တရုတ်နိုင်ငံ၏ ကြားဝင်ပေးမှုဖြင့် နယ်စပ်မြို့ မိုင်းလားတွင် ပြုလုပ်သည့် ညီနောင် တိုင်းရင်းသားလက်နက်ကိုင် (EAOs) ၃ ဖွဲ့နှင့် စစ်ကောင်စီတို့ကြား ဆွေးနွေးပွဲသည် သဘောတူညီချက် တစုံတရာမရဘဲ ဇွန်လ ၂ ရက်တွင် ပြီးဆုံးသွားသည်။
စစ်ကောင်စီနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) ထိန်းချုပ်သည့် မိုင်းလားမြို့တွင် ရက္ခိုင့်တပ်တော် (AA)၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကိုးကန့်အဖွဲ့ဟု လူသိများသည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA)နှင့် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကိုယ်စားလှယ်တို့ ဇွန်လ ၁ ရက်မှစပြီး ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ဆွေးနွေးပွဲသည် ဇွန်လ ၂ ရက် နေ့လယ်ပိုင်းတွင် ပြီးဆုံးသွားကြောင်း NDAA (မိုင်းလားအဖွဲ့) အတွင်းရေးမှူး ဦးကြည်မြင့်က ဧရာဝတီကို ပြောသည်။
ဆွေးနွေးပွဲတွင် မည်သည့်အကြောင်းအရာများ ဆွေးနွေးသည်ကို မသိရဘဲ မိုင်းလားအဖွဲ့သည် ဆွေးနွေးပွဲ ဖြစ်မြောက်ရန် နေရာထိုင်ခင်း၊ စားသောက်ရေးနှင့် လုံခြုံရေးကိစ္စကိုသာ အကျိုးဆောင်ပေးခြင်းဖြစ်ကြောင်း ဦးကြည်မြင့်က ပြောသည်။
ယင်းဆွေးနွေးပွဲကို စစ်ကောင်စီဘက်မှ NSPNC ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ ဦးခင်ဇော်ဦး (ဒုဗိုလ်ချုပ်ကြီး-ငြိမ်း)၊ တြိဂံတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းမြတ်ရွှေတို့ ပါဝင်ကြောင်း၊ AA ဘက်မှ ဒုစစ်ဦး စီးချုပ် ဒေါက်တာညိုထွန်းအောင်၊ TNLA ဘက်မှ ဒုဥက္ကဋ္ဌ တားခူးလန်၊ MNDAA ဘက်မှ ဒုဥက္ကဋ္ဌ ရန်ဝေကျုံး ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။

ထို့ပြင် ဆွေးနွေးပွဲ၌ တရုတ်နိုင်ငံဘက်က ယူနန်ပြည်နယ် နိုင်ငံခြားရေးရာ အထူးသံတမန် မစ္စတာကောပေါင်လည်း ပါဝင်တက်ရောက်ကြောင်း မိုင်းလားဘက်က သတင်းထုတ်ပြန်သည်။
ဆွေးနွေးပွဲတွင် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ဖမ်းဆီးထားသောသူများ ပြန်လွတ်ရေး၊ မတရားအသင်းမှ ပယ်ဖျက်ရေးနှင့် မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများထံ လူသားချင်း စာနာမှုအကူအညီများ အဆင်ပြေစွာရောက်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း ဇွန်လ ၂ ရက်ထုတ် မြန်မာ့အလင်းသတင်းတွင် ဖော်ပြထားသည်။
အဆိုပါ ဆွေးနွေးပွဲတွင် တရုတ်သံတမန်က ဝင်ရောက်ဆွေးနွေးခြင်း ရှိ မရှိကိုမူ ရှင်းလင်းစွာ မသိရသေးပေ။
တရုတ်-မြန်မာနယ်စပ် အခြေစိုက် သတင်းရင်းမြစ်များကမူ ဆွေးနွေးပွဲတွင် နိုင်ငံရေးအရ သဘောတူညီချက် တစုံတရာ မရဘဲ ညီနောင် EAOs ၃ ဖွဲ့သည် စစ်ကောင်စီ၏ သဘောထားကိုသာ လာရောက်နားထောင်ခြင်း ဖြစ်ကြောင်း ပြောသည်။
ဧရာဝတီ၏ သတင်းရင်းမြစ်တဦးက “လောလောဆယ် ယေဘုယျတော့ ဘာသဘောတူညီမှုမှ ရတာ မကြားရဘူး။ ထုံးစံအတိုင်း စစ်တပ်ဘက်ကပြောတာက အာဏာသိမ်းတာ မဟုတ်ပါဘူး။ အာဏာထိန်းတာပါ ဆိုတာရယ်။ ဒုတိယတခုက ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ပြန်လုပ်ပေးမှာ ဖြစ်တယ်။ ဒါကို ဝိုင်းကူညီကြဖို့။ တတိယအချက်ကတော့ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို NCA (တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်) အတိုင်း ဆွေးနွေးသွားဖို့၊ ၂၀၀၈ အခြေခံဥပဒေအတိုင်း ဆွေးနွေးသွားဖို့ ဒါတွေပဲ ပြောလိမ့်မယ်လို့ ယူဆရပါတယ်။ အဲဒီလို ပြောမယ်လို့လည်း အသံထွက်တယ်ပေါ့။ သုံးဖွဲ့ဘက်က ဘာမှပြန်ပြောတယ် မကြားပါဘူး။ သူတို့ကတော့ နားထောင်ပြီး ပြန်တင်ပြမယ် ဆိုတာပဲ” ဟု ဆိုသည်။
မိုင်းလားဆွေးနွေးပွဲမတိုင်မီ မေလ ၃၁ ရက်ကလည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ချန်ဟိုင်သည် စစ်ကောင်စီ ဒုဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး စိုးထွဋ်ကို သွားရောက်တွေ့ဆုံပြီး အွန်လိုင်းလိမ်လည်မှုများ၊ လောင်းကစားမှုများ နှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို နှိမ်နင်းရေး ဆတိုးလုပ်ဆောင်ရန် ဆွေးနွေးကြောင်း သိရသည်။
အလားတူ တရုတ်နိုင်ငံ၏ ခေတ္တ စစ်ဘက်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ် Major General Yang Yang နှင့် အာဏာသိမ်း စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့သည် မေလ ၃၀ ရက်တွင် နေပြည်တော်၌ အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် တွေ့ဆုံပြီး နှစ်နိုင်ငံ တပ်မတော်ကြား ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ပူပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ ဆွေးနွေးခဲ့သည်။
အဆိုပါ မိုင်းလားဆွေးနွေးပွဲနှင့် တရုတ်အရာရှိကြီးများ၏ ခရီးစဉ်များသည် မေလ ၂ ရက်မှ ၅ ရက်ထိ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း နေပြည်တော်သို့ လာရောက်အပြီး ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာခဲ့ပြီး ချင်ကန်း၏ ခရီးစဉ်တွင် ယခင် စစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေနှင့် တွေ့ဆုံသလို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ချင်ကန်း၏ နေပြည်တော်ခရီးစဉ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းအပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ပထမဆုံး စစ်ကောင်စီခေါင်းဆောင်နှင့် တွေ့ဆုံမှုလည်း ဖြစ်သည်။
ပြီးခဲ့သည့်တလအတွင်း တရုတ်ခေါင်းဆောင်များ၏ မြန်မာနိုင်ငံတွင်း ခရီးစဉ်များကို ကြည့်ပါက တရုတ်နိုင်ငံသည် မြန်မာ့အရေးတွင် ခြေလှမ်းသွက်သွက်ဖြင့် ပါဝင်ပတ်သက်လာသည်ဟု ယူဆဖွယ်ရာ ဖြစ်သည်။
“တရုတ်ဟာ ၎င်းရဲ့ ပထဝီဝင်ဗျူဟာမြောက် စီးပွားရေး စီမံကိန်းတွေ ပြန်လည်စတင်နိုင်ဖို့၊ မြန်မာနိုင်ငံမြောက်ပိုင်းမှာ တိုက်ပွဲတွေလျှော့ချဖို့၊ မြောက်ပိုင်း ERO တွေကို စစ်တပ်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေး လပေါင်းများစွာကတည်းက ဖိအားပေးနေတာပါ။ စစ်တပ်ဘက်မှာ တရားဝင်မှု ကင်းမဲ့နေတာကြောင့် တရုတ်ရဲ့ ဖိအားပေးခံနေရတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေမှာလည်း ခက်ခဲတဲ့ အနေအထားတရပ် ကြုံနေရပါတယ်” ဟု အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု (USIP) ၏ မြန်မာအစီအစဉ်ဆိုင်ရာ ဒါရိုက်တာ ဂျေဆင်တာဝါ က ဆိုသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွင်းရှိ ၎င်း၏အကျိုးစီးပွားကို ကာကွယ်နိုင်ရန် တိုင်းရင်းသားလက်နက်ကိုင်များနှင့် စစ်ကောင်စီတို့အပေါ် ၎င်း၏ ဩဇာလွှမ်းမိုးမှုကို ပိုမိုချဲ့ထွင်နိုင်ရန် ကြိုးပမ်းနေကြောင်း ဂျေဆင်တာဝါက ဆက်ပြောသည်။

ဂျာမဏီနိုင်ငံအခြေစိုက် တရုတ်နိုင်ငံအရေး လေ့လာသည့် သုတေသီ Frank Lehberger က တရုတ်ထောက်လှမ်းရေး အကြီးအကဲသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလက ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်ကာ ကမ္ဘောဒီယား တပ်မတော်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Vong Pisen နှင့် တွေ့ဆုံခဲ့ပြီး ထောက်လှမ်းရေး အချက်အလက် မျှဝေရေးနှင့် သင်တန်းပေးရေး ဆွေးနွေးခဲ့ကြောင်း ထောက်ပြပြီး မြန်မာပြည်တွင်လည်း အလားတူ သဘောထား လုပ်ဆောင်လာနိုင်ကြောင်း ဆိုသည်။
မြန်မာနိုင်ငံအခြေစိုက် နိုင်ငံရေး လေ့လာသုံးသပ်သူတဦးကမူ တရုတ်နိုင်ငံတွင် မြန်မာနိုင်ငံ ပဋိပက္ခအား ဘက်ပေါင်းစုံနှင့် တွေ့ဆုံဆွေးနွေးရမည်ဆိုသော မူဝါဒ ချမှတ်ထားပြီး တရုတ်ကွန်မြူနစ်ပါတီ၊ တရုတ်အစိုးရနှင့် တရုတ်စစ်တပ်တို့က အကောင်အထည်ဖော်နေခြင်း ဖြစ်ကြောင်း ဆိုသည်။
“အရင်နှစ် အကုန်ပိုင်းကစလို့ တရုတ်အထူးသံတမန် စလှုပ်ရှားတယ်။ နောက်ဆုံး တရုတ်နိုင်ငံခြားရေးဝန်ကြီး လာတယ်။ ယူနန် အစိုးရလာတယ်။ တရုတ်စစ်ထောက်လှမ်းရေးလာတယ်။ အပွင့်လင်းဆုံးပြောတာက တရုတ်နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်မှာပဲပြောတယ်။ ပြောတာက ဗမာပြည် အသွင်ကူးပြောင်းရေးလုပ်ဖို့ ဘက်အားလုံးပါတဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်ဖို့ ပြောသွားတယ်။ ဒါကို တရုတ်အစိုးရ၊ တရုတ်စစ်တပ်၊ တရုတ်ပါတီ ဝိုင်းအကောင်အထည်ဖော်တာပဲ။ မြောက်ပိုင်း ၃ ဖွဲ့နဲ့ မိုင်းလားမှာ တွေ့တာကလည်း အဲဒီမူဝါဒရဲ့ အစိတ်အပိုင်းတခုပဲ” ဟု ၎င်းက ပြောသည်။
“အခုကတော့ တရုတ်က သူပိုင်တဲ့ မြောက်ပိုင်းအဖွဲ့တွေက အစချီပြီး တွေ့ဆုံဆွေးနွေးဖို့၊ အပစ်ရပ်ဖို့ စလုပ်တယ်။ အဲဒါပြီးရင် NUG နဲ့ တပ်နဲ့ ဆွေးနွေးနိုင်အောင် သူလုပ်လိမ့်မယ်ထင်တယ်။ ခန့်မှန်းကြည့်တာပေါ့။ လောလောဆယ် တရုတ်လုပ်တာက အစပဲရှိသေးတယ်။ တခုပြီးတခု ဆက်တိုက် သူလုပ်လိမ့်မယ် ထင်တယ်။ သူလုပ်တာ အောင်မြင်ပါ့မလား၊ ဘယ်လောက်အောင်မြင်မလဲဆိုတာ စောင့်ကြည့်ရမှာ” ဟုလည်း မှတ်ချက်ပြုသည်။
You may also like these stories:
မင်းအောင်လှိုင် ဘာကြောင့် ဘေဂျင်းသို့ မသွားသေးသနည်း
စစ်ကောင်စီဘက် ဆက်ရပ်တည်နေရင် တရုတ်ဆန့်ကျင်ရေး ပိုအရှိန်မြင့်လာမယ်
မင်းအောင်လှိုင်ဟာ နိုင်ငံကို လုံးဝ မထိန်းချုပ်နိုင်ဘူးဆိုတာ တရုတ် သိတယ်
အွန်လိုင်းနှင့် နယ်စပ် ရာဇဝတ်မှုများ တရုတ်နှင့် စစ်ကောင်စီ ပူးပေါင်း နှိမ်နင်းမည်
တရုတ်ဝန်ကြီး လာပြီးနောက် မြန်မာတွင် တရုတ်ဆန့်ကျင်ရေး မြင့်မားလာနေ














