ယခုတကြိမ်တွင်လည်း လေကြောင်းမှ တိုက်ခိုက်ခြင်းပင် ဖြစ်သည်။
ဧပြီလနှောင်းပိုင်းက ကချင်ပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်၏ ဒရုန်း နှစ်စီးက ၎င်းတို့ ဦးခေါင်းထက်တွင် ဗုံးများကြဲချချိန်၌ ကချင် ခုခံတော်လှန်ရေး တိုက်ခိုက်ရေးသမားများသည် ပန်ကာသံကို ကြားရုံမျှသာ ကြားရသည်။
“ဗုံးတွေချလိုက်တော့ မြေကြီးပေါ်ကို ကျတယ်။ ကျနော် သတိမလစ်ဘူး။ တချိန်လုံး နိုးကြားနေတယ်” ဟု Al Jazeera သို့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် (KPDF) မှ ကိုအောင်ငယ်က လျှို့ဝှက်တနေရာမှ ပြောသည်။
ဒရုန်းတိုက်ခိုက်မှုကြောင့် လွန်ခဲ့သောနှစ် အောက်တိုဘာလမှ စတင်ပြီး လက်နက်ကိုင်တပ်များအကြား တိုက်ပွဲများ ပြင်းထန်နေသည့် ကချင်ပြည်နယ် ရှေ့တန်းအနီးတွင် ခိုအောင်းနေသူ သုံးဦး ပြင်းထန်သော ဒဏ်ရာများရသည်။
ထိုအပြင်းအထန် ဒဏ်ရာရသွားသူများကို စစ်မြေပြင် ဆေးဝန်ထမ်းများက တောနက်အတွင်းရှိ လျှို့ဝှက်ဆေးရုံသို့ ပို့ဆောင်ပေးပြီး ထိုဆေးရုံတွင် ပညာရှင်ဆရာဝန်များက ကုသပေးနိုင်မည် ဖြစ်သည်။
သို့သော် ကုသမှုခံယူပြီး တရက်ကြာသောအခါ ထိုစစ်သားများအနက် တဦးသည် ဆရာဝန်များ နားလည်ရန် ခက်ခဲသည့် ရောဂါလက္ခဏာများ ပြသလာပြီး သူ၏အခြေအနေ အလျင်အမြန် ယိုယွင်းလာသည်။
ပထမဆုံး တိုက်ခိုက်မှုအပြီး ရက်အတန်ကြာ နောက်ထပ် ဒရုန်းတိုက်ခိုက်မှုတွင် ဒဏ်ရာရပြီး အခြား ကူးစက်မှုမရှိဘဲ နာလန်ထစ ပြုလာပုံရသည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ စစ်သားတဦးသည် အခြေအနေ ရုတ်တရက် ဆိုးရွားလာပြီး အိပ်ပျော်နေစဉ် သေဆုံးသွားသည်။
ပထမဆုံး တိုက်ခိုက်မှုအပြီး ရက်အတန်ကြာ နောက်ထပ် ဒရုန်းတိုက်ခိုက်မှုတွင် ဒဏ်ရာရပြီး အခြား ကူးစက်မှုမရှိဘဲ နာလန်ထစ ပြုလာပုံရသည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ စစ်သားတဦးသည် အခြေအနေ ရုတ်တရက် ဆိုးရွားလာပြီး အိပ်ပျော်နေစဉ် သေဆုံးသွားသည်။

တချိန်တည်းတွင် ကိုအောင်ငယ်သည် တကိုယ်လုံးသို့ ပျံ့နှံ့လာသည့် သေလောက်သော နာကျင်မှုကို စတင်ခံစားရသည်။
ထိုသူများသည် ရုတ်တရက်ဖြစ်ပွားသော နီခရိုးစစ် Necrosis လက္ခဏာကို ခံစားရကြောင်း၊ ထိုသို့ဖြစ်ခြင်းကို ပေါက်ကွဲမှုကြောင့်ဖြစ်သည့် ဒဏ်ရာများတွင် သာမန်အားဖြင့် မတွေ့ရကြောင်း ဆရာဝန်များက ပြောသည်။ နီခရိုးစစ်လက္ခဏာမှာ ရောဂါကြောင့် သို့မဟုတ် သွေးလည်ပတ်မှု မရှိသောကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်းတခုမှ သို့မဟုတ် တစ်သျှူးတခုမှ ဆဲလ်အများစု သို့မဟုတ် အားလုံး ပျက်စီးယိုယွင်းခြင်း ဖြစ်သည်။
နီခရိုးစစ် ရုတ်တရက်ဖြစ်ပွားပြီး အဖျားနှင့်တွဲလာတတ်သည့် ဆက်ပ်စစ် sepsis ခေါ် ပြည်တည်နာ ဖြစ်စေနိုင်သော်လည်း ၎င်းတို့လူနာများ ရုတ်တရက် ကျန်းမာရေး ယိုယွင်းမှုများအတွက် ဇီဝကမ္မဗေဒ အကြောင်းရင်းကို ရှာမတွေ့ကြောင်း ဆရာဝန်များက ပြောသည်။
“ဒဏ်ရာတွေကို သေသေချာချာ စစ်ဆေးတဲ့အခါ အဲဒီဒဏ်ရာတွေက ဆဲလ်တွေ အလျင်အမြန် ပျက်စီးလာပြီး အလွယ်တကူ ပုပ်လာသလို သတ္တုစတွေနဲ့ မသက်ဆိုင်ဘူးဆိုတာ တွေ့ရတယ်” ဟု ထိုသံသယဖြစ်စရာ ဖြစ်ရပ်များကို ကုသပေးခဲ့သည့် ဝါရင့်ဆရာဝန် ဒေါက်တာ စိုးမင်းက Al Jazeera သို့ ပြောသည်။ သူသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ စတင်ပြီး စစ်မြေပြင်နှင့် ပတ်သက်သည့် ထိခိုက်မှုများကို ကုသပေးနေပြီး ပေါက်ကွဲမှုကြောင့် ရသောဒဏ်များကို ရာနှင့်ချီ ကုသပေးခဲ့ပြီးဖြစ်သည်။
ယခုဖြစ်ပွားနေသည့် အခြေအနေများသည် ထူးခြားကြောင်း ၎င်းကပြောသည်။
“နှစ်ရက်လောက်ကြာရင် ဒဏ်ရာတွေက အမည်းရောင်ဖြစ်လာပြီး အပုပ်နံ့ထွက်လာတယ်။ လက်ဝဲဘက် လက်တခုလုံး အပြာရောင်လို အရောင်ပျက်လာပြီး သွေးခုန်နှုန်း အားနည်းလာတယ်။ ဒါကြောင့် တတိယနေ့မှာ လက်ကို အလယ်ကနေ ဖြတ်လိုက်ရတယ်” ဟု ရှင်သန်လွတ်မြောက်လာသည့် တိုက်ခိုက်ရေးသမား ကိုအောင်ငယ်က ပြောသည်။
တားမြစ်လက်နက်များ
၂၀၁၅ ခုနှစ်တွင် အရပ်သားအစိုးရအတုက လက်မှတ်ရေးထိုး အတည်ပြုသည့် ဓာတုလက်နက်ဆိုင်ရာ နိုင်ငံတကာသဘောတူညီချက် (CWC) အရ ဓာတုလက်နက်များကို ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်းနှင့် အသုံးပြုခြင်းကို နိုင်ငံတကာဥပဒေအရ တားမြစ်ထားသည်။ ဓာတုလက်နက်များတွင် စစ်မြေပြင်၌ စစ်သားများကို စိတ်အနှောက်အယှက်ဖြစ်စေသည့် သို့မဟုတ် ရှုပ်ထွေးစေသည့် မျက်ရည်ယိုဓာတ်ငွေ့ ကဲ့သိုသော အဓိကရုဏ်း နှိမ်နင်းရေး ပစ္စည်းများသာမက ဗဟိုနဗ်ကြောစနစ်အပေါ် သက်ရောက်သည့် ပေါင်းသတ်ဆေးများနှင့် အဆိပ်အတောက်များ ပါဝင်သည်။
၂၀၁၅ ခုနှစ်တွင် အရပ်သားအစိုးရအတုက လက်မှတ်ရေးထိုး အတည်ပြုသည့် ဓာတုလက်နက်ဆိုင်ရာ နိုင်ငံတကာသဘောတူညီချက် (CWC) အရ ဓာတုလက်နက်များကို ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်းနှင့် အသုံးပြုခြင်းကို နိုင်ငံတကာဥပဒေအရ တားမြစ်ထားသည်။
သမားရိုးကျလက်နက်အချို့ဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ် (CCW) သည် စစ်သားများကို မလိုအပ်သော သို့မဟုတ် ကျိုးကြောင်းဆီလျော်မှု မရှိသော ဝေဒနာဖြစ်စေနိုင်သည့် သို့မဟုတ် အရပ်သားများကို သိမ်းကြုံး ထိခိုက်စေနိုင်သည့် လက်နက်အသုံးပြုမှုကို ပိတ်ပင်သည်။ မြန်မာသည် ထိုနိုင်ငံတကာ သဘောတူညီချက်ကို လက်မှတ်ရေးထိုး အတည်ပြုခြင်း သို့မဟုတ် သဘောတူသည့် နိုင်ငံ ၁၂၆ နိုင်ငံတွင် လွန်ခဲ့သောနှစ် ဇူလိုင်လအထိ ပါဝင်ခြင်း မရှိကြောင်း ကုလသမဂ္ဂ၏ အဆိုအရ သိရသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်အာဏာသိမ်းခဲ့သော မြန်မာစစ်တပ်သည် တားမြစ်လက်နက်များကို ယခင်ကလည်း သုံးခဲ့ဖူးသည်ဟု စွပ်စွဲခံရသည်။ ၂၀၁၄ ခုနှစ်က ကချင်ပြည်နယ်တွင် ထိုလက်နက်များသုံးပြီး ၂၀၀၅ ခုနှစ်တွင် အခြား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တခုကို တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည်။ ထိုဖြစ်ရပ် နှစ်ခုလုံးကို အတိအကျ သက်သေမပြခဲ့ပေ။
လက်ရှိ စစ်ကောင်စီသည် အရပ်သားများကို လေကြောင်းမှ သိမ်းကြုံးတိုက်ခိုက်ခြင်းနှင့် ရွာလုံးကျွတ် မီးရှို့ခြင်း အပါအဝင် စစ်ရာဇဝတ်မှုများဖြင့် စွပ်စွဲခံရပြီးဖြစ်သည်။
ယခုအခါ အဆိပ်ရှိသောလက်နက် ဖြစ်နိုင်ခြေရှိသည်များနှင့် ရင်ဆိုင်ရကြောင်း တော်လှန် တိုက်ခိုက်ရေးသမားများက ဖော်ပြနေကြသည်။ စစ်တပ်သည် ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်တွင် တိုက်ပွဲအတွင်း ဓာတုလက်နက်များ ကြဲချကြောင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) က မတ်လတွင် ဖော်ပြခဲ့သည်။
နောက်တလတွင် ကရင်ပြည်နယ်အရှေ့ပိုင်း ကော့ကရိတ်မြို့နယ်၌ အခြားတော်လှန်ရေး အင်အားစုတခုက အလားတူ စွပ်စွဲမှု ပြုလုပ်ခဲ့သည်။ အဆိပ်ဓာတ်ငွေ့ဗုံး အသုံးပြုသည်ဟု ၎င်းတို့ပြောသည့် တိုက်ခိုက်မှုတွင် တိုက်ခိုက်ရေးသမား ၃၀ သည် အဆိပ်မိသည့်လက္ခဏာများ ခံစားရကြောင်း ထိုဒေသမှ လက်နက်ကိုင်အဖွဲ့တခုဖြစ်သော ဂျိုကာစစ်ကြောင်းက ဖော်ပြသည်။ ၎င်းတို့ ရဲဘော်များသည် အသက်ရှူကျပ်ပြီး အော့အန်ကြောင်း လက်နက်ကိုင်အဖွဲ့ဝင်တဦးက ပြောသည်။

တားမြစ်ကန့်သတ် လက်နက်များကို အသုံးပြုနေသည်ဆိုသည့် ပြောဆိုချက်များကို ယုံကြည်ရသည့် လွတ်လပ်သော အဖွဲ့တခုက စုံစမ်းစစ်ဆေး အတည်ပြုသင့်သည်ဟု လူ့အခွင့်အရေး ကျွမ်းကျင်သူများက ပြောသည်။
“ခိုင်မာတဲ့ အထောက်အထား ဖော်ထုတ်နိုင်ခဲ့ရင် ဒီကိစ္စဟာ အရေးကြီးတဲ့ကိစ္စ ဖြစ်လိမ့်မယ်။ ဒါပေမယ့် အထောက်အထားစံနှုန်းက အရမ်းမြင့်မားရမယ်၊ အရမ်းမြင့်မားသင့်တယ်” ဟု သီးခြားလွတ်လပ်သော သုတေသီ ဒေးဗစ် စကော့ မက်သီဆန်က Al Jazeera သို့ ပြောသည်။ “ပြီးတော့မှ CCW ကော်မတီကို သွားဖို့လိုပြီး ဒီစာချုပ်ကို ဘယ်လို ချိုးဖောက်မှုကြောင့် ဘာသက်ရောက်မလဲ ဆုံးဖြတ်ရမယ်။ ဖြစ်နိုင်ခြေရှိတဲ့ ရလဒ်ကတော့ အရေးယူပိတ်ဆို့မှု တောင်းဆိုတာတို့၊ စာချုပ်အဖွဲ့ဝင်အဖြစ်က ဆိုင်းငံ့တာတို့ပဲ” ဟု ၎င်းက ပြောသည်။
စစ်တပ်နှင့် လက်နက်ကိုင်အဖွဲ့အစည်းများက ကျူးလွန်သည့် ပြင်းထန်သော ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးနေသော ကုလသမဂ္ဂအေဂျင်စီတခုဖြစ်သည့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) ကလည်း တော်လှန်ရေးအင်အားစုများ၏ ပြောဆိုချက်သစ်များကို လေ့လာနေသည်။ ၎င်းတို့သည် သုတေသနအသေးစိတ်များကို မပြောသော်လည်း မြန်မာတွင် ဓာတုလက်နက်များ အသုံးပြုမှု စွပ်စွဲချက်အသစ်များကို သိရှိပြီး ထိုစွပ်စွဲချက်များကို စုံစမ်းစစ်ဆေးနေကြောင်း Al Jazeera သို့ ပြောသည်။
ထိုစွပ်စွဲချက်များနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် Al Jazeera က အကြိမ်ကြိမ် မေတ္တာရပ်ခံသော်လည်း မြန်မာစစ်တပ်က တုံ့ပြန်ခြင်း မရှိပေ။
ဗိုလ်ချုပ်များက ဖယ်ရှားခဲ့သည့် နိုင်ငံရေးသမားများနှင့် လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ၎င်းတို့သည် ထိုပြောဆိုချက်များကို စုံစမ်းစစ်ဆေးနေကြောင်း ပြောသည်။
“စစ်တပ်က လွှမ်းမိုးချုပ်ကိုင်မှု ထိန်းချုပ်ရေးအတွက် ပိတ်ပင်ထားတဲ့လက်နက်တွေကို စစ်တပ်က အသုံးပြုတယ်ဆိုတာ တော်တော်လေးဖြစ်နိုင်တယ်” ဟု NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရသူ ဦးနေဘုန်းလတ်က Al Jazeera သို့ပြောသည်။ “ဒါကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ဒီဖြစ်ရပ်တွေကို အနီးကပ် စောင့်ကြည့်နေပြီး အကြမ်းဖက်စစ်တပ်ကို ဖိအားပေးဖို့လိုတယ်” ဟုလည်း ၎င်းက ဆက်လက် ပြောကြားသည်။
ကျနော်တို့ လွတ်မြောက်အောင် ကြိုးစားတယ်
ဧပြီလတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) သည် ထိုင်းနှင့် နယ်စပ်မှ အဓိကကျသည့်မြို့ မြဝတီကို ခေတ္တသိမ်းပိုက်ခဲ့သည်။ ထိုသို့ သိမ်းပိုက်သည်ကို တုံ့ပြန်သည့် အနေဖြင့် စစ်ကောင်စီသည် ထိုးစစ်ကို ခုခံရန် စစ်လေယာဉ်များ စေလွှတ်သည်။ နောက်ဆက်တွဲ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် သူနှင့် အခြားသူ ခုနစ်ဦး ဖျားနာလာသည်ဟု လေကြောင်းတိုက်ခိုက်မှုများကြောင့် သူ၏ ရပ်ကွက် တစိတ်တပိုင်းကို ဖျက်စီးခံရသည့် ဒေသခံတဦးက Al Jazeera သို့ ပြောသည်။
ထိုတိုက်ခိုက်မှုသည် လွန်စွာလျင်မြန်စွာ ဖြစ်ပျက်သောကြောင့် သူ့မိသားစုသည် ထွက်မပြေးမီ ပစ္စည်းများကို သိမ်းရန်မျှသာ အချိန်ရကြောင်း Al Jazeera သို့ အသက် ၂၇ နှစ်အရွယ် ကိုနေမင်းက ပြောသည်။
“ကျနော်တို့ ထွက်ပြေးဖို့ ကြိုးစားတယ်။ ဒါပေမယ့် အဲဒီနေ့မှာတော့ လေကြောင်းကနေ ပစ်ခတ်မှု အကြိမ် ၈၀ လောက် ကျနော်တို့အနားမှာ လုပ်တယ်။ ကင်းထောက်လေယာဉ်က ကျနော့်အိမ် အပေါ်ကို ရောက်နေတယ်။ နောက်တော့ ကျနော့်အိမ်နားက အိမ်ကို လေကြောင်းတိုက်ခိုက်မှုက ဖျက်ဆီးလိုက်တယ်။ စစ်ကောင်စီက ရဟတ်ယာဉ်သုံးပြီး စက်သေနတ်နဲ့ အဲဒီနေရာကို ပစ်ကြတယ်” ဟု ၎င်းက ပြောသည်။

သေနတ်သံများ သူ၏ အိမ်ပြင်ပတွင် ပဲ့တင်ထပ်နေသည်။ နောက်ဆုံးတွင် ကလေး သုံးယောက်အပါအဝင် လူ လေးဦးရှိသော မိသားစုသည် တွားသွားပြီး အကာအကွယ်ရှာကာ ပြေးရန် ဆုံးဖြတ်လိုက်သည်။ ၎င်းတို့ လွတ်မြောက်လာပြီးနောက် သူနှင့် အခြားသူ ခုနစ်ဦးသည် ထိုင်းနိုင်ငံသို့ မထွက်ပြေးမီ နောက်ဆုံးလက်ကျန် ပစ္စည်းများကိုယူရန် နေအိမ်များသို့ ခဏတာပြန်ကြသည်ဟု ကိုနေမင်းက ပြောသည်။
၎င်းတို့ရပ်ကွက်အတွင်းသို့ ဝင်ရောက်လာသောအခါ လေထဲတွင် အဖြူရောင်မီးခိုးများ လွင့်မျောနေသည်ကို တွေရပြီး ထိုမီးခိုးများကြောင့် မျက်စိများ ရုတ်တရုတ် ပူလောင်လာကာ ဦးတည်ရမည့်ဘက် ပျောက်ဆုံးသွားစေသည်။
“ကျနော်တို့ သောင်ရင်းမြစ်ကို ဖြတ်ပြီး ထိုင်းဘက်ကိုလည်းကူးရော လူသုံးယောက်က ရုတ်တရက် မူးဝေတာခံစားရပြီး လဲကျကုန်တယ်” ဟု ၎င်းကပြောပြီး ထိုသူများသည် ကိုယ်ခန္ဓာ တောင့်တင်းကြံ့ခိုင်သူများ ဖြစ်သောကြောင့် အံ့သြစရာကောင်းကြောင်း ပြောသည်။
“ကျနော်တို့ သောင်ရင်းမြစ်ကို ဖြတ်ပြီး ထိုင်းဘက်ကိုလည်းကူးရော လူသုံးယောက်က ရုတ်တရက် မူးဝေပြီး လဲကျကုန်တယ်” ဟု ၎င်းကပြောပြီး ထိုသူများသည် ကိုယ်ခန္ဓာ တောင့်တင်းကြံ့ခိုင်သူများ ဖြစ်သောကြောင့် အံ့သြစရာကောင်းကြောင်း ပြောသည်။
“လဲကျသွားတဲ့လူ သုံးယောက်ထဲက တယောက်က ပါးစပ်က အမြှုပ်တွေထွက်လာတယ်။ အဲဒီလူတွေ ဘာဆက်ဖြစ်လဲ၊ အသက်ဆက် ရှင် မရှင်တော့ ကျနော် မသိဘူး” ဟု ကိုနေမင်းက ပြောသည်။ သူသည် မျက်လုံး ပူလောင်ခြင်း၊ မျက်ရည်များကျခြင်းကို နောက်ထပ် သုံးရက်ကြာ ခံစားရကြောင်းလည်း ပြောသည်။
အောက်ဆီဂျင်များလေ ပိုမိုလောင်ကျွမ်းလေ
စစ်ကောင်စီသည် အရာဝတ္တုများ မီးလောင်စေရန် သို့မဟုတ် ပြင်းထန်သော လောင်ကျွမ်းမှု ဖြစ်စေသည့် မီးလောင် လက်နက်ခဲယမ်းများ သုံးနေသည်ဆိုသော စွပ်စွဲချက်များကို နိုင်ငံတဝန်းမှ ခုခံတော်လှန်ရေး အင်အားစုများက ပြောကြသည်။
ထိုလက်နက်များသည် ဓာတုတုံ့ပြန်မှုမှတဆင့် ပြည်သူများ အသက်ရှူလမ်းကြောင်း ဒဏ်ရာများလည်း ဖြစ်စေနိုင်သည်။
ထိုကဲ့သို့သော လက်နက်များတွင် လေနှင့် ထိတွေ့သောအခါ လောင်ကျွမ်းသည့် နက်ပမ်း၊ သာမိုက် သို့မဟုတ် အဖြူရောင် ဖော့စဖောရပ်စ်များ ပါဝင်သည်။ နိုင်ငံတကာ ဥပဒေချိုးဖောက်မှု ရှိ မရှိ သိရန်အတွက် ထိုသို့သော လက်နက်များဖြင့် အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကြောင်း သက်သေပြရန်အတွက် ထပ်မံစုံစမ်းစစ်ဆေးရန် လိုအပ်ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။
စစ်တပ်သည် တခါတရံ ထိုသို့သော လက်နက်များကို အသုံးပြုသည်ဟု ယူဆကြောင်း ကရင်နီတိုင်းရင်းသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) ဒုစစ်ဦးစီးချုပ် မာဝီဟု လူသိများသည့် ဖိုးသိုက်မာဝီက ဖေဖော်ဝါရီလတွင် Al Jazeera သို့ ပြောသည်။
“အဲဒီ ဗုံးတွေ ကျလာရင် ဓာတုပစ္စည်း အပိုင်းအစတွေက ပစ်မှတ် ဒါမှမဟုတ် အဆောက်အအုံတွေကို ထိတယ်။ လောင်စရာ မရှိလည်း မီးခိုးတွေ ထွက်လာတယ်။ အဲဒါတွေက အောက်ဆီဂျင်နဲ့ထိရင် မီးခိုးတွေဖြစ်တယ်။ အောက်ဆီဂျင်များလေ လောင်ကျွမ်းလေပဲ” ဟု ဒုစစ်ဦးစီးချုပ် မာဝီက ပြောသည်။
“ဒါကြောင့်မို့လို့ သူတို့တွေက ပြည်သူတွေနဲ့ ပြည်သူ့အိမ်တွေ မီးလောင်ကျွမ်းအောင်လို့ အဲဒီ ပစ္စည်းတွေ သုံးနေတာ ကျနော်တို့ တွေ့နေရတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီသည် မီးလောင်လက်နက်များနှင့် အခြား အဆိပ်အတောက်ဖြစ်စေသည့် လက်နက်များကို အသုံးပြုနေသည်ဟု ယူဆကြောင်း မြန်မာနိုင်ငံ ရှေ့တန်းစစ်မျက်နှာတဝန်း အရပ်သားများကို ဆေးဝါး အကူအညီပေးနေသည့် အကျိုးအမြတ်မယူသော အဖွဲ့အစည်း ဖရီးဘားမားရိန်းဂျား (FBR) က ပြောသည်။
ထိုအဖွဲ့ကို ထူထောင်သူ ဒေ့ဗ် ယူဘန့်သည် ရှေ့တန်းစစ်မျက်နှာသို့ မကြာခဏ ရောက်နေတတ်သည်။
“ကရင်နဲ့ ကရင်နီပြည်နယ်မှာ မီးလောင်လက်နက်သုံးတာကို ကျနော်ကိုယ်တိုင် အကြိမ်ကြိမ်ကြုံဖူးတယ်။ တခုဆိုရင် ကျနော်တို့နဲ့ မီတာ ၁၀၀ (၃၂၈ ပေ) လောက်မှာ ကျတယ်။ ပြီးတော့ အဲဒီ မီးခိုးတွေက အရမ်း အဆိပ်ပြင်းပေမယ့် သူ့တခုတည်းကြောင့်တော့ တိုက်ရိုက် မသေစေဘူး။ ဒီမြန်မာနိုင်ငံမှာ အဖြူရောင် ဖော့စဖောရပ်စ်နဲ့လည်း အပစ်ခံရဖူးတယ်။ ကျနော့် ခန္ဓာကိုယ်ကိုတော့ မဟုတ်ဘူး၊ ကျနော့်အနီးနားကို ထိတာ” ဟုလည်း ၎င်းက ပြောသည်။
စစ်ကောင်စီသည် မျက်ရည်ယိုဓာတ်ငွေ့ ပါဝင်မှု မြင့်မားသည့်အရာများကို အကြိမ်ကြိမ် သုံးခဲ့ကြောင်း ဖရီးဘားမားရိန်းဂျားက မှတ်တမ်းတင်ထားသည်။ ထိုသို့ ပါဝင်မှုမြင်မားသည့် ဓာတ်ငွေ့သည် လူစုခွဲသည့် အခြေအနေတွင် သုံးသည့် မျက်ရည်ယိုဗုံးများထက် များစွာ ပိုမိုဆိုးရွားသည့် ကျန်းမာရေး ပြဿနာများ ဖြစ်စေနိုင်သည်။
“ဒါကြောင့်မို့လို့ မြန်မာစစ်တပ်ဟာ မီးလောင်လက်နက်တွေ၊ မျက်ရည်ယိုဓာတ်ငွေ့ ပါဝင်မှုမြင့်မားတဲ့ ဓာတ်ငွေ့တွေ၊ အဖြူရောင် ဖော့စဖောရပ်စ်တွေ သုံးနေတာကို ကျနော် ကိုယ်တွေ့ သိနေတယ်” ဟုလည်း ယူဘန့်က ပြောသည်။
“ဒါကြောင့်မို့လို့ မြန်မာစစ်တပ်ဟာ မီးလောင်လက်နက်တွေ၊ မျက်ရည်ယိုဓာတ်ငွေ့ ပါဝင်မှုမြင့်မားတဲ့ ဓာတ်ငွေ့တွေ၊ အဖြူရောင်ဖော့စဖောရပ်စ်တွေ သုံးနေတာကို ကျနော် ကိုယ်တွေ့ သိနေတယ်” ဟုလည်း ယူဘန့်က ပြောသည်။
ကချင်ပြည်နယ်တောတွင်းမှ ဖြစ်သလို တည်ဆောက်ထားသည့် ဆေးခန်းတွင် ကိုအောင်ငယ်သည် ဝါးစင်မြင့်တွင် လဲလှောင်းနေပြီး သူနောက်တွင် အစိမ်းရောင်သစ်ရွက်များ ထူထဲစွာရှိနေသည်။ သူသည် များများစားစား မလှုပ်ရှားစေရန် ကြိုးစားနေသည့်ကြားမှပင် သူ၏ပတ်တီးမှ သွေးကွက်တခု စိမ့်ထွက်နေသည်။ ပါးလွှာသော တာပေါ်လင်စ တခုသာ သူ့ကို မိုးရေမှ အကာအကွယ်ပေးနေသည်။
“ကျနော် အရင်ထက် ပိုနေလို့ ကောင်းလာပေမယ့် ဝေဒနာ ခံစားနေရတုန်းပဲ။ ကျနော် အပြည့်အဝ နာလန်မထသေးဘူး။ ကျနော်တို့ အကူအညီလိုတယ်၊ နိုင်ငံတကာ အသိုက်အဝန်းက ထောက်ပံ့မှု လိုတယ်။ သူတို့ကို အရေးယူရမယ်။ အဲဒီအခြေအနေမျိုးကို ကျနော်လိုတယ်။ ကျနော် အိမ်ပြန်ချင်သေးတယ်” ဟု ကိုအောင်ငယ်က ပြောသည်။
(Al Jazeera ပါ Caleb Quinley ၏ Anti-coup forces allege Myanmar military using banned, restricted weapons ကို ဘာသာပြန်သည်။)
You may also like these stories:
ကော့ကရိတ်တိုက်ပွဲမှာ စစ်ကောင်စီက ဓာတုဗုံးသုံးပြီး တိုက်ဟုဆို (ရုပ်/သံ)
ကနီတိုက်ပွဲပြင်းထန် လေကြောင်းကပါ တိုက်ခိုက်
မြန်မာရေတပ်သို့ တားမြစ်ပစ္စည်းရောင်းခဲ့ကြောင်း စင်ကာပူ နိုင်ငံသား ၂ ဦး ဝန်ခံ
ဂျော်နသန်ကျော်သောင်း (သို့မဟုတ်) စစ်တပ်ကို လျှို့ဝှက်လက်နက်တပ်သူ
ဓာတုလက်နက် ပိုင်ဆိုင်ဖို့ ရည်ရွယ်ချက်တောင် မရှိလို့ တပ်မတော် ပြော














