြက် ပွင့်လင်းစွာ တင်ပြ ဆွေးနွေးလာကြသည်။
ထိုသို့ ဆွေးနွေးရာ၌ နိုင်ငံရေးရာများကသာ အလေးကဲလျက် ရှိလေသည်။
နိုင်ငံရေးသည် ပဓာန ပြဿနာဖြစ်၍ အလေးကဲ ဆွေးနွေးသည်မှာ အမှားမဟုတ်နိုင်ပါ။
သို့သော် နိုင်ငံရေး၊ လူမှုရေးကို အခြခိုင်အောင် အုန်မြစ်ခံပေးနိုင်သည့် ယဉ်ကျေးမှု ပြဿနာများကိုလည်း ကျယ်ကျယ် ပြန့်ပြန့် ထည့်သွင်း ဆွေးနွေးရန် လိုပါလိမ့်မည်။
နိုင်ငံရေးချည်းသာ ရှေ့တန်းတင်ပြီး ယဉ်ကျေးမှုရေးရာများကို ဝကွက်၍ ချန်ထားလျှင် တိုင်မထူဘဲ ခေါင်မိုး မိုးနေသကဲ့သို့ ဖြစ်နေပါလိမ့်မည်။
အရင်းရှင် စနစ်သည် အရင်းရှင် ယဉ်ကျေးမှုကို ခိုင်မာသထက် ခိုင်မာအောင် စပေနှင့်အတူ ဂီတ၊ ပန်းချီ၊ ပန်းပု၊ တို့ကို စာပေ အကူအညီဖြင့် သရိုးကိုင်ပေးသကဲ့သို့ ဆိုရှယ်လစ် နိုင်ငံများတွင်လည်း ဆိုရှယ်လစ် စနစ် ခိုင်ကျည် တည်မြဲရေး အတွက် ဆိုရှယ်လစ် ယဉ်ကျေးမှု တော်လှန်ရေးများကို လီနင် လက်ထက်မှ စ၍ ဆင်နွှဲခဲ့ကြလေသည်။
ဆိုရှယ်လစ် ပန်းချီ၊ ဂီတ တို့ကို ဆိုရှယ်လစ် စာပေနှင့် အတူ ထွန်းကားအောင် စာပေ အကူအညီဖြင့် ဖော်ထုတ်လျက် ရှိလေသည်။
ကျနော်တို့ နိုင်ငံတွင်လည်း ဤတာဝန်သည် စာပေသမားများ၏ ပခုံးပေါ်တွင် လေးလံစွာ ကျရောက်လျက် ရှိသည်ဟု ကျနော်တို့ ယူဆမိသည်။
ဒဂုန်တာရာ၏ အခန်းမှ ကျနော်တို့ စကားဝိုင်းသည် ညနှင့်အတူ ရှည်လျားလာသည်။ ကမ္ဘာအေး လမ်းမကြီးပေါ်မှ မော်တော် ကားသံများကိုပင် တခါတခါမှ သဲ့သဲ့သာ ကြားရတော့သည်။
“ကျနော် ဝါသနာပါတာက ပန်းချီ၊ ဂီတ ထက်လည်း ပိုတယ်။ စာပေထက်လည်း ပိုတယ်။ ခုတော့ စာရေးဆရာ ဖြစ်နေတယ်လေ” ဟု ဒဂုန်တာရာက ပြောသည်။
ကျနော်သည် ရှမ်းတို့ဒေသ လယ်ယာရှုခင်းမှ သစ်စိမ်းရောင်နှင့် မြေနီရောင်ကို ငေးနေမိသည်။
သူသည် စာရေးဆရာ ဖြစ်လာသဖြင့် ပန်းချီ၊ ဂီတ တို့အတွက် တာဝန်မကျေ။ ပန်းချီ၊ ဂီတ တာဝန်ကို မဖြည့်စွမ်းနိုင် ဖြစ်ရသည်ဟု မငြိမ်းချမ်းစွာ တမ်းတ ပြောဆိုနေသည်။
ထို့ကြောင့်လည်း အချိန်ရလျှင် ပန်းချီ ပန်ဆွဲသည်။ စန္ဒရား ပြန်တီးသည်။ သူ့ပန်းချီ လက်ရာကို ဟန်ရပန်ရ အနုပညာ အစွမ်းအစ ရှိစေချင်ဟန် ရှိသည်။
“ခင်ဗျားတို့ စာရေးဆရာတွေ ပန်းချီဆရာကြီးလည်းဖြစ်၊ လက်ရာကျော် ပန်းချီကားကြီးတွေလည်း ဆွဲနိုင်ရင် အကောင်းဆုံး ပေါ့။ ဒါပေမယ့် ခင်ဗျားတို့ ဝတ္ထုတွေထဲက ပန်းချီ၊ ဂီတ ရေးရာတွေ၊ ဆွေးနွေးချက်တွေကို ဖတ်ပြီး အနာဂတ် ပန်းချီ ဆရာကြီးတွေ၊ ဂီတဆရာကြီးတွေ ပေါ်လာလိမ့်မပေါ့။ ပေါ်လည်း ပေါ်နေသားပဲ။ စာရေးဆရာ တယောက် ထွန်းပေါက် လာတာဟာ ပန်းချီဆရာ၊ ဂီတဆရာ တဦး ထွန်းပေါက်လာတာ မဟုတ်ပေမယ့် အဲဒီ မဟာမိတ် အနုပညာ လောက အတွက် အကျိုးအများကြီး ရှိပါတယ်။ ပြည်သူလူထု အကြားမှာ အနုပညာ စိတ်ဓာတ်တွေ ရှင်သန်ပွားစည် လာအောင်၊ မြတ်နိုး တက်ကြွလာအောင် စာရေးဆရာ၊ ကဗျာဆရာတွေပဲ ရေးနိုင်တာ မဟုတ်လား”
ဤစကားများကို ဒဂုန်တာရာ တဦးတည်းကိုသာ မဟုတ်၊ စာရေးဆရာတိုင်းကို ပန်ကြားလိုသော စိတ်ဆန္ဒ ပေါ်မိသည်။
ထို့ကြောင့် သူတဦးတည်းကိုသာ မပြောတော့ဘဲ ကျနော် ပြန်လာခဲ့လေသည်။
စာပေသည် စာပေ အတွက်သာ မဟုတ်၊ နိုင်ငံရေး၊ လူမှုရေးနှင့်တကွ မဟာမိတ် အနုပညာများ ဖြစ်သော ပန်းချီ၊ ဂီတ စသော ယဉ်ကျေးမှု အဆောက်အဦ အဓွန့်ရှည်ရေး အတွက်လည်း တာဝန်ရှိသည်။
စာပေသည် နိုင်ငံရေး၊ လူမှုရေးနှင့် စာပေ တော်လှန်ရေးများ ပေါက်ကွဲ အုံကြွလာရေး အတွက် တာဝန်ရှိသကဲ့သို့ ပန်းချီ၊ ဂီတ စသော ယဉ်ကျေးမှု အဆောက်အဦကြီး၏ တော်လှန်ရေး ပေါ်ထွန်းလာရန် အတွက်လည်း တာဝန်ရှိသည်။
ဤတာဝန်ကို စာပေသမားတိုင်း ခံယူပြီး ဖြစ်သည်ဟု ကျနော်တို့ ယုံကြည်ပါသည်။
သို့သော် စာရေးဆရာ တဦး၏ စာအုပ်ပုံ၊ ပန်းချီကားနှင့် စန္ဒရားကို မြင်တွေ့လေရာမှ ပေါက်ဖွားလာသော စေတနာ စကားကိုမူ ပြောကြားခွင့် ပြုစေချင်ပါသည်။ ။
(သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ရေးသားသည့် ငြိမ်းချမ်းရေး ကဗျာဆရာ၊ စာရေးဆရာကြီး ဒဂုန်တာရာ အကြောင်း ဤဆောင်းပါးကို လူထု စာပေတိုက်က ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် ထုတ်ဝေသော “ဝင်းတင် စာဟောင်းတွေရဲ့ ဘဝသစ်” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီး ဦးဝင်းတင်သည် ၂၀၁၄ ခုနှစ် ဧပြီလ ၂၁ ရက် အသက် ၈၅ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)
(ဆရာကြီး ဒဂုန်တာရာ သည်လည်း ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၉ ရက် အသက် ၉၄ နှစ် အရွယ်တွင် ကွယ်လွန်သွားပါ သည်။ ဆရာကြီး ဒဂုန်တာရာသည် ၁၉၁၉ ခုနှစ် မေလ ၁၀ ရက်နေ့တွင် မွေးဖွားခဲ့ရာ ယခုမေလ ၁၀ ရက်နေ့တွင် အသက် ၁၀၄ နှစ်မြောက် မွေးနေ့ ကျရောက်ပါသည်။)
အယ်ဒီတာရဲ့အမှာ – ဒီစာဟာ ၁၉၆၇ ခုနှစ်က ပုဂံစာအုပ်တိုက်ထုတ် ၁၃၂၉ (မြန်မာနှစ်) “၂၀ ရာစု စာပေသမိုင်း၏ မှတ်တိုင်သစ်” ဆိုတဲ့ စာအုပ်က ထုတ်နုတ်ထားတာ ဖြစ်ပါတယ်။ မြန်မာနှစ် ၁၃၂၉ ခုနှစ် အမျိုးသား စာဆိုတော်နေ့ကို ရည်စူး ထုတ်ဝေတယ်လို့ ဆိုထားပါတယ်။ စာရေးဆရာ ပေါင်းစုံ၊ ဆောင်းပါးစုံ စုစည်းထားတာ ဖြစ်ပါတယ်။
အဲဒီ အထဲက ပေါ်သစ် အမည်ခွဲ တခုနဲ့ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ စာမူ ကူးယူခွင့်ပြုတဲ့ မြောက် အီလီနွိုက် တက္ကသိုလ် Founders Memorial Library ကို ကျေးဇူးတင်ပါတယ်။ ဟုလည်း အထက်ပါ ဆောင်းပါး အဆုံးတွင် ရေးသား ဖော်ပြထားပါသည်။