တရုတ်-မြန်မာ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေး ရှိရာ ရှမ်းမြောက် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် အနီးက စစ်ကောင်စီတပ်ရဲ့ လက်ကျန် ဗျူဟာကုန်း တပ်စခန်းကို ညီနောင်မဟာမိတ် ၃ သုံးဖွဲ့က ဒီကနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့ မနက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီး ကုန်သွယ်ရေးဇုန်တခုလုံးကိုပါ ထိန်းချုပ်လိုက်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA)၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ဟာ နိုဝင်ဘာ လကုန်ပိုင်းမှာ မူဆယ် ၁၀၅ မိုင်မှာ ရှိတဲ့ ကျင်စန့်ကျော့ဂိတ်ကို သိမ်းပိုက်ခဲ့သလို နမ့်ပေါ်တံတားနဲ့ ၁၀၅ မိုင် အဝင်တပ်စခန်းတွေကို ဆက်တိုက် သိမ်းပိုက်ခဲ့ပြီး နောက်ဆုံးလက်ကျန် တပ်စခန်းဖြစ်တဲ့ ၁၀၅ မိုင် ဗျူဟာကုန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ရှိ အမျိုးသားတဦး က “မနေ့ က တနေကုန်နီးပါး တိုက်ပွဲပြင်းထန်နေတာ လေယာဉ်နဲ့ လည်း ဗျူဟာကုန်းထဲကို ပစ်ခဲ့တယ်။ ဒီမနက်တော့ ဗျူဟာကုန်းကို ရသွားပြီလို့ ကြားတယ်။ ပူးပေါင်းအဖွဲ့ (ညီနောင်သုံးဖွဲ့) က ၁၀၅ မိုင်ကို ထိန်းချုပ်လိုက်ပြီလို့ ပြောနိုင်တယ်” လို့ ပြောပါတယ်။
လက်ရှိမှာ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ထဲ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဝင်ရောက်နေရာယူထိန်းချုပ်ထားပြီး ဒေသခံအများစုကတော့ မူဆယ်မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင် နေကြပါတယ်။
လူမှုစာမျက်နှာပေါ်မှာ ပြန့်နှံ့နေတဲ့ ရုပ်သံမှတ်တမ်းတခုမှာတော့ မူဆယ် ၁၀၅ မိုင်ဗျူဟာကုန်းတပ်စခန်းထဲမှာ ညီနောင် မဟာမိတ် အဖွဲ့ဝင် ဖြစ်တဲ့ MNDAA ရဲ့ အလံလွင့်ထူထားတာကို တွေ့ရပါတယ်။
မူဆယ် ၁၀၅ မိုင် ဗျူဟာကုန်းကို သိမ်းပိုက်ရရှိကြောင်း ညီနောင် ၃ ဖွဲ့က ဒီကနေ့ နေ့လည်ပိုင်းထိ ထုတ်ပြန်ထားတာ မရှိသေးသလို TNLA နဲ့ MNDAA ဘက်ကို ကြိုးစားဆက်သွယ်နေဆဲ ဖြစ်ပါတယ်။
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ဟာ MNDAA က အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် ကြူကုတ်ပန်ဆိုင်းမြို့နဲ့ တဆက်ထဲ တည်ရှိပြီး ၁၀၂၇ စစ်ဆင်ရေးအတွင်း နောက်ထပ် နယ်စပ်ကုန်သွယ်ရေးဂိတ်တခုကို အပြီးသတ် သိမ်းပိုက်ထိန်းချုပ် လိုက်နိုင်တာဘဲ ဖြစ်ပါတယ်။
ဒါ့အပြင် ၁၀၅ မိုင်ဘက်ကို စစ်ကူဖို့ မူဆယ်မြို့ကနေ ချီတက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ညီနောင် ၃ ဖွဲ့တို့ မူဆယ်မြို့နဲ့ ၁၀၅ မိုင်အကြား တုန်ခန်ကျေးရွာအနီးမှာ ဒီကနေ့မနက် အစောပိုင်းကနေ မွန်းလွဲပိုင်းထိ တိုက်ပွဲပြင်းထန်နေတယ်လို့ မူဆယ်မြို့ခံ အမျိုးသမီး တဦးထံက သိရပါတယ်။
တိုက်ပွဲဖြစ်ပွားရာ တုန်ခန်ကျေးရွာက ရွာခံအချို့ဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး အများစုကတော့ တိုက်ပွဲအတွင်း ပိတ်မိနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
မူဆယ်မြို့ပေါ်မှာ တိုက်ပွဲတွေ ကူးစက်လာမှာကို မြို့ခံတွေ စိုးရိမ်နေကြပြီး မနေ့ နေ့လည်ပိုင်းမှာလည်း မူဆယ်မြို့ စက်မူရပ်ကွက် အနီးမှာ ပစ်ခတ်မှုတွေ ရှိခဲ့သလို စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ လေကြောင်းသုံးတိုက်ခိုက်ခဲ့ပါတယ်။
မူဆယ်မြို့ဟာလည်း ညီနောင်မဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ထိန်းချုပ်မယ့် စစ်ရေးအစီစဉ်ထဲ ပါဝင်နေကြောင်း TNLA နဲ့ နီးစပ်သူတွေထံက သိရပြီး မူဆယ်မြို့ပေါ်မှာတော့ ရာဇဝတ်မှုမကင်းတဲ့ လောင်းကစားဝိုင်းအများအပြားနဲ့ တရုတ်က နှိမ်နင်းနေတဲ့ ကျာဖြန့်လုပ်ငန်း အများအပြားလည်း တည်ရှိနေတဲ့ မြို့ဖြစ်ပါတယ်။
မူဆယ်မြို့နဲ့ တဆက်ထဲရှိတဲ့ မြန်မာ-တရုတ်နယ်စပ် နမ့်ခမ်းမြို့က စစ်ကောင်စီရဲ့ လက်ကျန် (စခန်းသစ်) တပ်စခန်းကိုလည်း TNLA က ရက်ပေါင်း ၂၀ ကျော်ကြာ စီးနင်းတိုက်ခိုက်နေပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့ နေ့စဉ်ရက်ဆက် ပြန်လည်ခုခံနေပါတယ်။