(သရော်စာ)
လေယာဉ်ပျံပေါ်တက် ထွက်လာလိုက်တော့လည်း ဇင်းမယ် (ချင်းမိုင်) ကို ရောက်ခဲ့ပါပြီ။
ပြည်ထဲဝန်ကြီးကတော့ ဘန်ကောက်မှာ ကျန်ခဲ့လို့ ကျနော့် အတွက် လွတ်လပ်ရေး အစစ်ကို ရနေပါပြီ။ ရွှေရည်စိမ် မဟုတ်တော့ပါ။
လေယာဉ်မယ်လေး၏ လက်အုပ်ချီ အပြုံးကို ခံယူရင်း လေယာဉ်ပျံကြီးပေါ်က ဆင်း အမျိုးတွေဆီကို ပြေးရသည်။
ချင်းမိုင်လည်း ကျနော်တို့ရဲ့ အိမ်ပါပဲ လို့ ဆိုသည့် အတိုင်း
ဆွေတွေ မျိုးတွေ စုံသည့် ချင်းမိုင်
မြန်မာဆိုင်တွေ ပေါလာသည့် ချင်းမိုင်
ပွဲစားတွေ စုံနေသည့် ချင်းမိုင်
သူပုန်တွေ စုံနေသည့် ချင်းမိုင်
ဒလန်တွေ ခြေရှုပ်သည့် ချင်းမိုင်
သတင်း အတင်း နဲ့ ပုလင်း ပေါသည့် ချင်းမိုင်
တရုတ်တွေ ပေါသည့် ချင်းမိုင်
စသည့်…စသည့် ချင်းမိုင်သည် ကျနော့် အတွက် ပထမဆုံး လာလည်ခွင့် ရသည့် အတွက်၊ ဆွေမျိုးများနှင့် မိတ်ဆွေများ နှင့် ပြန်လည်ပြီး အမျိုးသား အမျိုးသမီး ပြန်လည် ရင်ကြားစေ့ စည်းလုံးခွင့် ရသည့် အတွက် သောက်ပွဲ၊ စားပွဲ၊ ဟားပွဲများနှင့် စည်ကားနေပါတော့သည်။ တချို့ ရွှေများကတော့ ကွမ်းတံတွေး တဗျစ်ဗျစ် နဲ့ ပေါ့။
မင်းမနိုင် ဆိုသူ တယောက်ကတော့ လက်ဖက်ရည်ဆိုင်ဖွင့် နံပြား ရောင်းနေတာ တွေ့ရသည်။
အခြေအနေ ဘယ်လိုလဲလို့ ဆိုတော့ –
“ဒီလိုပါပဲဗျာ ဒီမှာတော့ ဝန်ဆောင်မှု ပေးတဲ့ လုပ်ငန်းတွေက ပိုပြီး အလုပ်ဖြစ်တယ်…ဒါကြောင့် လိုင်းပြောင်းမလား စဉ်းစားနေတယ်” တဲ့။
“မင်းတို့ ချင်းမိုင်မှာ ဒလန်တွေ ဖွင့်တဲ့ ဆိုင်တွေလည်း များတယ် ကြားတယ်နော်…” လို့ မေးတော့။
“ဟုတ်တယ်… ဟိုဘက် မြန်မာ ထမင်းဆိုင်က အစ်ကိုကြီး တယောက်ကတော့ ပြောတာပဲ… ကတုံး ဆိုတဲ့ကောင် ဆိုလားပဲ…အဲဒီ ဖွင့်ထားတဲ့ ဆိုင်…ကျနော်တော့ မသွားဘူး” ကတုံး ဆိုတာတွေက အများကြီးပဲ။
ကျနော့် တူတော်မောင် ကတုံးတယောက်လည်း အဖေရော၊ အမေရော၊ ညီအစ်ကို မောင်နှမတွေရော ခေါ်လာပြီး ချင်းမိုင် ရောက်နေကြတယ် ကြားသည်။ သူ့ကို သတိရသွားသည်။
သူကတော့ ဒလန် မဟုတ်။
ဒလန်ထက်ကြီးသည့် ဒလက်ပဲ ဖြစ်သည်။ သူနေ့စဉ် မနက်မနက် ဆဲဆိုပြီး သတ်ထားသည့် သူတွေရဲ့ အလောင်းတွေက အိမ်နားမှာ ပုံနေတတ်သည်။
ရန်ကုန်အိမ်ကို လာလည်ရင် ကျနော်က သူ့ကို နောက်သည်။
“ဟေ့ ကတုံး… မင်းအိမ်ရှေ့မှာ အလောင်းတွေ ပုံနေတာပဲ…စည်ပင်က လာမကောက်သေးဘူးလား…”
သူက ဖရုသဝါစာတွေနှင့် ကျနော့်ကို ပြန်ပြောတော့သည်။
သူ သတ်ထားတဲ့ အထဲမှာ မအလ ရော၊ ဝန်ကြီးတွေရော၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေရော…အကြွေးရှင်တွေရော စုံလှသည်။
ဒီကတုံးက ချင်းမိုင် ရောက်နေသည်။ အဲသည်မှာလည်း သူသတ်ဖို့ ဆဲနေသူတွေ မနည်း။ သူလည်း ထမင်းဆိုင် ဖွင့်ထားသည်တဲ့။
ချင်းမိုင်ရောက် ကတုံးက ပဒတ် လိုလို၊ သူပုန် လိုလိုတွေနှင့် ပေါင်းနေသည်ဟုလည်း ကြားရသည်။
“မင်းတို့ ချင်းမိုင်ကို ဗုံးလာမကြဲသေးဘူးလား…လားရှိုးမှာတော့ နေစဉ် ရက်ဆက်လိုပဲ… ပြားပြားဝပ် Carpet Bombing လုပ်နေတာနော်…”
ကျနော်က မေးလိုက်သည်။
ကတုံးက “ဘာကို ဆိုလိုတာလဲ…” ဘုကျကျ လေသံနဲ့။
“ချင်းမိုင်မှာ ရှိနေတယ်လေကွာ…သူပုန်တွေ…သူပုန်ကူညီသူတွေ…မြန်မာ့အရေး ကျွမ်းကျင် ဆိုတဲ့ နိုင်ငံခြားသားတွေ…စပိုင်တွေ…ဒလန်တွေရောလေ…”
ကတုံးက “ဒါ ထိုင်းပိုင်နက်မလို့ ကြည့်နေတာ…သူတို့ဘက်က လေယာဉ်ဆီအပြည့်…ဗုံးအပြည့်နဲ့ ကြဲဖို့ အသင့်ပဲ…”
ကတုံးက ဆက်ပြီး “ဒီမှာတော့ ပွဲစားတွေ အလုပ်ဖြစ်တယ်… သံရုံးတို့၊ ကောင်စစ်ဝန်ရုံး တို့နဲ့ ပေါင်းပြီး မြန်မာတွေကို ရိုက်စား လုပ်တယ်။ ချင်းမိုင် ကောင်စစ် ရုံးက စကစ ဆန့်ကျင်သူတွေရဲ့ လိပ်စာတွေ၊ နာမယ်တွေ အကုန်လိုက်စုနေတယ် တဲ့။ ဘာလုပ်မလဲတော့ မသိဘူး…ခေါ်ပြီး ထမင်း ဖိတ်ကျွေးမလို့လား မသိဘူး…”
ကျနော်က “မင်းလည်း သတိထား… PDF လှူသလိုလို…ရေဘေး လှူသလိုလို…အလှူငွေတွေတောင်း…” ပြောကာ
သူ့ရဲ့ မိဘများကို ကန်တော့ပြီး ပြန်ထွက်လာတော့ ဆေးရုံစရိတ် ထောင်းကြောင်းနှင့် ဝန်ဆောင်မှု ကောင်းကြောင်းတွေ ပြောရင်း ကျန်ခဲ့သည်။
တကယ်တော့ ဘုရင့်နောင် နယ်ချဲ့ခဲ့ဖူးသည့် ဇင်းမယ်သည် ရေချင်း မြေချင်း စပ်နေသည့် အပြင် ဘာသာ ယဉ်ကျေးမှု ကလည်း ဆက်စပ်နေတော့ ကိုယ့်မြေ ကိုယ့်ရေလိုပါပဲ…
ချင်းမိုင် သူလေးတွေလည်း ကြည့်ကောင်းပါသည်။
ညဘက်ကျတော့ Red Light Zone က ဘားတွေမှာ စူးစမ်းလေ့လာရေး သွားလုပ်ကြည့်တော့ သူတို့လေးတွေက ယိုးဒယားသူတွေ မဟုတ်ဘဲ ကမ္ဘောဇတိုင်းသူလေးတွေ ဖြစ်နေသည်။
သူတို့နဲ့ ထိုင်ပြီး စကားပြောတော့ “ဗမာပြည် ပျက်ပြီ” ဟု မပီကလာ ပြောကြသည်။
သူတို့ ရွာတွေ ဗုံးကြဲ မီးလောင် ပျက်စီးနေသည့် အကြောင်းတွေကို ပြောပြသည်။ နားထောင်ရင်း ဘီယာဖိုး၊ ဝီစကီဖိုး အတော်ကို ကုန်သွားပါသည်။
ကျနော့် ပြည်ထဲရေး ဝန်ကြီးကို ရေဘေး အတွက် လှူနေရကြောင်း လှမ်းပြီး သတင်း ပို့လိုက်ပါသည်။ တော်ပါသေးရဲ့ ဗီဒီယို မဖွင့်ခိုင်းလို့။ ရေသူမလေးတွေက အများကြီး။
နောက်တနေ့မှာလည်း ကျနော် လေ့လာ ရှာဖွေ စူးစမ်းရေး ဆက်လုပ်ရပါသည်။
မနက်စာကို မြန်မာ လက်ဖက်ရည်ဆိုင်မှာ၊ နေ့လယ်စာကို မြန်မာ ချစ်တီးဆိုင်၊ ညနေစာကို ရွှေမြန်မာတွေ ဖွင့်ထားသော ဘားမှာ…
ဆွေမျိုးများ၊ မိတ်ဆွေ ဟောင်းများနှင့် တွေ့တော့…ချင်းမိုင်မြို့က ဒလန် Network အကြောင်း ပြောကြသည်။
သူတို့က စကစ ရုံးချုပ်နှင့် တိုက်ရိုက် ဆက်သွယ် သတင်းပေးနေကြောင်း၊ လခများလည်း ကောင်းကောင်း ရကြောင်း၊ ပတ်စ်ပို့ စာအုပ် အကောင်းစားတွေ ကိုင်ထားကြောင်း (စာအုပ် အနီလို တတိယတန်းစားတွေ မဟုတ်ပါ)၊ ဟိုဘက် ဒီဘက် သတင်း ပေးပို့နေသူများ အကြောင်းတွေ သိရသည်။
ဒါ့အပြင် ဆယ်နှစ်ခံ ကတ်ပြား အရောင်းအဝယ် ဈေးကွက်။ ဖျံကျနေသူများ အကြောင်း နှင့် မြန်မာတွေ ချင်းမိုင် မြို့ရဲ့ အရှေ့အနောက် တောင်မြောက်…စသည့် နေရာတွေမှာ ဈေးနားနီး…မြို့ဟောင်းနဲ့ နီး…ကျောင်း၊ ဆေးရုံနဲ့ နီးတဲ့ နေရာတွေက အိမ်ငှား အိမ်ဝယ် ဈေးတွေ အကြောင်း။
ငှက်ပျောရွက်ပေါ်က ချစ်တီး ထမင်းကို လက်နဲ့ စားရင်း မိတ်ဆွေက…ဟန်ဒုံး ဘက်မှာ မြန်မာတွေ အနေများတယ် ဟု ဆိုသည်။ ပေါချောင်ကောင်းပေါ့။
နောက်တယောက်က ပဲဟင်းကို ခတ်လိုက်ရင်း…မဲယင် ဘက်မှာလည်း မြန်မာတွေ ဟိုတယ် ဖွင့်ထားတယ် ဟု ဝင်ထောက်သည်။
ကျနော်ကတော့ ဘာမှ မသိ။ ခေါင်းညိတ်၊ အင်း လိုက်။
ရောက်လာသော မြန်မာတွေက ထိုင်းနိုင်ငံမှာ သူတို့ လုပ်ချင်တာ လုပ်လို့ ရနေသည် ထင်နေကြောင်း အနေကြာသူ သတင်းစာဆရာ တဦးက သူ့ရဲ့ ဆံရှည်ကို သပ်ရင်း ပြောသည်။
ငွေရှိရင် ဘာမဆို ရနိုင်ကြောင်း ဝင်ပြောသူလည်း ရှိသည်။
ဝင်ပြောသူက သူ့ရဲ့ ကလေး ၂ ယောက်ကို ချင်းမိုင်မှာ ကျောင်းထားဖို့ ရုန်းကန်နေရသည်။ ထိုင်းလို တလုံးမှ မတတ်။ အင်္ဂလိပ်လို ဆိုရင်တော့ Yes, No, Thank you နှင့် ထောင်ကျမည့်သူ။
သူတို့နှင့် စကားတွေ ပြောရင်း မြန်မာပြည်ကို လွမ်းသလိုလို ဖြစ်လာသည်။
ချင်းမိုင်မှာ လည်ပတ်စရာတွေ ပေါသည်။ လည်ပတ်ဖို့ အတွက် ပြင်ဆင်ပေးထားခြင်း ဖြစ်ပါသည်။ ဒီထက်လှတဲ့ နေရာတွေ ရှမ်း၊ ကချင်၊ ကရင်၊ ကယားမှာ ရှိပါသည်။
ဒါပေမယ့် စစ်ဒဏ်၊ ဗုံးဒဏ် ခံနေရတဲ့ အလှအပတွေ၊ ရေမြေ တောတောင်နဲ့ ရှေးရွာလေးတွေ…။
ညရောက်တော့ ထိုင်လို့ ကောင်းတဲ့ ဘားတခုမှာ ထိုင်ရင်း “သောက်သုံးသူများ သမဂ္ဂ” နှင့် တွေ့ဆုံခွင့် ရပါသည်။
သောက်လေ သူတို့က ပိုပြောလေ။ လေမုန်တိုင်းတွေ တိုက်ကြသည်။ အရက်ခွက်ထဲ စိတ်ကူးတွေ ယဉ်ကြသည်။
ဒီလို ပြောနေချိန် ရန်ကုန်မှာတောင် စစ်ပြေးတွေ တဖွဲဖွဲ လာနေကြပြီ။ နေပြည်တော်က ဟိုတယ်တွေမှာ တတ်နိုင်သူတွေ လပေးနဲ့ ပေးပြီး နေနေကြပြီ။
စာရေးဆရာ သတင်းထောက် အမျိုးသမီးကြီးက “ကျမက ထောင်ထဲမှာ နှစ်အတော်ကြာ နေခဲ့ရတာ စာရေးဆရာ ဖြစ်လို့၊ မှန်တာကို ရေးခဲ့၊ လှုံဆော်ခဲ့လို့ပါ” ဟု ပြောသည်။
သူက ဆက်ပြီး “ဟိုလူတွေကတော့ ထောင်ထဲ ရောက်ခဲ့တာ လွတ်လပ်စွာ ထုတ်ဖော် ရေးသားခွင့်ကို ရအောင် လုပ်လို့ ဆိုပြီး နိုင်ငံခြားသားတွေကို လျှောက်ပြောနေတယ်…ဒါကိုလည်း သူတို့က ယုံကြတယ်…”
“တကယ်တော့ ဒီလူ ထောင်ကျတာ သူ့အဖေကြောင့်…အလွဲသုံးစားမှုကြောင့်…အာဏာပြိုင်လို့ ကျတာ” တယောက်က ဝင်ထောက်သည်။
သူက ချင်းမိုင်မှာ၊ ဆိုင်ဖွင့်ပြီး ပြောင်းလာနေပြီ။
ချင်းမိုင်က မြန်မာ ဘုန်းကြီးကျောင်း တချို့ကိုတော့…“အဲဒီမှာလည်း ဒလန် ဘုန်းကြီးတွေ ဖုန်းပွတ်ပြီး အလှူခံနေတာပဲ… လူစုံတော့ သတင်း စုံတာပေါ့…” ဟု ပြောသူက ဘီယာ ၃ လုံးလောက် သောက်ပြီးနေပြီ ဖြစ်သည်။
ဘုန်းကြီး တချို့လည်း အလှူရေစက် လက်နဲ့ မကွာတဲ့၊ သေနတ် ခါးချိတ်ထားတဲ့ ဒကာကြီးတွေ ဘက်ကို ယိမ်းပုံရသည်။
“သူတို့ရဲ့ ဆွမ်းရေး…စားရေး…သောက်ရေး…ဘုန်းကြီး ဘိဇနက် ကလည်း ရှိသေးတာကိုး…သတင်း ပို့ရတာပေါ့…”
စကားဝိုင်း ညနက်လာတော့ ပိုပြီး ပေါက်ကွဲလာသည်။ လေတိုက်နှုန်းတွေ မြင့်လာသည်။ ဒေဝေါတွေရော၊ အရက်တွေ ဆိုဒါတွေ ရေခဲတွေရော…အမြည်း အစုံအလင်နှင့် ဆိုတော့ တိုက်ပွဲတွေက ပြင်းထန်ပါသည်။
စကားဝိုင်းသည် ခဏ စကား တိတ်ဆိတ်သွားပြီး ပြီးတော့ ဆူညံလာပြန်သည်။
ဟို ကျနော့်တူ ကတုံး ပါလာလို့ကတော့ အသေသတ်မှာ သေချာသည်။ မြူနီစပယ်တွေ အလောင်းကောက်ရနိုင်သည်။ ဘုန်းကြီး လူထွက် သုခမိန်လေးကလည်း မျက်လုံးလေး ပေကလပ် ပေကလပ်နှင့် ဝင်ပြောသည်။
တော်လှန်ရေး အကြောင်း၊ စစ်တပ် အကြောင်းနှင့် ကောက်ချက် ဆွဲမရသော အကြောင်းအရာများ ဖြစ်သည်။
“ကိုဇော်ဌေးတို့…ဗိုလ်ချုပ် ရာပြည့်တို့…ဗိုလ်ချုပ် စိုးထွဋ်တို့ ဆိုတာ ကျနော့်ကို လာတွေ့ရတာ…”
ကျနော်တို့ ဝိုင်းက အရက်ပုလင်းများ နားရွက် ထောင်သွားကြသည်။
“ဘာလုပ်ဖို့လဲ”
တယောက်က ခပ်ငေါက်ငေါက် ဝင်မေးတော့ ထို သုခမိန်လေးက –
“ကျနော်က ရန်ကုန်မှာတုန်းက ပင်းမင်းဆိုင် အလျှော်အဖွတ် Laundry ဆိုင် ဖွင့်ထားတော့ သူတို့က လာအပ်တာပါ… ဒီလိုပဲ လာနေကျ…”
မူးနေသော စာရေဆရာမကြီးက…
“အကောင်းမှတ်လို့ နားထောင်နေတာ ရှင်က ရန်ကုန်မှာ Laundry ဖွင့်တာ လာပြောနေတယ်…”
ထို ဘုန်းကြီး လူထွက် သုခမိန်လေးသည် ချင်းမိုင်ကို ရွှေ့လာကာ သုတေသန အလုပ် ရှာနေသည်ဟု သိရပါသည်။
စာရေးဆရာမကြီးက ဆက်ပြီး “ထီးလိုလို မှိုလိုလိုတွေ…” ဟု မြည်တွန်လိုက်ပါသေးသည်။
လွတ်လပ်စွာ သဘော ကွဲလွဲခွင့် ရှိသည် မဟုတ်ပါလား…။
ကျနော်တို့ ဆက်ပြီး သောက်ကြပါသည်။
စကားဝိုင်းထဲမှာ တော်လှန်ရေးက ရန်ကုန်ကနေ ပဲခူး၊ ထိုနောက် ကရင်ပြည်နယ်၊ ပြီးတော့ ရှမ်းပြည်၊ ကချင်၊ ကယား နှင့် ချင်း…ပြင်ဦးလွင်နား တဝဲလည်လည်…။
ထို့နောက် ဖျံကျသော ဒလန်များနှင့် ပွဲစားများ အကြောင်း၊ ချင်းမိုင် လူသစ် မြန်မာများ နှင့် လူဟောင်း မြန်မာများ၏ စကားရည် လုပွဲများ အပြင် မဲဆောက်-ချင်းမိုင် အထူး Special Express လူသယ် ဈေးနှုန်းများ အကြောင်းလည်း လေ့လာခွင့် ရခဲ့ပါသည်။ ဆဲသံ ဆိုသံများလည်း ကပ်ပါလာသည်။
ထိုညက ပွဲသိမ်းတော့ ပုလင်းတွေလည်း လဲနေပြီ။
တချို့ သောက်သုံးသူတွေက “ငါ့ကို အိမ်ပြန်ပို့ပါလေ” လုပ်တော့ ပြန်ပို့ကြသည်။
နောက်နေ့ကျတော့ လေယာဉ်ပျံကြီး စီးပြီး မြို့တော် ဘန်ကောက်သို့ ကျနော် ပြန်ပါသည်။
ကျနော်၏ ပြည်ထဲရေး ဝန်ကြီးကိုတွေ့တော့ ချင်းမိုင်အကြောင်း အစီရင်ခံစာ တင်ရသည်။
“မိန်းမရာ ချင်းမိုင် ရေကြီးနေတာ ဘယ်မှ မရောက်ခဲ့ပါဘူး…”
ဝန်ကြီးကတော့ ယုံပုံမရ…။ ။