အလွန်ပူပြင်းသော မေလလယ်တွင် အငူမော်ကမ်းခြေအနီး လယ်ကွင်းများတွင် အပုပ်နံ့များနှင့် ဖုံးလွှမ်းနေသည်။
ထိုအနံ့များမှာ ပုပ်ပွကာသေဆုံးနေသည့် ကျွဲ၊ နွားအသေကောင်များထံမှ ဖြစ်ပြီး မေ ၁၄ ရက် ရခိုင်ပြည်နယ်အတွင်း ဝင် ရောက် တိုက်ခတ်ခဲ့သည့် မိုခါအမည်ရ ဆိုင်ကလုန်းမုန်တိုင်း၏ အကျိုးဆက်များကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။
မိုခါမုန်တိုင်း ဝင်ရောက်ခဲ့သည့် ရသေ့တောင်မြို့နယ်နှင့် မောင်တောမြို့နယ်အတွင်းသို့ ဆက်သွယ်ထားသည့် အငူမော် ကားလမ်းတလျှောက်တွင် တည်ရှိသည့် ကျေးရွာများမှာ ရွာလုံးကျွတ်နီးပါး ပျက်စီးခဲ့ရသလို နေအိမ်ခေါင်မိုးများ ပြား ပြားဝပ်ကာ သစ်များကြီးများ ပြိုလဲခြင်းများနှင့်အတူ တချို့အပင်များမှာလည်း အကိုင်းအခက်များ ကျိုးကျ၍ ပင်စည်မှာ မီးစွဲလောင်သကဲ့သို့ မဲ၍ ပြာနှမ်းနေသည်။
မိုခါမုန်တိုင်းမဝင်ခင်အချိန်က အငူမော်ကားလမ်းတလျှောက်တွင် တည်ရှိသော ကျေးရွာများမှာ အုန်းပင်၊ ကွမ်းသီးပင် စသည့် စားပင်သောက်ပင်များဖြင့် မြင်ရသူတိုင်းအတွက် ကြည်နူးစရာကောင်းသည့် မြင်ကွင်းမျိုး ဖြစ်သည်။ ကား လမ်းအနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော် တည်ရှိပြီး၊ ကားလမ်း၏ အရှေ့ဘက်တလျှောက်တွင် မယူတောင် တန်း (ခ) မေယုတောင်တန်းကြီးကလည်း အငူမော်ကမ်းခြေကို အလှဆင်ထားသေးသည်။
သို့သော်လည်း မိုခါမုန်တိုင်းဝင်ရောက်ပြီးနောက် အငူမော်ကျေးရွာများ၏ မြင်ကွင်းမှာ ယခင်လိုသာယာမှုများ ပျောက် ကွယ်ပြီး အကျည်းတန်ခဲ့ရကာ သွပ်ပြားအပိုင်းအစများ၊ သစ်ပင် သစ်ကိုင်းကျိုးများ၊ မြေပြင်တွင် ပြားပြားဝပ်နေသော အိမ်ခေါင်မိုးများဖြင့် မြို့ပျက်သကဲ့သို့ ဖြစ်ခဲ့ရသည်။
မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း လူပေါင်းရာနှင့်ချီ သေဆုံးခဲ့ရသလို၊ လူသန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ ရသည်။ ထို့ပြင် ကျွဲ၊ နွား တိရစ္ဆာန်အမြောက်မြားလည်း သေဆုံးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုများ အလွန်များပြားသည့် အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများက လက်ရှိအချိန်အထိ စာရင်းအတိအကျ ကောက်ယူ ထုတ်ပြန်နိုင်ခြင်း မရှိ သေးပေ။
ထိုသို့ မုန်တိုင်းကြောင့် လူပေါင်းရာချီ သေဆုံးခဲ့မှုများအနက် ရသေ့တောင်မြို့နယ်အတွင်း၊ အငူမော်ကားလမ်းဘေးတွင် ရှိသည့် ဒုံးပိုက်ကျေးရွာမှာ ထိခိုက်မှုနှင့် လူသေဆုံးမှု အများဆုံး ကျေးရွာ တရွာ ဖြစ်သည်။
အိမ်ခြေ၂၅၀ ကျော်၊ လူဦးရေ ၂၀၀၀ ကျော်ရှိသည့် ဒုံးပိုက်ရွာသည် မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့်အတွက် မိမိတို့ နေအိမ်တွင် မနေရဲဘဲ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများတွင် ရွှေ့ပြောင်းနေထိုင်ခဲ့ကြသော်လည်း မုန်တိုင်းတိုက်ချိန်တွင် ရွာသားများ ခိုလှုံရာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းအဆောက်အုံများ ပြိုကျမှုကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ရွာသား ၁၃ ဦးအထိ သေဆုံးခဲ့သည်။
မုန်တိုင်းရှောင်ရင်း ခိုလှုံရာ အဆောက်အအုံပြိုကျမှုကြောင့် သေဆုံးသူများထဲတွင် ဒုံးပိုက်ရွာသူ အသက် ၆၀ အရွယ် ဒေါ်စောတင်ရီ လည်း ပါဝင်ခဲ့သည်။
“ကျမနဲ့ အမေကတော့ ဓမ္မာရုံထဲမှာ ရွာသားတွေနဲ့အတူ ဝင်ခိုနေရင်း မုန်တိုင်းက တိုက်တာကြမ်းလာတော့ ၂ နာရီ လောက်အကြာမှာ ဓမ္မာရုံခေါင်မိုးတွေ စပြိုတယ်။ အဲဒီကနေ ကျောင်းသင်္ခမ်းထဲကို ဝင်ပြေးကြတယ်။ အဲဒီကျောင်း သင်္ခမ်းကလည်း နောက်ထပ် ၁ နာရီ လောက်အကြာမှာ အုတ်နံရံတွေ ပြိုကျပြီးတော့ လူတွေ အဲဒီမှာ သေသွားကြ တာ” ဟု သေဆုံးသူ ဒေါ်စောတင်ရီ၏ သမီး မစောဉာဏ်ဌေးက ဖြစ်စဉ်ကို ပြန်လည် ပြောပြသည်။
မစောဉာဏ်ဌေးတို့ သားမိနှစ်ယောက် ခိုလှုံနေသည့် ကျောင်းသင်္ခမ်းမှာလည်း မုန်တိုင်း လေပြင်းတိုက်ခတ်မှုများ ကြောင့် တုန်ခါနေသလို မျက်နှာကျက်များ စတင် ကွာကျလာသည့်အတွက် နံရံထောင့်နားများသို့ ထွက်ပြေးကြသလို တချို့ရွာသားများမှာလည်း လွတ်ရာနေရာသို့ ရှောင်တိမ်းနေစဉ် အုတ်နံရံနှစ်ဖက်လုံး တပြိုင်တည်းပြိုကျလာခဲ့ကြောင်း လည်း ၎င်းက ဆက်လက် ပြောပြသည်။
“မျက်နှာကျက်တွေ စပြိုလာတော့ လူတွေက အပေါ်ကိုပဲ မော့ကြည့်နေကြတယ်။ ကျောင်းသင်္ခမ်းခေါင်မိုးတွေ စပြို လာ တော့ နံရံထောင့်ကို ပြေးကြတယ်။ ဟိုဘက်က ပြို ဒီဘက်ကို ပြေး၊ ဒီဘက် ပြို ဟိုဘက်ပြေး၊ ကျမတို့က နံရံနားမှာဆို တော့ နံရံကို တချက် လက်နဲ့ စမ်းကြည့်တော့ အုတ်နံရံက တုန်ခါနေတယ်။ အခြေအနေ မကောင်းဘူး အမေ ဒီကနေ ထွက်ပြေးကြမယ်ဆိုပြီး ပြောနေစဉ်မှာပဲ စဉ်းစားချိန် မရလိုက်ဘူး။ နံရံနှစ်ဖက်လုံးက တပြိုင်တည်း ပြိုကျလာပြီးတော့ အမေလည်း ပိပါသွားတာ” ဟု ၎င်းက မိခင်သေဆုံးရပုံကို ပြောပြသည်။
မစော ဉာဏ်မေ၏ မိခင် ဒေါ်စောတင်ရီကဲ့သို့ သေဆုံးသွားသည့် အသက် ၆၀ အရွယ် ဦးကျော်ထွန်းလှိုင်နှင့် သမီး ဖြစ်သူ အသက် ၄၀ အရွယ် ဒေါ် နွဲ့လှိုင်ဦးတို့၏ ဖြစ်ရပ်ကလည်း ရင်နင့်စရာပင်။
“ကျမ ညီမလေး နွဲ့လှိုင်ဦးဆိုရင် အုတ်နံရံပိနေတဲ့ အချိန် သူ့ကို ဆွဲထုတ်ဖို့ အကူအညီတောင်းသေးတယ်။ လူတယောက် နှစ်ယောက်လောက် ရှာမရဘူးလား။ ငါ့ကို တချက် ကယ်ထုတ်ကြပါလို့ အော်နေသေးတယ်။ ဘေးနား က လူတွေကလည်း ထုတ်တန်းပိနေတဲ့လူနဲ့၊ မျက်နှာကျက် ခေါင်းပေါ်လာကျလို့ လည်ပင်းမှာ မျက်နှာကျက်အပြား တန်းလန်းနဲ့ ပြေးနေတဲ့သူတွေနဲ့ဆိုတော့ ချက်ချင်း မကယ်လိုက်နိုင်ဘူး” အစ်မဖြစ်သူ ဒေါ်အောင်ကြိုင်နုက ပြော သည်။
မုန်တိုင်း တိုက်ခတ်မှုသည် ကျောင်းသင်္ခမ်းပြိုသည့်အချိန်တွင် လေတိုက်နှုန်း အလွန်ပြင်းထန်သည့်အတွက် ဒုံးပိုက် ရွာသူရွာသားများမှာ တဦးနှင့်တဦး မကယ်နိုင်မကူနိုင်ဘဲ မုန်တိုင်းအန္တရာယ် ရင်ဆိုင်နေရသည်။ နံရံပြိုကျသည့် အထဲတွင် ပါသွားသူများ၏ ကယ်ထုတ်ရန် အကူအညီတောင်းခံမှုများကို ကြားနေရသော်လည်း ရင်နာနာဖြင့် နေခဲ့ရကြောင်း ရွာသားများက ပြောပြသည်။
မုန်တိုင်းကြောင့် ဒုံးပိုက်ကျေးရွာသား သေဆုံးသူ ၁၃ ဦးတွင် အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၉ ဦးတို့ ပါဝင်ပြီး အမျိုးသမီး ၉ ဦးထဲ၌ အသက် ၈ နှစ်အရွယ်၂ တန်း ကျောင်းသူ မခိုင်သဇင်ထွန်း တယောက်လည်း စာသင်ကျောင်း နံရံပြိုကျမှုကြောင့် သေဆုံးခဲ့ရသည်။
“လေက တအားပြင်းလာတော့ ပြတင်းပေါက်က မှန်တွေ စကွဲပြီးတော့ လေက အထဲကို အလုံးလိုက် ဝင်လာတယ်။ ကျနော့်ညီမလေးက လေတိုက်ပြီး လဲသွားတယ်။ ကျနော်က သူ့လက်ကို လှမ်းဆွဲလိုက်သေးတယ်။ မရလိုက်ဘူး။ အဲဒီအချိန် အနောက်ဘက်က နံရံကလည်း ပြိုကျလာပြီးတော့ လည်ပင်းကို ထိသွားတာ” ဟု အစ်ကိုဖြစ်သူ အသက် ၁၂ နှစ်အရွယ် ထွန်းမြကျော်က ဖြစ်စဉ်ကို ပြောပြသည်။
ထွန်းမြကျော်သည် ရှိသမျှအားဖြင့် အုတ်နံရံအပိုင်းအစများကို ဖယ်ထုတ်ပြီး ညီမဖြစ်သူကို ကယ်ထုတ်ကာ ပွေ့ချီပြီး ရွာထဲကို ပြေးလာခဲ့သော်လည်း ရွာထဲသို့ ရောက်ရှိသောအခါ သူ၏ ညီမလေးမှာ အသက် မရှိတော့ပေ။
ထွန်းမြကျော်နှင့် မခိုင်သဇင်ထွန်းတို့ မိခင် ဒေါ်ရွှေအေးမှာ သင်္ကြန်မတိုင်ခင်က သားသမီးများ၏ အနာဂတ် အတွက်ဟု ဆိုကာ မလေးရှားနိုင်ငံသို့ အလုပ် လုပ်ကိုင်ရန် ထွက်ခွာသွားပြီး ညီမဖြစ်သူဒေါ်စောနှင်းရီထံတွင် အပ်နှံထားခဲ့ခြင်း ဖြစ်သည်။
“မုန်တိုင်းမတိုက်ခတ်မီ ၁ နာရီလောက်အလိုမှာ အစ်မက မလေးရှားကနေ ဖုန်းဆက်ပြီးတော့ ငါ့သား သားသမီးတွေ ကို ဂရုစိုက်ပေးပါ၊ သူ အိပ်မက် မကောင်းဘူး။ ဘယ်လိုမှန်းလည်း မသိဘူး တခုခု ခံစားနေရတယ်။ တချက် ဂရုစိုက် ပေးပါလို့ အတန်တန် ပြောတယ်။ ကျမကလည်း စိတ်ချ အစ်မလို့ ကတိပေးလိုက်ပြီး ၃ နာရီလောက်ပဲ ကြာတယ်။ အခုလို ဖြစ်သွားတာ။ မယုံနိုင်ဘူး” ဟု တူမ သေဆုံးခဲ့ရသူ ဒေါ်စောနှင်းရီက စီးကျလာသည့် မျက်ရည်ကို သုတ်ရင်း မုန်တိုင်းကြောင့် မိသားစုဝင်များ သေကွဲ ကွဲရပုံကို ပြန် ပြောပြသည်။
မိုခါမုန်တိုင်းသည် ရသေ့တောင်မြို့နယ်၊ အငူမော်ကမ်းခြေတလျှောက် ကနဦး အရှေ့ဘက် မေယုတောင်ဘက်ကနေ ဝင်ရောက်တိုက်ခိုက်ပြီး မွန်းလွဲ၂ နာရီအချိန်တွင် ၁၀ မိနစ်ခန့် လေငြိမ်သွားပြီးနောက် ရွာ၏ အနောက်ဘက် ပင်လယ် ဘက်ကနေ ထပ်မံပြီး တိုက်ခတ်လာကြောင်း၊ ထပ်မံတိုက်ခတ်မှုတွင် လေတိုက်နှုန်း ပိုပြီး ပြင်းထန်လာသလို ပင်လယ် ရေလှိုင်းများ တရှိန်ထိုး တက်လာခဲ့ကြောင်း ဒုံးပိုက်ကျေးရွာသားများက ပြောသည်။
“မွန်းလွဲ ၁၂ နာရီကနေ လေ စတိုက်တယ်။ ၁၂ နာရီခွဲဆိုရင် မုန်တိုင်းက တော်တော် ပြင်းလာတယ်။ ခေါင်းမိုးတွေ ပွင့်ကုန်ပြီး သွပ်ပြားတွေဆိုရင် လေထဲမှာ လွင့်ပါနေတယ်။ မွန်းလွဲ ၂ နာရီလောက်မှာ လေက လုံးဝ ငြိမ်သွားတယ်။ ကောင်းကင်အရောင်က အဝါရောင်လိုလို၊ အနီးဖျော့ဖျော့လိုလို ဘယ်လို အရောင်မှန်းတောင် မပြောတတ်ဘူး။ ကြယ် တွေ လတွေ ထွက်နေသလိုပဲ။ တချို့ လူတွေကတော့ မုန်တိုင်းပြီးသွားပြီလို့ ထင်ပြီးတော့ ထွက်ကြည့်ကြသေးတယ်။ ၁၀ မိနစ်လောက်ပဲ ကြာတယ်။ နောက်ထပ် ပင်လယ်ဘက်ကနေ တခါထပ်တိုက်ပြန်တယ်” ဟု ဒုံးပိုက်ရွာသား ကိုနေ လင်းထက်က မုန်တိုင်း တိုက်ခတ်သည့်အချိန် ကြုံတွေ့ခဲ့ရပုံကို ပြန်ပြောပြသည်။
ထိုသို့ မုန်တိုင်း နောက်တကြိမ် ထပ်တိုက်သည့်အချိန်တွင် ဓမ္မာရုံနှင့် ကျောင်းသင်္ခမ်းပါ ပြိုကျ ပျက်စီးသွားသည့် အတွက် ဘုန်းကြီးကျောင်းထဲ ခိုလှုံနေသော ဒုံးပိုက်ကျေးရွာသားတချို့ ရွာထဲသို့ ပြန်၍ထွက်ပြေးကြသလို၊ တချို့မှာ လည်း ဘုန်းကြီးကျောင်းဝင်းရှိ သစ်ပင်များကို အားကိုးတကြီး ဖက်တွယ်နေခဲ့ရသည်။
“ဓမ္မာရုံလည်း ပြို၊ ကျောင်းသင်္ခမ်းလည်း ပြိုဆိုတော့ ကျမတို့ ထပ်ပြီးတော့ ခိုလှုံစရာမရှိတော့ဘူး။ လေက အလွန်ပြင်း တော့ ကလေးတွေနဲ့ ထွက်ပြေးဖို့မဆိုထားနဲ့ ခေါင်းတောင် မဖော်နိုင်ဘူး။ ဘေးနားမှာရှိတဲ့ သရက်ပင်လေးကို လက်နဲ့ ဆွဲထားတယ်။ ကျမခေါင်းကို ငုံ့ပြီးတော့ ကလေးတွေကို ရင်ခွင်ထဲ ထည့်ထားတယ်။ မိုးကလည်းရွာတော့ ကျမနေတဲ့ သရက်ပင်ရင်းမှာ ရေအိုင်တွေဖြစ်ပြီး ကလေးတွေဆို ရေထဲမှာ တပိုင်း နစ်နေတယ်” ဟု ဒုံးပိုက်ရွာသူ အသက် ၃၂ နှစ် အရွယ် မယုယုခင်က မုန်တိုင်းဒဏ်ခံရပုံကို ပြန်ပြောပြသည်။
မိုခါမုန်တိုင်း ဖြတ်ကျော်ပြီး လေငြိမ်သွားသည့် ညနေ ၄ နာရီအချိန်တွင် သူမ၏ သားသမီး နှစ်ယောက်မှာ အအေး ဒဏ်ကြောင့် မေးရိုးများပင် လှုပ်မရတော့သည့်အတွက် ဘုန်းကြီးကျောင်းပေါ်ကနေ သင်္ကန်း ၂ ထည်ယူကာ ပတ်တီး စည်းသလို ခြုံပေးလိုက်ရကြောင်းလည်း မယုယုခင်က ပြောသည်။
ထိုသို့ မယုယုခင် တယောက် မိုးရေထဲတွင် အကာကွယ်မယ့် မုန်တိုင်းဒဏ် အလူးအလဲ ခံနေရသည့်အတွက် မိခင် ဖြစ်သူ အသက် ၆၀ အရွယ် ဒေါ်မချစ် ကျောင်းသင်္ခမ်းပြိုကျပြီး မည်သို့မည်ပုံ သေဆုံးသွားသည်ကိုပင် မသိရှိလိုက်ပေ။
မိုခါဆိုင်ကလုန်းမုန်တိုင်း နတ်ဆိုးတကောင်ကဲ့သို့ ဝင်ရောက်မွှေနှောက်တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း တခုလုံး မုန်တိုင်းဘေးသင့်ခဲ့ရကာ စစ်တွေ၊ ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ စသည့် မြို့နယ်များမှာ ထိခိုက်မှု အဆိုးဝါးဆုံးဖြစ်ပြီး နေအိမ်များ၊ စာသင်ကျောင်းများ၊ ဌာဆိုင်ရာ ရုံးများ၊ ဘာသာရေး အဆောက်အအုံများ၊ ကျွဲ၊ နွား တိရစ္ဆာန်များနှင့် ဥယျာဉ်ခြံမြေ ၉၀ ရာနှုန်း နီးပါးအထိ ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း စာရင်းကောက်ယူနေသည့် ဒေသခံ အရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။
ရန်ကုန်- စစ်တွေကားလမ်းမတလျှောက်ရှိ မဟာဓာတ်အားလိုင်း တာဝါတိုင်ကြီးများနှင့် ဆက်သွယ်ရေး တာဝါတိုင်ကြီး များပါ ပြိုလဲပျက်စီးသွားသည့်အတွက် မုန်တိုင်း ဝင်ရောက်တိုက်ခတ်သည့် မေလ ၁၄ ရက် ညနေပိုင်းကနေ လက်ရှိ အချိန်အထိ လျှပ်စစ်မီးများ လုံးဝ ပြတ်တောက်သွားသလို ဖုန်းလိုင်းများနှင့် အင်တာနက်လိုင်းများမှာလည်း ပုံမှန် အခြေအနေသို့ မရောက်ရှိနိုင်သေးပေ။
စစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းသင့် ပြည်သူများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင် ရွက်ရန် မြို့နယ်အလိုက် စစ်ဗိုလ်ချုပ်ကြီးများကို တာဝန်ပေးထားသည်။ စစ်ဘက်ဆိုင်ရာသုံး သင်္ဘောကြီးများဖြင့် ကယ်ဆယ်ရေးပစ္စည်းများကို ပို့ဆောင်ပေးထားကြောင်းနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့် တပြေးညီ လုပ်ကိုင်နေကြောင်း ၎င်းတို့အာဘော်ဖြစ်သည့် မီဒီယာများကနေ နေ့စဉ် ဖော်ပြနေသည်။
သို့သော်လည်း စစ်ကောင်စီ၏ ကူညီထောက်ပံ့ရေးမှာ မုန်တိုင်းသင့် ပြည်သူများ၏ လိုအပ်ချက်များနှင့်တိုင်းတာလျှင် နှမ်းစေ့သာသာမျှသာဖြစ်ကြောင်း ရခိုင်ပြည်နယ် မုန်တိုင်းသင့် ပြည်သူများက ဝေဖန်ကြသည်။
“စစ်ကောင်စီက ဒီဘက်မှာတော့ ဆင်းရဲနွမ်းပါးတဲ့ ကျေးရွာအုပ်စုတချို့ကို တအိမ်ထောင်ခေါက်ဆွဲ ၂၁ ဖာ၊ ဆန် နို့ စည်ဗူး၂၀ နဲ့ စားဆီလီတာဝက် ပေးတယ်။ ကျန်တာ အခုအထိ ဘာမှ ပေးတာ မရှိသေးဘူး။ လူတွေက မိုးရေထဲမှာ ဒီအတိုင်း မနေနိုင်ကြတော့ ရှိတာနဲ့ ကိုယ့်ဟာကိုပဲ ဖြစ်သလို ပြုပြင်ပြီး နေကြရတာပေါ့” ဟု ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာသား ဦးမောင်စောဝင်းက ပြောသည်။
အလားတူ ကျောက်တော်မြို့နယ်တွင်လည်း စစ်ကောင်စီ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ လက်ရှိအချိန်အထိ ရောက်ရှိလာခြင်း မရှိသေးကြောင်း ကျောက်တော်မြို့ခံ ကိုကျော်လှမြင့်က ဆိုသည်။
၎င်းက “ကုလားတန် အရှေ့ဘက်ကမ်းရော၊ အနောက်ဘက်ကမ်းက ရွာတွေကိုပါ ကျနော်သွားကြည့်တော့ သစ်ပင်ပိ နေတဲ့ အိမ်တွေ၊ တချို့ အိမ်ခေါင်မိုး မရှိတော့တဲ့ အိမ်တွေကိုပဲ တွေ့တယ်။ ပျက်စီးသွားတဲ့ အိမ်တွေမှာ လူတွေလည်း မရှိကြဘူး။ ရွာသားတွေကို ကျနော်မေးကြည့်တော့ အိမ်ပြင်စရာ ငွေကြေး မတတ်နိုင်လို့ တခြားဆွေမျိုးအိမ်တွေကို ပြောင်းသွားတယ်လို့ ပြောတယ်။ ကူညီကယ်ဆယ်ရေးက အခုထိတော့ ဘယ်အဖွဲ့အစည်းမှ ရောက်မလာကြသေးဘူး” ဟု ဧရာဝတီကို ပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ်နှင့် စစ်တွေမြို့နယ်အတွင်းရှိ တချို့သော ကျေးရွာများတွင် စစ်ကောင်စီက ဆန်အနည်းငယ်နှင့် စား အုန်းဆီ မဖြစ်စလောက်သာ လက်ရှိအချိန်အထိ ကူညီထောက်ပံ့ထားကြောင်း စစ်တွေမြို့ ၊ ဆပ်ရိုးကျရပ်ကွက်မှ ဒေါ်ဖြူ မ က ပြောသည်။
၎င်းက “ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက တအိမ်ထောင်ကို နို့ဆီဘူး၂၀ နဲ့ အိမ်ထောင်စု ၈ စု ပေါင်းပြီးတော့ စားအုန်းဆီ ၁ လီတာ ပေးတယ်။ အဲဒါတောင် နေပူကြီးထဲ တန်းစီပြီး ရတာ” ဟု ဧရာဝတီကို ပြောသည်။
စစ်တွေမြို့ခံ နိုင်ငံရေး တက်ကြွက်လှုပ်ရှားသူ ဦးအောင်သန်းဝေက ရခိုင်ပင်လယ်ပြင်မှ ထွက်ရှိသော သယံဇာတ အကျိုးအမြတ်ကို ရယူထားသည့် သက်ဆိုင်ရာပုဂ္ဂိုလ်များအနေဖြင့် ရခိုင်လူထု ဘေးဒုက္ခကျချိန်တွင် နိုင်ငံတော် ဘတ် ဂျက်ဖြင့် ပြည့်ပြည့်ဝဝ ကူညီထောက်ပံ့ပေးသင့်သည်ဟု ဆိုသည်။
“ရခိုင်ပင်လယ်ပြင်က ထွက်တဲ့သယံဇာတ အကျိုးအမြတ်ကိုတော့ အစိုးရအဆက်ဆက် ယူထားတယ်။ ပင်လယ်ပြင် က ပေးတဲ့ ဘေးဒုက္ခကိုကျတော့ ရခိုင်လူထု ခံစားရတယ်။ အခုလို ရခိုင်လူထု ဒုက္ခရောက်ရှိမှာ ရွှေဂက်စ်ကရတဲ့ ဒေါ်လာ ဘီလီလံချီတဲ့ ငွေတွေကို အနည်းအကျဉ်းတော့ ခွဲဝေပြီးတော့ ကူညီထောက်ပံ့သင့်တာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ပင်လယ်ကမ်းခြေနှင့်သာယာလှပသည့် စစ်တွေမြို့တော်သည်လည်း မုန်တိုင်းတိုက်ခတ်မှုကြောင့် လက်ရှိအခြေအနေ တွင် သွပ်ပုံများ၊ သစ်ကိုင်းကျိုးများ၊ အမှိုက်ပုံများဖြင့် တမြို့လုံးပြည့်နှက်နေကာ မြို့ပေါ် ရပ်ကွက်တိုင်းတွင် နေအိမ်များ ယာယီပြုပြင်ရန် သွပ်ပြားများ တူရိုက်သံများနှင့်အတူ မီးစက်မောင်းသံများဖြင့် ဝန်းကျင်တခုလုံး နေ့ရောညပါ ဆူညံသံ များ ထွက်ပေါ်နေသည်။
ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက စစ်ကောင်စီ၏ လေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့မှုသည် လတ်တ လောအခြေအနေအရ ဟန်ပြလုပ်နေသည်ဟုသာ မြင်မိကြောင်း ပြောသည်။
“ကျနော်တို့ မြေပုံ၊ မင်းပြား၊ ပေါက်တောဘက်ကတော့ အခုအချိန်အထိ စစ်ကောင်စီရော၊ နိုင်ငံတကာအဖွဲ့တွေရော ဘာမှ ကူညီထောက်ပံ့တာ မရှိသေးဘူး။ တခြား မြို့ နယ်မှာတော့ မဖြစ်စလောက်ပေးတယ်လို့တော့ ကြားတယ်။ ဒီလောက် ထိခိုက်ပျက်စီးမှုများတဲ့ အခြေအနေကို ဆန်နို့ဆီဗူး ၁/၂ လုံး ပေးတယ်ဆိုတာက ရယ်စရာပဲ။ အမှန်က နိုင်ငံတော် ဘတ်ဂျက်တွေနဲ့ သေချာ ကူညီထောက်ပံ့ ပေးသင့်တာ။ အခုကတော့ ပြန်လည်ထူထောင်ရေးကို မဆိုနဲ့ အရေးပေါ် ကယ်ဆယ် ကူညီရေးကိစ္စကို မလုပ်နိုင်ဘူး” ဟု ဦဖေသန်းက ဝေဖန်သည်။
လက်ရှိတွင်လည်း မုန်တိုင်းဘေးသင့်သူများအား ကူညီကယ်ဆယ်ရေး အထောက်အပံ့များပေးရန် နိုင်ငံတကာ အဖွဲ့ အစည်းများက စစ်ကောင်စီ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေဆဲ ဖြစ်သည်။
အလွန်ပြင်းအား ပြင်းသော မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်များတွင် လူ ပေါင်းရာချီသေဆုံးမှုအပြင်၊ ကျွဲ၊ နွား တိရစ္ဆာန်များ ထောင်ချီသေဆုံးခြင်း၊ ငါးဖမ်းစက်လှေများ ပျက်စီးခြင်း၊ လယ်ယာ သုံး စက်ကရိယာများ၊ ဥယျာဉ်ခြံမြေများ၊ နှစ်ရှည်စိုက်ခင်းများ အမြစ်ကမကျန် လဲကျခြင်း အစရှိသည့် ပျက်စီးဆုံးရှုံးမှု များမှာ နှစ်ရှည်လများစစ်ဒဏ်နှင့် ကိုဗစ်ဒဏ်ခံထားရသော ရခိုင်အတွက်မူ နလန်ပြထနိုင်ရေးမှာ ဆယ်စုနှစ်များအထိ ကြာမြင့်ဦးမည် ဖြစ်သည်။
မုန်တ်ိုင်းရိုက်ခတ်မှုဒဏ် ဆိုးဆိုးဝါးဝါး ခံခဲ့ရသည့် ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေးရွာ ရွာသူရွာသားများမှာ မိသားစုဝင် များ သေဆုံးရသည့်အတွက် ပူဆွေးသောကရောက်နေကြသော်လည်း ဝမ်းရေးနှင့် နေရေးစားရေးအတွက် ခြစ်ခြစ် တောက် ပူပြင်းသော နေ့အပူချိန်အောက်တွင် မိုးကာစများ၊ စောင်များဖြင့် ယာယီတဲအိမ်များကို ဆောက်လုပ်နေကြ သည်။
ဒုံးပိုက်ရွာသူ ဒေါ်စောနှင်းရီသည် ကျန်ရစ်သော မိသားစုဝင်များ နေထ်ိုင်နိုင်ရန် ယာယီတဲအိမ်ကို ဆောက်ရင်း တူမဖြစ် သူ မခိုင်သဇင်ထွန်း မုန်တိုင်းကြောင့် အသက်ဆုံးရှုံးလိုက်ရပြီဖြစ်ကြောင်း မလေးရှားရောက် အစ်မဖြစ်သူ ဒေါ်ရွှေအေး ထံ အကြောင်းကြားရန်အတွက် အပူမီးများဖြင့် ရင်ထဲတွင် ဖြစ်ပေါ်လျက်ရှိသည်။
မုန်တိုင်းတိုက်ပြီး နှစ်ရက်ကြာသည့်တိုင် ဖုန်းလိုင်းများ ပြတ်တောက်နေသဖြင့် ဆက်သွယ်၍ မရကာ အစ်မဖြစ်သူထံ ထိုဖြစ်ရပ်ဆိုးကြီးကို အကြောင်း မကြားနိုင်သေးပေ။
မုန်တိုင်းအလွန် မေလ ၁၆ ရက်တွင်မူ ဒေါ်စောနှင်းရီတယောက် ဖခင်ဖြစ်သူနှင့်အတူ ဖုန်းလိုင်းမိသော အငူမော်စက် လှေဆိပ်ကမ်းသို့ လာရောက်ပြီး မလေးရှားရောက် အစ်မဖြစ်သူ ဒေါ်ရွှေအေးထံ ဖုန်းဆက် လိုက်သည်။
မလေးရှားနိုင်ငံထဲသို့ ဖုန်းဝင်သည်ဆိုသည်နှင့် အစ်မဖြစ်သူ မရွှေအေးက ရေးကြီးသုတ်ပြာဖြင့် မေးမြန်းလာသည်။
“ဒုံးပိုက်ရွာက ၈ နှစ်အရွယ် မိန်းကလေးတဦး သေဆုံးတယ်ဆိုတာ သတင်းတွေမှာ ဖတ်ရတယ်။ အဲဒါ ငါ့သမီးလေး လားဆိုပြီး မေးတော့တာ။ ကျမ အစ်မက သူ့သမီးလေး သေဆုံးတဲ့အထဲ ပါသွားပြီဆိုတာ သိနေတယ် ထင်တယ်။ ကျမက ရင်ထဲမှာဆို့နေတဲ့အတွက် ပြောမထွက်ဘူး။ ဖုန်းလိုင်းကလည်း မကောင်းတော့ သူထပ်ခါခါ အဲဒီလိုပဲ မေးနေ တယ်။ နောက်ဆုံး ကျမ ဟုတ်တယ်လို့ တခွန်းပဲ ပြောနိုင်လိုက်တယ်” ဟု ဒေါ်စောနှင်းရီတယောက် ဆို့နင့်နေသည့် အသံခပ်တိုးတိုးဖြင့် ပြောသည်။
You may also like these stories:
စစ်ကောင်စီ ကန့်သတ်ချက်ကြောင့် မိုခါမုန်တိုင်း နောက်ဆက်တွဲ ကူညီရေး အဟန့်အတားဖြစ်
ဆိုင်ကလုန်းမိုခါကြောင့် သေဆုံးသူ ၂၀၀ ကျော်အထိ မြင့်တက်လာ
မုန်တိုင်းဒဏ်ခံရသူများ စားနပ်ရိက္ခာလိုအပ်၊ ကုလက သွားခွင့်ရရန် ညှိနှိုင်းနေဆဲ
ရခိုင်ဒေသသို့ နိုင်ငံတကာ အကူအညီ စစ်ကောင်စီ ခွင့်မပြု
လျစ်လျူရှုခံနေရတဲ့ မုန်တိုင်းသင့် ချင်းဒေသက ပြည်သူများ
စာရေးဆရာဝေဟင်အောင်နှင့်အဖွဲ့အား ဖမ်းဆီးမှု၊ ကူညီကယ်ဆယ်ရေးကို ခြိမ်းခြောက်ရာ ရောက်