၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် မော်စကိုနှင့် စစ်ရေး၊ စီးပွားရေး၊ စွမ်းအင်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို မှီခိုပြီး ရုရှားနှင့်မြန်မာအကြား ဆက်ဆံရေးကို တောင့်တင်းအောင်လုပ်ကာ မြင့်မားလာသော နိုင်ငံတကာဖိအား သက်သာစေရန် ကြိုးစားသည်။
အကျိုးအမြတ်များသော အခွင့်အလမ်းအဖြစ် မြင်သောကြောင့် စစ်ကောင်စီ ခေါင်းဆောင်၏ ထိုရည်မှန်းချက် အောင်မြင်ရန် ကူညီလိုသည် လုပ်ငန်းရှင်အများအပြား ရှိသည်။
စစ်ကောင်စီ၏ ရုရှားရည်မှန်းချက်များ အောင်မြင်ရန် အနီးကပ်လုပ်ဆောင်နေသော ခရိုနီများအနက် RGK+Z&A ကုမ္ပဏီများအုပ်စု အမှုဆောင်အရာရှိချုပ် ဦးဇေယျသူရမွန်သည် ထင်ရှားသူတဦး ဖြစ်သည်။
အသက် ၅၇ နှစ်ရှိပြီဖြစ်သော ဦးဇေယျသူရမွန်သည် လွန်ခဲ့သောနှစ်က စိန့်ပီတာစဘတ် နိုင်ငံတကာ စီးပွားရေးဖိုရမ်သို့ သွားသည့် ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သည်။ ဇွန်လ ၁၅ ရက်နေ့တွင် စစ်ကောင်စီ လျှပ်စစ်ဝန်ကြီးဌာနသည် ရုရှားနိုင်ငံပိုင် နျူကလီးယားလုပ်ငန်း Rosatom ၏ လုပ်ငန်းခွဲ NovaWind နှင့် မြန်မာကုမ္ပဏီ နှစ်ခုတို့ လေအားလျှပ်စစ် စီမံကိန်းများအတွက် ဖြစ်နိုင်ခြေလေ့လာရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးသည်။
ပြည်တွင်းကုမ္ပဏီ နှစ်ခုမှာ RGK+Z&A အုပ်စုအောက်မှ Zeya & Associates Company နှင့် Supreme Group အောက်မှ Primus Advanced Technologies တို့ ဖြစ်သည်။
Supreme Group သည် ရခိုင်ပြည်နယ်မှ ၁၃၅ မဂ္ဂါဝပ် ကျောက်ဖြူ သဘာဝဓာတ်ငွေ့နှင့် ရေနွေးငွေ့သုံး ဓာတ်အားပေးစက်ရုံ (CCPP) နှင့် ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်မှ ၁,၃၉၀ မဂ္ဂါဝပ် မီးလင်းဂျိုင့် ဓာတ်အားပေးစက်ရုံတို့ကို တည်ဆောက်နေသော လုပ်ငန်းဖြစ်သည်။
ဦးဇေယျသူရမွန်၏ RGK+Z&A အုပ်စုသည် ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်မှ လှော်ကား အမျိုးသားဥယျာဉ်အနီးတွင် ၅၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့ ဓာတ်အားပေးစက်ရုံကို လည်ပတ်နေသည်။ ထိုလုပ်ငန်းသည် ၂၀၁၃ ခုနှစ်မှ စတင်ပြီး စစ်အုပ်စုအဆက်ဆက်၏ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနများသို့ လျှပ်စစ်ရောင်းချနေသည်။

ဦးဇေယျသူရမွန်သည် လှော်ကား ဓာတ်အားပေးစက်ရုံအဆင့် ၂ အတွက် အပိုပစ္စည်းပေးသွင်းရေး၊ ကြီးကြပ်မှုနှင့် ပြုပြင်ထိန်းသိမ်းရေးအတွက် ကမ္ဘာကျော် Rolls-Royce Power Systems Holding နှင့် နှစ်ရှည်ဝန်ဆောင်မှု သဘောတူစာချုပ်တခုကို ၂၀၁၄ ခုနှစ်တွင် လက်မှတ်ရေးထိုးထားသည်။
လွန်ခဲ့သောလက ရုရှားတွင် သူသည် လျှပ်စစ်စွမ်းအား စီမံရေးဌာနနှင့်အတူ မန္တလေးတိုင်းမှ ကျောက်ပန်းတောင်း သို့မဟုတ် ညောင်ဦးတွင် ၂၀၀ မဂ္ဂါဝပ် လေအားလျှပ်စစ်အတွက် ဖြစ်နိုင်ခြေလေ့လာရန် NovaWind နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။
ထိုနေ့တွင်ပင် မြန်မာတွင် နျူကလီးယားမဟုတ်သော စွမ်းအင်ထုတ်လုပ်ရန် နားလည်မှုစာချွန်လွှာတစောင်ကို စိန့်ပီတာစဘတ်တွင် Rosatom နှင့် Zeya & Associates အကြား လက်မှတ်ရေးထိုးသည်။ ၎င်းတို့သည် အိုင်ယွန်း ဓာတ်ရောင်ခြည် အသုံးပြုထုတ်ကုန်များ ထုတ်လုပ်ရေးအတွက် မြန်မာတွင် ဘက်စုံသုံးအဆောက်အအုံများ တည်ဆောက်ရန် ပူးတွဲစီမံကိန်းအတွက် အပြန်အလှန် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှု ရေရှည် သဘောတူညီချက်ကိုလည်း လက်မှတ်ရေးထိုးကြသည်။ Zeya & Associates ၏ အကြီးတန်းအရာရှိတဦးက အဆိုပါသဘောတူညီချက်မှာ နျူကလီးယား ဆေးပညာကဏ္ဍအတွက်သာ ဖြစ်ကြောင်း ဧရာဝတီသို့ ပြောကြားသည်။
ဦးဇေယျသူရမွန်သည် လူသိများသည့် ခရိုနီ သို့မဟုတ် လုပ်ငန်းရှင်ကြီးအဖြစ် မကျော်ကြားဘဲ မြန်မာတွင် အောင်မြင်သော စီးပွားရေးအင်ပါယာ ထူထောင်နိုင်သူဖြစ်သည်။
ဦးဇေယျသူရမွန်သည် လူသိများသည့် ခရိုနီ သို့မဟုတ် လုပ်ငန်းရှင်ကြီးအဖြစ် မကျော်ကြားဘဲ မြန်မာတွင် အောင်မြင်သော စီးပွားရေးအင်ပါယာ ထူထောင်နိုင်သူဖြစ်သည်။
သို့သော် သူသည် သူ၏ရည်မှန်းချက်ကို လျှို့ဝှက်ထားခြင်း မရှိပေ။
“ကျနော်က ခရိုနီဖြစ်ချင်တာ” ဟု ပြည်တွင်း စီးပွားရေးသတင်းဌာနဖြစ်သော Myanmore သို့ ၂၀၂၁ ခုနှစ်တွင် ၎င်းကပြောသည်။ “အကြီးဆုံး ခရိုနီကြီး တယောက်ဆို (အမေရိကန်) ဒေါ်လာပေါ်မှာတောင် ရိုက်နှိပ်ဖော်ပြထားတာ ရှိတယ်” ဟု ၎င်းက ဆိုလျက် အမေရိကန်ပြည်ထောင်စု၏ တိုင်းကျိုးပြည်ပြု ပုဂ္ဂိုလ်တဦးလည်းဖြစ်၊ ရင်းနှီးမြှုပ်နှံသူ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးလည်း ဖြစ်သော ဘင်ဂျာမင် ဖရန်ကလင်၏ ပုံကို ထုတ်ပြခဲ့သည်။
“ခရိုနီဆိုတဲ့အဓိပ္ပာယ်က အရမ်းကြီးမားတဲ့ စီးပွားရေးသမားပဲ။ ကျနော်တို့က သြဇာကြီးတဲ့ကုမ္ပဏီ ဖြစ်ပေမယ့် ထိပ်တန်း ၁၀၀၊ ၂၀၀ လောက်စာရင်းထဲမှာပဲ ပါသေးတယ်” ဟု အထက်ပါ သတင်းဌာနသို့ ၎င်းကပြောသည်။
သူသည် ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) အောက်မှ အသင်းများတွင် စီးပွားရေးသင်တန်းများ၊ ဆွေးနွေးပွဲများနှင့် ဟောပြောပွဲများတွင် ကြီးကြပ်သူ၊ ဟောပြောသူနှင့် သဘာပတိအဖြစ် လုပ်ကိုင်ခဲ့သည်။
သူသည် စစ်ကောင်စီအောက် UMFCCI ဗဟိုအလုပ်အမှုဆောင် ကော်မတီတွင် ၂၀၂၂-၂၀၂၅ သက်တမ်းအတွက် အရွေးမခံမီ ၂၀၂၁ နှစ်ကုန်အထိ အမှုဆောင်ကော်မတီဝင် ဖြစ်သည်။
သူသည် ဗုဒ္ဓဘာသာအတွက် လှူဒါန်းမှုများကြောင့် စစ်ကောင်စီက အဂ္ဂမဟာ သီရိသုဓမ္မ မဏိဇောတဓရဘွဲ့ ပေးခံရသူလည်း ဖြစ်သည်။ ဗမာ ဗုဒ္ဓဘာသာကို စောင့်ရှောက်သူအဖြစ် ပုံဖမ်းနေသော စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ထိုဂုဏ်ပြုပွဲအခမ်းအနားသို့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် တက်ရောက်သည်။

ဦးဇေယျသူရမွန်သည် စစ်ကောင်စီခန့် ယာယီသမ္မတ ဦးမြင့်ဆွေနှင့်လည်း ရန်ကုန်တိုင်းမှူး ဘဝကတည်းက ရင်းနှီးကျွမ်းဝင်ပြီးသူ ဖြစ်သည်။
သူသည် ထိုင်းစီးပွားဘက်များနှင့် စီးပွားရေးလုပ်သည့် နောက်ခံလည်း ရှိသည်။ ယခု ထိုင်းစတော့အိတ်ချိန်းတွင် စာရင်းသွင်းထားသည့် Gunkul Engineering တွင် အရောင်းမန်နေဂျာ အဖြစ် စတင်လုပ်ကိုင်သည်။
Gunkul Engineering ၏ မြန်မာလုပ်ငန်းခွဲအဖြစ် Gunkul Engineering Supply Co., Ltd ကို ၁၉၉၇ ခုနှစ်တွင် တည်ထောင်သောအခါ ဦးဇေယျသူရမွန်သည် သူ၏ညီ ဦးသီဟသူရမွန်နှင့်အတူ ထိုလုပ်ငန်းကို ဦးဆောင်ရန် တာဝန်ပေးခံရပြီး နောက်ဆုံးတွင် အမှုဆောင်အရာရှိချုပ်နှင့် ဒါရိုက်တာအဖွဲ့ဝင် ဖြစ်လာသည်။
၁၉၉၅ ခုနှစ်တွင် သူသည် သူ၏ဇနီး ဒေါ်ခိုင်ခိုင်မြင့်၊ သူ၏ညီနှင့်အတူ Zeya & Associates ကို ထူထောင်သည်။
၂၀၁၃ ခုနှစ်တွင် ထိုထိုင်းလုပ်ငန်းခွဲကို Gunkul Myanmar Central Power 1 အဖြစ် မှတ်ပုံတင်ပြီး အမှုဆောင် ဒါရိုက်တာများတွင် ထိုင်းရင်းနှီးမြှုပ်နှံသူများဖြစ်သော နာရူချုံ ဒွန်ရောင်ပီယာဝပ်၊ ဖုန်ဆက်ခွန် ဒမ်နိုရန်နှင့် ဆိုပါချာ ဒွန်ရောင်ပီယာဝပ်တို့ ပါသည်။ ထိုသုံးဦးသည် ထိုင်းမှ Gunkul Engineering Public Co Ltd မှ အမှုဆောင် ဒါရိုက်တာ၊ လုပ်ငန်းအရာရှိချုပ်နှင့် အမှုဆောင်အရာရှိချုပ်များ အသီးသီး ဖြစ်သည်။
ဦးဇေယျသူရမွန်သည် စင်ကာပူတွင်လည်း လုပ်ငန်းများရှိပြီး ကွန်ပျူတာဆက်စပ်ပစ္စည်းများ၊ စွမ်းအင်လုပ်ငန်းသုံး ကိရိယာများ၊ ကွန်ပျူတာဟာ့ဒ်ဝဲလ်၊ အခြား သတင်းနည်းပညာနှင့် စွမ်းအင်နှင့်ပတ်သက်သော ကိရိယာများ ကုန်သွယ်ရန် စင်ကာပူတွင် Royal GK Pte Ltd ကို ၂၀၀၆ ခုနှစ်က တည်ထောင်ပြီး Zeya and Associates Pte Ltd ကို ၂၀၁၀ ခုနှစ်တွင် တည်ထောင်သည်။
သူသည် နိုင်ငံခြားငွေပေးငွေယူများ၊ နိုင်ငံတကာ ဝယ်ယူမှုများနှင့် မြန်မာမှ စီးပွားရေးများအတွက် ငွေပေးငွေယူ အတွက် Royal GK Pte Ltd ကို အသုံးပြုသည်။
သူသည် နိုင်ငံခြားငွေပေးငွေယူများ၊ နိုင်ငံတကာ ဝယ်ယူမှုများနှင့် မြန်မာမှ စီးပွားရေးများအတွက် ငွေပေးငွေယူ အတွက် Royal GK Pte Ltd ကို အသုံးပြုသည်။
၂၀၁၂ ခုနှစ်တွင် သူသည် Myanmar Central Power Co., Ltd ကို ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှင့် လှော်ကား ဓာတ်အားပေးစက်ရုံ စီမံသည့်လုပ်ငန်းအဖြစ် မှတ်ပုံတင်သည်။
သူ၏အုပ်စု အခြားလုပ်ငန်းခွဲများအဖြစ် တည်ထောင်သောလုပ်ငန်းများတွင် Double Trees Co., Ltd နှင့် South Dagon Engineering Co., Ltd တို့လည်း ပါဝင်သည်။
သူသည် RGK+Z&A Group ပြင်ပမှ ကုမ္ပဏီများတွင်လည်း ရင်းနှီးမြှုပ်နှံထားသည်။
သူ၏ဇနီး ဒေါ်ခိုင်ခိုင်မြင့်သည် အမေရိကန် ပစ္စည်းတင်ချယာဉ် Clark အမှတ်တံဆိပ်အတွက် မြန်မာဆိုင်ရာ တဦးတည်းကိုယ်စားလှယ် Myanmar Coach Center Co., Ltd ၏ ဒါရိုက်တာတဦး ဖြစ်သည်။
၂၀၁၄ ခုနှစ်တွင် သူ၏ ညီဖြစ်သူ ဦးသီဟသူရမွန်သည် Myanmar Information Highway Ltd (MIH) ကို တည်ထောင်ရန် ထိုင်း ရင်းနှီးမြှုပ်နှံသူများနှင့် ထပ်မံပူးပေါင်းသည်။ ဘရော့ဘန်း အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းဖြစ်သည့် MIH သည် ထိုင်းမှ Benchachinda Group ၏ လုပ်ငန်းခွဲ ဖြစ်သည်။
၂၀၁၅ ခုနှစ်တွင် Yangon Bus Company (YBPC) ၏ ဒါရိုက်တာတဦး ဖြစ်လာသည်။ နောင် သုံးနှစ်ကြာသောအခါ သူ၏ ညီသည် သီလဝါ အထူးစီးပွားရေးဇုန်တွင် ထိပ်တန်းရင်းနှီးမြှုပ်နှံသူဖြ
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုကြောင့် သူ၏ ပြည်ပလုပ်ငန်း ချဲ့ထွင်ရေးများ ရပ်တန့်ခြင်း မရှိပေ။
စစ်အာဏာသိမ်းပြီး နှစ်လကြာသောအခါ သူသည် မော်တော်ယာဉ်များ၊ ဆိုင်ကယ်များနှင့် အခြားစက်ကိရိယာများ ကုန်သွယ်ရန် ထိုင်းနိုင်ငံတွင် Mon Enterprise (Thailand) Co., Ltd ကို တည်ထောင်သည်။
ဦးဇေယျသူရမွန်ကို ဆေးကုသရေးလုပ်ငန်းဖြင့် အသက်မွေးသည့် ဆရာဝန်မိဘနှစ်ပါးက မွေးဖွားသည်။ ထို့ကြောင့် သူသည် အောက်ခြေမှတက်လာသည့် ကိုယ့်ထူးကိုယ်ချွန် စီးပွားရေးသမားဖြစ်သည်ဟု ၎င်းကပြောသည်။ သို့သော် သူသည် အဆက်အသွယ်ကောင်းသော မိသားစုဝင်များထံမှ အကူအညီရခဲ့သူ ဖြစ်သည်။
သူ၏ဆွေမျိုးများတွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အာဏာရှင်စနစ် (၁၉၆၄-၈၈) က တာဝန်ထမ်းဆောင်သော ဦးလေး နှစ်ဦးဖြစ်သူ ဗိုလ်ကြီး အောင်သွင်နှင့် ဗိုလ်မှူး ခင်မောင်ထွေးတို့ ပါဝင်ကြောင်း Zeya & Associates နှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောသည်။
နဝတ စစ်အုပ်စုက ထိုင်းသစ်ကုမ္ပဏီများကို မောင်းထုတ်ပြီးသည့် ၂၀၀၀ ပြည့်နှစ်များ အစောပိုင်းအထိ သူ၏ ညီအစ်ကိုဝမ်းကွဲများအနက် တဦးသည် သစ်ထုတ်လုပ်ခွင့်ရနေသည့် ထိုင်းသစ်ထုတ်လုပ်ရေးလုပ်ငန်း ငါးခုအနက် တခုဖြစ်သော Thai Sawat တွင် အဆင့်မြင့်အရာရှိ ဖြစ်သည်။
ဦးဇေယျသူရမွန်သည် စစ်ကောင်စီအတွက် လေယာဉ်ဆီ တင်သွင်းရာတွင်လည်း ပါဝင်ပတ်သက်ကြောင်း မြန်မာ စီးပွားရေးလောကက ဧရာဝတီ သတင်းဌာနသို့ ပြောကြားသော်လည်း ၎င်း၏ ကုမ္ပဏီဘက်က ထိုအချက်အား ငြင်းဆိုထားသည်။
သို့သော် ထိုအချက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
သို့သော် ဦးဇေယျသူရမွန်သည် ကမ္ဘာတွင် လေယာဉ်ဆီ အပါအဝင် ရေနံထုတ်ကုန်များ အများဆုံးထုတ်လုပ်သည့် အာရပ်စော်ဘွားများနိုင်ငံအထိ သူ၏ကွန်ရက်ကို တိုးချဲ့ထားကြောင်း ဧရာဝတီသတင်းဌာနက သိရသည်။
ဦးဇေယျသူရမွန်သည် ကမ္ဘာတွင် လေယာဉ်ဆီ အပါအဝင် ရေနံထုတ်ကုန်များ အများဆုံးထုတ်လုပ်သည့် အာရပ်စော်ဘွားများနိုင်ငံအထိ သူ၏ကွန်ရက်ကို တိုးချဲ့ထားကြောင်း ဧရာဝတီသတင်းဌာနက သိရသည်။
အာဏာသိမ်းပြီး ၁၀ လအကြာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် သူသည် အာရပ်စော်ဘွားများနိုင်ငံတွင် ကုမ္ပဏီ နှစ်ခု တည်ထောင်သည်။ Victory Energy Power FZCo Co., Ltd ကို ဒူဘိုင်းအနောက်ပိုင်း Jabel Ali Free Zone Authority တွင် မှတ်ပုံတင်ပြီး Zeya General Trading FZ-LLC ကို ဒူဘိုင်း စီးပွားဖွံ့ဖြိုးတိုးတက်ရေးဌာနမှ Ras Al Khaimah Economic Zone တွင် မှတ်ပုံတင်သည်။
ဦးဇေယျသူရမွန်၏ RGK+Z&A Group မှ အကြီးတန်းအရာရှိတဦးက ယင်းကုမ္ပဏီများကို လေယာဉ်ဆီ တင်သွင်းရန် တည်ထောင်ထားခြင်း မဟုတ်ဘဲ နိုင်ငံတကာနှင့် ငွေကြေးလွှဲပြောင်းမှုများ လုပ်ဆောင်ရာတွင် အဆင်ပြေရန်စေအတွက်သာ ရည်ရွယ်၍ တည်ထောင်ထားခြင်း ဖြစ်ကြောင်း ပြောကြားသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Hein Htoo Zan ၏ ‘I want to be a crony’: The Rise of Zeya Thura Mon in Junta-Ruled Myanmar ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်တပ်ခရိုနီများ နေပြည်တော်စစ်ရေးပြပွဲအတွက် ငွေလှူ
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ရွှေ မလှူဒါန်းခဲ့ဟု ဦးမောင်ဝိတ် ငြင်း
နေပြည်တော်က စစ်ခေါင်းဆောင်တည်သည့်ဘုရား ခရိုနီကြီးများ ငွေလှူ
ပိတ်ဆို့အရေးယူမှု ချိုးဖောက်ရာတွင် ရင်းနှီးမြှုပ်နှံသူများ ကြံရာပါဖြစ်နိုင်














