• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ကန့်ဘလူ အချုပ်စခန်းက အာဏာအလွဲသုံး လိင်အမြတ်ထုတ်မှု

by အသွင်သစ်
1 March 2024
in ဆောင်းပါး
A A
ကန့်ဘလူ အချုပ်စခန်းက အာဏာအလွဲသုံး လိင်အမြတ်ထုတ်မှု

ဖမ်းဆီးခံထားရသည့် အချုပ်သူမှ ဝန်ဆောင်မှုပေးနေရသည်ကို ပုံဖော်ရေးဆွဲခြင်းဖြစ်သည်

25.6k
VIEWS
Share on FacebookShare on Twitter

“လင်းယုန်ကို အာခံပြီး ထွက်သွားရင် အသက်အာမခံချက်မရှိဘူး။ အရှင်ထွက် မရှိဘူး။ အသေထွက်ပဲရှိမယ်” ဆိုတဲ့ ကြိမ်းဝါးသံက မရှိုင်းဇာနည်အတွက် ထိတ်လန့် တုန်လှုပ်စေခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာ ၂၀၂၃ ခုနှစ် မေလ ၂၃ ရက်နေ့ မနက် တနာရီခွဲ အချိန်မှာဖြစ်ပွားခဲ့တာပါ။

မရှိုင်းဇာနည်ဟာ အသက် ၃၃ နှစ်အရွယ် ဒုရဲအုပ် တယောက် ဖြစ်ပါတယ်။ လူခြေတိတ်ချိန် သူမနေထိုင်ရာ အဆောင်ခေါင်းရင်းထိ လာပြီး ဒေါသတကြီး ကြိမ်းဝါးသူကတော့ သူမရဲ့ အထက်အရာရှိ အသက် ၅၀ ကျော်အရွယ် စခန်းမှူး လင်းယုန် ခေါ် ဦးရဲရင့် ပါ။

နှစ်ဦးစလုံးက စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့ကြသူတွေ ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပြည်သူ့လုံခြုံရေး အဖွဲ့ (ပလဖ) အချုပ်စခန်း (၂) မှာ တာဝန် ထမ်းဆောင် နေကြသူတွေဖြစ်ပါတယ်။

ကန့်ဘလူမြို့နယ်ဟာ NUG အစိုးရ စိုးမိုးမှုအားကောင်းပြီး မြို့နယ်ပြည့်သူအုပ်ချုပ်ရေးအဖွဲ့၊ မြိုန့ယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့၊ မြို့နယ်တရားရေးဌာန စတဲ့ ကြားကာလ အုပ်ချုပ်ရေး ယန္တရားတွေ အားကောင်းကောင်းနဲ့ လည်ပတ်နေတဲ့ မြို့နယ်တခုလို့ ပြောနိုင်ပါတယ်။

မရှိုင်းဇာနည်အပေါ် ဦးရဲရင့်ရဲ့ ကြိမ်းဝါးခြိမ်းခြောက်မှုဟာ ဒီတကြိမ်အပါအဝင် ၃ ကြိမ်မက ရှိခဲ့ပြီဖြစ်တယ်လို့ အနီးကပ် မြင်တွေ့နေကြရသူတွေဖြစ်တဲ့ ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ (ပအဖ) နဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) အဖွဲ့ဝင်တွေကလည်း ရှင်းပြကြပါတယ်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
32
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
208
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
113

တင်းမာမှုတွေရဲ့ အစ

ဒုရဲအုပ် ရာထူးနဲ့ အမှုစစ်ရာထူးကိုပါ ပူးတွဲထမ်းဆောင်ခဲ့တဲ့ မရှိုင်းဇာနည်ဟာ ၂၀၂၃ ခုနှစ် မေလ ၁၈ ရက်နေ့ မနက် ၃ နာရီ ၄၅ မိနစ်ဝန်းကျင်မှာ တခြား ပလဖ အဖွဲ့ဝင် ၂ ဦးဖြစ်တဲ့ ကိုသောင်ပြင်၊ ကိုကောင်းရှိတို့နဲ့အတူ အချုပ်ခန်းကို စစ်ဆေးပြီး၊ စားဖိုဆောင်မှာ ထားရှိတဲ့ တရားခံ အချုပ်သူ တချို့ကို စစ်ဆေးရာမှာ တလင်တမယားစနစ်ဥပဒေနဲ့ ဖမ်းဆီးထားတဲ့ အသက် ၂၅ နှစ်အရွယ် အချုပ်သူ မဝေဝေ (အမည်လွှဲ) ကို သူမရဲ့ အိပ်ယာမှာ မတွေ့လို့ လိုက်ရှာတဲ့အခါ စခန်းမှူး ဦးရဲရင့် နဲ့အတူ စားဖိုဆောင်မှာရှိတဲ့ ထမင်းစားတန်းလျားမှာ အိပ်နေတာကို တွေ့ခဲ့ရပြီး ပြန်လှည့်လာခဲ့ကြရတယ်လို့ မရှိုင်းဇာနည်ရဲ့ တိုင်ကြားစာမှာ ဖော်ပြထားပါတယ်။

နောက်တနေ့မနက်မှာ မဝေဝေကို ခေါ်ယူပြီး ကိုယ်အိပ်ရမယ့်နေရာမှာ ရှိမနေတဲ့ ကိစ္စကို မေးမြန်းရာမှာ မဝေဝေ က စခန်းမှူးက သူ့အနားမှာလာအိပ်ဖို့ ပြောတဲ့အတွက် အိပ်ခဲ့ရတယ်လို့ ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။ စခန်းဂုဏ်သိက္ခာ ကျဆင်းမှာကို စိုးရိမ်တဲ့အတွက် အနေအထိုင် ဆင်ခြင်ဖို့ သတိပေးခဲ့ပြီး အမျိုးသမီး အချုပ်ခန်းထဲမှာ ချုပ်ထားကြောင်း သိရပါတယ်။

မဝေဝေကို အချုပ်ခန်းထဲ ဘာကြောင့် ချုပ်ရသလဲဆိုတဲ့ မေးခွန်းကို စခန်းမှူး ဦးရဲရင့်က မကျေမနပ် မေးမြန်းခဲ့တဲ့ အပေါ်မှာလည်း အချုပ်ရီမန်ယူထားတဲ့ အချုပ်သားကို အချုပ်ခန်းထဲ ထည့်ထားခြင်းသာဖြစ်တယ်လို့ မရှိုင်းဇာနည် က ဥပဒေ လမ်းကြောင်းက ဖြေရှင်းခဲ့တဲ့ အပေါ် တုန့်ပြန်မှု မရှိပေမယ့် တင်းမာမှုတွေရှိလာခဲ့တယ်လို့ ဆိုပါတယ်။

မဝေဝေကို အချုပ်ထဲပြန်လည်ချုပ်နှောင်ထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စခန်းမှူးရဲ့ မကျေမနပ်ဖြစ်မှုတွေ အရှိန်မြင့်လာတဲ့ အတွက် ၂၀၂၃ ခုနှစ် မေလ ၂၂ ရက်နေ့ မနက် ၁၀ နာရီမှာ ကိုသောင်ပြင်၊ ကိုကောင်းရှိ တို့နဲ့ အတူ မရှိုင်းဇာနည်က ထွက်စာ တင်ခဲ့တဲ့အကြောင်း NUG ကို တင်တဲ့ တိုင်စာမှာလည်း ဖတ်ရှုရပါတယ်။

ထွက်စာတင်တဲ့ အခါမှာလည်း ဦးရဲရင့် က မရှိုင်းဇာနည် ကို “မင်းက လူစု Group ထောင်ထွက်သွားပြီး အချုပ်သားတွေကို လွှတ်ပေးပြီး၊ ထုတ်ယူခေါ်ဆောင်သွားတယ်လို့ ကြေးနန်းတပ်ပြီး ဖမ်းခိုင်းလိုက်မယ်။ မင်းထွက်ချင်ထွက်” လို့ ခြိမ်းခြောက် ခဲ့တယ်လို့ ဆိုပါတယ်။

နောက်တနေ့ မနက် လူခြေတိတ်ချိန် မနက် တနာရီခွဲမှာလည်း မရှိုင်းဇာနည် အိပ်နေတဲ့ အဆောင်ခေါင်းရင်းမှာလာပြီး “လင်းယုန်ကို အာခံပြီး ထွက်သွားရင် အသက်အာမခံချက်မရှိဘူး။ အရှင်ထွက် မရှိဘူး။ အသေထွက်ပဲရှိမယ်” ဆိုပြီး ခြိမ်းခြောက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

၂၀၂၃ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် မရှိုင်းဇာနည်မှ ပြည်သူ့ရဲတပ်ဖွဲ့ဌာနချုပ်သို့ တင်ပြတိုင်ကြားစာ

သူ့ရဲ့ အသက်အန္တရာယ် စိုးရိမ်နေရပြီလို့ ခံစားနေရတဲ့ မရှိုင်းဇာနည်က ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး NUG ရဲ့ ပြည်ထဲရေး ဝန်ကြီးဌာနအောက်က ပြည်သူ့ရဲတပ်ဖွဲ့ဌာနချုပ်ကို ဇွန်လ ၁၅ ရက်နေ့က တိုင်ကြားစာပေးပို့ခဲ့ပါတယ်။

ဒါပေမဲ့ ထိရောက်တဲ့ အရေးယူမှု မရှိတဲ့ အပြင် ဇွန်လ ၂၄ ရက်နေ့မှာပဲ ဦးရဲရင့် က မရှိုင်းဇာနည် နေထိုင်ရာ အမျိုးသမီးဆောင်ပေါ်ကို တံခါး ကန်ချိုးပြီး ဝင်ရောက်လာတဲ့ အတွက် မရှိုင်းဇာနည် ထွက်ပြေးခဲ့ရပါတယ်။ အခန်းတံခါး ချိုးဝင်လာတဲ့ ဦးရဲရင့်ဟာ မူးယစ်နေပြီး ကြိမ်းမောင်းဆဲဆိုမှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဦးရဲရင့်က မဝေဝေကို အချုပ်ထဲကနေ ပြန်ထုတ်ပေး၊ မထုတ်ပေးရင် သူ့ကိုယ်သူ ပစ်သတ်မယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့တဲ့ အထိ ရှိခဲ့ကြောင်း ကိုယ်တိုင် မြင်တွေ့ခဲ့ရတဲ့ ပလဖ အဖွဲ့ဝင်တဦးက ဆိုပါတယ်။

ဦးရဲရင့်က မဝေဝေကို“ပေးစမ်း၊ လက်ပေးစမ်း၊ ငါ့လက်ကို ကိုင်ထားတဲ့။ အဲဒီလို တယောက်လက် တယောက်ကိုင်၊ တယောက်က အချုပ်ခန်းထဲ၊ တယောက်က အချုပ်ပြင်ပကပေါ့။ အဲဒီလိုတွေ လုပ်နေကြတာ”လို့ ပလဖ အဖွဲ့ဝင်က ရှင်းပြပါတယ်။

အချုပ်သားတွေ

ကန့်ဘလူမြို့နယ်၊ ပလဖ အချုပ်စခန်း (၂) မှာ ပြစ်မှု အမျိုးမျိုးနဲ့ အဖမ်းခံရပြီး အချုပ်ကျနေတဲ့ အကျဉ်းသား ၂၀ ကျော် ဝန်းကျင်ရှိပါတယ်။ အဲဒီအထဲမှာ အချုပ်သူ ၇ ဦးပါဝင်ပါတယ်။ အမျိုးသမီး အကျဉ်းသူတွေထဲမှာ တလင်တမယား စနစ်နဲ့ အဖမ်းခံထားရသူ၊ ပဇီကြီး ဖြစ်စဉ်မှာ သတင်းပေးအဖြစ် စွပ်စွဲဖမ်းခံထားရသူနဲ့ Nom-CDM လိုဝန်ထမ်းတချို့ ပါဝင်ပါတယ်။

အချုပ်သားတွေကို ဝါးနဲ့ ပြုလုပ်ထားတဲ့ အချုပ်ထောင်ထဲမှာထားပြီး ထွက်မပြေးနိုင်ဘူးလို့ ယူဆရတဲ့ အချုပ်သားတွေကို နေ့ခင်းဘက်မှာ စခန်းဝေယျာဝစ္စတွေလုပ်ခိုင်းတာ ရှိပြီး အချုပ်သူတွေကိုတော့ အချုပ်ဆောင်မှာ သီးသန့်ထားကာ နေ့ခင်းဘက်တွေမှာ ချက်ပြုတ်ရေးနဲ့ သန့်ရှင်းရေး လုပ်ငန်းတွေကို လုပ်ခိုင်းတယ်လို့ ပလဖ အဖွဲ့ဝင်တွေက ရှင်းပြပါတယ်။

လိင်အမြတ်ထုတ်မှုတွေထပ်ပေါ်လာ

၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၁ ရက်နေ့တွင် ပလဖ အဖွဲ့ဝင် ကိုကကြီးမှာ ကိုအာကာဖြစ်စဉ်အား လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနသို့ တင်ပြတိုင်ကြားစာ

စခန်းမှူး ဦးရဲရင့်ရဲ့ ခြိမ်းခြောက်မှုကိစ္စနဲ့ပတ်သက်ပြီး ဌာနတွင်း ရှင်းလင်း စိစစ်မှု ပြုလုပ်နေတဲ့ ကာလမှာပဲ အလားတူ အာဏာအလွဲသုံး လိင်အမြတ်ထုတ်မှုနဲ့ လိင်အကြမ်းဖက်မှုလို့ ခေါင်းစဥ်တပ်ထားတဲ့ စွပ်စွဲချက် ၂ မှု ထပ်မံ ပေါ်ထွက် ခဲ့ပါတယ်။

တိုင်ကြားစာတွေအရ အမှုသုံးမှုစလုံး ကန့်ဘလူမြို့နယ်၊ စခန်း ၂ အတွင်း ဖြစ်ပွားခဲ့ပြီး ကျုးလွန်ခံရသူ အမျိုးသမီးသုံးဦး ဟာလည်း အချုပ်စခန်း ၂ မှာ အကျဉ်းကျနေသူတွေ ဖြစ်ပါတယ်။

ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) ခေါင်းဆောင် မဲခေါင် (ခ) ဦးမြင့်ဇော်ဦးက အချုပ်သူ မဝင်းဝင်း (အမည်လွှဲ) ကို အာဏာ အလွဲသုံး လိင်အမြတ်ထုတ်မှု စွပ်စွဲချက်နဲ့ ပလဖ အဖွဲ့ဝင် ဦးအာကာက အချုပ်သူ မရတနာ (အမည်လွှဲ) ကို အတင်းအဓမ္မ ကာမရယူဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ NUG ဝန်ကြီးဌာနတွေကို တိုင်ကြားတဲ့ စာတွေထဲမှာ ဖတ်ရှုရသလို စခန်း ၂ နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကလည်း ပြောပါတယ်။

တလင်တမယားစနစ်ဥပဒေနဲ့ အဖမ်းခံထားရတဲ့ မဝေဝေ နဲ့ Non-CDM ကျန်းမာရေးဝန်ထမ်း ဖြစ်လို့ အဖမ်းခံထားရတဲ့ မဝင်းဝင်းတို့ဟာ အသက် ၂၅ နှစ်အရွယ်တွေဖြစ်ပြီး အသက် ၁၈ နှစ်အရွယ် ဆယ်တန်းကျောင်းသူ မရတနာ ကတော့ ပဇီကြီးဖြစ်စဉ် သတင်းပေးမသင်္ကာမှုနဲ့ အဖမ်းခံထားရတဲ့သူ ဖြစ်ပါတယ်။

စခန်းမှူး ဦးရဲရင့်နဲ့ ပလဖ ခေါင်းဆောင် ဦးမြင့်ဇော်ဦးတို့ဟာ စခန်းက ညဘက် အရက်ဝိုင်းတွေမှာ မဝေဝေနဲ့ မဝင်းဝင်းတို့ ၂ ဦးကို အရက်ငှဲ့ခိုင်းတာ၊ ဘီယာဗူးဖောက်ခိုင်းတာ၊ အမြည်းလုပ်ခိုင်းတာတွေ စတဲ့ ဧည့်ခံခိုင်းတဲ့ လုပ်ရပ်တွေကြောင့် KTV သွားချင်ရင် စခန်း ၂ ကိုသွားလို့ အဖွဲ့နဲ့ နီးစပ်သူတွေအကြားမှာ စနောက်ပြောဆိုမှုတွေပါ ရှိလာတယ်လို့ ပလဖ အဖွဲ့ဝင်တချို့က ပြောပါတယ်။

CDM ကျန်းမာရေးဝန်ထမ်း မဝင်းဝင်းကို အာဏာအလွဲသုံး လိင်အမြတ်ထုတ်တယ်ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေဟာ သူ့ကိုဂုဏ်သိက္ခာညှိုးနွမ်းစေဖို့ ရည်ရွယ်တိုက်ခိုက်နေတာဖြစ်တယ်လို့ ဦးမြင့်ဇော်ဦး က ဧရာဝတီကို ရှင်းပြပါတယ်။

“ဒီတောထဲတောင်ထဲ နေတဲ့ကိစ္စမှာ အချုပ်ဆိုတာလည်း သူ့ဟာနဲ့သူ ကင်းတွေနဲ့ လုံခြုံရေးတွေနဲ့၊ ရှင်းရှင်းပြောရရင် ဘယ်အချိန် ဘယ်အချိန် မဖြတ်ရဘူးဆိုတဲ့ သတ်မှတ်ထားတဲ့ကိစ္စတွေကလည်း ရှိပြီးသားတွေ။ ဒါကြောင့် ဒီဟာတွေအပေါ်မှာ ကျနော်တို့လုပ်ခဲ့တာ တခုမှမရှိဘူး”လို့ ဦးမြင့်ဇော်ဦးက ပြောပါတယ်။

အသက် ၁၈ နှစ်အရွယ် အချုပ်သူ ဆယ်တန်းကျောင်းသူ မရတနာကို ကာမရယူဖို့ အကြမ်းဖက်ခဲ့တယ်လို့ တိုင်ကြားခံထားရတဲ့ ဦးအာကာဟာ ရဲ CDM တဦးဖြစ်သလို ပလဖ အခြေခံ စစ်ရေးနည်းပြ တဦးလည်းဖြစ်ပါတယ်။ သတင်းတွေထွက်နေတဲ့ အချိန် ပလဖ စခန်း ၂ မှာ နေထိုင်သူလည်း ဖြစ်ပါတယ်။

တိုင်ကြားစာပါ အချက်အလက်အရ ဦးအာကာဟာ မရတနာကို အချုပ်ဆောင်နဲ့ မနီးမဝေးမှာရှိတဲ့ တရားခွင် အဆောင်အတွင်းကို ည ၁၁ နာရီမှာ ခေါ်ထုတ်သွားပြီး ကာမရယူဖို့ ကြိုးစားခဲ့ရာမှာ မရတနာက ငြင်းဆန်တာကြောင့် လည်ပင်းညှစ်ပြီး ပါးကို ၃ ချက် ရိုက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဦးအာကာ သတင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့လည်း ဦးမြင့်ဇော်ဦး က “တိုင်ကြားပြီးရင်တော့ စစ်ဆေးကြရုံ ရှိတာပါ။ ကျနော်တို့ မြေပြင်၊ ကျနော်တို့ မျက်စိအောက်မှာ ကျနော်တို့ရှိနေတဲ့ အတောအတွင်းမှာတော့ မဖြစ်ခဲ့တာ အသေအချာပဲ”လို့ ပြောပါတယ်။

ကျူးလွန်တယ်လို့ စွပ်စွဲခံရသူတွေဟာ လက်ရှိမှာ ရာထူးကြီးယူထားသူတွေ ဖြစ်သလို လက်နက်ရှိသူတွေ ဖြစ်တဲ့အတွက် မျက်မြင်တွေ့ရှိခဲ့တယ်လို့ ထွက်ဆိုသူ၊ သက်သေအထောက်အထားပေးသူ အပါအဝင် ကန့်ဘလူမြို့နယ် ပအဖနဲ့ ပလဖ အဖွဲ့၀င်အများစုက သူတို့ ကြုံတွေ့နိုင်တဲ့ လုံခြုံရေးအန္တရာယ်ကြောင့် အမည်ထုတ်ဖော် မရေးသားဖို့ တောင်းဆိုခဲ့ကြပါတယ်။

– ၂၀၂၃ ခုနှစ် ဇူလိုင် ၆ ရက်နေ့တွင် ကန့်ဘလူမြို့နယ် တရားသူကြီး ၂ ဦးမှ ဖြစ်စဉ် ၃ ခုလုံးနဲ့ ပတ်သက်ပြီး NUG အကျဉ်းဦးစီးဌာနထံ တင်ပြတိုင်ကြားစာ

ဒီဖြစ်စဉ် ၃ ခုလုံးကို ဖြစ်စဉ်မှန် ပေါ်ပေါက်ရေး စစ်ဆေးဖော်ထုတ်ပေးဖို့ ကန့်ဘလူမြို့နယ်၊ တရားရေးဌာန မြို့နယ်တရားသူကြီး ၂ ဦးက NUG အကျဉ်းဦးစီးဌာနကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့မှာ တင်ပြတိုင်ကြားခဲ့သလို ဦးအာကာရဲ့ ဖြစ်စဉ်ကိုလည်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကို ပလဖ အဖွဲ့ဝင် ကိုကကြီးက ဩဂုတ်လ ၁၁ ရက်နေ့မှာ တိုင်ကြားခဲ့ပါတယ်။

ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းနေတဲ့ အခြေအနေအသေးစိတ်တွေကို သိရှိနိုင်ဖို့ အမှု တိုင်ကြားစာတွေ လိပ်မူပေးပို့ထားတဲ့ ကန့်ဘလူမြို့နယ် တရားရေးဌာန၊ အမျိုးသားညီညွှတ်ရေး အစိုးရလက်အောက်က ဝန်ကြီးဌာန တာဝန်ရှိသူတွေအပြင်၊ ဖြစ်စဉ်အတွင်း ပါဝင်ပတ်သက်သူတွေနဲ့ နယ်မြေခံ ပအဖ၊ ပလဖ အဖွဲ့ဝင်အချို့အပါအဝင် စုစုပေါင်း ၁၄ ဦးကို ဧရာဝတီက ဆက်သွယ်စုံစမ်းခဲ့ပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အကျဉ်းသားတွေရဲ့ ဂုဏ်သိက္ခာအတွက် အမည်လွှဲတွေ အသုံးပြုထားသလို လုံခြုံရေးအရ သတင်းရင်းမြစ်တွေရဲ့ နာမည်နဲ့ တာဝန်တွေကို ထိန်ချန်ထားပါတယ်။

လူမှုရေး ကိစ္စလား၊ အာဏာအလွဲသုံး လိင်အမြတ်ထုတ်မှုလား

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တိုင်းကြားမှုတွေရှိခဲ့ပေမယ့် “လူမှုရေးပြဿနာ” တရပ်အဖြစ် ပလဖ အဖွဲ့ဝင်တွေကြားမှာရော အထက် အဆင့်ဆင့် ပုဂ္ဂိုလ်တွေ တချို့အကြားမှာ ရှုမြင်မှုတွေ ရှိနေသလို တော်လှန်ရေး ဂုဏ်သိက္ခာ၊ အဖွဲ့အစည်း ဂုဏ်သိက္ခာ ထိခိုက်တယ်လို့ ပြောနေတဲ့ ပလဖ အဖွဲ့ဝင်တချို့ရှိနေပါတယ်။ ဒါပေမဲ့ ဥပဒေပညာရှင်တွေကတော့ တိုင်ကြားချက်တွေထဲကအတိုင်းသာ မှန်ကန်ခဲ့မယ်ဆိုရင် ဒါဟာ အချုပ်သူတွေအပေါ်မှာ အာဏာအလွဲသုံးပြီး လိင်အမြတ်ထုတ်တဲ့ အမှုမြောက်တယ်လို့ ပြောပါတယ်။

အချုပ်သူအပေါ် ကန့်ဘလူစခန်းမှူး ဦးရဲရင့်က လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တယ်ဆိုတဲ့ တိုင်ကြားချက်အရ ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း ပြုလုပ်တဲ့ ပြည်ထဲရေးဝန်ကြီးဌာနဆိုင်ရာ အွန်လိုင်း အစည်းအဝေးတခုမှာ ထည့်သွင်း ဆွေးနွေးခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာနအောက် ပအဖ၊ ပလဖ အဖွဲ့ဝင်တွေအပါအဝင် ဝန်ကြီးဌာနက တာဝန်ရှိခေါင်းဆောင်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် အစည်းအဝေးတက်တဲ့ ခေါင်းဆောင်တချို့ဟာ ဒီဖြစ်စဉ်ဟာ ၂ ဦး သဘောတူ လူမှုရေးကိစ္စအဖြစ် ပြောဆိုမှုတွေရှိတယ်လို့ ကန့်ဘလူမြို့နယ် ပအဖ အဖွဲ့ဝင်တဦးက ပြန်ပြောပြပါတယ်။

“အိပ်နေတဲ့အချိန်က ဘယ်အချိန်လဲပေါ့။ မနက် ၃ နာရီ ၄ နာရီ ဒါကို ခုံတခုံထဲ အထက်အောက် အိပ်တာကို တွေ့တဲ့ ကိစ္စလေးနဲ့ ဒါမျိုးကြီး ဖြစ်စရာလားလို့ အစည်းအဝေးမှာ တာဝန်ရှိသူ တယောက်က ပြောတယ်” လို့ ပြန်ရှင်းပြပါတယ်။

“သူတို့ဘာသာ နှစ်ဦးသဘောတူတာတွေ ဘာတွေ ကျနော်တို့ လိုက်စဉ်းစားစရာ အကြောင်းကို မရှိဘူး။ ရိုးရိုးလေး စဉ်းစားကြည့်ရင် သူတို့က အကျဉ်းသူတွေ။ ဟိုလူတွေက အကျဉ်းကို စီမံအုပ်ချုပ် ပိုင်ခွင့်ရှိတဲ့သူတွေ။ ဘယ်လိုပဲ ဖြစ်နေဖြစ်နေ စောင့်စည်းရမယ့် ၀တ္တရားရှိသင့်တယ်” လို့ သူကဆက်ပြီး မှတ်ချက်ပြုပါတယ်။

NUG လက်အောက် တရားဥပဒေ စိုးမိုးရေးအတွက် ကူညီပေးနေတဲ့ တရားလွှတ်တော် ရှေ့နေတဦးက ဥပဒေကြောင်းအရ အမျိုးသမီးရဲ့ သဘောတူချက် ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ၊ အာဏာရှိသူနဲ့ အချုပ်သူကြား အဆိုပါ ဆက်ဆံရေးမျိုး မရှိသင့်ကြောင်း မှတ်ချက်ပေးပါတယ်။

တရားလွှတ်တော်ရှေ့နေ က “သဘောတူတူ မတူတူ လုပ်လို့မရဘူး။ စည်းမျဉ်းစည်းကမ်းအရ ဒီလို ချုပ်ထားတဲ့ အမျိုးသမီး တယောက်ကို အဲဒီလိုမျိုး ခေါ်နေတယ် ဆိုကတည်းက စည်းကမ်းဖောက်နေပြီ။ အဲဒီထဲမှာ အမျိုးသမီးက သဘောမတူဘူး ဆိုရင် မုဒိမ်းမှုပါ ထပ်မြောက်တယ်”လို့ ပြောပါတယ်။

ပျောက်ဆုံးနေတဲ့ တရားမျှတမှု

ဦးရဲရင့်ရဲ့ ခြိမ်းခြောက်မှုအပေါ် မရှိုင်းဇာနည်ရဲ့ တိုင်ကြားမှုနဲ့ပတ်သက်ပြီး ဇူလိုင်လ ၄ ရက်နေ့မှာ NUG ပြည်ထဲရေး ဝန်ကြီးဌာန အောက်မှာရှိတဲ့ ပြည်သူ့ရဲတပ်ဖွဲ့ ဦးစီးဌာန ညွှန်ကြားချက်အရ ခရိုင်ပလဖတာဝန်ခံ ဦးအောင်ကျော်မိုး (ခ) ရဲမှူး ၀ရဇိန်နဲ့ ရဲမှူးစွန်ရဲ တို့က မျက်မြင်သက်သေတွေနဲ့ အချုပ်သူ/အချုပ်သားတချို့ကို လာရောက် မေးမြန်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

ပြည်ထဲရေးဝန်ကြီးဌာန၊ တွဲဖက်အတွင်းဝန် ဒေါ်ဇူလိုင် (တော်လှန်ရေးအမည်) က“ဒီကိစ္စကို စုံစမ်းပါ၊ စစ်ဆေးပါ၊ မှန်ကန်ရင် အရေးယူမှု ပြုလုပ်ပါဆိုပြီးတော့ပဲ ညွှန်ကြားထားတာရှိတယ်” လို့ သူမက ပြောပါတယ်။

စစ်ဆေးမှုထဲမှာ တွဲဘက်အမှုစစ်အဖြစ် ပါဝင်ခဲ့တဲ့ ရဲမှူးစွန်ရဲကို ဆက်သွယ်မေးမြန်းရာမှာ ရလာဒ် ထွက်ခဲ့တယ်လို့ ဆိုပေမယ့် အသေးစိတ်ကိုတော့ အထက်ခွင့်ပြုချက်မရှိသေးလို့ဆိုပြီး ဖြေဆိုပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

အမှုနဲ့ ပတ်သက်တဲ့ စစ်ဆေး ပေါ်ပေါက်ချက်တွေကို ပြည်ထဲရေးဝန်ကြီးဌာနကို ပေးပို့ထားပြီးဖြစ်တယ်လို့ ရဲမှူးစွန်ရဲက ဖြေဆိုခဲ့ပေမယ့် ပြည်ထဲရေး တွဲဘက်အတွင်းဝန် ဒေါ်ဇူလိုင်ကတော့ ဒီကိစ္စရပ်နဲ့ပတ်သက်ပြီး သေချာမသိဘူးလို့ ဆိုပါတယ်။

ဖြစ်စဉ်တွေကို တိုင်ကြားခဲ့သူတွေ၊ မြို့နယ် ပလဖတာဝန်ခံ အပါအဝင်၊ တရားရေးဌာန တာဝန်ရှိသူတွေ အနေနဲ့ စစ်ဆေးချက်ရလဒ်၊ အရေးယူမှု အပြစ်ပေးမှု စတာတွေနဲ့ ပတ်သက်တဲ့ အခြေအနေ တစုံတရာမှ မသိရှိထားတာကို တွေ့ရှိရပါတယ်။

ကန့်ဘလူမြို့နယ် ပလဖ တာဝန်ခံ ဦးသူရိန်က “ဆရာကြီး ခေါ်အိပ်ရင်လည်း အိပ်ရမယ်၊ စခန်းမှူး ခေါ်အိပ်ရင်လည်း အိပ်ရမယ်ဆိုပြီး ဒီဟာတွေက အစ တိုင်ထားတာ။ တိုင်ကြားထားသော်လည်း စစ်ဆေးတဲ့ ရလာဒ်က ထွက်မလာတော့ ကျနော်တို့က မတင်မကျ ဖြစ်တာပေါ့”လို့ ဆိုပါတယ်။

ဦးသူရိန် က ဆက်ပြီး“စစ်ဆေးရေးအဖွဲ့နဲ့လည်း ကျနော်က ဘာမှ မဆွေးနွေး မပြောရဘူး။ စစ်ဆေးရေးအဖွဲ့ကလည်း တာဝန်ခံကို ဒါကတော့ ဒီလိုရှိတယ်၊ ဒီလို စစ်ဆေးတာ ဒါတွေတွေ့တယ်ဆိုတာကို သူတို့က ဆွေးနွေးမသွားဘူး။ တာဝန်ခံ မသိလည်း ဖြစ်တယ်ဆိုတဲ့ သဘောမျိုးနဲ့ ဒီအခြေအနေတွေကို မပြောတာလို့ ကျနော် သတ်မှတ်တယ်” လို့ ရှင်းပြပါတယ်။

စခန်းမှူး ဦးရဲရင့်ဟာ မြို့နယ် ပလဖတာဝန်ခံ ဦးသူရိန်ရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဦးရဲရင့် အမှုစစ်ဆေးရေး ဦးဆောင်သူ ဦးအောင်ကျော်မိုးဟာ မရှိုင်းဇာနည်ကို အဆောင် တံခါးဖျက် ဆဲဆိုခြိမ်းခြောက်ချိန်မှာ ဦးရဲရင့်တို့နဲ့ အတူ ရှိနေခဲ့ကြောင်း ပလဖ တာဝန်ခံ ဦးသူရိန်က ပြောပါတယ်။

ဒီအချက် အပါအဝင် စွပ်စွဲခံရသူ ၃ ဦးလုံးနဲ့ ပုံမှန်ထက် ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့ ခရိုင် ပလဖ ရဲမှူးဦးအောင်ကျော်မိုး ကိုယ်တိုင်ဦးဆောင်တဲ့ အဲဒီစစ်ဆေးမှုရဲ့ သမာသမတ်ကျမှုဟာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

“ခရိုင်ပလဖက သူတို့တွေ (စွပ်စွဲခံရသူတွေ)နဲ့ မိတ်ရင်းဆွေရင်း ဆရာတပည့်တွေပဲကို။ ဒီလိုလေးလာပြီး ပြန်သွားတော့ စစ်ဆေးမှု ဟုတ်မနေဘူး”လို့ ကန့်ဘလူ တရားသူကြီးတဦးဖြစ်တဲ့ ဦးပေါ်ထွန်းက ပြောပါတယ်။

စစ်ဆေးပြီးနောက်ပိုင်းမှာလည်း ဦးရဲရင့်က ခြိမ်းခြောက်မှုတွေ ထပ်လုပ်လာတဲ့အတွက် NUG ရဲ့ လူ့အခွင့် အရေးဆိုင်ရာ ဝန်ကြီးဌာနကို ဩဂုတ်လ ၁၁ ရက်နေ့က ထပ်မံတိုင်ကြားခဲ့ပေမယ့် ဘာမှ မထူးခြားတဲ့ အတွက် စိတ်ပျက်ခဲ့ ကြရတယ်လို့ ကာယကံရှင်နဲ့ ပလဖ အဖွဲ့ဝင် တချို့က ဆိုပါတယ်။

ဦးမြင့်ဇော်ဦးက အချုပ်သူ မဝင်းဝင်းကို လိင်အမြတ်ထုတ်မှုရှိခဲ့တယ်ဆိုတဲ့ သတင်းထွက်ပေါ်မှုနဲ့ ပတ်သက်ပြီး ၂၀၂၃ ခုနှစ်ထဲမှာပဲ ပြည်ထဲရေးဝန်ကြီးဌာန တွဲဘက်အတွင်းဝန် ဒေါ်ဇူလိုင်နဲ့ အမျိုးသမီး လူငယ်နဲ့ ကလေးသူငယ်ရေးရာ အတွင်းဝန်တို့က မေးမြန်းမှု တချို့ လုပ်ခဲ့တာ ရှိတယ်လို့ ဦးမြင့်ဇော်ဦးက ဆိုပါတယ်။

“ကျနော့်ကို တိုင်ထားတာမို့လို့ တိတိကျကျ စစ်ချင်တယ်ဆိုလည်း စစ်၊ အဲဒီလိုမဟုတ်ဘူးဆိုရင် အထင်မျိုးနဲ့ ကျနော့်ကို စစ်ဆေးတဲ့ပုံစံမျိုးဆိုရင် ကျနော်က လက်မခံနိုင်ပါဘူးလို့ ကျနော်က ပြောလိုက်တယ်” လို့ ဦးမြင့်ဇော်ဦးက ပြောပါတယ်။

ဦးအာကာဖြစ်စဉ်နဲ့ ပတ်သက်လို့တော့ ဌာနအတွင်းမှာ စစ်ဆေးမေးမြန်း ဆွေးနွေးမှု တစုံတရာ မရှိသေး ကြောင်း စုံစမ်း သိရှိရပါတယ်။

ဖြစ်စဉ် ၃ ခုလုံးနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ပွင့်လင်းမြင်သာတဲ့ စစ်ဆေးဖော်ထုတ်မှု တရပ် အမြန်ဆုံးလုပ်ဖို့ မြို့နယ် တရားသူကြီးနှစ်ဦးက အကျဉ်းဦးစီးဌာနကို ၂၀၂၃ ဇူလိုင်လ ၆ ရက်နေ့က တင်ပြတိုင်ကြားစာ တစောင် ပို့ခဲ့ပါတယ်။ တင်ပြချက်နဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာမှာ ကန့်ဘလူအကျဉ်းဦးစီးဌာန တာဝန်ရှိသူတဦးက တိုင်စာဌာနက ကိုင်တွယ်ဆောင်ရွက်နေကြောင်းသာ ဖြေဆိုခဲ့ပေမယ့် နောက်ဆက်တွဲအခြေအနေကိုတော့ တိတိကျကျ မဖြေပေးပါဘူး။

ကန့်ဘလူမြို့နယ် တရားသူကြီး ဦးဂျိုကာဂျိမ်းက “စခန်းမှူးရဲ့ လိင်အမြတ်ထုတ်မှုကို မျက်မြင်မြင်ခဲ့ပြီး တိုင်ကြားတာတောင်မှ ဘာမှ အရေးယူဆောင်ရွက်မှု တစုံတရာ မရှိဘဲ လာတော့ စစ်တယ်။ ဟန်ပြစစ်ပြီးတော့ တိုင်ကြားတဲ့သူကိုတောင် အသက်အန္တရာယ် ခြိမ်းခြောက်မှုလုပ်တယ်”လို့ ပြောပါတယ်။ ဒါ့အပြင် အခုချိန်ထိလည်း တရားခံလို့ စွပ်စွဲခံထားရသူက တာဝန်ဆက်ပြီး ထမ်းဆောင်နေဆဲပဲဆိုတာ သူက ထောက်ပြပါတယ်။

ကန့်ဘလူအချုပ်စခန်း ၂ က အာဏာအလွဲသုံး လိင်အမြတ်ထုတ်မှု သတင်းဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကို တိုင်ကြားထားတယ်ဆိုတဲ့အတွက် မေးမြန်းရာမှာ တရားရေးဆိုင်ရာ ဖြစ်တာကြောင့် သူ့အနေနဲ့ ဖြေကြားလို့ မရဘူးလို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက တုန့်ပြန်ပါတယ်။

ကန့်ဘလူ ပလဖ အချုပ်စခန်း ၂ က တင်ပြတိုင်ကြားမှုဖြစ်စဉ်

အချုပ်ကျနေတဲ့ အမျိုးသမီးတွေအပေါ် ကျူးလွန်ခံရမှုအတွက် ကာယကံရှင်ကိုယ်တိုင် တရားဝင် တိုင်ကြားခြင်း မပြုနိုင်တဲ့အခြေအနေမှာ ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှုကို လုပ်သင့်တယ်လို့ တရားလွှတ်တော်ရှေ့နေတဦးက ထောက်ပြပါတယ်။

ဒါ့အပြင် “တိုင်ကြားတဲ့သူရှိတယ်၊ ဟုတ်တယ်မဟုတ်ဘူးကို စစ်ဆေးလိုက်တယ်ဆိုရင်တော့ စစ်ဆေးတဲ့ ရလဒ်ကို သိရမယ်။ စစ်ဆေးခံရတဲ့သူအပါအဝင် အများပြည်သူ သိအောင် ထုတ်ပြောသင့်တယ်” လို့ သူက ဆိုပါတယ်။

ကွင်းဆင်းစစ်ဆေးမှုတွေရဲ့ နောက်ဆက်တွဲ အခြေအနေတွေ ပွင့်လင်းမြင်သာမှုမရှိခဲ့တဲ့အပြင် တင်ပြတိုင်ကြားမှုတွေ လုပ်ပြီးနောက်ပိုင်းမှာ စခန်း ၂ က အမျိုးသမီးအချုပ်သူတွေအားလုံးကို အချုပ်သားအရေအတွက်အကြောင်းပြချက်နဲ့ စခန်း ၁ ကို အားလုံး ရွှေ့ပြောင်းခဲ့ပြီး အရင် အချုပ်သူအဆောင်နဲ့ ဖြစ်စဉ်ဖြစ်ပွားရာ စားဖိုဆောင်တွေကို ဖျက်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် ဒီလို အချုပ်သူတွေကို စခန်းပြောင်းရွှေ့မှုနဲ့ပတ်သက်ပြီး ဒုတာဝန်ခံကသာ လုပ်ဆောင်သွားတာဖြစ်ပြီး တာဝန်ခံအနေနဲ့ ဘာမှ မသိရဘူးလို့ ပလဖ တာဝန်ခံ ဦးသူရိန်က ပြောပါတယ်။

“အမျိုးသမီးတွေ အကုန်လုံး C1 (စခန်း ၁) ဘက်ကို ရွှေ့သွားတယ်။ ဘာလို့ ပြောင်းသွားတာလည်း ဆိုတာကတော့ ကျနော်လည်း မသိဘူး။ ကျနော့်ကိုလည်း အစီရင်ခံခြင်းမရှိဘူး” လို့ ဦးသူရိန်က ပြောပါတယ်။

စခန်းနဲ့နီးစပ်သူတွေရဲ့ ပြောဆိုချက်အရ ဒုတာဝန်ခံဖြစ်သူ ဦးဇော်ဝင်းမောင်ဟာ ဦးမြင့်ဇော်ဦး၊ ဦးရဲရင့်တို့နဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ဌာနတွင်း တရားဝင် တင်ပြ တိုင်ကြားမှုတွေ လုပ်ဆောင်ခဲ့တာ အခုဆို ၆ လနီးပါးရှိခဲ့ပါပြီ။ ဒါပေမဲ့ ကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့ ပအဖ တာဝန်ခံ ဦးမြင့်ဇော်ဦး၊ စခန်းမှူးဦးရဲရင့်နဲ့ ပလဖ အဖွဲ့ဝင်ဦးအာကာတို့လည်း ရွေ့လျားသွားလာ တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလမှာ စခန်းမှူး ဦးရဲရင့်က သူရဲ့ အရင် ပလဖ စခန်းမှူးတာဝန်က နှုတ်ထွက်ပြီး စခန်း ၂ နဲ့မနီးမဝေး ကျေးရွာတခုမှာ NUG ပြည်ထဲရေးဌာနအောက်က ပြည်သူရဲတပ်ဖွဲ့ဦးစီးဌာနအောက်မှာ ပြည်သူ့ရဲစခန်း အသစ်ဖွင့်ပြီး စခန်းမှူးအဖြစ် ဆက်လက်တာဝန် ထမ်းဆောင်နေပါတယ်။

ဦးမြင့်ဇော်ဦး ကလည်း ပုံမှန်အတိုင်း မြို့နယ်နဲ့ခရိုင် ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) အဖွဲ့ခေါင်းဆောင်အဖြစ် ဆက်လက်တာဝန် ထမ်းဆောင် နေဆဲဖြစ်သလို ဦးအာကာကိုလည်း ဌာနတွင်းစစ်ဆေးမှုခေါင်းဆောင် ခရိုင် ပလဖတာဝန်ခံ ဦးအောင်ကျော်မိုး ကပဲ အခြား တာဝန်ထမ်းဆောင်ဖို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ စခန်းပြောင်း ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေ တဦးက “သူ တကယ် မကျူးလွန်ဘူးဆိုရင်တော့ ဒီအခြေအနေမှာ ရှိနေတာ ပြဿနာ မဟုတ်ဘူး။ သံသယ ရှိနေတယ်ဆိုရင်တော့ သူ့ကို ခေတ္တခဏ တာဝန်ကနေ အနားပေးပြီး သေသေချာချာ စစ်ဆေးပြီး လုပ်သင့်တယ် လို့ ဥပဒေကြောင်းအရ ယူဆတယ်” လို့ ထောက်ပြပါတယ်။

NUG ဝန်ကြီးဌာနရဲ့ ဖွဲ့စည်းတည်ဆောက်ပုံအရ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ဟာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဖွဲ့စည်းမှုအောက်မှာ ရှိပါတယ်။

ကန့်ဘလူ ပလဖ အချုပ်စခန်း ၂ ဖြစ်စဉ်အတွင်း ပါဝင် ဆက်စပ်သူတွေရဲ့ ရာထူးတာဝန်

“ကျမတို့ကတော့ မတရားတာဆို ဘယ်သူ့မှ ကာကွယ်ပေးစရာ တကွက်မှ မရှိဘူး” လို့ ပြည်ထဲရေးတွဲဘက် အတွင်းဝန် ဒေါ်ဇူလိုင်က ပြောပါတယ်။

ဒါပေမဲ့ မြေပြင်မှာတော့ အာဏာအလွဲသုံး လိင်အမြတ်ထုတ်မှု ကျုးလွန်နေတယ်ဆိုတဲ့ တင်ပြတိုင်ကြားမှုတွေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ ချပြမှု မရှိသေးသလို စစ်ဆေးချက်အဖြေ တိတိကျကျ မပေါ်ပေါက်ခဲ့တဲ့အတွက် စွပ်စွဲခံရသူတွေအပေါ် စစ်ဆေးမှု၊ အရေးယူ အပြစ်ပေးမှုတွေ မတွေ့ရသေးပါဘူး။

ဒါပေမယ့် ဖြစ်စဉ်ကို တိုင်ကြားခဲ့တဲ့ မျက်မြင်သက်သေဖြစ်တဲ့ အမှုစစ် ဒုရဲအုပ်မရှိုင်းဇာနည်နဲ့ သက်သေအဖြစ် လိုက်ပေးခဲ့တဲ့ ပလဖအဖွဲ့ဝင် ကိုသောင်ပြင်တို့အပေါ်တော့ ထုတ်ဖော်ပြောဆိုမှု အကျိုးဆက်တွေ ရှိခဲ့တာ တွေ့ရပါတယ်။

ဝန်ကြီးဌာနတွေကို တိုင်ကြား တင်ပြထားတဲ့ကြားမှာပဲ စခန်းမှူးဦးရဲရင့်ရဲ့ ဆဲဆိုခြိမ်းခြောက်မှုတွေကို ကြုံတွေ့ရတာကြောင့် မရှိုင်းဇာနည်က ပြီးခဲ့တဲ့ ဇူလိုင်လမှာပဲ ရာထူးက နှုတ်ထွက်ခဲ့ရသလို သက်သေဖြစ်တဲ့ ကိုသောင်ပြင်လည်း လုံခြုံရေးစိုးရိမ်ရတဲ့အတွက် ပလဖ ကနေ နှုတ်ထွက်ပြီး အခြားဌာနတခုကို ပြောင်းရွေ့ခဲ့ရပါတယ်။ နောက်ထပ် မျက်မြင်သက်သေဖြစ်သူ ကိုကောင်းရှိကလည်း ပလဖကနေ နှုတ်ထွက်ပြီး နယ်ပြောင်းခဲ့ရပါတယ်။

“အားကိုးရတဲ့ ရဲဘော်နှစ်ဦးကတော့ သူတို့ရဲ့ အသက်အန္တရာယ်တွေ ဘာတွေအတွက် ကျနော့်အဖွဲ့ကနေ နားသွားရတဲ့သဘောပေါ့ ” လို့ ကန့်ဘလူမြို့နယ် ပလဖ တာဝန်ခံ ကိုသူရိန်က ပြောပါတယ်။ သူပြောတဲ့ ရဲဘော်နှစ်ဦးကတော့ မရှိုင်းဇာနည်နဲ့ ကိုသောင်ပြင်ကို ရည်ညွှန်းပြောဆိုခဲ့တာဖြစ်ပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကြားကာလ ဒေသန္တရ အုပ်ချုပ်ရေးယန္တရားနဲ့ တရားရေးအပေါ် ကန့်ဘလူ မြို့နယ် ဒေသခံ ပြည်သူလူထုကြား ယုံကြည်မှု မလျော့ကျအောင် ဒီလိုဖြစ်စဉ်မျိုးကို ပြည်ထဲရေးကနေ ကိုင်တွယ်ဖြေရှင်းတာထက် သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်း ဌာနတခုခုက ကြားဝင် စုံစမ်းစစ်ဆေးမှု လုပ်သင့်ကြောင်း ကန့်ဘလူမြို့နယ် တရားရေးဌာနက ထောက်ပြပါတယ်။

ကန့်ဘလူမြို့နယ် တရားရေးဌာန ဥက္ကဋ္ဌ ဦးပေါ်ထွန်းက “ကိုင်တွယ်စမ်းပါ။ မှန်မှန်ကန်ကန် အဂတိကင်းကင်း။ ကြားလာတဲ့အသံတွေနဲ့ တပြေးညီ ပြည်သူမျှော်လင့်တဲ့အတိုင်း ပြည်သူ့စိတ်ထဲမှာ ရှိတဲ့ယုံကြည်ချက်ကို လုပ်ပေးစမ်းပါ။ ဘာမှ တော်လှန်ရေးကြီး ယုတ်လျော့သွားမှာတွေ ဘာတွေမရှိပါဘူး” လို့ မှတ်ချက်ပေးပါတယ်။

“အပြစ်ကို ခံယူရဲတဲ့သူတွေနဲ့ အပြစ်ရှိသူတွေကို အရေးယူပေးမယ့် အဖွဲ့အစည်းပဲ လိုနေတာ။ တော်လှန်ရေး ကြီးက မယုတ်လျော့တဲ့အပြင် ပိုလို့ကျစ်လစ်ခိုင်မာလာဦးမှာပါ” ဟု သူက ယုံကြည်ချက် အပြည့်ပါတဲ့ အသံနဲ့ ပြောဆိုလိုက်ပါတယ်။

Your Thoughts …
Tags: NUGSliderကန့်ဘလူလင်းယုန်အချုပ်စခန်းဦးရဲရင့်
အသွင်သစ်

အသွင်သစ်

Contributor

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.9k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

by ဧရာဝတီ
14 September 2023
48.9k

စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။

Next Post
စစ်မှုထမ်းဟောင်းတွေလည်း စစ်မှုမထမ်းလို (ရုပ်/သံ)

စစ်မှုထမ်းဟောင်းတွေလည်း စစ်မှုမထမ်းလို (ရုပ်/သံ)

ဆီဖိုး ငွေမချေနိုင်၍ ဈေးကွက်အတွင်း ဓာတ်ဆီပြတ်နေ

ဆီဖိုး ငွေမချေနိုင်၍ ဈေးကွက်အတွင်း ဓာတ်ဆီပြတ်နေ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved