ရှမ်းပြည်မြောက်ပိုင်း နိုင်ငံရေးမဟာမိတ် ၇ ဖွဲ့အနက် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ရက္ခိုင့်တပ်တော် (AA) တို့က ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်ဟူ၍ အသီးသီး ပြည်နယ်ရှိပြီးသားအဖွဲ့များ ဖြစ်သည်။ NDAA မိုင်းလားနှင့် MNDAA ကိုးကန့်တို့က သူတို့ထိန်းချုပ်သည့် ဒေသများကို အထူးဒေသများအဖြစ် သတ်မှတ်ပေးရန်သာ တောင်းဆိုကြ၏။
သို့သော် ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ကမူ ဝပြည်နယ်နှင့် တအာင်းပြည်နယ်ကို နိုင်ငံရေးရည်မှန်းချက်ထားပြီး သူတို့၏ဒေသကို ဝပြည်နယ်၊ တအာင်းပြည်နယ်ဟု ရည်ညွှန်းသုံးနှုန်းသည်။
ဤသို့တောင်းဆိုမှုနှင့် ပတ်သက်ပြီး အငြင်းပွားမှုများရှိကြသည်မှာ မဆန်းပေ။ အဘယ့်ကြောင့်ဆိုသော် အနီးခေတ် မြန်မာပြည်လွတ်လပ်ရေး ရပြီးကတည်းက မရှိသေးခဲ့သေးသည့် ပြည်နယ်အသစ် တောင်းဆိုမှု ဖြစ်သောကြောင့်ဖြစ်၏။ မည်သူက အသိမှတ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ UWSA က သူထိန်းချုပ်ရာနယ်မြေကို “ဝပြည်နယ်”ဟုသာ သုံးသည်။ သူ၏ အုပ်ချုပ်ရေးယန္တယားအား “ဝပြည်နယ်ပြည်သူ့အစိုးရ” ဟု သုံးနှုန်း၏။
ယခု ထိန်းချုပ်နယ်မြေ ကျယ်ပြန့်စွာရှိလာပြီဖြစ်သည့် TNLA သည်လည်း အလားတူပင် “တအာင်းပြည်နယ်” အုပ်ချုပ်ရေးယန္တယားများကို စတင်တော့မည်ဖြစ်၏။
တအာင်း/ပလောင်တို့၏ ရုန်းထမှု
တအာင်းတို့အား ပလောင်ဟုလည်း အများသိကြ၏။ TNLA ၏ နိုင်ငံရေးအဖွဲ့အစည်းမှာ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF) ဖြစ်ပေရာ တအာင်းရော ပလောင်ရော တရားဝင်အသုံးအနှုန်းများ ဖြစ်နေဆဲဖြစ်၏။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နမ့်ဆန်မြို့အား အခြေပြုသည့် စော်ဘွားနယ်တခုရှိသော ပလောင်တို့သည် အစောပိုင်းကာလက ပညာတတ်နှင့် ကြေးရတတ်အချို့ရှိသော်လည်း အများစုမှာ ပညာတတ်များ မဟုတ်သကဲ့သို့ ဝင်ငွေနည်းပါးပြီး လူနေမှုအဆင့် နိမ့်ကျကြသည်။ ၂၀၀၀ ပြည့်နှစ် မတိုင်မီအထိ ရှမ်းမြောက်ရှိ အခြားတိုင်းရင်းသားလူမျိုးများကြားတွင် အနှိမ်ခံများဖြစ်ခဲ့ကြ၏။ နှိမ့်ချဆက်ဆံခြင်းခံခဲ့ရသည်မှာ အမှန်ပင်ဖြစ်၏။
သို့သော် ပလောင် ပညာတတ်လူငယ်များသည် ထိုအခြေအနေကို ပြောင်းလဲပစ်ရန် ၁၉၉၀ ပြည့်နှစ်များကစ၍ ကြိုးစားလုံးပမ်းခဲ့ကြ၏။ စစ်တပ် အိမ်စောင့်အစိုးရခေတ် ၁၉၅၉ ခုနှစ်တွင် ပလောင်တို့၏ တောင်ပိုင်စော်ဘွားသည် ရှမ်းပြည်နယ်စော်ဘွားများနှင့်အတူ အာဏာစွန့်ခဲ့ရ၏။ ၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး နောက်တွင်လည်း ပလောင်တို့၏ မြို့ပေါ် အမျိုးသားရေးအဖွဲ့အစည်းဖြစ်သည့် “ပလောင်အဖွဲ့ချုပ်” ကို ၁၉၆၄ ခုနှစ်တွင် ဖျက်သိမ်းပစ်ခဲ့၍ မြို့ပေါ် ဥပဒေတွင်းနိုင်ငံရေးလည်း နိဋ္ဌိတံခဲ့၏။
၁၉၅၈ ခုနှစ် ရှမ်းလက်နက်ကိုင်ပုန်ကန်မှု ဖြစ်ပေါ်ပြီးနောက် ရှမ်းမြောက်၌ ဖွဲ့စည်းသည့် ရှမ်းပြည်တပ်မတော်တွင် ပလောင်တပ်ရင်းနှစ်ရင်း ပါဝင်ခဲ့သည်။ အဆိုပါ ပလောင်တပ်ရင်း နှစ်ရင်းသည် ရှမ်းတပ်မှ သီးသန့်ခွဲထွက်ပြီး ပလောင်အမျိုးသားတပ်ဦး (Palaung National Front – PNF) ကို ၁၉၆၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ထိုနေ့အား ယနေ့တိုင် တအာင်း ပလောင် တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ထားကြသည်ကို တွေ့ရသည်။
သို့သော် ပလောင် ပညာတတ်လူငယ်များသည် ထိုအခြေအနေကို ပြောင်းလဲပစ်ရန် ၁၉၉၀ ပြည့်နှစ်များကစ၍ ကြိုးစားလုံးပမ်းခဲ့ကြ၏။ စစ်တပ် အိမ်စောင့်အစိုးရခေတ် ၁၉၅၉ ခုနှစ်တွင် ပလောင်တို့၏ တောင်ပိုင်စော်ဘွားသည် ရှမ်းပြည်နယ်စော်ဘွားများနှင့်အတူ အာဏာစွန့်ခဲ့ရ၏။
၁၉၇၆ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်နေ့တွင် PNF ကို ပလောင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့ (Palaung State Liberative Organization–PSLO) ဟု ပြောင်းလဲဖွဲ့စည်းပြီး တပ်အား ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်မတော် (Palaung State Liberation Army–PSLA) ဟု ခေါ်ဆိုခဲ့၏။ ၁၉၆၃ ခုနှစ်မှစ၍ စစ်အစိုးရအား လက်နက်ကိုင်တော်လှန်ခဲ့သည့် PSLO သည် ၁၉၉၁ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် နဝတနှင့် တွေ့ဆုံပြီး အပစ်ရပ် ငြိမ်းချမ်းရေးယူခဲ့သည်။ နဝတ က ရှမ်းမြောက် အထူးဒေသ ၇ အဖြစ် သတ်မှတ်ပေးခဲ့၏။
သို့သော်လည်း ၂၀၀၅ ခုနှစ်တွင် ရှမ်းမြောက်ရှိ တားအိုက်မုန်း ခေါင်းဆောင်သော PSLO အား နအဖမှ ဖိအားပေးပြီး လက်နက်အပ်ခိုင်းရာ ၂၀၀၅ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် PSLO/PSLA အဖွဲ့သည် မန်တုံမြို့တွင် နအဖ ခေါင်းဆောင်များထံ လက်နက်အပ်ခဲ့ရသည်။ ထိုစဉ် စာရင်းအရ PSLO အင်အား ၅၀၀ ခန့်ဟု ဖော်ပြသော်လည်း လက်တွေ့တွင် ၃၀၀ ခန့်သာရှိတော့သည်ဟု ဆိုကြပါသည်။

သို့ဖြစ်ရာ အပစ်ရပ်ပြီးနောက် ၁၉၉၁ မှစ၍ ပလောင်ဒေသတွင်း နိုင်ငံရေးအရရော စစ်ရေးအရပါ ခေါင်းဆောင်မည့်အဖွဲ့အစည်း ပျောက်သွားခဲ့၏။ KNU ဗဟိုဌာနချုပ် မာနယ်ပလောတွင် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ) ကိုယ်စားလှယ်အဖြစ် စေလွှတ်ခြင်းခံရသည့် PSLO/PSLA တပ်ဖွဲ့ဝင်များသည် မိခင်အဖွဲ့အစည်းမှ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ယူပြီးကတည်းက အဆိုပါ ငြိမ်းချမ်းရေးသည် အတုအယောင်ငြိမ်းချမ်းရေး ဖြစ်ကြောင်း အမျိုးသားလွတ်မြောက်ရေး၊ စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို အဖိနှိပ်ခံ ဘဝတူတိုင်းရင်းသားများနှင့် လက်တွဲပြီး ဆက်လက် တိုက်ပွဲဝင်မည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။
ထို့ပြင် PSLO ငြိမ်းချမ်းရေးယူပြီး ၉ လအကြာ ၁၉၉၂ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ထိုင်းနယ်စပ် မဒတတွင် ရောက်ရှိနေသော လူငယ်များဖြင့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (Palaung State Liberation Front–PSLF) အား စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင် ၇ ဦး ပါဝင်ခဲ့၏။
နိုးထလာသော တအာင်းနိုင်ငံရေး
သို့သော် PSLF သည် ၁၉၉၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော်လည်း အနှစ် ၂၀ ခန့် ရုန်းကန်ခဲ့ရပြီး ၂၀၁၁ ခုနှစ်တွင်မှ TNLA တပ်ဖွဲ့ကို လူ ၄၂ ယောက်၊ သေနတ် ၂၂ လက်ဖြင့် စတင်ဖွဲ့စည်းနိုင်ခဲ့သည်။ တဖက်တွင်လည်း တအာင်းအမျိုးသားပါတီ (TNP) သည်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှ ရွေးကောက်ပွဲဝင်ရန် ၂၀၁၀ ပြည့်နှစ်တွင် ဖွဲ့စည်းခဲ့ပြီး မြေပေါ် တအာင်းနိုင်ငံရေး အသက်ဝင်လာခဲ့သည်။
ထို့ပြင် ထိုကာလတွင် တအာင်း လူငယ်၊ ကျောင်းသား၊ ပညာရေး၊ ဥပဒေရေးရာ၊ အမျိုးသမီးရေးရာ စသည့် တအာင်း အရပ်ဖက်အဖွဲ့အစည်းများ ပေါ်ပေါက်လာခဲ့သည်။ သို့ဖြစ်ရာ တအာင်းလူထုကြားတွင် လက်နက်ကိုင်တပ်ဖွဲ့၊ မြေပေါ်နိုင်ငံရေးပါတီ၊ အရပ်ဖက်အဖွဲ့အစည်းများတို့ဖြင့် နိုင်ငံရေးအသိအမြင်များ လှုပ်ရှားရှားဖြစ်လာသည်။ တက်ကြွနိုးကြားလာသည်။ တခေတ်ဆန်းလာခဲ့၏။
PSLF/TNLA တို့သည် PSLO/PSLA အဖွဲ့အစည်းဟောင်းမှ ပေါ်ထွက်လာခဲ့သော်လည်း ပညာတတ်လူငယ်များ ဖြစ်သည်နှင့်အညီ လုပ်ပုံကိုင်ပုံသည် ပြောင်းလဲလာသည်။ ခေတ်နှင့်အညီ အဖွဲ့အစည်းကို မောင်းနှင်နိုင်သကဲ့သို့ လူထုကိုလည်း စည်းရုံးနိုင်သည်။ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်သည် ဖွဲ့စည်းပြီးသည့် ၁၀ နှစ်အတွင်း အင်အား ၈,၀၀၀ မှ ၁ သောင်းခန့်ထိ ကြီးထွားအောင် တည်ဆောက်နိုင်ခဲ့သည်။
ထို့ပြင် စစ်ရေးအရလည်း သတ္တိဗျတ္တိ ကောင်းစွာပြနိုင်ခဲ့၏။ ၂၀၁၂ မှ ၂၀၂၂ ခုနှစ်အထိ ၁၁ နှစ်အတွင်း တိုက်ပွဲပေါင်း ၁,၅၀၀ ခန့် တိုက်ခိုက်ခဲ့ပြီး တနှစ်ထက်တနှစ် စစ်ရေးစွမ်းရည်၊ တိုက်ရည်ခိုက်ရည် တက်လာသည်ကို တွေ့ရသည်။
ထို့ပြင် ထိုကာလတွင် တအာင်း လူငယ်၊ ကျောင်းသား၊ ပညာရေး၊ ဥပဒေရေးရာ၊ အမျိုးသမီးရေးရာ စသည့် တအာင်း အရပ်ဖက်အဖွဲ့အစည်းများ ပေါ်ပေါက်လာခဲ့သည်။ သို့ဖြစ်ရာ တအာင်းလူထုကြားတွင် လက်နက်ကိုင်တပ်ဖွဲ့၊ မြေပေါ်နိုင်ငံရေးပါတီ၊ အရပ်ဖက်အဖွဲ့အစည်းများတို့ဖြင့် နိုင်ငံရေးအသိအမြင်များ လှုပ်ရှားရှားဖြစ်လာသည်။
စစ်ရေးအရ တိုက်ရည်ခိုက်ရည်မှာ ယခင် PSLO ကာလထက်နှင့်ဆိုလျှင် ဆီနှင့်ရေလို ကွာသွားသည်။ ဤအချက်သည် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်နှင့် ပတ်သက်ပြီး အဓိက သိသာထင်ရှားသည့် အချက်ဖြစ်သကဲ့သို့ တအာင်းနိုင်ငံရေး ရည်မှန်းချက်ဖြစ်သည့် တအာင်းပြည်နယ်နှင့် ပတ်သက်၍ ပို၍အားကောင်းလာစေသည့် အခြေခံကျသည့်အချက် ဖြစ်ခဲ့၏။
တအာင်းပြည်နယ်
တအာင်းတို့၏ အစောပိုင်းကာလများကို တအာင်းနေမင်းနိုင်ငံတော်၊ တအာင်းရွှေသွားစော်ဘွားများ ခေတ်ကာလဟု အစဉ်အလာပြောဆိုခဲ့ကြ၏။ အစောဆုံးတွေ့ရသည့် ၁၇၅၀ ပြည့်နှစ် အလောင်းဘုရားခေတ် မှတ်တမ်းများအရ နမ့်ဆန်တောင်ပိုင်စော်ဘွား သမိုင်းအစဉ်အဆက် မှတ်တမ်းများကို တွေ့ရှိရသည်။ နောက်ဆုံး နမ့်ဆန်တောင်ပိုင်စော်ဘွားမှာ စဝ်ခွန်ပန်းစိန်ဖြစ်ပြီး ၁၉၂၆ ခုနှစ်မှ စော်ဘွားများ အာဏာစွန့်ရသည့် ၁၉၅၉ ခုနှစ်အထိ တာဝန်ယူခဲ့သည်။
တအာင်းတောင်ပိုင်စော်ဘွားသည် နမ့်ဆန်တွင် ဟော်နန်းစိုက်၍ အုပ်ချုပ်သည်။ သူ၏လက်အောက်တွင် ပန်ဟိုက် (နမ္မတူ)၊ မိုင်းငေါ့၊ မိုင်းစံ-မိုင်းမူ မြို့စား သုံးယောက်နှင့် တိုက်သူကြီး ၁၄ ဦး ရှိသည်။ လက်ရှိ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသအဖြစ် သတ်မှတ်ထားသော နမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ်အပြင် နမ္မတူ ဘော်တွင်းဒေသသည်လည်း နမ့်ဆန်တောင်ပိုင်စော်ဘွား အုပ်ချုပ်ရာဒေသတွင် ပါဝင်ခဲ့သည်။ လက်ရှိတွင်လည်း နမ္မတူမြို့နယ်အတွင်းတွင် တအာင်းလူမျိုးများ နေထိုင်ကြ၏။

ရှမ်းပြည်မြောက်ပိုင်းတွင်၊ သိန္နီစော်ဘွား၊ သီပေါစော်ဘွား၊ မိုးမိတ်စော်ဘွား၊ ကိုးကန့်စော်ဘွားနယ်များနှင့်အတူ တအာင်းပလောင် စော်ဘွားနယ်မြေသည် ခိုင်မာသော သမိုင်းအထောက်အထားများအရ နှစ်ပေါင်း ၂၇၂ နှစ် ရှိခဲ့ပြီဖြစ်သည်။ တအာင်းပလောင်တို့၏ နမ့်ဆန်စော်ဘွားနယ်သည် ရှမ်း ဖက်ဒရယ်ပြည်နယ် (Shan Federated States) တွင် ပါဝင်သည့် စော်ဘွားနယ်တခုဖြစ်သည်ကို တွေ့ရ၏။
လက်ရှိတွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသအား နမ့်ဆန်နှင့် မန်တုံမြို့နယ် နှစ်ခုကိုသာ မြန်မာစစ်တပ်က သတ်မှတ်ထား၏။ သို့သော်လည်း နမ့်ဆန်နှင့်မန်တုံ မြို့နယ်နှစ်ခုထဲတွင်သာ တအာင်း ပလောင်များ ရှိနေသည် မဟုတ်ပေ။ ဆက်စပ်နေသည့် ပတ်လည်မြို့နယ်များဖြစ်သော နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ လားရှိုး၊ သီပေါ၊ ကျောက်မဲမြို့နယ်များတွင်လည်း တအာင်း ပလောင်လူမျိုးများ နေထိုင်ကြပြီး နမ့်ဆန်၊ မန်တုံမြို့နယ်နှစ်ခုရှိ လူဦးရေထက် ပိုများ၏။
လက်ရှိ ၁၀၂၇ စစ်ဆင်ရေးတွင် မိုင်းလုံ၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံမြို့တို့အား သိမ်းပိုက်ထားပြီး နမ္မတူ၊ ကွတ်ခိုင်၊ မိုင်းငေါ့တို့အား ဆက်လက် တိုက်ခိုက်နေ၏။ တရုတ်အစိုးရ ဖိအားကြောင့် စစ်အစိုးရနှင့် ဆွေးနွေးရနေသော်လည်း တအာင်းတို့၏ လွတ်မြောက်ရေးတိုက်ပွဲအား ရပ်တန့်၍ ရမည်မဟုတ်ပေ။
သို့ဖြစ်ရာ တအာင်းလူမျိုးများရှိသည့် ဒေသများကို အခြေပြု၍ TNLA တပ်မဟာ ၁ အား မူဆယ်၊ နမ့်ခမ်း၊ မိုင်းဝီးဒေသ၊ တပ်မဟာ ၂ အား နမ့်ဆန်၊ မိုင်းငေါ့၊ သီပေါ၊ ကျောက်မဲ၊ မိုးကုတ်၊ နောင်ချိုဒေသ၊ တပ်မဟာ ၃ အား မန်တုံ၊ မိုးမိတ်ဒေသ၊ တပ်မဟာ ၄ အား နမ္မတူ-လားရှိုး၊ နမ္မတူ-သီပေါဒေသ၊ တပ်မဟာ ၅ အား ကြူကုတ်၊ ကွတ်ခိုင်၊ သိန္နီ၊ တာမိုးညဲဒေသ၊ တပ်မဟာ ၆ အား လားရှိုး၊ တန့်ယန်း၊ မိုင်းယော်ဒေသတို့တွင် လှုပ်ရှားပြီး တပ်မဟာ ၇ အား လှုပ်ရှားတပ်မဟာအဖြစ် ဖွဲ့စည်းထား၏။ တပ်မဟာ တခုလျှင် တပ်ရင်း ငါးရင်းစီဖြင့် ဖွဲ့စည်းထားပြီး လက်ရှိ ၁၀၂၇ စစ်ဆင်ရေးတွင် ၎င်းတို့ တပ်မဟာ နယ်မြေအလိုက် စစ်ဆင်ရေးများ ပြုလုပ်သည်ကို တွေ့ရ၏။
PSLF/TNLA ဗဟိုအထွေထွေအုပ်ချုပ်ရေးဌာနအောက်ရှိ အုပ်ချုပ်ရေးနယ်မြေများမှာ အောက်ပါအတိုင်း ခရိုင်နယ်မြေ ငါးခု ခွဲခြားသတ်မှတ်ထားသည်ကို တွေ့ရ၏။
၁။ နမ့်ဆန်ခရိုင် – နမ့်ဆန်မြို့နယ်၊ မိုးကုတ်မြို့နယ်၊ မိုင်းငေါ့မြို့နယ်၊ ကျောက်မဲမြို့နယ်။
၂။ ရွှေလီခရိုင် – မန်တုံမြို့နယ်၊ မိုင်းဝီးမြို့နယ်၊ နမ္မတူမြို့နယ်၊ မိုင်းဘော်မြို့နယ်။
၃။ မန်အောင်ခရိုင် – နမ့်ခမ်းမြို့နယ်၊ မူဆယ်မြို့နယ်၊ နန့်ဖတ်ကာမြို့နယ်။
၄။ သံလွင်ခရိုင် – ကွတ်ခိုင်မြို့နယ်၊ မုန်းစီးမြို့နယ်၊ မုန်းဟောင်မြို့နယ်။
၅။ လားရှိုးခရိုင် – လားရှိုးမြို့နယ်၊ မိုင်းယော်မြို့နယ်၊ ကာမိန်းမြို့နယ်၊ ဝန်းကောင်းမှူးမြို့နယ် တို့ဖြစ်ပြီး အုပ်ချုပ်ရေးနယ်မြေအဖြစ် စုစုပေါင်း ခရိုင် ငါးခုနှင့် မြို့နယ် ၁၈ ခု ဖွဲ့စည်းထား၏။
ဤသို့ တပ်မဟာဖွဲ့စည်းထားရှိမှုနှင့် အုပ်ချုပ်ရေးခရိုင်၊ မြို့နယ်များ ဖွဲ့စည်းထားရှိမှုသည် တအာင်းအမျိုးသား တပ်မတော်၏ တအာင်းပြည်နယ် ရည်မှန်းချက်ကို ဖော်ပြခြင်းဖြစ်၏။
လက်ရှိ ၁၀၂၇ စစ်ဆင်ရေးတွင် မိုင်းလုံ၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံမြို့တို့အား သိမ်းပိုက်ထားပြီး နမ္မတူ၊ ကွတ်ခိုင်၊ မိုင်းငေါ့တို့အား ဆက်လက် တိုက်ခိုက်နေ၏။ တရုတ်အစိုးရ ဖိအားကြောင့် စစ်အစိုးရနှင့် ဆွေးနွေးရနေသော်လည်း တအာင်းတို့၏ လွတ်မြောက်ရေးတိုက်ပွဲအား ရပ်တန့်၍ ရမည်မဟုတ်ပေ။
TNLA အနေနှင့် လက်ရှိ စစ်ကောင်စီအား တိုက်ခိုက်ပြီး စစ်ရေး ထိန်းချုပ်သိမ်းပိုက်နိုင်မှုအပြင် ရှမ်းပြည်မြောက်ပိုင်းတွင် KIA, SSPP, MNDAA တို့၏ လက်နက်ကိုင်တပ်နှင့် ထိန်းချုပ်နယ်မြေများလည်းရှိရာ မည်သည့်အတိုင်းအတာထိ တအာင်းပြည်နယ်ရလဒ် ထွက်ပေါ်လာမည်ကို ပြောရန်စောသေးသည်။ မည်သို့ပင်ဖြစ်စေ တအာင်းပြည်နယ်ပုံရိပ်က အစပြုပြီဖြစ်၏။ အကောင်အထည် ပေါ်လာပြီဖြစ်၏။
သေနတ်ပြောင်းဝက ထွက်တဲ့အာဏာ
မော်စီတုံးပြောသည့် နိုင်ငံရေးအာဏာဆိုသည်မှာ သေနတ်ပြောင်းဝက ထွက်သည်ဆိုသည့်စကားအား ရုပ်ကြမ်းဆန်လွန်သည်ဟုဆိုကြသော်လည်း အမေရိကန်သည် လည်းကောင်း၊ ရုရှားသည် လည်းကောင်း၊ တရုတ်သည် လည်းကောင်း စသည့် နိုင်ငံများစွာသည် စစ်ပွဲနှင့် တည်ဆောက်ခဲ့ကြခြင်း ဖြစ်၏။
ဝပြည်နယ်နှင့် မိုင်းလားအထူးဒေသတို့သည် တောင့်တင်းသည့် လက်နက်ကိုင်တပ်ဖွဲ့ရှိသော အခြေခံပေါ်မှ ပေါ်ပေါက်လာခြင်းဖြစ်၏။ တောင်းယူခဲ့ကြခြင်း မဟုတ်၊ တိုက်ယူခဲ့ကြခြင်း ဖြစ်၏။ စားပွဲဝိုင်းပေါ်တွင် ဆွေးနွေးမှုများ ရှိသည်ဆိုသော်လည်း လက်နက်ကိုင်တပ် မရှိလျှင် စားပွဲဝိုင်းတွင် ပါဝင်ခွင့်ပင် ရရှိနိုင်သည် မဟုတ်ပေ။ စစ်အာဏာရှင်စနစ် အုပ်စိုးနေသည့် တိုင်းပြည်တွင် လက်နက်ကိုင်မှ လူရာဝင်ပေသည်။
ဝပြည်နယ်နှင့်မိုင်းလားတို့ တိုးတက်ဖွံ့ဖြိုးနေသည်ကို တိုင်းရင်းသားလူမျိုးတိုင်း အားကျကြ၏။ ကျန်သည့် လူမျိုးများသည်လည်း ကိုယ်ဒေသကို ကိုယ်အုပ်ချုပ်ခွင့်ရလျှင် ဝနှင့်မိုင်းလားထက် မနိမ့်အောင်၊ ဖွံ့ဖြိုးတိုးတက်အောင် အုပ်ချုပ်နိုင်သည်ဟု တိုင်းရင်းသားလူမျိုးတိုင်း ယုံကြည်ကြ၏။ ဥပဒေပြုရေးအာဏာ၊ တရားစီရင်အာဏာ၊ အုပ်ချုပ်ရေးအာဏာစသည့် အာဏာသုံးရပ်ကို ကိုင်စွဲနိုင်လျှင် စစ်အစိုးရအုပ်စိုးမှု၊ ဗမာအုပ်စိုးမှုအောက်ထက် များစွာသာအောင် လုပ်ဆောင်နိုင်မည် ယုံကြည်ကြ၏။

ဤသို့လုပ်ဆောင်ဖို့ဆိုလျှင် တောင်းယူမရနိုင်ဘဲ တိုက်ယူမှသာရနိုင်မည်ဟု ယုံကြည်ကြ၏။ ထို့ကြောင့်လည်း တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်၏ အင်အားတောင့်တင်းမှု၊ တိုက်ရည်ခိုက်ရည်နှင့် စစ်ရေးအောင်ပွဲသည် တအာင်းပြည်နယ် နိုင်ငံရေးရည်မှန်းချက်အတွက် အခြေခံအုတ်မြစ်ဖြစ်ခဲ့၏။
ပြီးခဲ့သည့် မြို့သိမ်းတိုက်ပွဲများကို ကြည့်ပါက တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) သည် နမ့်ဆန်မြို့ရှိ စစ်ကောင်စီအခြေချထားသော တပ်စခန်းကြီး၊ ငယ်များအား ဒီဇင်ဘာ ၁၀ ရက်နေ့မှ စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးသည့်နောက် စစ်ဆင်ရေး ခြောက်ရက်အကြာ၌ စစ်ရေးအရ ဗျူဟာကျသည့် တပ်စခန်းများဖြစ်သည့် ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ နှင့် ၎င်း၏ လက်အောက်ခံတပ်ဖြစ်သည့် ခလရ ၂၅၈ မှ လာရောက်အခြေချ ကွပ်ကဲသည့် ရန်သူ့တပ်စခန်းကြီး၊ စစ်ကောင်စီပိုင် လက်ဘက်ခြောက်စက်ရုံ၊ ရဲစခန်းများနှင့် ဌာနဆိုင်ရာရုံးများ အားလုံးအား အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်သည်။ ပြင်းထန်သည့် တိုက်ပွဲအတွင်း နမ့်ဆန်မြို့တွင် အခြေချသည့် စစ်ကောင်စီ၏ ထောက်ပို့တပ် အမှတ် ၆၂၆၊ ၉၂၉ မှ လက်နက်ခဲယမ်းများစွာ သိမ်းပိုက်ရရှိခဲ့သည်။
နမ့်ခမ်းနှင့်ပတ်လည်ရှိ စခန်း ၁၉ ခုအား၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့မှစ၍ ဒီဇင်ဘာ ၁၈ ရက်အထိ ၅၃ ရက် တိုက်ခိုက်ခဲ့ရ၏။ နမ့်ခမ်းစခန်းသစ်ကုန်း တခုတည်းအား နိုဝင်ဘာလ ၁၇ ရက်မှ ဒီဇင်ဘာ ၁၈ ရက်ထိ ၃၂ ရက်ကြာ တိုက်ခိုက်ခဲ့ရသည်။
ရူကော (မန်တုံ) မြို့ရှိ စစ်ကောင်စီဗျုဟာမှူး အခြေချကွပ်ကဲသည့် “ခလရ (၁၃၀) တပ်ရင်း” အပါအဝင် တပ်စခန်းများ၊ ရဲစခန်းများနှင့် ဌာနဆိုင်ရာရုံးများ အားလုံးကို ဒီဇင်ဘာလ ၁၉ မှစတင်၍ စစ်ဆင်ရေး လေးရက်ကြာ ဒီဇင်ဘာ ၂၂ ရက်နေ့တွင် အပြီးသတ် ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သည်။
စစ်ကောင်စီသည် နမ့်ခမ်း မြို့သိမ်းတိုက်ပွဲတွင် ဂျက်ဖိုက်တာဖြင့် အကြိမ် ၂၆၀၊ Y8 လေယာဉ်ဖြင့် အကြိမ် ၄၀၊ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ၂၅ ကြိမ်တို့အပြင် ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးဖြင့် ၁၂ ကြိမ်၊ အဆိပ်ငွေ့ဗုံး ၆ လုံးတို့ဖြင့် ပစ်ကူ၊ ခုခံ ထိုးစစ်များဖြင့် အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့သော်လည်း TNLA မှ အပြတ်အသတ် ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သည်။ နမ့်ခမ်းစခန်းသစ်ကုန်း တိုက်ပွဲတွင် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်ဘက်မှ ၄၉ ဦးကျဆုံးပြီး ၁၄၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်ကိုတွေ့ရ၏။
စစ်ကောင်စီသည် မန်တုံစခန်း မကျရေးအတွက် စခန်းသိမ်းစစ်ဆင်ရေး လေးရက်တာအတွင်း လေကြောင်းပစ်ခတ် တိုက်ခိုက်မှု စုစုပေါင်း ၂၆၅ ကြိမ်၊ ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်း ၁,၀၃၈ ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု ၁၃၇ ကြိမ်တိုင်အောင် အပြင်းအထန် ပစ်ကူထိုးစစ်ဆင်ခဲ့ကာ တရက်လျှင် ပျမ်းမျှအားဖြင့် လေကြောင်းတိုက်ခိုက်မှု ၆၆ ကြိမ်၊ ဗုံးကြဲတိုက်ခိုက်မှု ၂၅၉ ကြိမ်အထိ အသုံးပြု တိုက်ခိုက်ခဲ့သည့်အတွက် ၁,၀၂၇ စစ်ဆင်ရေးအတွင်း လေကြောင်းတိုက်ခိုက်မှု စံချိန်တင်သည်ဟု ဆိုနိုင်သည်။
သို့သော် လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီး ပစ်ခတ်မှုများသည် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်၏ တိုက်စိတ်ခိုက်စိတ်နှင့် စွန့်လွှတ်ပေးဆပ်မှုကို တားဆီးမရနိုင်ခဲ့ပေ။ မြို့များ၊ စခန်းများ မကျအောင် တားဆီးဟန့်တားခြင်း မပြုနိုင်ခဲ့ပေ။
ထို့ပြင် ၂၈ ရက်ကြာ မုန်းကျက် စခန်းသိမ်းတိုက်ပွဲ၊ နောင်ချို၊ ဂုတ်တွင်း၊ ဂုတ်ထိပ်၊ ကျင်သီတံတား၊ စဉ့်အင်တံတား၊ ကျောက်မဲဂိတ်၊ နမ္မတူနှင့် လားရှိုးကြား၊ လားရှိုးနှင့်သိန္နီကြားတို့တွင် တအာင်းလွတ်မြောက်ရေး တပ်မတော် တိုက်ပွဲများစွာ တိုက်ခိုက်ခဲ့ရ၏။ အသက်သွေးများစွာ ပေးဆပ်ခဲ့ရ၏။ တအာင်းပြည်နယ်သမိုင်းကို သွေးနှင့်ရေးပြီး ပုံဖော်ခဲ့ကြ၏။ တိုက်ပွဲများကား မပြီးသေးပေ။ ဆက်လက် တိုက်ခိုက်ရဦးမည်။ တိုက်ခိုက်သိမ်းပိုက်နိုင်သည့် နယ်မြေများကို ကာကွယ်ကြရဦးမည်။ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်နှင့် တအာင်းပြည်နယ်ဆိုသည်မှာ ဒင်္ဂါးပြားတပြား၏ ခေါင်းနှင့်ပန်းဖြစ်၏။ ခွဲမရသည့်အစိတ်အပိုင်းများဖြစ်၏။
သို့သော် လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီး ပစ်ခတ်မှုများသည် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်၏ တိုက်စိတ်ခိုက်စိတ်နှင့် စွန့်လွှတ်ပေးဆပ်မှုကို တားဆီးမရနိုင်ခဲ့ပေ။ မြို့များ၊ စခန်းများ မကျအောင် တားဆီးဟန့်တားခြင်း မပြုနိုင်ခဲ့ပေ။
ရှမ်း၊ ကချင်၊ ကိုးကန့်၊ ပလောင်တို့ ရောယှက်နေထိုင်မှုလည်းရှိသည့် ရှမ်းပြည်မြောက်ပိုင်းတွင် အသစ်ပေါ်ထွက်လာမည့် တအာင်းပြည်နယ်သည် ပဋိပက္ခအသစ်များကိုလည်း ကြုံတွေ့ရင်ဆိုင်ဖြေရှင်း ကျော်လွှားရပေဦးမည်။ ပွတ်တိုက်မှုများကိုလည်း ရှောင်လွှဲ၍ ရမည်မဟုတ်ပေ။ သို့သော်လည်း ဤမြေဤရေတွင် အတူတကွ ယှဉ်တွဲနေခဲ့ကြသည့်အပြင် စစ်အာဏာရှင်များ၏အောက်တွင် နှစ်ပေါင်းများစွာ အတူတကွ အဖိနှိပ်ခံခဲ့ရသည့်တိုင်းရင်းသားလူမျိုးများ အချင်းချင်းကြား နိုင်ငံရေးအရ ဆွေးနွေးခြင်း၊ အပြန်အလှန် ယုံကြည်မှုတည်ဆောက်ခြင်းတို့ဖြင့် ကျော်လွှားကြရပေမည်။
တချိန်တည်းတွင် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်၏ တိုက်ပွဲဝင်မှု၊ စွန့်လွှတ်ပေးဆပ်မှုနှင့်အတူ ၂၀၂၄ ခုနှစ် နှစ်သစ်တွင် တအာင်းပြည်နယ်ကို မြင်ကြရပေတော့မည်။ မီးလောင်မြေ ပြာပုံထဲက ဖီးနစ်ငှက်တို့ ရုန်းထရှင်သန်ကြသည်ကို တွေ့ကြရမည်ဖြစ်သည်။
(ကိုဦးသည် တိုင်းရင်းသားအရေး လေ့လာသူ သုတေသီတဦး ဖြစ်သည်။)
“၁၀၂၇ စစ်ဆင်ရေး” နှင့် ရက်ပေါင်း ၆၀
ရှမ်းမြောက် အပစ်ရပ်ရေးက တရုတ်သြဇာနှင့် အကန့်အသတ်ကို ပြသနေ
နမ့်ဆန်မြို့ကို TNLA သိမ်းပိုက်
မူဆယ် ၁၀၅ မိုင် ဗျူဟာကုန်းနဲ့ ကုန်သွယ်ရေးဇုန်ကို ညီနောင် ၃ ဖွဲ့ ထိန်းချုပ်